ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, March 11, 2014

မသေခင် ကောင်းမှုဘာတွေလုပ်သွားမလဲ



မွေးလာကတည်းက အသေအချာထည့်ပေးလိုက်တဲ့ အမှန်တရားတစ်ခုက တစ်နေ့သေရမယ်ဆိုတာကိုပါ ၊ ဘယ်သူပေးလိုက်တဲ့လက်ဆောင်လဲ ၊ မယူလို့ရောမရဘူးလား ၊ စီမံသူက ဘယ်သူလဲ ၊ မေးခွန်းတွေကို ခေတ်အဆက်ဆက် အသိပညာကြွယ်ဝသူတွေ အမျိုးမျိုးအဖုံဖုံကြိုးစားဖြေဆိုကြပေမယ့် တဝဲသံသရာ သာ လည်လာတယ် အမှန်လို့ယတိပြတ်ပြောလို့မရနိုင်ခဲ့ဘူး ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၅ဝဝ ) ကျော်မှာ ဗုဒ္ဓမြတ်စွာဘုရား က သစ္စာတရားကို ဦးစီးဦးဆောင်ဟောပြောပြသခဲ့တဲ့နောက် သာသနာထွန်းရောင်တောက်ပြီး အဆိုပါအငြင်းအခုံဟာလည်း ရန်အေးပြေလည်သွားခဲ့ပါတော့တယ် ၊ မပျက်မယွင်းမှန်နေတဲ့ “ သင်သည်မုချသေရမည် အနှေးနှင့်အမြန်သာကွာသည် ” ဆိုတဲ့ သစ္စာကတော့ မှန်မြဲမှန်နေဆဲပါ ။ 



( ၁ )

          မသေခင်ဘာလုပ်မလဲ ဆိုတဲ့မေးခွန်းကို ဘယ်သူဖြေချင်ပါသလဲ ၊ သက်ရှိသတ္တဝါတွေကို ထိခိုက်အောင်လုပ်တာဟာ မကောင်းမှုလို့ လူအများနားလည်အောင် အလွယ်နည်းနဲ့ ရှင်းပြလို့လက်ခံတယ်ဆိုပါစို့ ၊ သူတစ်ဦးတစ်ယောက်ကို ထိခိုက်အောင်မလုပ်တာက ကောင်းမှုလို့ အကြမ်းဖျဉ်း အရင်းခံက စ စဉ်းစားကြည့်ကြရအောင် ၊ အသက်မသတ်ရုံနဲ့ သီလတစ်ပါးထိန်းပြီးသားဖြစ်နေတာက သစ္စာတရားရဲ့ အလကားရတဲ့ အနှစ်သာရပါ ၊ ဒါတောင် စောင့်ထိန်းရမယ့် သီလများစွာထဲက တစ်ခုပဲရှိသေးတယ် ၊ အသက်တော့မသတ်ပါ ကိုယ်နဲ့အမြင်ဝါဒမတူတာကို နောက်ကျဉ်သွားအောင် တစ်သက်စာဒဏ်ရာဝေဒနာပေးတာ အခုခေတ်မှာ ဘယ်နေရာက ဘယ်အပိုင်း ဘယ်သစ္စာမှာ စာရင်းသွင်းရမှန်းမသိတော့ပါဘူး ၊ မသေအောင်သတ်နိုင်တဲ့ “ညစ် “ ပညာတွေက သတ္တဝါကောင်းကျိုးကို ကိုယ်ကျိုးစွန့်လက်တွေ့ကျကျသွန်သင်ဆုံးမသွားတဲ့ လမ်းပြသူ ဗုဒ္ဓမြတ်စွာဘုရားကို မထီမဲ့မြင်ပြုရာကျမနေပေဘူးလား ။


( ၂ )

