ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, August 29, 2013

အမေရိကားမှာ အိမ်တစ်လုံးရဖို့ခက်တယ်



         

              နားခိုရာ အိမ်လေးတစ်လုံးကတော့ရှိမှဖြစ်မယ်ဗျ ၊ သူများအိမ်မှာ ငှားနေရတာ ရေရှည်ကျတော့မလွယ်ဘူး - ထိတယ် ၊ ကိုယ်ငှားထားတဲ့အိမ်ကကောင်းနေလို့တော်သေးတယ် ၊ အိမ်က စုတ်နေရင်ပိုဆိုး ၊ အိမ်လခ ပေးရတာကိုဘဲ ၁ လ ၁ဝဝဝ လေ ၊ အိမ်ဝယ်ပြီး အဲဒီငွေကို လစဉ်အိမ်ကြွေးဆပ်လိုက်ရင် ၁ နှစ် ကို ဒေါ်လာ ၁၂ဝဝဝ ၊ ၅ နှစ်ဆိုရင်ဘဲ ဒေါ်လာ ၆ သောင်းရှိနေပြီ ၊ အချိန်တန်ရင် အိမ်ဖိုးကျေသွားတာပေါ့ - ဒီလိုတွေးလာတာဘဲ ၄ နှစ်ရှိနေပြီ  အမေရိကားမှာ အိမ်မပိုင်သေးတာ အမှန်ပါခင်မျာ ။

          ပြောပြရအုံးမယ် ၊ အလုပ်ထဲက လုပ်ဖော်ကိုင်ဖက် မြန်မာ အစ်မ ၁ ယောက်ကို အကြံပေးလိုက်တာအိမ်ဝယ်ဖြစ်သွားတယ် ၊ အဲဒီတုန်းက သူတို့မိသားစု ဒီကိုရောက်တာ ၇ နှစ်ရှိပြီ ၊ အမျိုးတွေနဲ့ ပေါင်းနေကြတာ ၊ ထမင်းဟင်းဆိုလဲ သူများပြီးမှ ကိုယ့်အလှည့်ချက်ရတာ ၊ ဧည့်ခန်း - Living Room မှာ ထိုင်ရင်လဲ သူများမျက်နှာကြည့်ရတယ် ၊ အဲဒါနဲ့ ထမင်း ဟင်းကို အိမ်နောက်ဖေး - Backyard ကို ထွက်ပြီးချက်တာလို့ သူမက ရှင်းပြတယ် ၊ စုထားတဲ့ငွေ ၅ သောင်းလောက်ရှိရင် အိမ် အရစ်ကျစံနစ်နဲ့ဝယ်လို့ရပြီလို့ ပြောပြလိုက်တာ သူမ အရမ်းဝမ်းသာသွားတယ် ။


             ဒီလိုနဲ့ ဗမာအိမ်ပွဲစားနဲ့ အိမ်တွေလိုက်ကြည့်ရင်း တိုတိုပြောရရင် လက်ငင်းရှင်းငွေ - Down Payment  ၂၂ ရာခိုင်နှုန်းနဲ့ အိမ်ရသွားတယ်ပေါ့ဗျာ ၊ အိမ်တန်ဖိုးက ၃၆၅ဝဝဝ နဲ့ ဒေါင်း ချမယ့်ငွေက ၈ဝ၃ဝဝ ဖြစ်နေတော့ လိုငွေ ၃ သောင်းကျော်ကို သူမယောက်ျားအမျိုးတွေနားက ခန လှည့်လိုက်တယ်လို့ပြောတယ် ၊ ငွေပြည့်လို့ စာချုပ်ချုပ်မယ်လဲလုပ်ရော အိမ်စာရင်းပိတ်ခ - Closing Cost က ဒေါ်လာ ၉ဝဝဝ ကျော်စာရင်းတက်လာလို့ သူမခင်မျာ ဟိုနားဆွဲ ဒီနားဆွဲ နဲ့ စုပေါင်းရှင်းလိုက်တာ စုစုပေါင်း ဒေါ်လာ ၁ သိန်းလောက်ကုန်သွားတယ် ၊ ဘဏ်ကနေ ချေးငွေ ၂ သိန်းကျော်ကို အနှစ် ၃ဝ လုံးလုံး လင်မယား ၂ ယောက်ဆပ်ရမယ်ပေါ့ဗျာ ၊ ငွေတိုးနှုန်းက ၁ဝဝ ကို ၆ ရာခိုင်နှုန်းလောက်ပေးရတယ်တဲ့ ၊ ၁ လ ကို ၁၄၂၁ ဒေါ်လာ ဘဏ်ကို ဆပ်ရတယ် ၊ အဲဒီငွေကို - Monthly Mortgage Payment လို့ ခေါ်ပါတယ် ။
 

