ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, July 27, 2013

အိမ်ငှား အိမ်ရှင် အမေရိကားတခွင်

          


                  အမေရိကားမှာ အိမ်ငှားနေထိုင်ဖို့အတွက် အိမ်ပွဲစား ( Agent ) မလိုပါ ၊ ကိုယ်လိုချင်တဲ့အခန်း ( Apartment ) တွေ့တာနဲ့ ငှားပေးမယ့်ကုမ္ပဏီမှာ လိုအပ်တဲ့စာရွက်စာတမ်းဖြည့်စွက်ပြီး ကိုက်ညီတာနဲ့ ငွေရှင်းပြီး သော့အပ်မှာပါ ၊ အိမ်ငှားခလစဉ်မှန်မှန်ပေးနိုင်ကြောင်း အတည်တကျအလုပ်ရှိတဲ့ အထောက်အထား တော့ပြနိုင်ဖို့လိုပါတယ် ၊ လုံးချင်းအိမ် ( Single House ) ရဖို့
ကံပေါ်မူတည်ပါတယ် ၊ အိမ်ရှင်က အိမ်ဖွင့်ပြမယ့်နေ့ ( Open House ) သွားကြည့်ပြီး အိမ်ကိုဘယ်လိုထိန်းသိမ်းမယ်ဆိုတာပေါ်မူတည်ပြီး ဆက်ဆွေးနွေးကြရပါမယ် ၊ ကိုယ့်လိုဘဲကြိုက်နေသူရှိနေရင် အိမ်ရှင်က အိမ်ငှားခ မပျက်မကွက်ပေးနိုင်မယ့်သူကို ရွေးပါလိမ့်မယ် ၊ တခါတရံ ပွဲစားပါမှအဆင်ပြေတာလဲရှိပါတယ် ။
                     
                အလုပ်ဖြစ်ပြီဆိုရင် အိမ်လခ ၁ လစာနဲ့  စပေါ်ငွေ ၁ လစာ စုစုပေါင်း  ၂ လ စာအရင်ချပေးထားရပါတယ် ၊ အိမ်ငှားထွက်သွားတဲ့အချိန် အိမ်မှာ အပျက်အစီးမရှိရင် စပေါ်ငွေကို ဥပဒေအရ ပြန်အမ်းရမှာပါ ၊ အပျက်အစီးရှိခဲ့ရင်လဲ ကျသင့်ငွေနှုတ်ပြီး ပိုငွေပြန်အမ်းပါလိမ့်မယ် ၊ အိမ်ကပြောင်း ၊ ထွက်ချင်ရင် ၁ လ ကြိုအကြောင်းကြားရပါတယ် ၊ အိမ်ငှားခကို သက်တမ်း ၁ နှစ်စာ စာချုပ်ချုပ်လေ့ရှိပြီး လချင်းပေးစံနစ်ပါ ၊ မြန်မာပြည်ကလို တစ်နှစ်စာကြိုပေးတာမျိုး မတွေ့ရပါဘူး ၊ ဈေးနှုန်းတက်မယ်ဆိုရင် အိမ်ငှားကုမ္ပဏီမှ မန်နေဂျာ ( Superintendence ) က ၁ လ ကြိုတင်အကြောင်းကြားပါလိမ့်မယ် ၊ အိမ်ငှားနေရင်းနဲ့ အိမ်သာပိတ် ၊ ရေယို ၊ ရေပိုက်ပျက် စတဲ့ အခက်အခဲများကို ကိုယ်တိုင်ပြင်စရာမလိုပါဘူး ၊ မန်နေဂျာရုံးကိုအကြောင်းကြားရင် ပြင်ပေးရမှာက သူတို့တာဝန်ပါ ။                                     
House for Rent


               လုံးချင်းအိမ်မှာ ၁ ခန်းထဲ ငှားနေရတာကတော့ရှင်းပါတယ် ၊ အိမ်ရှင်နဲ့အပေးအယူတည့်ရင် တက်နေရုံပါဘဲ ၊ အိမ်ပိုင်ရှင်က မြန်မာဆိုရင် ပိုပြီး ပြောလို့ဆိုလို့ကောင်းသွားပါပြီ ၊ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာမယ် ၊ သတ်မှတ်ချိန်ထက်အိမ်ပြန်နောက်မကျဘူးဆိုရင် အဲဒီအိမ်မှာမြဲအောင်နေနိုင်ပါပြီ ၊ စီးကရက်မသောက်တတ်ရင် ပိုကောင်းတာပေါ့ဗျာ  ၊ ခွေးမွေး ၊ ကြောင်မွေး ကိစ္စတွေပါလာရင်တော့ မငှားခင်ကတည်းက ကြိုတင်ဆွေးနွေးထားမှရပါလိမ့်မယ် ၊ ပြီးတော့  ၁ ခန်းထဲ ( Room Share ) ငှားနေရင် ကိုယ့်လိုမျိုး ဘဝတူတွေနဲ့ မျှနေ ၊ မျှသုံး စရာတွေရှိတော့ တော်တော် ကိုယ်ချင်းစာတတ်ရမှာပါ ၊ ဥပမာ  ရေခဲသေတ္တာထဲ ကိုယ်ဝယ်ထည့်ထားတဲ့ အစားအသောက် နောက်တစ်ရက်မနက်ကျတော့ ရှာမတွေ့တော့တာမျိုး ၊ ရေချိုးခန်း ၊ အိမ်သာမအားတာမျိုး တို့ ကို ဆိုလိုတာပါ ၊ ကိုယ့်လွတ်လပ်ခွင့်ဆုံးရှုံးနိုင်တာကလဲ သည်းခံစရာအကြောင်းတစ်ခုပါ ၊ အိမ်ရှင်က ခန ခန အိမ်ကိုလာစစ်ဆေးရင်လဲ စိတ်ရှည်ရပါမယ် ၊ အခန်းဖော် ( Roommate ) မှာ ကလေးငယ်ရှိလို့ ဆူညံရင်လဲ အလိုက်သင့်နေနိုင်ရပါမယ် ၊ အလုပ်ကအပြန်ပင်ပန်းလို့နားချင်ရင်တော့ ဘယ်သူ့ကိုမှ အားမနာပါနဲ့ ဝင်သာအိပ်လိုက်ပါတော့ ။                                           

အိမ်သာသန့်ရှင်းရေးလုပ် ၊ ရေချိုးခန်းတိုက် ၊ အမှိုက်ပုံး အိမ်ရှေ့ထုတ် စတဲ့ အလှည့်ကျတာဝန်များကို အိမ်ခန်းဖော်နဲ့ သူတစ်လှည့်ကိုယ်တစ်လှည့်လုပ်နိုင်ရင်တော့ မြန်မာဖြစ်မှ မဟုတ်ပါဘူး ၊ လူမျိုးခြားနဲ့လဲ အဆင်ပြေအောင် အတူတွဲနေထိုင်နိုင်ပါတယ် ။ နှစ်ထပ်အိမ် ဆိုရင် တက်လိုက် ဆင်းလိုက် လုပ်ရပေမဲ့ အပေါ်ထပ်ကို ယူတာ ညဘက်ကောင်းကောင်းအိပ်ရပါတယ် ၊ အနှစ် ၄ဝ လောက်က ဆောက်ထားတဲ့အိမ်ဆိုရင် အောက်ထပ်က မှိုတက် ၊ ခြစားတာမျိုးရှိတတ်ပြီး အရမ်းအေးတဲ့အခန်းမျိုးနဲ့လဲ တိုးတတ်တယ်ဆိုတာကိုလဲ သတိထားရပါမယ် ။

            တချို့ဒေသခံလူမျိုးတွေနဲ့ ပင်စင်စားတွေက သူတို့ကိုယ်တိုင် အိမ်မှာလဲ မနေနိုင် ၊ အပန်းဖြေခရီးလဲ မကြာမကြာထွက်လိုတော့ အိမ်ကို မနေဘဲပစ်ထားရမဲ့အတူတူ ဈေးနည်းနည်း လျှော့ရင်လျှော့ပေးရပါစေ ပြုပြင်ထိန်းသိမ်းမှု ( Maintenance ) လုပ်တတ် ကိုယ်တတ်သူကို ရှာလေ့ရှိပါတယ် ၊ ကိုယ်ကလဲ အဲဒီလိုမျိုးအိမ်ရှင်နဲ့တွေ့ရင်တော့” ငြိမ့်” နေလို့ရပါပြီ  ၊ တစ်ပတ်တန်သည် တစ်လတန်သည် သန့်ရှင်းရေးလုပ်ထားပြီးတဲ့ ဓါတ်ပုံတွေကို အီးမေးကနေ မှန်မှန်ပို့နေရုံပါဘဲ ၊ ၁ လ ဒေါ်လာ ၂ဝဝဝ တန် အိမ် ၁ လုံးကို သူငယ်ချင်း ၅ ယောက်လောက်စုပြီး အပြတ်ငှားလိုက်တော့  ၁ ယောက်ကို ၄ဝဝ လောက်ဘဲ ကျတော့တာမျိုးလဲ ရှိသေးတယ် ၊ ရေဖိုး ၊ မီးဖိုး ၊ အမှိုက်ပုံးခ ၊ အင်တာနက် အားလုံးမျှရှယ်လိုက်တဲ့ အခါ အိမ်ကောင်းကောင်းလဲ နေရတယ် ၊ စိတ်တိုင်းလဲကျတယ် ၊ တစ်ယောက်ကို ၄၈ဝ လောက်ဘဲကျတဲ့ အငှားအရမ်းမျိုး ကိုလဲ ကြားဖူးပါတယ် ။  

Microwave Oven
       
               တန်းလျား ၊ ကွန်ဒိုမီနီယမ် မှာ အဝတ်လှန်းခွင့်မရှိတာက မြန်မာတွေအတွက် ပြသနာပါ ၊ အများသုံး အကြွေစေ့အဝတ်လျှော်စက်မှာဘဲ သွားလျှော်ရပါတယ် ၊ တီဗွီအင်တာနာကို အပြင်လူမြင်ကွင်းမှာ  ပေးမထောင်ပါဘူး ၊ Indoor Antenna ကို အိမ်တွင်းမှာဘဲထားရပါတယ် ၊ မီးဖိုချောင်မှာ မိုက်ခရိုဝေ့အာဗင် ( Microwave Oven ) ၁ လုံးနဲ့ ၂ ထပ်ရေခဲသေတ္တာ ၁ လုံး အဆင်သင့်ပါပြီးသားပါ ၊ ရေဖိုးမပေးရတဲ့အခန်းမျိုးရှိသလို ၁ လ ရေဖိုး ဒေါ်လာ ( ၇ဝ ) လောက်ကုန်တဲ့ အခန်းမျိုးလဲ ရှိတယ် ၊ အမှိုက်ပုံးကြေး မပေးရပေမယ့် မီတာခ ၊ အင်တာနက်ခ ၊ ကြိုးဖုန်းခ ( သုံးခဲ့ရင် ) တွေကို ကိုယ်တိုင်အကုန်အကျခံရမှာပါ ၊ ကားပါကင်ခ မပေးရသလို ဧည့်သည်အတွက် Guest Parking တွေထားရှိပေးပါတယ် ၊ သူများပါကင်မှာ “ ခနလေးရပ်တာဘဲ ၊ ဘာမှမဖြစ်ပါဘူး “ ဆိုပြီး သွားတော့မရပ်လိုက်ပါနဲ့ ၊ မန်နေဂျာသိအောင် တစ်ယောက်ယောက်က သွားတိုင်လိုက်လို့ ကားဆွဲတဲ့ကား ( Tow Truck ) နဲ့ ဆွဲသွားရင် နီးစပ်ရာလေဆိပ် တစ်ခုခုမှာ ဒေါ်လာ ၃၉ဝ ပေးပြီး ပြန်သွားရွေးရဖွယ်ရှိပါတယ် ၊ ငှားခ အနေနဲ့ အိပ်ခန်း ၃ ခန်း ၊ အိမ်သာ+ရေချိုးခန်း ၂ ခန်း ဆိုရင် ၁ လကို ၁၅၅ဝ ဒေါ်လာရှိပြီး လုံခြုံရေးခြံဝန်းတံခါး ( Security Gates ) ပါတဲ့ Apartment ဆိုရင် ဒေါ်လာ ၅ဝ ခန့် ပိုပေးရပါလိမ့်မယ် ။ 

                             
                        
                      
              ကောင်းကွက်ချည်းဘဲ ပြောနေလို့မဖြစ်ပါဘူး ၊ ဆင်ခြင်ဖို့ ကိစ္စလေးတွေ ရှိပါတယ် ၊ ဒီမိုကရေစီနိုင်ငံမို့လို့ ငါလုပ်ချင်သလိုလုပ်လို့ရတယ် ၊ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုဘူးလို့ အပိုင်တွက်ထားလို့မရပါ ၊ ကိုယ့်အခန်းမှာကိုယ် လူစုံစားပွဲသောက်ပွဲ  ( Party ) လုပ်တဲ့ အခါမျိုး ၊ တစ်ယောက်ကိုဟင်းတစ်မျိုးစီယူလာပြီးစုပေါင်းစားသောက်ပွဲ ( Potluck ) လုပ်တဲ့အခါမျိုး ၊ အသားကင် (  Barbecue ) လုပ်တဲ့အခါမျိုး ၊ လူအများလာနိုင်တဲ့မွေးနေ့ပွဲကျင်းပတဲ့အခါမျိုးမှာ
 နေ့လည်နေ့ခင်းဘက်ဆိုရင် ပြသနာမရှိပါဘူး ၊ ညနက်နိုင်တဲ့ အခြေအနေရှိရင် တိုက်ခန်းတွဲမန်နေဂျာ နဲ့ ဘေးအိမ်နီးချင်းတွေကို ကြိုတင်အသိပေးခွင့်တောင်းသင့်ပါတယ် ၊ အသံဆူဆူမလုပ်ရဘူးလို့မှာထားတဲ့ စည်းကမ်းကြီးမန်နေဂျာတွေရှိတယ်လို့ ကြားဖူးပါတယ်  ၊ ထစ်ကနဲဆို တိုင်တတ် ၊ ရစ်တတ်တဲ့ အခန်းနီးနားချင်းတွေရှိရင်လဲ သတိထားရပါမယ် ၊ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးဖြေရှင်းနည်းကတော့ ဆူညံပွဲလုပ်မယ်ဆိုရင် သူတို့ကို ကြိုတင်အကြောင်းကြားရင်းနဲ့ အစားအသောက် အရင်ပို့ပေးတဲ့နည်းပါဘဲ ။   


     ကိုယ်ပိုင်အိမ်နဲ့နေဖို့က အခြေချနေထိုင်သူအာလုံးရဲ့ အနာဂါတ်အိပ်မက် ပါ  ၊ အိမ် ၁ လုံး ဒေါ်လာ ၄ - ၅ သိန်း ဆိုတော့ တော်ရုံတန်ရှုံမဝယ်နိုင်ကြပါဘူး ၊ အနှစ် ( ၃ဝ ) ချေးငွေ ( Financing and Mortgage Payment ) နဲ့ ဝယ်နိုင်ဖို့ လိုအပ်ချက် ( Requirement ) တော်တော်များတာမို့လို့ အငှားဘဝနဲ့ဘဲ ကျေနပ်နေကြရတဲ့ မြန်မာများအဖို့တော့ “ အိမ်မက် “ လို့သာ ဆိုလိုက်ချင်ပါတော့တယ် ။





ကိုညီညီ - တောင်ကြီး

     
                      

No comments: