ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Sunday, June 20, 2021

ပိုမိုစည်းရုံးလာသော ပြည်ပရောက်မြန်မာတွေ

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

          အကောင်းရေးမယ့်စာ ဖြစ်ပါတယ်။ ဖရုသဝါစာ မရေးရဲပါ။ တိုင်းပြည်အတွက် နေ့တိုင်းသုံးနေတဲ့ ဒီအကောင့်ကိုလည်း အထိခိုက်မခံလိုပါ။ လူတကာ ဆဲရေးတိုင်းထွာ၊ ကြိမ်စာတိုက်၊ နှလုံးခိုက်အောင် နာကျင်ရတဲ့ စကစကို ကျေးဇူးတင်ချင်တာ တစ်ခုရှိပါတယ်။ တစ်ကြိမ်တစ်ခါမှ ဒီလောက်မညီညွတ်ဖူးတဲ့ ပြည်ပရောက် တိုင်းရင်းသားတွေ၊ မြန်မာတွေ စည်းလုံးခြင်းမက စည်းလုံးလာအောင် "ဘုံရန်သူပက်ပက်ဆိုး" အဖြစ် ရပ်တည်ပေးနေလို့ ဖြစ်ပါတယ်။

          ပြည်ပရောက်မြန်မာတွေမှာ သီတင်း ၁ ပတ်မှာ အနည်းဆုံး ၁ ရက် မဖြစ်မနေ ဒီ "ဘုံရန်သူပက်ပက်ဆိုး" အတွက် မဖြစ်မနေ ချန်ထားပေးကြတယ်။ ဒါက အမာခံ တော်လှန်သူ။

အတွင်းကျကျ တော်လှန်သူတွေက ပွဲဖြစ်မြောက်အောင် စီစဉ်သူ၊ ရံပုံငွေကောက်ပေးသူ၊ ဆိုရှယ်မီဒီယာ တာဝန်ယူပေးသူ၊ အခမ်းအနား ကျင်းပပေးသူ၊ တီးမှုတ်ဖျော်ဖြေပေးသူ၊ Banner စီစဉ်ပေးသူ၊ မြို့ပိုင် နယ်ပိုင်တွေနဲ့ စကားပြောပေးသူ၊ အမေရိကန်အစိုးရ (တခြားနိုင်ငံအစိုးရ) တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပေးသူ၊ နွေဦး‌တော်လှန်ရေး အလှူငွေ ကောက်ခံပေးသူ၊ အစားအသောက် ‌ရောင်းချပေးသူ၊ အစားအသောက်ရောင်းချမယ့် နေရာထိုင်ခင်း ဆင်ယင်ပေးသူ၊ ဧည့်ကြို နေရာထိုင်ခင်းပေးသူ၊ ဓာတ်ပုံ ရိုက်ပေးသူ၊ ဗီဒီယို ရိုက်ပေးသူ၊ အင်္ဂလိပ်က မြန်မာ-မြန်မာက အင်္ဂလိပ် ဘာသာပြန်ပေးသူ၊ ကားရပ်နားဖို့ လမ်းရှင်းပေးသူ၊ ရဲ့တပ်ဖွဲ့‌နဲ့ပူးပေါင်းပြီး လုပ်ဆောင်ပေးသူ၊ ဆန္ဒပြပွဲလာ ‌‌ရွှေမြန်မာတွေအတွက် လုံခြုံရေးယူပေးသူ

. . . စတဲ့

ကိုယ်ကျိုးစွန့်၊ အနစ်နာခံ၊ အချိန်အပြည့်ပေး၊ အစည်းအဝေးတက်ပေးကြတဲ့ ၁၉၇၄ မျိုးဆက်ကနေ ၂ဝ၂၁ မျိုးဆက်သစ်အထိ အရွယ်အသီးသီး၊ အသက်အထွေထွေ၊ စားဝတ်နေရေး အခြေအနေတွေကို လျစ်လျူရှုပြီး ရုံးပိတ်ရက် စနေရော၊ တနင်္ဂနွေရော နေ့ရော ညပါ မနားမနေ လုပ်ဆောင်ပေးကြသူတွေမှာ ရုံးသာပိတ်သွားတယ် မနားရသေး။ ရုံးသာ ပြန်ဖွင့်လာတယ် အိပ်ရေးက မ‌ဝသေး။ ဆန္ဒပြပွဲသာ ပြီးသွားတယ် စိတ်ထဲမှာ "ဘုံရန်သူပက်ပက်ဆိုး" ကို တော်လှန်လို့ မပြီးသေး မစီးသေး။ ဒီလောက်အထိ စိတ်ဆန္ဒပြင်းပြကြတာ တစ်ခါမှ မမြင်ဖူးကြဘူး။



          တခါတခါမှာတော့ နိုင်ငံခြားကို အရင်‌ကြိုရောက်နေကြတဲ့ တော်လှန်ရေးနောင်တော်တွေနဲ့ အမြင်မတူတာတွေထဲက ဆွေးနွေးညှိနိုင်းရတာ ရှိပေမဲ့ ဒီဘက်ခေတ် ၂ဝ၂၁ တော်လှန်ရေး မျိုးဆက်သစ်‌အများစုက ပညာတတ်ကြတော့ ချက်ဆိုတာနဲ့ နားခွက်ကမီးတောက်ကြတယ်။

          ဘာလုပ်လုပ် "ဘုံရန်သူပက်ပက်ဆိုး" ကို တော်လှန်ဖို့ပဲ။ ဘာတွေးတွေး "ဘုံရန်သူပက်ပက်ဆိုး" ကို အမြစ်ဖြတ်ဖို့ပဲ။ ဘာကိုရေး‌ရေး "ဘုံရန်သူပက်ပက်ဆိုးမျိုးဆက်ညစ်ကြီး" ကို ရပ်တန့်ပစ်ဖို့ပဲ။

          ဒါကြောင့် ကိုယ်ကျိုးမငဲ့ မြန်မာနိုင်ငံ ဒီမိုက‌ရေစီ ပြန်လည်ဖော်ဆောင်ရေးနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်တိုက်ထုတ်‌‌ရေးမှာ ကိုယ်စွမ်းကိုယ်စ ရှိသလောက် အားတက်‌သရော၊ မငြိုမငြင် လုပ်ကိုင်ပေးကြတဲ့ ဦးဦး ဒေါ်‌ဒေါ်၊ ကိုကို မမ၊ ညီလေး ညီမလေး၊ တူ တူမလေး နဲ့ သားသမီးအရွယ်နဲ့ တစ်ယောက်မှမကျန်ကို အဝေး‌ရောက် မြန်မာတွေ အားလုံးကိုယ်စား ကျေးဇူးတင်ကြောင်း ပြောကြားပါရစေ။

အခုလို "ဘုံရန်သူပက်ပက်ဆိုး" ကို

စိတ် စွမ်းသ၍
အချိန် စွမ်းသ၍
ခွန်အား စွမ်းသ၍
လုပ်အား စွမ်းသ၍
စည်ရုံး‌ရေး စွမ်းသ၍
ဆက်သွယ်ရေး စွမ်းသ၍
အဆက်အသွယ် စွမ်းသ၍
စာအရေးအသား စွမ်းသ၍
တိုက်ရေးခိုက်ရေး စွမ်းသ၍
ဟောရေး ပြော‌ရေး စွမ်းသ၍
နောက်ဆုံး ငွေအင်အား စွမ်းသ၍

မြန်မာနိုင်ငံတော် ပြည်သူ့အနာဂတ်အတွက် တော်လှန်တိုက်ထုတ်ပေးနေကြ‌တဲ့ ပြည်တွင်းပြည်ပ တော်လှန်ဖော် တော်လှန်ဘက်တွေ အားလုံးကို လေးစားကြည်ညိုစွာ အလေးပြုလိုက်ပါတယ်။

အ‌ရေးတော်ပုံ မကြာမီ မုချ အောင်မည်။

ကိုသန့်ဇင်၏အရည်အသွေးပြည့်ဓာတ်ပုံကို ယူသုံးပါသည်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-20-2021

No comments: