ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, January 25, 2021

ဘာကိုဦးတည်ပြီးစာရေးနေတာလဲ

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)


ကျွန်တော်တို့ဟာ နေတိုင်း၊ အချိန်တိုင်း စာတစ်ခုခုကို ဖတ်နေကြပါတယ်။ မယုံမရှိပါနဲ့။ မျက်စိနဲ့စာမဖတ်ရင် နားနဲ့နားထောင်ကြတယ်။ ဗီဒီယိုတစ်ခုဖွင့်ပြီး တရားနာနေတာ၊ သတင်းတိုတစ်ခု ကြည့်နေတာ၊ နောက်ဆုံး သီချင်းတစ်ပုဒ်နားထောင်တာအထိ ကြားရတဲ့အထဲက သတင်းစာစကားနဲ့ ရေးထားတာမျိုး၊ စကားပြေလို ရေးထားတာမျိုး၊ ကဗျာနဲ့ကာရန်နဲ့နဘေနဲ့ ဆောင့်ဆောင့်အောင့်အောင့်ရွက်ဆိုတာမျိုးအထိ ဒါတွေအားလုံးဟာ စာသားမပါဘဲ၊ စကားမပါဘဲ ဖြစ်တည်ခွင့်မရှိပါဘူး။

ရှင်တော်မြတ်ဘုရား သက်တော်ထင်ရှားရှိစဉ်တုန်းက စာအုပ်နဲ့ရေးစရာမရှိသေးဘူးလို့ မှတ်သားနာယူရပါတယ်။ ဒါကြောင့် သံဃာတစ်ပါးကနေ နောက်တစ်ပါး၊ သံဃာကနေ လူ၊ လူတစ်ယောက်ကနေ နောက်တစ်ယောက်ဆီကို စကားနဲ့သာ ပြောကြားခဲ့ကြတယ်။

ဒါကို သာသနာနဲ့ပြောရင် တရားတော်၊ သာမန်လူကြားမှာတော့ စကားတော်လို့တင်စားပြောရလိမ့်မယ်ထင်ပါတယ်။ နောက်ပိုင်းမှာ ပေကညစ်မှာ ရေးခြစ်လို့ မှတ်တမ်းထွင်းရစ်ကြတယ်ဆိုတာကို ကြည့်ခြင်းအားဖြင့် လူသားတွေဟာ နောက်မျိုးဆက်ကို ဘယ်လောက်အထိ ခဲဆစ်ခဲရာ လက်ဆင့်ကမ်းခဲ့ကြတယ်ဆိုတာကို လေ့လာနိုင်ပါတယ်။

လိုရင်းကိုစစ်လိုက်ရင် စာရေးနေတယ်ဆိုတာ မိမိကိုယ်တိုင်နဲ့ နောက်တခြားလူတွေကို သတင်းစကားတစ်ခုခုပါးချင်နေတာလို့ ကျွန်တော်ကတော့ ခံယူမိတယ်။

"မိပုရေ အိမ်အတွက်လိုတာလေးတွေကို ဒီစာရင်းအတိုင်း ဈေးထဲမှာသွားဝယ်ပေးပါအုံး" ဆိုတာက စကား၊ စာ၊ ဇယားကွက်၊ ကိန်းဂဏန်း၊ လမ်းညွှန်ချက်၊ အတွက်အချက်တို့အပြင် နားလည်တယ်ဆိုတဲ့အသိဟာ မိပုရဲ့စ ဉ်းစားဥာဏ်ထဲကို Put Everything Together in One Place လုပ်လိုက်တာပါ။
ဒါကို အသိဉာဏ်နဲ့ဆင်ခြင်တတ်သူ လူသားတစ်ယောက်ဖြစ်တဲ့မိပုကို လှုပ်ရှားမှုနဲ့ပေါင်းပြီး အလုပ်ပြီးမြှောက်မှုကို လက်ဆင့်ကမ်းလိုက်တာပါပဲ။ စာဖတ်သူ၊ နားထောင်သူ၊ ညွှန်ကြားချက်ကို လိုက်နာသူအကြောင်း ပြောချင်တာက ဒီလောက်ပဲ။

အဓိက စာရေးတယ်ဆိုတာက ဘယ်လောက်အထိ အရေးပါသလဲဆိုရင် သေးငယ်တယ်ဆိုရင် စက္ကူစုတ်အထိ၊ ကြီးမြတ်တယ်ဆိုရင် မိမိသေလွန်ပြီးသွားရင်တောင် နောက်မျိုးဆက်တွေကို လမ်းညွှန်ပေးနိုင်ဖို့ စာကြီးပေကြီးတွေ ရေးသားထားရစ်ခဲ့နိုင်တဲ့အထိ အကျိုးပြုနိုင်တယ်ဆိုတာကို အတွေးနယ်ဆန့်ကြည့်ချင်တာပါ။ ဒါကြောင့် မိတ်ဆွေတို့ကိုမေးချင်မိတယ် "ဘာကိုဦးတည်ပြီးစာရေးနေတာလဲ"

ကျွန်တော်ရေးတဲ့စာတွေက အစပိုင်းမှာဘာဦးတည်ရာမှ မရှိခဲ့ဘူး။ အကြိမ်ကြိမ်အဖန်ဖန် ရှင်းပြပြီးခဲ့တဲ့အတိုင်း မြန်မာနိုင်ငံပြန်ရောက်တဲ့တစ်နှစ်တုန်းက ကျွန်တော်သိထားတာတွေ လိုက်ပြောပြတာကို နားထောင်တဲ့သူမရှိလို့ စာရေးသူတစ်ယောက်ဖြစ်လာတာဟာ အမှန်တရားပါ။ ဘာမှ ဟိတ်ကြီးဟန်ကြီးလုပ်ပြီး ညာစရာအကြောင်းမရှိပါ။ နောက်ပိုင်းမှာ ကိုယ်ရေးသမျှ ခံစားချက်ရှေ့တန်းမတင်ခဲ့ဘူး။ တပါးသူတွေအားကျဖို့ အောင်မြင်မှုတွေချည်းချည်း မရေးခဲ့ပါဘူး။

ကျွန်တော်တက္ကသိုလ်တက်တုန်းက သူများတွေအသံထွက်အော်ကျက်နေချိန်မှာ Definition တွေကို ကက်ဆက်နဲ့ ကျွန်တော်အသံသွင်း‌နေတယ်။ စာတစ်ပုဒ်ကျက်ပြီးတိုင်း ပြန်ရေးကျက်တဲ့အခါ အောက်မှာ မှင်ခံ ခံပြီးရေးတယ်။ ဘာအတွက်လဲဆိုတော့ ထိုင်ပြီးစာထိုင်ကျက်တဲ့အချိန်ကို လျှော့ချဖို့၊ အမှားမြင် အမှန်ပြင်နိုင်ဖို့နဲ့ ပြန်လည်စစ်ဆေးနိုင်ဖို့လေ။

စာကျက်ကက်ဆက်ခွေကို အချိန်အားတိုင်း ပြန်နားထောင်တယ်။ မှင်ခံနဲ့စာရွက်ကို သွားလေရာယူသွားပြီး ပြန်ကျက်တယ်။ ဒီလိုနဲ့ ကျွန်တော်မှတ်မိချင်တာတွေကို မှတ်တမ်းတင်ခဲ့တယ်။ အဲဒီတုန်းက လက်ကိုင်ဖုန်းက မပေါ်သေးဘူး။ Mp3 မရှိသေးဘူး။ ၁ ပေခွဲလောက်ရှည်တဲ့ ကက်ဆက်ကြီးနဲ့ ကျွန်တော်အဆောင်မှာ ကျောင်းတက်တာ။ ကျွန်တော်က လူတစ်မျိုး။ စိတ်ပါတာဆိုရင် မှတ်မိတယ်၊ စိတ်မပါတာဆိုရင် ဘယ်လောက်ကျက်ကျက် အဲဒီတုန်းကစာတွေ ဘာမှမမှတ်မိဘူး။

အဲဒီတုန်းကချခဲ့တဲ့အုတ်မြစ်ဟာ အခုလို စာလေးဘာလေးရေးလာတော့ ပိုမိုခိုင်မာလာတယ်။ ဘာ‌စာပဲရေးရေး မှတ်တမ်းတင်ထားဖို့နေရာလိုတယ်ဆိုတာ ပိုထင်ရှားလာတယ်။ အင်တာနက်ခေတ် ရောက်လာတော့ လူတွေစာအုပ်ဖတ်နည်းသွားချိန်မှာ သတိထားမိလာတာက အွန်လိုင်း Cloud Storage မှာ သိမ်းမှ ကိုယ်ရေးတဲ့စာတွေ ပြန်ရှာလို့လွယ်မယ်ဆိုတာရယ်၊ ဒီထက် မှတ်တမ်းတင်ချင်ရင် စာအုပ်အနေနဲ့ တည်တည်တံ့တံ့ ထုတ်ထားမှဖြစ်မယ် ဆိုတာပါပဲ။

ဒါကိုမြင်ပြီးတဲ့နောက် စာလုံးပေါင်းတွေကို ပိုဂရုစိုက်လာမိတယ်။ ကိုယ်ပေါင်းတဲ့စာလုံး တကယ်မှန်ရဲ့လားဆိုတာ အွန်လိုင်းအဘိဓာန်မှာ ပြန်တိုက်ကြည့်တယ်။ မြန်မာနိုင်ငံက လူကြုံနဲ့မှာထားတဲ့ စာလုံးပေါင်းသတ်ပုံကျမ်းက အလျင်စလိုဆိုရင် ဖတ်ရတာ မလွယ်ကူတော့ ချောင်ထိုးထားတာကြာပြီ။

စာလုံးအကျတွေဆိုရင် ပုံနှိပ်စာအုပ်နဲ့တူအောင် ကြိုးစားနေရာချတယ်။ ပုဒ်ထီးနေရာ ပုဒ်ထီး၊ ပုဒ်မနေရာ ပုဒ်မတို့ကို သတိထားတဲ့အပြင် အင်္ဂလိပ်စာညှပ်သုံးပြီးရေးလေ့ရှိတဲ့ ကျွန်တော့ရဲ့ဆောင်းပါးတွေမှာ တခါတည်း မြန်မာဘာသာပြန်နဲ့တွဲရေးပြတယ်။ လိုအပ်ရင် အသံထွက်ပါထည့်ရေးတယ်။

ဖောင့်ပြောင်းလို့ ကပြောင်းကဆန်ဖြစ်နေကျ ဝိဘတ်တွေ၊ သင်္ကေသတွေထဲမှာ မေးခွန်းရဲ့နောက်ဆုံးစာလုံး "?" က အဆိုးဆုံးပဲ။ နောက်ပြီး မျက်တောင်ဖွင့်နဲ့မျက်တောင်ပိတ်က သူနဲ့ကပ်လျက် စာလုံးနဲ့ ကပ်ထားရမှာလား၊ Space Bar တစ်ချက်ခေါက်ပြီး ခွဲရေးရမှာလားဆိုတာတွေ အာရုံစိုက်သိရှိလာတယ်။

စာပိုဒ်တစ်ခုအစမှာ စချင်တိုင်းစလိုက်တာထက် နေရာနည်းနည်းချန်ပြီး ဖတ်စာအုပ်ထဲကလို Tab ခြားပြီး စတယ်။ ဒါပေမဲ့ ကိုယ်ရေးချင်တဲ့ ပလက်ဖောင်းမှာ ခြားထားသမျှ Tab ဟာ Facebook ပေါ်ရောက်သွားရင် ဘယ်ညှိအတန်း ဖြစ်သွားပြန်တယ်။ ဒါကြောင့် စာပိုဒ်ရှေ့မှာ နေရာချန်ချင်ရင် Space Bar ၁ဝ ကြိမ် ခေါက်ပစ်လိုက်တယ် အေးရော။

ခက်ခဲတာတွေ၊ ရုန်းကန်ရတာတွေ၊ ဆင်ခြင်ရတာတွေ၊ လူအမြင်ကပ်လောက်တဲ့ အမှားတွေကတော့ ဒီလို စာရေးရင်းကနေ သင်ယူရတာ အများကြီးပဲ။

ဆောင်းပါးတွေ ရာကျော်လာတော့ ကပ်ရောဂါကြောင့် လူတွေစာအုပ်ဖတ်တာလျော့ကျသွားမှာပဲလို့ ကိုယ့်ဖာသာကိုယ်မှန်းပြီး စာအုပ်ထုတ်တာကိုနောက်ဆုတ်လိုက်တာ ရေးပြီးသားဆောင်းပါးတွေဟာ အလိုလို ဒိတ်အောက်လာတယ်။

ဒါကြောင့် စာအုပ်နံပါတ်စဉ်တပ်ပြီး အချိတ်အဆက်ရှိတဲ့ အကြောင်းအရာတွေကို တူရာတူရာစုပြီး ခရမ်းချဉ်သီးက ခရမ်းချဉ်သီးတောင်းထဲ သွား၊ ကြက်သွန်နီဆိုရင် ကြက်သွန်နီခြင်းထဲ ထည့်၊ ဆန်ဆိုရင် ဆန်အိုးထဲပြည့်အောင် ဖြည့်ထား၊ မဖိတ်စေနဲ့ ဆိုသလိုမျိုး အိမ်ရှင်မ ကောက်နည်းနဲ့ ဆောင်းပါးမီးဖိုချောင်ကို ရှင်းချလိုက်တာ အခုဆိုရင် နောက်တိုက်မယ့်တိုက်ပွဲအတွက် လေး၊ မြှား၊ စစ်သည် အဆင်သင့်ဖြစ်နေပြီ။

တကယ်တော့ ဘယ်သူတွေ ဖတ်ဖတ်မဖတ်ဖတ် ဘလော့ဂ်စာမျက်နှာပေါ်မှာ အလွယ်တကူဖတ်လို့ရအောင် စာစရေးကတည်းက တင်ပေးပြီးသားပါ။ ဒါပေမဲ့ အမှတ်တရ ဖြစ်ချင်တယ်။ မှတ်တမ်းအစုစု ပြုထားခဲ့ချင်တယ်။ မှတ်တိုင်အဆက်ဆက်မှာ ဘဝရထားခရီးလေး ခဏတာရပ်နားပြီး ပြန်လည်ထွက်ခွာချင်တယ်။

ရင်ထဲကစကားကို မချွင်းမချန်ဘဲ ပြောပြရရင်တော့ "ဘာကိုဦးတည်ပြီးစာရေးနေတာလဲ" လို့ ကျွန်တော့ကိုယ်ကျွန်တော် ပြန်မေးမိတဲ့မေးခွန်းရဲ့ အဖြေတွေကိုစုစည်းပြီး ဆောင်းပါးတစ်ပုဒ်နဲ့ သတင်းစကားပေး မေးခွန်းထုတ်လိုက်ခြင်းသာ ဖြစ်ပါတယ်ခင်ဗျား။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
01-25-2021


No comments: