ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, March 7, 2014

ခေတ္တအဝေးရောက် သမီးလေး ဖတ်ဖို့စာ

          
( မိဘရင်မှ ခေတ္တခွဲခွာ ပြည်မှာရပ်ခြား ပညာသင်သွား ချစ်သမီးများကို မိဘများကိုယ်စား ခံစားရေးဖွဲ့ပါသည် )

          သူတစ်ပါးနိုင်ငံလူမျိုးခြားတွေကြားမှာနေတဲ့အခါ ကိုယ့်အကျင့်တစ်ခုမကောင်းဘူးဆိုရင် ပြင်ပေါ့ ၊ မဟုတ်ဘူးလား ၊ ပြင်တဲ့အချိန်ကစပြီး တန်းကောင်းသွားတာ ၊ မပြင်မချင်းကတော့ ဒီအတိုင်းဘဲ ၊ မပြင်ရင်တော့ နောက်ဘယ်တော့မှကောင်းလာမှာမဟုတ်ဘူး ၊ အရင်လို စိတ်အလိုလိုက်လို့တော့မရဘူးနော် ၊ သမီးရောက်နေတာ အရင်လိုဗိုလ်ကျလို့ရတဲ့နေရာမဟုတ်ဘူး ၊ မမွေးသင့်တဲ့အရာတွေထဲမှာ ကိုယ့်ကိုယ်မှာရှိတဲ့ “ မကောင်းစိတ် “ လဲပါတယ် ။


 ဒါတွေက ဘာနဲ့နွယ်နေလည်းဆိုတော့ မသိစိတ် ကို ကိုယ်စားပြုတဲ့ မောဟ - ဒီမောဟ ကြီးစိုးပြီဆိုရင် ကိုယ်လုပ်တာအကုန်မှန်တယ်လို့ထင်သွားတတ်တယ် ၊ ကိုယ်တကယ်မှန်နေရင်တော့ ဒီလောက်အကြောင်းမဟုတ်ဘူး ၊ ကြောက်စရာကောင်းတာက ကိုယ်မှားနေတာကို မှန်နေတယ်လို့ထင်စေတာဘဲ ၊ ဒါဟာ စိတ်ကိုလှည့်စားတာ လှည့်ဖြားတာ နောက်ကျိစေတာ အမှန်ဘဲ ။


          ဘယ်လောက်အတိုင်းအတာအထိအဆိုးဆုံးဖြစ်သွားလဲဆိုတော့ ကိုယ်မှန်တယ်ထင်လို့ပြောနေတုန်း တစ်ပါးသူကလည်းမမှားဘူးလို့တုံ့ပြန်တဲ့အချိန် လောဘ နဲ့ ဒေါသ ကို အဖော်ခေါ်လာတဲ့အထိဘဲ ၊ နောက်ထပ်ညီနောင်စိတ်ဆိုး စိတ်ယုတ်တွေ ထပ်ကယ်ငြိပြီဆိုတော့ သိတဲ့အတိုင်း အသွေးအသား မီးယပ်ဇီဝဖြစ်စဉ်နဲ့ ဖွဲ့စည်းထားတဲ့ မိန်းမဆိုတဲ့အမျိုးနွယ် ဘာခံနိုင်မလဲ စိတ်အရမ်းတိုတော့တာပေါ့ ၊ မလွှတ်လိုက်နဲ့ သမီး ၊ နိုင်အောင်စိတ်ကိုထိန်းရမယ် ။


  “ ပြောရင်ငြိမ်ခံနေမှ “ ဆိုတဲ့လူစားမျိုးလဲရှိသေးတယ် ၊ သတိထားသမီး ၊ အပြောခံရတာမှန်နေရင်အကြောင်းမဟုတ်ဘူး ၊ ကိုယ်မှားလို့ ပြောတာခံနေရတာတော်သေးတယ် ၊ ကိုယ်ကလည်းမှန်နေတယ် ( ပြောသူကမှားနေတာ ) အဆူအငေါက်လည်းခံနေရတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့ ၊ “  ကျောပူတာခံနိုင်တယ် နားပူတာမခံနိုင်ဘူး ” ဆိုတာ တကယ်ခံစားရသူတွေ နားလည်ပြီးသားဖြစ်ကြမှာပါ ။


သမီးတို့အမျိုးသမီးတွေဟာ စိတ်နုတယ် ၊ စိတ်ညွတ်လွယ်တယ် ၊ စိတ်မထိန်းနိုင်ကြဘူး ၊ တစ်ခုခုဆို ကိုယ့်ရည်းစား ၊ ကိုယ့်ယောင်္ကျား စတဲ့ အနီးကပ်လူကို “ မဲ ” တတ်တယ် ၊ ဒါဟာ တရားမျှတ သလား စဉ်းစားသင့်တယ် ၊ သူတစ်ပါးကို ကိုယ်က သတိလက်လွတ်ရိုင်းစိုင်းထိခိုက်တဲ့စကားတွေနဲ့ မနိုင် နိုင်အောင်ပြောလိုက်တာ ကိုယ်နိုင်သွားသလား ၊ ကိုယ်နိုင်မနိုင်ရော သိပါရဲ့လား ၊ ဟုတ်ဟုတ်မဟုတ်ဟုတ် ပြောထွက်လိုက်ရမှ စိတ်ပေါ့သွားတတ်တဲ့လူစားမျိုးလည်းရှိသေးတယ် ၊ ကိုယ်ကဘယ်လိုလူတန်းစားထဲပါလဲဆိုတာမစဉ်းစားကြတော့ လောကကြီးက တစ်ဖက်စောင်းနင်းဖြစ်နေတာပေါ့ ။


လူ့စိတ်က ကောင်းတာထက်စာရင် မကောင်းတာကိုမှ တစ်မက်တစ်မောခင်တွယ်တတ်တယ် ၊ မကောင်းတဲ့ကိလေသာကို ပိုမိုခုံမင်တယ် ၊ မကောင်းတာတွေချည်းကိုဘဲ လိုက်လုပ်နေတယ်လို့ဆိုလိုတာမဟုတ်ဘူးနော် ၊ လူကမလုပ်ရသေးဘူး စိတ်ကအရင်ကြံစည်နေတယ်ဆိုတာကိုပြောတာ ၊ အဲ - ဘာမှလုပ်စရာမရှိတဲ့အချိန်ကျပြန်တော့ တောင်တွေး မြောက်တွေး နဲ့ စိတ်ကယောက်ကယက်ဖြစ်တယ် ၊ ပြီးတော့ အထီးကျန်တယ် ၊ နောက်တော့ အတိတ်က မအောင်မြင်ခဲ့သမျှတွေကို ကိုးရီးယားကားရိုက်ပြီးဇာတ်အိမ်ဖွဲ့တော့တာဘဲ ၊ အားနေလို့စဉ်းစားဆင်ခြင်ဥာဏ်ရှိမလားလို့မထင်နဲ့ စိတ်ကူးယဉ်ပြီး ပိုကြမ်းတဲ့အတွေးတွေဝင်လာစေတယ် ၊ ဒါကြောင့်ဘဲ လူတွေမှာ အလုပ်ရှိဖို့လိုအပ်တယ်လို့ လူကြီးတွေပြောကြတာပေါ့၊ အလုပ်လုပ်တော့ ဘာသာစကားလေ့လာမှုများလာမယ် ၊ ပေါင်းသင်းဆက်ဆံရေးသင်ယူခွင့်ရလာမယ် ၊ သူတစ်ပါးကကိုယ့်ကိုဘယ်လိုဆက်ဆံတယ်ဆိုတာသိလာမယ် ၊ ဒါတွေကိုပေါင်းပြီးလေ့လာလိုက်တတ်ရင် ဘဝသင်ခန်းစာ ကျောင်းမတတ်ဘဲတတ်သလိုပါဘဲ ၊ အလုပ်ကနေ စိတ်လေ့ကျင့်ခန်းတွေတတ်လာမယ် ၊ သည်းခံနိုင်စွမ်းတွေတိုးလာမယ် ၊ လုပ်ချင်ကိုင်ချင်စိတ်တွေပေါ်လာမယ် ၊ ဒါဆို ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင်  အဆောင်သူ အဆောင်သားတွေစိတ်ချမ်းသာပြီ ။


သမီးရဲ့ကျောင်းကပေးလိုက်တဲ့ပညာဟာ ပညာမျှသာဖြစ်တယ် ၊ ဘယ်ပုံဘယ်နည်းအသုံးချသင့်လဲ ၊ လူမှုရေး ၊ နိုင်ငံရေး ၊ စီးပွားရေး နဲ့ ဘာသာရေးအထိ အသုံးဝင်အောင် သူ့နေရာနဲ့သူ ဆင့်ပွားအသုံးချနိုင်မှ “ ပညာတတ် “ ဖြစ်မှာ ၊ ဒါကြောင့်မို့လို့ လက်ရှိမြန်မာပြည်တွင်းမှာ “ ပညာတတ်တဲ့လူ “ ရှိပေမယ့် ပညာတတ်ရှားနေတာဒါကြောင့်ဘဲ ၊ ကျောင်းသင်ခန်းစာတွေမှာ စာတွေ့ နဲ့ လက်တွေ့ ( ၂ ) မျိုးစလုံးသင်ရတာ ဒီအကြောင်းကြောင့်ဖြစ်တယ် ၊ ဓါတ်ခွဲခန်းမှာသင်ရတဲ့လက်တွေ့က လူ့လောကထဲကိုထွက်ရင်တွေ့မယ့် ဘဝ နဲ့ တူဖို့မျှော်လင့်ထားလို့မရဘူး ၊ သင့်တော်သလိုဖြေရှင်းရမယ် ၊ ဒီနေရာမှာ စာသင်ခန်းထဲထိုင်ပြီးသင်ခဲ့ရတဲ့ သီအိုရီ ကို ထည့်သုံးတတ်ဖို့လိုအပ်လာပြီ - ပိုပြီးအရေးကြီးလာပြီ ၊ သတိထားရတော့မယ် ၊ အရေးကြုံရင် ထိုးထွင်းမြင်တဲ့ဥာဏ်က အဓိကကျသလို အမှန်ကိုအမှန်အတိုင်းမြင်တတ်တဲ့ ဓမ္မဓိဋ္ဌာန်ကို စာသင်သားရဲ့ဦးနှောက်ထဲကို ကျောင်းက အလိုလိုထည့်သွင်းပေးလိုက်ပြီးသားဖြစ်တယ် ၊ ဘယ်လိုထည့်ပေးလိုက်တာလဲလို့ သမီးကမေးချင်မှာပေါ့နော် ၊ စာကိုအလွန်မကျက်ဘဲ အဆင့်မြင့်အောင် ( ဝေဖန်နိုင်အောင် ) စဉ်းစားစေတဲ့ Critical Thinking နည်းအားဖြင့် လေ့ကျင့်ပေးလိုက်တယ်လေ ၊ သမီးတို့မယူမနေရ ဖြည့်စွက်-Requirement ဘာသာရပ်မှာသင်ရတဲ့ အင်္ဂလိပ်စာ က ဒီအတွက်ဘဲပေါ့ ၊ အားလပ်ချိန်ရှာပြီး စာအစုံဖတ်ဖို့လိုတယ် ၊ အင်္ဂလိပ်လိုဖတ်သလို မြန်မာစာကိုလည်း ရအောင်ရှာဖတ်ပါ ။


သမီးလေးရေ … ကိုယ့်အနာဂါတ်လက်တွဲဖော်ကို ဘယ်တော့မှအနိုင်မကျင့်နဲ့ ၊ ကိုယ့်ကိုလဲအနိုင်မကျင့်စေနဲ့ ၊ ဗိုလ်ကျစိုးမိုးရေးခေတ် ကုန်သွားပြီ ၊ အသွင်မတူတာအသာထားပြီး တူရာတူရာပူးပေါင်းဆောင်ရွက်တဲ့ လူ့အခွင့်အရေးအလေးပေးကာလ ဒီမိုကရေစီခေတ်ရောက်နေပြီ ၊ မရယ်နဲ့ တကယ်ပြောတာ ၊ အိမ်ထောင်ပြုတာလဲ နိုင်ငံရေးဘဲ ၊ လွှတ်တော်အမတ်လုပ်မှနိုင်ငံရေးမဟုတ်ဘူး ၊ တိုင်းကျိုးပြည်ပြုလုပ်ငန်းလုပ်မှ နိုင်ငံရေးမဟုတ်ဘူး ၊ ခက်ခက်ခဲခဲစဉ်းစားစရာမလိုပါဘူး ၊ အခုထိပ်သီးခေါင်းဆောင်တွေ ဘယ်ဘဝ က လာကြသလဲ ၊ ပညာရေးနဲ့ ဘဝကို စခဲ့ကြရတာချည်းဘဲ ။


ထပ်ဖြည့်ပြီးပြောချင်တာက ဘဝကိုအိမ်ထောင်က စ, တယ်လို့ဆိုကြပါစို့ ၊ သူ့ဖက်ကပါလာတဲ့ ပိုင်ဆိုင်မှု ၊ ဥစ္စာ ၊ ဓန ရှိသလို ကိုယ့်ဖက်မှာလည်းရှိတယ် ၊ ဒါတွေက အမြဲတမ်းကိုယ်လိုရာပိုင်စိုးချင်တိုင်း ရချင်မှရမယ် ၊ အခိုက်အတန့်တစ်ခုအထိတော့ရမယ် ၊ အခြေအနေတစ်ရပ်ပြောင်းသွားပြီဆိုလို့ကတော့ ကိုယ် ဘာပညာတတ်ထားလဲပေါ်မှာ မူတည်တယ် ၊ ရေရှည်မှာ ပညာတတ်က ခေတ်ကိုတည်ထောင်သွားလိမ့်မယ် ၊ ကိုယ်တတ်တဲ့ပညာနယ်ပယ်မှာ ကိုယ်ဆရာဖြစ်နေရမယ် ၊ တစ်နည်းအားဖြင့် ကိုယ့်ပညာကို ကိုယ်ဘယ်လိုကောင်းမွန်စွာအသုံးချတတ်လဲပေါ်မူတည်ပြီး လူ့အလွှာ အတန်းစားကို အသီးသီး သတ်မှတ်ကြတာပါ ၊ ကိုယ်ထိပ်ပိုင်းရောက်ချင်ရင်တော့ သူများအိပ်နေတဲ့အချိန်မှာ ကိုယ်ကစဉ်းစားနေရမယ် ၊ သူများထတဲ့အချိန်မှာ ကိုယ်ကပြင်ဆင်နေရမယ် ၊ သူများစလုပ်ပြီဆိုတဲ့အချိန် ကိုယ်က အချောသတ်နေပြီ ၊ ဒီလိုလေ့ကျင့်နိုင်ရင် ဘယ်အောင်မြင်မှုမှထွက်မပြေးနိုင်ပါဘူး  ရကို ရရမယ် သေချာတယ် ၊ အောင်မြင်မှုဆိုတဲ့ ယန္တရားကြီးကိုချောမွေ့အောင်လည်ပတ်စေမယ့်ချောဆီကတော့ ဝိရိယ ဆိုတဲ့ အမြဲမပြတ်အားထုတ်မှုသာ ဖြစ်တယ် ။


သမီးကိုငယ်ငယ်တုန်းကပြောခဲ့တာမှတ်မိသေးလား ? အိမ်ထောင်မပြုရင် တစ်သက်လုံးကျွေးထားမယ်လို့လေ ၊ တကယ်တမ်းကျတော့ ဒါဟာ ဖြစ်နိုင်ခြေအရမ်းနည်းပြီး ယုတ္တိမတန်ဘူးလို့ ပြောကြမှာပေါ့ ၊ ဟုတ်ပါတယ် - သမီးကို ပညာရေးဆုံးခန်းမတိုင်သေးခင် အချစ်ရေး အချစ်စိတ်မွှန်ပြီး လမ်းခုလတ်ထောင်ချောက် အိမ်ထောင်မကျစေချင်တဲ့ ဖခင်တစ်ယောက်ရဲ့ပူပန်မှုနဲ့ ပြောခဲ့တာပါ ၊ ပညာဟာ အခရာဘဲ ၊ ပညာမရှိရင် သင်ညာဘယ်လောက်ရှိရှိ အမှန်ကိုမမြင်နိုင်ဘူး ၊ အမျှော်အမြင်မရှိတော့ဘူး ၊ ဒီအတွက် သင်ခဲ့တဲ့စာတွေဟာ ပညာဖြစ်သွားဖို့လိုတယ် ၊ တတ်တဲ့ပညာကို အသုံးချဖို့လိုတယ် ၊ အသုံးချတဲ့ ပညာဟာ နေရာမှန်ဖို့လိုတယ် ။


ကဲ - ပညာစုံပြီဆိုပါတော့ ၊ ဘွဲ့လွန်မာစတာဆက်မတက်တော့ဘူးဆိုတဲ့အချိန် သမီးအသက် ( ၂၄ ) လောက်ရောက်နေပြီ ၊ နောက်မကျသေးပါဘူး ၊ အိမ်ထောင်ဖက်ရွေးဖို့ စိတ်ဓါတ်ရင့်ကျက်တဲ့အရွယ်မို့လို့ သမီးကြိုက်တာရွေးပါ ၊ မမှားနိုင်တော့ပါဘူး ၊ အဓိက တစ်ယောက်ကိုတစ်ယောက်ညှာတာမယ် ၊ ဦးစားပေးမယ် ၊ နိုင့််ထက်စီးနင်းမလုပ်ဘူးဆိုရင် ရပါပြီ ၊ သမီးရဲ့ အနာဂါတ်အိမ်ထောင်ဖက်မှာလဲ ဒီအရည်အချင်းတွေပါရှိဖို့အရေးကြီးတယ် ၊ အားလုံးဟာ ကိုယ်ကျင့်တရားပေါ်မှာဘဲ အခြေခံတာပါ ၊ ကျန်တဲ့ဘဝသက်တမ်းကို ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ အတ္တ အရမ်းကြီးလို့မရဘူး ၊ ဆိုလိုတာက ကိုယ်လိုချင်တဲ့အရာ အကုန်လုံးရချင်မှရမယ်ဆိုတာကိုသိထားရမယ် ၊ မဖြစ်ချင်တာလည်း ဖြစ်တတ်တယ်ဆိုတာကို သိထားရမယ် ၊ ဒါမှ လောကဓံ နဲ့ ထိပ်တိုက်ရင်ဆိုင်ရတဲ့အခါ အားအင်မပျက် ကြံ့ကြံ့ခံနိုင်မှာပေါ့ ၊ ဒါထက်ပိုပြီးအလေ့အကျင့်လုပ်သွားရင် လာသမျှအခက်အခဲတွေကို သွေးအေးအေး နဲ့ ဖြေရှင်းနိုင်ပါလိမ့်မယ် ၊ “ ငါလိုချင်တာ နင်ဘာလို့မသိရတာတုန်း “ လို့တော့ သွားအနိုင်မယူလိုက်ပါနဲ့ ၊ ကိုယ်လိုချင်တာ ကိုယ်ဘဲသိမယ်လေ ၊ ဒီလိုဘဲ ကိုယ်ဘာကိုကြိုက်တတ်တယ် ၊ ဘယ်လိုဆိုရင်တော့မကြိုက်ဘူးဆိုတာ နှစ်ယောက်သားကြိုတင်ပြောထားသင့်တယ် ၊ Communication သိပ်အရေးကြီးတယ် ၊ သမီးရည်းစားဘဝမှာ စည်းနဲ့ကမ်းနဲ့ တစ်ဦးကိုတစ်ဦးတန်ဖိုးထားရမယ် ၊ နှစ်ယောက်ပေါင်းမှ တစ်ဘဝ ဆိုတာ တကယ်မှန်တယ်သမီး ။


သမီးလေးရေ … ကိုယ့်ကိုမွေးခဲ့ကျွေးခဲ့တဲ့တိုင်းပြည်ရဲ့ကျေးဇူးကိုမမေ့ရဘူးနော် ၊ မိမိဘာသာစကား ၊ ယျဉ်ကျေးမှု ၊ ရိုးရာ ၊ စာပေ အားလုံးကိုအဆုံးအစွန်သိရမယ်လို့မဆိုလိုပါဘူး ၊ နိုင်ငံရပ်ခြားရောက်နေတော့ အားလုံးကိုခြုံငုံမိအောင် မိမိကိုယ်တိုင်လေ့ကျင့်ဖို့လိုတယ် ၊ မမေ့ဖို့လိုတယ် ၊ အဓိက မိမိကို လူလားမြောက်အောင်ခြေချခွင့်ပေးခဲ့တဲ့ မြေကြီးကို သစ္စာရှိရမယ် ၊ မိခင် ဖခင် တို့ရဲ့ကျေးဇူးကိုဆပ်လို့မကုန်ဘူးလို့ ရှေးလူကြီးတွေပြောခဲ့တယ် ဒါပေမယ့် မွေးကျေးဇူးထက် အရိပ်အာဝါသ ပေးတဲ့ကျေးဇူးက ပိုအရေးကြီးတယ်ပြောချင်တယ် ၊ မြတ်စွာဘုရားဟာ သစ္စာတရားကိုသိတော်မူဖို့ ဗောဓိညောင်ပင်အောက်မှာ အရိပ်ခိုခဲ့သေးတယ် ၊ ဘုရားဖြစ်တော်မူပြီးတဲ့နောက်မှာ ကျေးဇူးတရားသိတတ်ဖို့ ဘုရားရှင်ဟောကြားခဲ့တာ သမီးကြားဖူးမှာပေါ့ ၊ ဒီလိုပါဘဲ ၊ ကိုယ်ပညာသင်ဖို့က လိုရင်း ၊ မူလရည်ရွယ်ချက်ကိုဖြည့်စွမ်းရင်း ကိုယ့်ကိုဒီအခြေအနေရောက်အောင် မြေတောင်မြှောက်ပေးခဲ့တဲ့ အောင်မြေကို ပြန်လည်ခြေချဖို့ကြိုးစားပါ ၊ တိုင်းကျိုးပြည်ပြုလုပ်ငန်းတွေ ကိုယ်တတ်ထားတဲ့ပညာနဲ့ မူရင်းနိုင်ငံရဲ့ အနာဂါတ်ခေါင်းဆောင်တွေကို အသိပညာလက်ဆင့်ကမ်းပါ ၊ တစ်ချိန်တုန်းက မလုပ်နိုင်လို့ မလုပ်ခဲ့တာကို အပြစ်မယူဘူး  ၊ ဘာမဆိုလုပ်ခွင့်ရှိနေတဲ့ အခုလိုအချိန်မှာ နိုင်ငံ့အကျိုးမလုပ်နိုင်ဘူးဆိုတာကမှ နောင်တရစရာပါ သမီး ။



ကိုညီင်္ညီ ( တောင်ကြီး )




" ခေတ္တအဝေးရောက် သမီလေး ဖတ်ဖို့စာ " စာမူကို ၂ဝ၁၄ မေလ ( ၁၃ ) ရက်နေ့ ၊ အင်္ဂါနေ့ထုတ် ကုမုဒြာဂျာနယ် အတွဲ ( ၄ ) ၊ အမှတ် ( ၄ ) ၊ စာမျက်နှာ ( ၂၃ ) တွင် ဖော်ပြပါရှိသည် ။ Download Link: https://drive.google.com/file/d/0B88qWw_pvpY3MGpydm5jT2dNMFk/edit?usp=sharing



No comments: