ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, March 13, 2014

Cloud Services သို့မဟုတ် မိုးပေါ်ကလာတဲ့ အချက်အလက်များ ( ကိုယ်တွေ့ )



               မနက်စောစော လွတ်လပ်တဲ့အာရှအသံ-RFA သတင်းပြီးချိန်လောက်မှာ အိမ်ရှေ့ရောက်ရောက်လာတတ်တဲ့ လော်စပီကာလက်ပွေ့သတင်းစာသမားဆီက ဂျာနယ်ဝယ်ပြီးချိန်မှာတော့ သောက်လက်စ လ္ဘက်ရည်ခွက်က ကပ်ကပ်လေးပဲကျန်ပါတော့တယ် ၊ ဒီအခိုက်အတန့်လေးမှာ လပေးသတင်းစာကိုဘဲ ပြီးအောင်ဖတ်ရမလား ၊ ဂျာနယ်ခေါင်းကြီးသတင်းတွေရဲ့ဆွဲဆောင်မှုနောက်လိုက်ပြီး ရှာဖတ်ရမလား ဆိုတဲ့ ရင်ခုန်စရာ မြို့တော်ရန်ကုန်ရဲ့ရွှေနံနက်ခင်းကို လွမ်းမိတဲ့အချိန်ဟာ အမိနိုင်ငံပြင်ပ အိမ်ဝေးသူတစ်ယောက် ရဲ့ အင်မတန်အထီးကျန်ချိန်ဆိုရင် မမှားပါဘူး ။


          ဒီမိုကရေစီခေတ်ကြို ခေတ်ဦးမှာ မီဒီယာအင်းအားစု ဟာ ဘယ်သူ့ကိုမှအားမကိုးဘဲ မိမိရှာဖွေနိုင် လိုက်ကောက်နိုင်တဲ့ အချက်အလက်တွေကို မှန်ကန်စွာထုတ်ပြန်နိုင်ရေးဟာ အသက်သွေးကြောလို့ခေါ်မယ်ဆိုရင် မိုးတိမ်-Cloud Services ဝန်ဆောင်မှုကလည်း အသံလွှင့် ၊ ပုံနှိပ် ၊ ထုတ်ဝေ မီဒီယာလုပ်ငန်းများ ဖြန့်ကျက်နိုင်ရေးအတွက် “ ပင်စည် “ လို့ တင်စားပါရစေ ၊ အကျယ်တစ်ဝင့်မပြောခင် ခလောက်ဒ်ဆားဗစ်ရဲ့ လုပ်ငန်းရပ်တည်မှုကိုနားလည်သလောက်ရှင်းပြတဲ့အခါ မိမိအတွေ့အကြုံကိုအခြေခံပြီးလေ့လာခဲ့လို့ သတင်းစာ ၊ ဂျာနယ် နဲ့ နည်းပညာစာစောင်တွေမှာလို တတ်ကျွမ်းပညာရှင်တွေရဲ့ရေးပြပုံနဲ့တူအောင်မတင်ပြနိုင်တာကို အရင်ဆုံးဝန်ခံလိုပါတယ် ။

Wednesday, March 12, 2014

ကမ္ဘာခြားတစ်နေရာရှိ မြန်မာများသုံးသည့် အင်တာနက်



ခပ်စောစော အမေရိကားကိုရောက်နေကြတဲ့မြန်မာတွေအသုံးများတဲ့အီးမေးလ်အမျိုးအစားက ရာဟူး-Yahoomail ဖြစ်ပါတယ် ၊ အဲဒီခေတ်ပိုင်းကအောင်မြင်ခဲ့တဲ့ Yahoo ရဲ့ ရှာဖွေရေးမူလစာမျက်နှာမှာ လက်ရှိဖြစ်ပေါ်နေတဲ့သတင်းတွေကိုပါဖတ်လို့ရလို့ အထူးရေပန်းစားခဲ့တယ် ၊ ရန်ကုန်မှာအင်တာနက်ကဖေးတစ်ခေတ်ဖြစ်ပေါ်လာတဲ့အချိန်နဲ့တိုက်ဆိုင်ပြီး မြန်မာစာရိုက်လက်ကွက်သုံးလို့ရတဲ့ GTalk ပေါ်လာတဲ့နောက် Google နဲ့ Gmail သုံးစွဲတဲ့အလေ့အထကို နောက်ပိုင်းပြောင်းရွှေ့မြန်မာတွေသယ်ဆောင်သွားကြတဲ့အခါ ချက်တင်ဝင်ပြီးဆက်သွယ်လို့ရသလို အင်တာနက်ဖုန်းခေါ်ဖို့ ပီဖင်းဂိုးလ်-Pfingo က အဓိကပါ ၊ တစ်ယောက်ဆီမှာနေ့ဖြစ်တဲ့အချိန် နောက်တစ်ယောက်ဆီမှာညဖြစ်နေတော့ အွန်လိုင်းတက်တဲ့အချိန်မတူကြပါဘူး ၊ ဒီလိုအခက်အခဲကိုတော့ GTalk မှာ စာတိုပစ်ပြီးဖြေရှင်းခဲ့ကြတာပါ ၊ ကိုယ်စာပို့ချင်တဲ့သူကအင်တာနက်မဲ့ချိန်-Off Line ဖြစ်နေရင် သူအွန်လိုင်းတက်လာရင် ပို့ထားတဲ့စာဟာအလိုအလျောက် Pop Up ဖြစ်လာတာမို့လို့ ကမ္ဘာကြီးဟာ တစ်ကယ်ဘဲ ပြားသွားခဲ့ပါပြီ ။


ရုံး နဲ့ လုပ်ငန်းအတွက် Desktop ကွန်ပျူတာသုံးကြပြီး Laptop က ရွှေ့ပြောင်းသယ်ယူရလွယ်ကူတော့ သုံးစွဲသူပေါများပါတယ် ၊ အမေရိကားရောက်တာကြာသူများက Internet Explorer သုံးပါတယ် ၊ မြန်မာဇော်ဂျီဖောင့်ထည့်သုံးရတာလွယ်ကူတဲ့ မြေခွေးဘရောက်ဇာ Mozzila Firefox မှာ အများအားဖြင့်မြန်မာစာလုံးတွေလွဲနေတာမရှိပါဘူး ၊ အခုပွင့်လင်းဒီမိုကရေစီခေတ်မှသာ Google Chrome မှာ Myanmar 3 ဖောင့် ကိုအထောက်အပံ့ပေးတာကြောင့် လက်ကွက်အုပ်စု ( ၂ ) စု ကွဲပြားလာပါတယ် ၊ မြန်မာတွေရဲ့အားနည်းချက်က ကိုယ့်ကွန်ပျူတာပေါ်မှာမြန်မာစာမပေါ်လဲ ပေါ်အောင်မလုပ်ချင်ကြဘူး ၊ ဘယ်လိုဖောင့်သွင်းရမှန်းလည်းမသိဘူး ၊ မြန်မာစာဖတ်တာလည်းသိပ်မတွေ့ရတော့ဘူး ၊ ဒါပေမယ့် ဗုဒ္ဓဘာသာပွဲလမ်းတွေမှာ နိဗ္ဗာန်ဈေးရောင်းပွဲကျင်းပလေ့ရှိကြပြီး ရောင်းရငွေကို နီးစပ်ရာဘုန်းကြီးကျောင်းကို လှူဒါန်းကြပါတယ် ၊ အဲဒီကျမှ သူငယ်ချင်းအပေါင်းအသင်းတွေ ပြောကြဆိုကြ စားသောက်ကြနဲ့ မသိတာတွေကိုမေးကြတဲ့အထိ အလုပ်စွဲလမ်းသူများ- Workaholic  ဒါမှမဟုတ် အလုပ်မြင်းရိုင်းများ-Workhorse ဖြစ်နေကြပါတယ် ၊ တစ်နေ့အလုပ်ချိန် ( ၈ ) နာရီ ၊ လမ်ပေါ်မှာကုန်ရတဲ့အချိန်နဲ့ ပြင်ရဆင်ရတဲ့အချိန်ထည့်ပေါင်းပြီး အိပ်ချိန်ကိုထပ်နှုတ်လိုက်ရင် ကိုယ်ပိုင်အားလပ်ချိန်ဟာ တစ်ရက်ကို ( ၃ ) နာရီထက်မပိုပါဘူး ၊ ဒါကြောင့် ကိုယ့်ဝါသနာ နဲ့ ဖျော်ဖြေရေးတို့ကို အိမ်မှာတင် အင်တာနက်သုံးပြီးမဖြုန်းနိုင်တော့ဘဲ လက်ကိုင်ဖုန်း နဲ့ တက်ဘလက် ကိုင်ဆောင်ကာ လမ်းတွေ ကားတွေပေါ်ကိုရောက်လာပါတော့တယ် ။

Tuesday, March 11, 2014

မသေခင် ကောင်းမှုဘာတွေလုပ်သွားမလဲ



မွေးလာကတည်းက အသေအချာထည့်ပေးလိုက်တဲ့ အမှန်တရားတစ်ခုက တစ်နေ့သေရမယ်ဆိုတာကိုပါ ၊ ဘယ်သူပေးလိုက်တဲ့လက်ဆောင်လဲ ၊ မယူလို့ရောမရဘူးလား ၊ စီမံသူက ဘယ်သူလဲ ၊ မေးခွန်းတွေကို ခေတ်အဆက်ဆက် အသိပညာကြွယ်ဝသူတွေ အမျိုးမျိုးအဖုံဖုံကြိုးစားဖြေဆိုကြပေမယ့် တဝဲသံသရာ သာ လည်လာတယ် အမှန်လို့ယတိပြတ်ပြောလို့မရနိုင်ခဲ့ဘူး ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၅ဝဝ ) ကျော်မှာ ဗုဒ္ဓမြတ်စွာဘုရား က သစ္စာတရားကို ဦးစီးဦးဆောင်ဟောပြောပြသခဲ့တဲ့နောက် သာသနာထွန်းရောင်တောက်ပြီး အဆိုပါအငြင်းအခုံဟာလည်း ရန်အေးပြေလည်သွားခဲ့ပါတော့တယ် ၊ မပျက်မယွင်းမှန်နေတဲ့ “ သင်သည်မုချသေရမည် အနှေးနှင့်အမြန်သာကွာသည် ” ဆိုတဲ့ သစ္စာကတော့ မှန်မြဲမှန်နေဆဲပါ ။ 



( ၁ )

          မသေခင်ဘာလုပ်မလဲ ဆိုတဲ့မေးခွန်းကို ဘယ်သူဖြေချင်ပါသလဲ ၊ သက်ရှိသတ္တဝါတွေကို ထိခိုက်အောင်လုပ်တာဟာ မကောင်းမှုလို့ လူအများနားလည်အောင် အလွယ်နည်းနဲ့ ရှင်းပြလို့လက်ခံတယ်ဆိုပါစို့ ၊ သူတစ်ဦးတစ်ယောက်ကို ထိခိုက်အောင်မလုပ်တာက ကောင်းမှုလို့ အကြမ်းဖျဉ်း အရင်းခံက စ စဉ်းစားကြည့်ကြရအောင် ၊ အသက်မသတ်ရုံနဲ့ သီလတစ်ပါးထိန်းပြီးသားဖြစ်နေတာက သစ္စာတရားရဲ့ အလကားရတဲ့ အနှစ်သာရပါ ၊ ဒါတောင် စောင့်ထိန်းရမယ့် သီလများစွာထဲက တစ်ခုပဲရှိသေးတယ် ၊ အသက်တော့မသတ်ပါ ကိုယ်နဲ့အမြင်ဝါဒမတူတာကို နောက်ကျဉ်သွားအောင် တစ်သက်စာဒဏ်ရာဝေဒနာပေးတာ အခုခေတ်မှာ ဘယ်နေရာက ဘယ်အပိုင်း ဘယ်သစ္စာမှာ စာရင်းသွင်းရမှန်းမသိတော့ပါဘူး ၊ မသေအောင်သတ်နိုင်တဲ့ “ညစ် “ ပညာတွေက သတ္တဝါကောင်းကျိုးကို ကိုယ်ကျိုးစွန့်လက်တွေ့ကျကျသွန်သင်ဆုံးမသွားတဲ့ လမ်းပြသူ ဗုဒ္ဓမြတ်စွာဘုရားကို မထီမဲ့မြင်ပြုရာကျမနေပေဘူးလား ။