                 သေချာတွက်ကြည့်လိုက်တော့ လပေါင်း ၃၆ဝ ငွေကြေသွားတဲ့ နောင်အနှစ် ၃ဝ အထိ သွင်းလိုက်ရတဲ့ ငွေတွေအရ အိမ်တန်ဖိုးက ဒေါ်လာ ၅ သိန်းကျော်သွားပြီ ၊ သူမ ဝယ်ထားတဲ့ ဈေးနဲ့တွက်မယ်ဆို ၁၅ဝ ရာခိုင်နှုန်းကျသွားတာပေါ့ဗျာ ၊ ဒါပေမဲ့ အလုပ်လုပ်ရင်း ပေးရင်း နဲ့ဆိုတော့မသိသာဘူး ၊ ဒီကြားထဲမှာ မှ ငွေတိုးနှုန်းကျတယ်ဆိုရင် နောက်ထပ် အတိုးနှုန်းသက်သာတဲ့ဘဏ်ကိုရှာ - အရင်ယူထားတဲ့ဘဏ်ကငွေကို ပုခုံးပြောင်းငွေသွင်းလုပ်ရတယ် ၊ အဲဒီလိုလုပ်တာကို - Re- Finance လုပ်တယ်လို့ခေါ်ပါတယ် ၊ အဆင့်ဆင့်လုပ်သွားရင်း ဘဏ်ပြောင်းလိုက်တာ ၁ လ ကို ၁၃၂၆ ဘဲ ကျတော့တယ်လို့ ပြောပြတယ် ၊ ငွေတိုးနှုန်းကျသွားတဲ့ အတွက် အိမ်ဖိုးမှာ ဒေါ်လာ ၃၅ဝဝဝ သက်သာသွားတယ်ဆိုတော့ ဝမ်းသာစရာပေါ့ဗျာ ။

                 မြန်မာပြည်မှာတော့ အိမ်ဝယ်ပြီးရင် အမြတ်တော်ခွန်ဆောင် နာမယ်ပြောင်းပြီး ကိုယ့်နာမယ်ပေါက်ပြီးသကာလ စည်ပင်အခွန်လောက်ကလွဲပြီး ဘာမှထပ်ပေးရတယ်လို့ မကြားဖူးပါဘူး ၊ အမေရိကားမှာကတော့ နှစ်စဉ် နှစ်တိုင်း မြေပိုင်ဆိုင်မှုအခွန် - Property Tax ဆိုပြီး ပေးရတယ်ခင်ဗျ ၊ အိမ်အကြီး အသေး တန်ဖိုးပေါ်လိုက်ပြီး ဒေါ်လာ ၃၆ဝဝ ကနေ ၇ဝဝဝ လောက်အထိပေးသွင်းရတယ် ၊ ကျသင့်ခွန်ကို တော့ ၁ နှစ် အတွင်းမှာ ၂ ခေါက်ခွဲပြီးပေးရပါတယ် ၊ အဓိပ္ပာယ်ကတော့ ဒီနိုင်ငံမှာ မြေပိုင်သ၍ မြေခွန်ပေးရမယ်ပေါ့ဗျာ ၊ ဒါကြောင့်ဘဲလားတော့မသိဘူး ၊ ဒီမှာ အိမ်ကို တော်ရုံတန်ရုံမဝယ်နိုင်ကြပါဘူး ။  မြန်မာပြည်အိမ်ဈေးနှုန်း မတန်တရာမဖြစ်အောင် ဒီစံနစ်ကို မွေးစားပြီး လွှတ်တော်မှာ ဥပဒေပြုလိုက်နိုင်ရင်တော့ အစိုးရ က မြေခွန်အများကြီးရနိုင်ပြီး ငွေပိုလို့ဈေးကစားတဲ့သူတွေ လျော့ပါးသွားနိုင်ပါလိမ့်မယ် ။


 
            အိမ်မဝယ်ခင် ချေးငွေ - Loan  အရင်လျှောက်ရပါတယ် ၊ ငွေချေးမဲ့သူ ( အိမ်ဝယ်သူ ) ရဲ့ အကြွေးဆပ်နိုင်မှုစွမ်းအား - Credit Score အနဲဆုံး ၇ဝဝ ရှိရပါမယ် ၊  စွမ်းအားအကောင်းဆုံးက ၉၅ဝ လို့ သိထားပေမယ့်တော်တော်ရှားပါတယ် ၊ ပြီးတော့ တစ်နေရာထဲမှာ ၂ နှစ် အနည်းဆုံးလုပ်သက်အတွေ့အကြုံလိုတယ် ၊ မိမိတို့စုဆောင်းငွေကို ၂ လအတွင်း ဘဏ်ထဲမှာ အရှုပ်အရှင်းကင်းကြောင်း အထောက်အထား - Approved Letter လဲ လိုအပ်ပါတယ် ၊ အားလုံးစုံလို့တင်လိုက်ပြီးရင် ၁ ပတ်အတွင်း ကိုယ်လိုချင်တဲ့ငွေပမာဏ  ရမရ - Loan Approved  ဖြစ်မဖြစ် သိရပါတော့တယ် ၊ အဲဒီစာရွက်ကိုကိုင်ပြီး အိမ်ခြံမြေပွဲစား - Real Estate Agent ကနေတဆင့် ကုမ္ပဏီ နဲ့ ဆက်အလုပ်လုပ်ရုံပါဘဲ ၊ ဒါတွေကတော့ အခြေခံ သိထားဖို့အချက်တွေပါ ။

              မြန်မာပြည်မှာ ခေါ်တဲ့ဈေး ( အခုခေတ်ဆိုရင်တော့ “ အော်တဲ့ဈေး “ ) အောက်ကို နဲနဲလျော့ဆစ်လိုက်ရင် အိမ်က ဝယ်လို့ရပါပြီ ၊ အမေရိကား က ပြောင်းပြန်ပါ ၊  အင်တာနက်ကြော်ငြာမှာပါတဲ့ ခန့်မှန်းခြေဈေး - Estimate Price နဲ့ ဘယ်လိုမှ ဝယ်လို့မရပါဘူး ၊ လူကြည့်များအောင် ဈေးကိုလျှော့ရေးထားတာပါ ၊ ရောင်းတဲ့ပုံစံကလဲ လေလံဆိုတော့ ကိုယ်ပေးတဲ့ဈေးများ မှ အိမ်ရမှာဆိုတော့ ပိုပေးတဲ့သူဆီ ပါသွားအုံးမှာလေ ၊ ပြီးတော့ရှိသေးတယ် ကိုယ့်အချင်းချင်းအတွင်းမှာကြိတ်ရောင်းပြီးသားအိမ်ကို အရောင်းဖွင့် - New Listing လဲ တင်လိုက်ရော လူများစွာက ဈေးပေး - Bid ကြတော့တာပေါ့ ၊ အဲဒီအထဲကမှ အများဆုံးပေးတဲ့ဈေးကို ဒေါ်လာ ၁ဝဝဝ လောက် လက်တို့ပြီး ကိုယ့်လူကိုယ် ပေးလိုက်တာမို့လို့ ခက်တယ်လို့ပြောတာ ၊ စဉ်းစားကြည့်လေ ကိုယ်ဈေးပေးနဲရင်လဲ မရနိုင်သလို ဈေးအမြင့်ကြီးပေးလိုက်စေအုံးတော့ ပွဲစားကုမ္ပဏီမှာက သူ့လူသူ ရှိပြီးသားဆိုရင် မြင်သာမြင်မကြင်ရ ပြန်ပါဘူး ။
              ဒီလိုဇာတ်ကွက်တွေကို နိုင်နိုင်နင်းနင်း ကသွားတာက ကျွန်တော်တို့ခေါင်းရင်းနိုင်ငံက လောပန်းတွေပါဘဲ ၊ ငွေထုပ်ကြီးကိုင်လာပြီး တောင်းတဲ့ဈေးကို ပစ်ကနဲ ၂ဝ ရာခိုင်နှုန်းလောက်ပိုပေးပြီး ငွေသား - Cash ချဝယ်တော့ ဘယ်သူယှဉ်နိုင်မလဲဗျာ ၊ နေရာတိုင်းမှာ သူတို့ခြေရာထပ်နေကြလို့ ရှိတဲ့အိမ်ရောင်းပြီး  နဲနဲလှမ်းတဲ့ မြို့တွေကို ရွှေ့သွားကြတဲ့ ဘိုတွေလဲ မနဲမနောပါဘဲ ၊ ကျွန်တော်တို့ မန္တလေးမြို့ကြီး မှ ခေတ်မီမီ အဝါးမြိုခံရတာ မဟုတ်ပါဘူး ၊ အမေရိကန် ဆီလီကွန်ဗဲလီ - ဆန်ဟိုးဆေးမြို့ - San Jose ( ဆန်ဂျိုး ဟု မဖတ်ပါ ) မြို့မှာဆို ရောင်းစရာမကျန်အောင်ပါဘဲ ။




            အမေရိကားမှာလဲ လွတ်လပ်စွာယှဉ်ပြိုင်ဈေးကွက်စီးပွားရေးစံနစ်ပါဘဲဗျာ ၊ ဒါပေမဲ့ ဘက်လိုက်မှု - Bias ကတော့ ရှိနေဆဲပါဘဲ ၊ ဆိုင်ရာပိုင်ရာ နဲ့ တော့ လုပ်စားနေကြတုန်းပါဘဲ ၊ အိမ်အရောင်းအဝယ်တွေဒီလောက်များတာတောင် မြန်မာပြည်လို လယ်မြေသိမ်းပြီး ပြန်ရောင်းတယ်လို့ တော့ တခါမှ မကြားမိပါဘူး



           အခုနောက်ဆုံးသိရတာက အမေရိကားမှာ အိမ်တွေလိုက်ဝယ်ရင်း ဈေးအရမ်းမြင့်လာလို့ အကုန်ပြန်ရောင်းပြီး တခြားနိုင်ငံတွေမှာ ပြန်ပြီး သွားရင်းစားကြမယ်ဆိုဘဲ ၊ ဒီလိုဆိုရင်တော့ အိမ်ဈေးအကျကို စိတ်ကူးယဉ်လို့ရကောင်းပါရဲ့ ။

             တစ်ခုပြောဖို့မေ့နေလို့ ၊ အခုပြောပြခဲ့တဲ့အိမ်ဈေးတွေက ၂ဝ၁ဝ တုန်းကဈေးတွေပါ ၊ အခုလက်ရှိဈေး သိချင်ရင်တော့  ၂၃  ရာခိုင်နှုန်းနဲ့မြှောက်ပါလို့တင်ပြရင်း ။

ကိုညီညီ - တောင်ကြီး



No comments: