ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, November 21, 2020

နှိမ့်ချဆက်ဆံရင်အလုပ်ထွက်ပစ်လိုက်ပါ

 ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

တစ်နယ်မပြောင်းသူကောင်းမဖြစ်၊ သေချင်တဲ့ကျားတောပြောင်းစတဲ့စကားပုံတွေဟာ အကောင်းနဲ့အဆိုးကိုမျှခြေချနိုင်သူတွေအတွက်အဓိပ္ပာယ်ရှိပေမဲ့ အမေရိကားကို (နည်းမျိုးစုံနဲ့) ရောက်ခါစလူတွေမှာရရာအလုပ်ဝင်လုပ်ရသူတွေအတွက်ရွေးချယ်စရာလမ်းမရှိတတ်ကြပါဘူး။

အလုပ်ကောင်းရသွားရင် ဒီလူတော့ ကံကောင်းလို့အမေရိကားရောက်လာတယ်၊ ရေကန်အသင့်ကြာအသင့် အလုပ်ကအဆင်သင့် နေစရာထိုင်စရာအဆင်သင့်ဆိုပြီးအားကျကြတယ်။ နှိမ်ပြီးဆက်ဆံတတ်တဲ့အလုပ်ခွင်ကလူတွေရဲ့ခံစားချက်ကိုအမျိုးအဆွေတွေကလွဲလို့မသိကြဘူး၊ မမြင်ကြဘူး၊ ကိုယ်ချင်းမစာကြဘူး၊ အားမပေးကြဘူး၊ အချိန်ပေးပြီးနားမထောင်ချင်ကြပါဘူး။

တကယ်တော့ ကံကောင်းတယ်ဆိုတာ (၁) ကျန်းမာရေးကောင်းတာ (၂) အိမ်ထောင်ရေးသာယာတာ (၃) သားသမီးရေးရာစိတ်မပူရတာ တို့ရဲ့နောက်ကမှ (၄) အလုပ်ကောင်းရတာ ကပ်လျက်လိုက်လာတာလို့ပြောချင်တယ်။ စာဖတ်သူဟာ ဒီ (၁) (၂) (၃) နဲ့ (၄) တို့ရဲ့ဦးစားပေးအစီအစဉ်ကိုသဘောတူချင်မှတူမယ်၊ ဘဝင်ကျချင်မှကျမယ်။ ဒီလိုဆိုရင်တော့ ဆက်လက်တွေးတောဖို့ဟာ မိတ်ဆွေဆီမှာတာဝန်ရှိလာပါတယ်။


အချက် (၁) မကောင်းရင် အလုပ်လုပ်နိုင်ပါ့မလား။ ကျန်းမာရေးမကောင်းမှတော့အိမ်မှာပဲနေရတော့မှာပေါ့။ ဒါက အခုလို COVID-19 ကာလမှာပိုလို့ဖြစ်နိုင်ခြေများတဲ့အပြင် လူသားဖြစ်တည်မှုရဲ့အောက်ခြေခိုင်အုတ်မြစ်တစ်ခုဖြစ်ပါတယ်။ အမြစ်ကရေမသောက်နိုင်ရင် ပင်စည်ကခမ်းခြောက်လာသလို အကိုင်းအခက်အရွက်အဖူးတွေဟာလည်းကြွေကျမြေခဒူးထောက်ရမှာပါ။

အချက် (၂) မကောင်းရင်အလုပ်မှာပျော်နိုင်ပါ့မလား။ စက်ရုပ်လို တစ်ပတ် ၅ ရက်အလုပ်လုပ်၊ လူသေလို ၂ ရက်နားတဲ့အမေရိကားမှာ အလုပ်ဟာအသက်၊ အလုပ်ဟာအိမ်သဖွယ်ပါပဲ။ အလုပ်ခွင်မှာရှိတဲ့စိတ်ဖိစီးမှုဟာ မိမိရဲ့နားလည်တတ်ကျွမ်းမှုနဲ့လုပ်ငန်းခွင်ကျွမ်းကျင်မှုတို့နဲ့လျော့ပါးနူးညံ့သွားအောင်လုပ်လို့ရတယ်။ ဒါကိုမလုပ်နိုင်ဘဲ အိမ်ကိုပါလာတဲ့စိတ်ဖိစီးမှုဟာအိမ်တွင်းမတည်ငြိမ်မှုကိုတအုံနွေးနွေးဖွဲမီးလောင်စေတယ်။ နဂိုကတည်းကအိမ်သူအိမ်သားနဲ့ပြဿနာတက်နေသူဟာအလုပ်ခွင်မှာအဆင်ပြေဖို့ရာခက်ခဲပါတယ်။

အချက် (၃) စိတ်မချရရင် အလုပ်လုပ်လို့စိတ်ဖြောင့်နိုင်ပါ့မလား။ အိမ်ကသားကဒီလို သမီးကဘယ်လို ဆိုပြီးစိတ်ပူနေရတဲ့မိဘဟာအလုပ်ထဲမှာအလိုလိုနေရင်းစိတ်ပူနေတတ်ပါတယ်။ ထစ်ကနဲဆိုရင်ဖုန်းကောက်ဆက်၊ ဟိုမှာ ဒီမှာ စိတ်ပူစရာတွေကိုစုစည်းပြီး မရှိရှိတာကိုစိုးရိမ်နေတတ်တာတွေဟာ မသိစိတ်ထဲမှာကိန်းအောင်းနေတဲ့ဒေါသကိုမီးမြှိုက်နေတာကိုသိပါသလား။ မျက်လုံးက အလုပ်ထဲမှာ၊ စိတ်က အိမ်မှာ၊ လူက ယောင်ချာချာ၊ ကမ္ဘာတစ်ခြမ်းကမြန်မာနိုင်ငံကိုလူကိုယ်တိုင်ရောက်သွားသလို “ငါလုပ်လိုက်ရ” ဆိုတဲ့စိတ်တွေဖြစ်နေသူဟာ ဘယ်ကလာအလုပ်ကောင်းကောင်းလုပ်နိုင်ပါ့မလဲ။

အချက် (၄) အရ အလုပ်ကောင်းရတယ်ဆိုတာဟာပိုက်ဆံများများရတဲ့အလုပ်ကိုဆိုလိုတာမှန်းသိကြပါတယ်။ ဒီလိုငွေများများရတဲ့အလုပ်ကိုရတော့ သုံးနိုင်စွဲနိုင်၊ ဝယ်နိုင်ခြမ်းနိုင်၊ လည်ပတ်နိုင်ပြီဆိုရင်တော့ အမေရိကားရောက်တာကံကောင်းတယ်လို့ပြောကြဦးမယ်မဟုတ်ပါလား။ မှန်ပါတယ်။ အမေရိကားဟာအရင်းရှင်နိုင်ငံပါ။ ဓနဥစ္စာကအရာခမ်သိမ်းရဲ့နေရာတော်တော်များများမှာပြဿနာတွေကိုဖြေရှင်းပေးတယ်။ ဒါကြောင့် ငွေရရင်အလုပ်မှာပျော်တယ်။ ငွေရှိလာတော့ အိမ်မှာပျော်တယ်။ သားသမီးတွေလည်းပျော်တယ်။ အိမ်ထောင်သူ/အိမ်ထောင်သားတို့ရဲ့လက်တွဲဖော်တွေလည်းပျော်ကြတယ်။

အလုပ်က မိမိကိုနှိမ်ချဆက်ဆံစေဦး ငွေရနေတော့သည်းခံရတာတန်တယ်။ သူ့ဟာသူဘာပြောပြော ၁ ရက်ကို ၈ နာရီ၊ မနက် ၉ ညနေ ၅ နာရီအလုပ်မှာ ၅ နာရီထိုးတာနဲ့ကွန်ပျူတာခလုတ်မီးမှိတ် တံခါးပိတ် ဂျိတ် ဒါပဲ ပြီးပြီ။ ကိုယ့်ကားလေးကိုယ်မောင်းပြန်ရင်းအားလုံးကိုမေ့ပစ်လိုက်။ နောက်တစ်ရက်မနက်ကိစ္စ နောက်တစ်ရက်မှဆက်ရှင်းမယ်။ ဒါမှ အမေရိကန်စတိုင်။

မပြောလို့မဖြစ်တဲ့ခံပြင်းစရာက လုပ်ခလစာနည်းပြီးလူကိုလူလိုဆက်ဆံမခံရတာ၊ ဆဲရေးတိုင်းထွာတာ၊ မတူသလိုမတန်သလိုခိုင်းစေတာ၊ လူမျိုးကိုလိုက်ပြီးနှိမ်တာ၊ ဘာသာရေးကိုလိုက်ပြီးရွဲ့စောင်းပြောဆိုတာတွေက လက်မခံနိုင်တဲ့ကိစ္စဆိုတာသိထားဖို့လိုပါတယ်။ အစောကပြောခဲ့သလို ငွေအများကြီးရလို့သည်းခံရတယ်ဆိုတာလက်ခံနိုင်သေးတယ်။ အမေရိကားမှာအခုလိုမျိုးလုပ်တာကတော့မဖြစ်သင့်တဲ့ကိစ္စပါ။

ကျွန်တော့ကိုလာပြောပြတဲ့အထဲမှာ နယူးယောက်ကကျောက်တန်းကိစ္စပါတယ်၊ တစ်ယောက်ကနှိမ်လို့နောက်တစ်ယောက်ကိုတိုင်တော့ နောက်တစ်ယောက်နဲ့သူ့လူကြီးကပါ ကြက်ဝိုင်းဝိုင်းသလို ဝိုင်းဆိတ်ကြတယ်၊ လုပ်ရက်လိုက်ကြတာ။ နောက် အမေရိကားလာဖို့အိမ်လိပ်စာ၊ နေဖို့ထိုင်ဖို့ယာယီနေရာပေးတဲ့အပြင် အိမ်ပါကြိုငှားပေးထားတာကို အကူအညီလည်းယူသေး၊ အင်တာနက်ပေါ်တက်ပြီးမကောင်းပြောတာလည်းပါတယ်။ ဒါကလည်း ကူညီတဲ့အိမ်ရှင်ကိုအခြားတစ်နည်းလမ်းနဲ့နှိမ်နည်းတစ်မျိုးပါပဲ။ ဒါတွေက တရားဝင်လာခွင့်ရပြီးအနှိမ်ခံရတဲ့အသစ်ပြောင်းရွှေ့လာသူတွေရဲ့အနှိမ်ခံဇာတ်လမ်းတွေ။

အလည်နဲ့လာပြီး အစားအသောက်ပို့တာလုပ်ရင်း အနှိမ်ခံရတာမျိုး၊ မှီခိုရာကင်းမဲ့လို့ဘယ်မြန်မာအဖွဲ့အစည်းမှအကူအညီတောင်းလို့မရတာမျိုး၊ စုံလို့ စုံလို့ပါပဲ။ ဒါပေမဲ့ တစ်ခုပြောချင်တယ်။ ကျွန်တော်တို့ဟာမြန်မာနိုင်ငံကလာတယ်ဆိုတာမမေ့ပါနဲ့။ ပြေးကြည့်လိုက်ရင် ဒီအမျိုးတွေပဲရှိတယ်ဆိုပေမဲ့ ဆိုးကျိုးပေးတာ၊ နောက်ပြန်ကိုဓါးနဲ့ထိုးတာ ဒီလူတွေထဲကလုပ်တာတွေရှိပါတယ်။ (ခံစားရသူတွေပိုသိပါလိမ့်မယ် စာရေးသူကရေးပြရုံသာ) ဒါကြောင့် ကျွန်တော့ကို “နှိမ့်ချဆက်ဆံခံရလို့ရင်ဖွင့်သူ” ကို ဒီလိုအားပေးစကားပြောပြဖြစ်တယ်။

“အခုလိုပြောပြတာ ဝမ်းနည်းမှုနဲ့အတူကျေးဇူးတင်မိပါတယ် မရတနာအောင်။ မရတနာအောင်ရဲ့အမျိုးသားက ဦးညီလေးစားရသူဆရာဝန်တစ်ယောက်ပါ။ အခုဆိုရင် သူက ကျောင်းနဲ့အလုပ်နဲ့ပတ်သက်လို့ ဆက်လက်သင်ယူလေ့လာထိုးဖောက်နေတာက ကျွန်တော်မျှော်မှန်းထားသလိုပါပဲ သူကသိပ်တော်ပါတယ်။

မရတနာအောင်ဟာ အလုပ်မှာနှိမ့်ချဆက်ဆံခံရတာတွေကိုသိပ်ခံစားရနေမှာပါ။ ဒီလိုပဲ ကြိုးစားနေသူတွေရဲ့နောက်မှာ အနစ်နာခံပေးနေသူတွေရှိတာကိုသိရှိသူရှားပါးလှပါတယ်။ ဒီအတွက်လည်းဝမ်းသာရသလိုစိတ်မပျက်ဖို့အားပေးချင်ပါတယ်။ အမေရိကားမှာထိပ်ဆုံးလုပ်ရတဲ့အလုပ်အတွက် ၁ဝ ယောက်မှာ ၈ ယောက်လောက်ကဒီထက်မနိမ့်တဲ့အနှိမ်ခံရမှုမျိုးကိုခံစားရတာချည်းပါပဲ။ ဒါမှ နောက်အလုပ်အတွက်တွန်းအားဖြစ်မှာလေ။ ပိုကြိုးစားချင်မှာလေ။ ပညာသင်ပြီးအဆင့်မြင့်တဲ့အလုပ်ကိုသွားရောက်လုပ်ဆောင်ချင်တဲ့စိတ်ဖြစ်လာမှာလေ။

အရင်လာပြောပြတဲ့ညီမတစ်ယောက်လည်းတစ်ခြားအလုပ်ပြောင်းသွားပြီ၊ မရတနာအောင်လည်း တစ်ခြားအလုပ်ပြောင်းသွားပြီဆိုတော့ ရည်မှန်းချက်ကရှင်းသွားပါပြီ။ အဲဒါကတော့ ဒီလို အောက်တန်းကျတဲ့လူတွေက မိမိကိုဘာတွေသင်ပေးသွားသလဲဆိုတာ နောက်ကျရင်ပြန်လည်ကျေးဇူးတင်နေမိဦးမှာပါ။

ဘာကြောင့်လဲဆိုတော့ ဒီလိုမခံရအောင် မိမိကိုယ်တိုင်ရော၊ အိမ်ထောင်ဘက်ကိုရော၊ မိမိရဲ့သားသမီးတွေကိုရော ပညာမတတ်တတ်အောင်သင်ယူအားထုတ်ဖို့တွန်းအားဖြစ်စေလို့ပါ။ ဒါကြောင့် ဒီလောက်သာခံလိုက်ရတာ ကံကောင်းတယ်လို့မှတ်ယူပြီး အိပ်မက်ဆိုးကနိုးထစေချင်ပါတယ်။

ဆရာ့ကိုလည်း ဒီပလိုမာရယူပြီးတဲ့အခါကျရင် ကူးစက်ဝမ်းသာပေးဖို့ လက်တို့ပေးပါလို့သာ သတင်းစကားပါးပေးပါနော်။ ဆက်လက်အောင်မြင်ပါစေ။ အခုလိုပြောပြတာကျေးဇူးပါ”

အမှန်ပါ။ အမေရိကားမှာ “နှိမ့်ချဆက်ဆံရင်အလုပ်ထွက်ပစ်လိုက်ပါ”။ သတ္တိရှိလို့အမေရိကားကိုလာတာ။ မြန်မာနိုင်ငံမှာတုန်းက တစ်သက်လုံးအနှိမ်ခဲ့တဲ့အစိုးရအဆက်ဆက်ကိုတွန်းလှန်ခဲ့ပြီးမှပဲလေ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
11-21-20

No comments: