ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, May 30, 2020

စိတ်ဖိစီးမှုနဲ့ဝေးရာဝေးကြောင်းနည်းလမ်းကောင်း ၂ ခု

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
အခုလို ကပ်ရောဂါကာလမှာရောဂါအကြောင်းတွေရော၊ လူမျိုးရေးမုန်းတီးမှု နဲ့ တရားမမျှတမှုကိုတန်ပြန်တဲ့အကြမ်းဖက်မှုတွေအားလုံးကိုရော သတိကြီးကြီးနဲ့လေ့လာဖို့လိုတယ်။

စိတ်ဖိစီးမှုဆိုတာ ကိုယ်ကသွားရှာမှရောက်လာတာမဟုတ်ဘူး။ ကိုယ်မြင်တာ ကိုယ်ကြားတာ ကိုယ်ဖတ်တာ စတာတွေဟာ ဦးနှောက်ရဲ့မသိစိတ်ထဲမှာ စိုးရိမ်စိတ်ကိုတိုးစေတယ်။ ဒီလိုတိုးလာတာကို ကာယကံရှင်ကမသိဘူး။ သိရင်လည်း ခဏပဲ။ အကြာကြီးသတိမထားမိဘူး။

ဒါကြောင့် ဒီလိုစိတ်ဖိစီးမှုဖြစ်နေတဲ့သူတစ်ယောက်ဟာ အဆင်မပြေချင်ရင် ဘတ်စ်ကားစီးလို့ စပယ်ရာက တစ်ခုခုများ ကတောက်ကဆပြောကြည့် ပြာဖုံးနေတဲ့မီးမဟုတ်တော့ဘူး ဟင်းချက်တဲ့ Gas အိုးကို မီးနဲ့ထိုးလိုက်သလို တန်းပြီးဒေါသက နားထင်ထိပ်တက်သွားတော့တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီစိုးရိမ်စိတ်၊ ဖိစီးတဲ့စိတ်ရဲ့ဆရာဟာ "ဒေါသ" ဖြစ်နေတာကြောင့်ပဲ။

ဒါတွေထားလိုက်ပါတော့။ ၂ဝ၂ဝ မကုန်ခင်အထိ အသက်လည်းဆက်ရှင်၊ ဒီအတိုင်းဆက်မြင်၊ ဆက်ကြား၊ ဆက်ဖတ်နေရရင် လူ့သက်တမ်းအနည်းဆုံး ၂ နှစ်လောက်တိုသွားနိုင်တယ်။ ဒါကြောင့် အဆိုးထဲကအကောင်းတစ်ခုကိုပြပါဆိုရင် ဒီစိတ်ဖိစီးမှုအများဖြစ်တဲ့နေရာတွေကနေ ဝေးရာဝေးကြောင်း အေးရာအေးကြောင်းနေရာ ၂ ခု ကို လမ်းညွှန်ပြချင်ပါတယ်။

Friday, May 29, 2020

ဝယ်သူတစ်ယောက် ရောင်းသူတစ်ရာ


ငယ်ငယ်တုန်းက အဆိုတော်စိုင်းဆိုင်မောဝ်ဆိုဖူးတဲ့ "ဝယ်သူတစ်ယောက် ရောင်းသူတစ်ရာ" ဆိုတဲ့သီချင်းစာသားကိုမှတ်မိနေခဲ့ပေမဲ့ နားမလည်ခဲ့ဘူး။ အခု ရှမ်းပြည်ကဒုက္ခရောက်နေတဲ့ဂေါ်ဖီထုပ်စိုက်တောင်သူတွေရဲ့အကြပ်အတည်းကိုဝင်ကူညီကြတဲ့ တစ်ဦးချင်းအလှူရှင်၊ ကုမ္ပဏီအလှူရှင်၊ လုပ်သား၊ ကားဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ အစုအစပ်လုပ်ငန်းရှင်တွေနဲ့ ချစ်ခြင်းမေတ္တာအားဖြင့်အလှူအတန်းနဲ့သူတစ်ပါးရဲ့လုပ်ငန်းကိုကယ်တင်ကြသူတွေရဲ့ကုသိုလ်လုပ်ရပ်ကိုခံစားရလွန်းလို့ ဒီစာကိုရေးချင်မိပါတယ်။

အမိရှမ်းရိုးမနဲ့ဝေးနေပေမဲ့ နှလုံးသားတောင်ကွေ့ကြောချင်းဆက်ထားကြလေတော့ အဲဒီသတင်းကိုကျွန်တော်ကြားမိတယ်၊ ပုံတွေလည်းတွေ့မိတယ်။ စိတ်ထဲမှာကြည်နူးရသလို၊ အသက်ရှူသံနှေးသွားပြီး မျက်လုံးတစ်စုံလေးလောက်အောင် ကြေကွဲနေမိတယ်။ တောင်သူတွေ အသီးအနှံတွေစိုက်နေတာ ဘယ်သူ့အတွက်လဲ?

ဒီမေးခွန်းကိုဖြေရရင် သူတို့ကိုမှီတင်းနေထိုင်တဲ့မိသားစုစားဝတ်နေရေးအတွက်၊ တောနေ၊ တောင်နေ၊ မြို့နေလူထုအတွက်၊ ဒီထက်မကပိုလျှံရင်၊ ဒီထက်မကအထားခံရင် နိုင်ငံခြားကိုပို့ဖို့အတွက် နောက်ဆုံးတော့ ငွေပေးပြီးလာဝယ်မယ့်သူတွေအတွက် စိုက်ပျိုးနေရတာပဲမဟုတ်ဘူးလား?

အခုလို သီးနှံဖျက်ပိုးမဝင်၊ လူ့အသက်ဖျက်မိုက်ခရိုပိုး COVID-19 ကြောင့် "လျာထားသမျှဖြစ်မလာ၊ ရှာထားသမျှပစ်စရာ" ဖြစ်လာတော့မယ့်အခြေအနေကို ငွေအားတတ်နိုင်တဲ့ ပြည်တွင်းဖြစ်သူဠေးကြီးတစ်ယောက်က အကုန်ဝယ်လိုက်ပြီး သူ့ရဲ့တပည့်တပန်းတွေ၊ ဖောင်ဒေးရှင်းဝင်တွေနဲ့ တစ်ပြည်လုံးကိုခရီးဆန့်စေပြီး မိဘမဲ့ဂေဟာ နဲ့ အကျဉ်းစခန်းတွေပါမကျန်ဖြန့်ဝေစေခဲ့တာ စီးပွားရေးနလံမထူနိုင်တဲ့ မြန်ရွှေပြည်ကြီးအတွက် "ဂေါ်ဖီထုပ်ပီတိ ဂွမ်းဆီထိ" ရသလိုပါပဲ။

Monday, May 25, 2020

ဖယ်ရားရီကြောင့်လမ်ဘိုဂီးနီဖြစ်ပေါ်လာပုံအီတလီသမိုင်း


ဟိုးရှေးရှေးတုန်းက အင်မတန်အပြေးမြန်တဲ့မြင်းတစ်အုပ်ရှိတယ်။ အပြေးမြန်တဲ့မြင်းတွေကို တစ်ခြားသတ္တဝါတွေကအားကျရတဲ့အထဲမှာ နွားသိုးရိုင်းကြီးတစ်ကောင်လည်းပါသတဲ့။

တစ်နေ့တော့ နွားသိုးရိုင်းကြီးက ပြိုင်မြင်းတစ်ကောင်ကို သူ့ခွာသံကကြမ်းလွန်းပြီး အသံဆူလွန်းရုံမက မြေကြီးနဲ့အကြိမ်အများကြီးထောက်ရတဲ့စတီးခွာက ခဏခဏလဲပေးနေရတယ်လို့အကြံပြုမိတော့ ပြိုင်မြင်းကစိတ်ဆိုးသွားလေတော့တယ်။

ဒီအခါမှာ ပြိုင်မြင်းက မောက်မောက်မာမာပဲ "မင်းက ခန္ဓာကိုယ်ကြီးတော့ တုတ်တုတ်ခိုင်ခိုင်နဲ့ဆိုတော့ ပြိုင်မြင်းကောင်းတွေလိုဘယ်လိုလုပ်ကောင်းကောင်းပြေးနိုင်မလဲကွာ" ဆိုပြီး သူ့ရဲ့အကြံပြုချက်ကိုပျက်ရယ်ပြုခဲ့သတဲ့ကွယ်။

ကလေးတွေဆိုရင်တော့ ပုံပြင်က ဒီမှာတင်ပြီးသွားမှာပါ။ ဒါပေမဲ့ ပြိုင်ကားဝါသနာအိုးတွေအတွက်ဆက်ရှင်းပြစရာရှိနေပါသေးတယ်။ ဒီအဖြစ်အပျက်က ပုံပြင်မဟုတ်ဘဲ အီတလီနိုင်ငံမြောက်ပိုင်းမှာတစ်ကယ်ဖြစ်ခဲ့တာပါ။

စပျစ်ခြံလုပ်သားဇနီးမောင်နှံကမွေးဖွားခဲ့တဲ့ ဖယ်ရူးချိုလမ်ဘိုဂီးနီ-Ferruccio Lamborghini (https://www.youtube.com/watch?v=9SspgG2uynI) ဟာ စိုက်ပျိုးရေးဝါသနာမပါခဲ့ပါဘူး။ အဲဒီ့အစား စက်မှုယန္တရားဆိုင်ရာတွေကိုစိတ်ဝင်စားရင်း ဒုတိယကမ္ဘာစစ်မှာ လေတပ်ကနေပါဝင်ထမ်းဆောင်ခဲ့သူပါ။



တကုတ်ကုတ်နဲ့စက်အစုတ်တွေကိုလိုက်ပေါင်းစပ်ရင်း စစ်ဘက်ဆိုင်ရာမော်တာအဟောင်းတွေဟာ လမ်ဘိုဂီးနီအတွက် ထွန်စက်တွေ၊ ကိုယ်ပိုင်ထွင်ထားတဲ့လယ်ယာသုံးစက်ကြီးတွေဖြစ်လာပါတယ်။ ချမ်းသာလာတဲ့ လမ်ဘိုဂီးနီဟာ ပြိုင်ကားတွေစိတ်ဝင်စားလို့ ဝယ်ရင်း စီးရင်းနဲ့ ဖယ်ရားရီ-Ferrari (https://www.youtube.com/watch?v=NuHyQ_oRnzo) တစ်စီးပါဝင်ခဲ့တယ်။

ကားအကြောင်းနားလည်တဲ့ လမ်ဘိုဂီးနီဟာ သူတန်ဖိုးထားရတဲ့ ဖယ်ရားရီမှာ ပြင်ဆင်စရာတစ်ချို့ရှိနေတာကို စိတ်တိုင်းမကျဖြစ်လာမိတယ်။ ပြိုင်ကားကိုမောင်းတဲ့အခါအသံဆူလွန်းရုံမက ကားရဲ့ရုန်းကန်မှုဟာ လမ်းတွေပေါ်မှာကြမ်းတမ်းလွန်းတာကိုသတိပြုမိလာတယ်။ ဒါတင်ပဲလားဆိုတော့မဟုတ်သေးဘူး ဖယ်ရားရီပြိုင်ကားရဲ့ လက်ထိုးဂီယာ-Stick Shift Gear နဲ့တွဲနင်းရတဲ့ ကလပ်-Clutch ကိုလည်း မကြာမကြာလဲပေးနေရတာကို သူစိတ်ပျက်လာတယ်။