သူတစ်ပါးပစ္စည်း ပိုင်ရှင်မသိအောင် ပိုင်ဆိုင်လိုခြင်းအလျဉ်းမရှိတာ အကျင့်ကောင်းတစ်ခုအဖြစ် သစ္စာတရားရဲ့ နောက်လက်ဆောင်တစ်ခု ထပ်ရပြန်ပါပြီ ၊ စာသင်သားအရွယ်တုန်းက ရှေးယခင်ရာဇဝင်သမိုင်းကို ကိုးကားတဲ့ပညာပေးစကားတွေထဲမှာ ကာမခိုးယူတာလည်း ဒီကံကို လက်ရောက်ကျူးလွန်တယ်လို့ မှတ်သားဖူးပါတယ် ၊ နည်းပညာနယ်လွန်ခေတ်ကြီးမှာ ဦးနှောက်ဖောက်စား နည်းပညာကူးယူသွားတာက နောက်ဆုံး အလီဘိုင် လို့ဆိုရင် ပိုတယ်မထင်ပါနဲ့ ၊ ဟိုးယခင် မြေရှင်ပဒေသရာဇ်စံနစ်မှာ ကြွေးပိလို့မြေအပ် မြေပြန်ငှားပြီး သီးစားခဆောင် ကိုယ့်ဝမ်းကိုယ်ကျောင်းရတဲ့ ပြည်သူဘဝများ သံသရာတစ်ကျော့ပြန် မြန်မာနိုင်ငံကို ပြန်ရောက်လာအောင် ဘယ်လို အစိမ်းပုပ်ရောင်ဝတ်လူတစ်စုက မွေးစားလိုက်တာပါလိမ့် ၊ ဒီထက်ဆိုးတာက မြေပေါ်မှာနေသူမြေမပိုင်ဘဲ ပြည်သူ့လခစား လက်တစ်ဆုပ်မင်ဆိုးရာဇာလက်ကျန်တွေက လောကမှာရှိသမျှ ရေ ၊ မြေ ၊ လေ သူပိုင်တယ်ထင်နေတာကိုပါ ၊ အရက်စက်ဆုံးက ကနဦးမြေပိုင်ရှင်တွေကို သူတို့ရပိုင်ခွင့်ဘာရှိတယ်ဆိုတာ ရှင်းမပြဘဲ  ရှင်းပြဖို့မကြိုးစားဘဲ လယ်သမားတွေရဲ့ပါးစပ်ထဲက ထမင်းတစ်လုတ်ကို နှိုက်ထုတ်သွားရဲတဲ့ ခိုးယူမှုပါ ၊ ပြောရရင် ဆင်းရဲတွင်း အကြွေးတွင်း “ လုံးချာလည်လိုက် ” သံသရာထဲမှာ ပြည်သူ့ကိုထားရစ်ခဲ့ပါတော့ ၊ လောလောကြီးတော့ နတ်မင်းကြီးလေးပါးက အခုထိဒဏ်မခတ်သေးပါဘူး ၊ နောက်များကျရင်တော့ … ။



( ၃ )

ထွန်းသစ်လာတဲ့ နည်းပညာခေတ်ကြီးမှာ လူငယ် / လူငယ်မလေးများရဲ့ ဝတ်စားဆင်ယင်မှုက အများသူငါကို ငေးကြည့်ရလောက်အောင်ဆွဲဆောင်တတ်ပါတယ် ၊ ကိုးရီးယားယျဉ်ကျေးမှုလှိုင်းလုံးကြီးကိုချည်း ပုံချနေဖို့တော့မသင့်တော်ပါဘူး ၊ မာရှယ်လော အကန့်အသတ်ကြားမှာ ည ( ၇ ) နာရီ တီဗွီရှေ့ကိုအရောက်ပို့ပြီး အလေ့အကျင့်လုပ်ပေးခဲ့သူ ဘယ်သူများပါလိမ့် ၊ နယ်စည်းမခြားအိမ်ထောင်ရေး နဲ့ ရန်ဖြစ်ပြီးတော့တို့ပြန်သောက် ဇာတ်လမ်းတွေနဲ့ မိဘပြည်သူဖိုးဖိုးဖွားဖွားလူငယ်လေးတွေပါမကျန်ု အိမ်မှာ လူ ( ၅ ) ယောက်ထက်ပိုစုစေတာ ဘယ်တင့်ကားခံတပ်က အမိန့်ထုတ်ခဲ့တာလဲဆိုတာမေ့နေလို့ တောင်းပန်ပါတယ် ၊ မြင်ဖန်များတော့ အမှားကိုအမှန်ထင် ၊ အမှားမြင်ဖန်များတော့ ဖားခုန်တတ် မထူးဇာတ်ခင်း ၊ ကိုယ်ကိုယ်တိုင်ဇာတ်လိုက်ကြီးတွေဝင်လုပ်လိုက်ကြတော့ ရှုတ်ကုန်ပါပြီ ၊ အမှောင်ကမ္ဘာထဲမှာ သားအမိ မသိတသိ ၊ သမီးအဖ မသိတသိ ၊ မကြားချင်မှအဆုံး ဓါးစာခံ ပညာမတတ်ပြည်သူတွေ ၊ ဇာတ်ပေါင်းခန်းမှ လာပါပြီ - ဥပဒေအထက်မှာ ဘယ်ပြည်သူမှမရှိ ။



( ၄ )

လဆန်းတိုင်းမှာကြားရတဲ့ ရေဒီယိုကအသံတိုးတိုးလေးဟာ မိဘပြည်သူများရဲ့ရင်ကို တစ်ကယ်လှုပ်ခတ်လာတာ အကြိမ်မနည်းတော့ပါဘူး ၊ အရမ်းလည်းရင်ခုန်ရပါတယ် ၊ စိတ်လည်းလှုပ်ရှားရပါတယ် ၊ တစ်သက်လုံး တန်းတူရည်တူအဆက်အဆံမခံရတဲ့ လူထုက ငိုချင်လျက်လက်တို့ ဖြစ်ရပေမယ့် မင်းမှာဂတိ လူမှာသစ္စာ ထုံးနှလုံးသွင်းပြီး စိတ်ရှည်ရှည်စောင့်နေတုန်းပါ ၊ မညာပါနဲ့တော့ ၊ ပြည်သူတွေကိုညှာတာပါ ၊ အလုပ်သမားတွေကို အမှန်ပြောပါ ၊ လယ်သမားတွေကို အမှန်ပြောခွင့်ပေးပါ ၊ ရှေးရိုးတင်း ပုဆိုးမ, လျှောက်သူတွေကို သတိထားလျက်ပါ ၊ တိုင်းပြည်ဖျက်တာ သိမ်ဖျင်းပေါ့ပျက်တဲ့စကားပြောသူတွေပေါ့ ၊ ရှေ့စကားနောက်မညီ တဲ့ မင်းမှုထမ်းလက်ရဲဇက်ရဲတွေရဲ့ မုသားဖြူတွေကို ပြည်သူတွေ သိနေပါတယ် ၊ ကြောက်လည်းကြောက်နေပါတယ် ၊ ဖြစ်လည်းမဖြစ်စေချင်ပါဘူးဆိုတာ သူရဲခြောက်သောအိမ်ကြီးအိမ်ကောင်းမှာ နေထိုင်သော မင်းည်ီမင်းသားများကို သတိပေးခွင့်ပေးပါ ၊ ဘကြီးအောင်မညာပါနဲ့တော့ ။



( ၅ )

သစ်ပင်ကြားကကျလာတဲ့ စပျစ်ရွှေရည်ပြဇာတ်ဟာ အဲဒီမှာတင် တစ်ခန်းရပ်မသွားခဲ့ပါဘူး ၊ ဥာဏ်ပါးလှတဲ့ မုဆိုးကြီးဟာ သစ်ကောက်ပင်ပေါ်က မူးရစ်ရီဝေကျလာတဲ့ ငှက်ငယ်လေးများကို အားမကုန် မပင်ပန်း လိုက်ကောက်နေရုံနဲ့ သူ့အတွက် တစ်ရက်တာရိက္ခာဖူလုံစေသလိုပါဘဲ ၊ တစ်မနက်စာရိက္ခာက တစ်သက်စာခက်စေတတ်ပါတယ် ၊ စာသင်ခန်း ၊ စာကြည့်တိုက် ၊ တရားပွဲ ၊ စာပေဟောပြောပွဲ ၊ နည်းပညာဆွေးနွေးပွဲ နေရာတွေကို တွန်းထုတ်ဝင်ရောက်လာတဲ့ ယမကာကုန်စည်ပြပွဲတွေကအစ ရေသန့်လိုလို ဂရင်းတော်ဝင်လိုလို ယဇ်မျိုးဝင်ငွေဦးစားပေး စီးပွားရေးလှည့်ဖြားမှုကြောင့် မြောင်းထဲရောက်ခဲ့ကြတာ မှန်မှန်ကန်ကန် အခွန်ဆောင်တဲ့ တက်သစ်စပြည်သူ လူငယ်တွေပါ ၊ ပညာသင်ရမယ့်အစား အလုပ်လုပ်ရနေရတဲ့ အသက်မပြည့် ကလေးအလုပ်သမားတွေ နောက်ဆုံးလုပ်တတ်လာတာက ဘီယာဆိုင်ထိုင် ကောင်မလေးငန်းတဲ့အလုပ်လို့ပြောရင် လွန်များလွန်သွားမလား ၊ ကိုယ့်ကိုကိုယ်မယုံလို့ အရက်ကို ယုံတာ အပြစ်ကြီးလို့ လူမြင်ကွင်းမှာမထင် မမြင်အောင် ဘယ်သူတွေက မြူနှင်းတိုက်ခဲ့ကြပါသလဲ ၊ ထီးဖြူတော်မထိရင်ပြီးရော စူးလစ် မွန်းချွန်မငြိရင်ပြီးရော အခြေခံလူထုကိုအောက်ခြေကနေမတက်အောင် တစ်ရာမှာ နှစ်ကျပ်တိုး ပညာရေးအသုံးစားရိတ်နဲ့ မက်ဝေဝေခံစားနေတဲ့ ကျောင်းသားဘဝတွေတော့ အကျိုးနည်းကုန်ပါပြီ ၊ စာမတတ်ပေမယ့် ခွက်စောင်းခုတ် သောက်တတ်ခဲ့ပြီ ။




လျှပ်မီးတစ္ဆေမကြောက်တဲ့ ပပဝတီခံတပ်က အဖွဲ့ဇာတ်သားများကိုပြောပါတယ် ၊ ဦးထိပ်ထားရမှာက ( ၅ ) ပါး သီလ ပါ ၊ ရန်သူမျိုး ( ၅ ) ပါး မဟုတ်ပါလို့ နိဗ္ဗာန်အကျိုးမျှော်နှိုးဆော်လိုက်ပါတယ် ၊ ရေပြင်မှာ သဘောင်္မှောက်ခဲ့တာ ( ၂၆ ) နှစ် ၊ အမြန်လမ်းမှာ ကားမှောက်ခဲ့တာ ( ၂၂ ) နှစ် ၊ တော်လောက်ပါပြီ ၊ နောက်ထပ်တော့ လေထဲမှာ လေယျာဉ်မပျောက်ချင်တော့ပါဘူး ။


          ကိုညီညီ ( တောင်ကြီး )


No comments: