ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, September 19, 2014

အမေရိကား အမှုနိုင် ခိုးအိပ်နည်း

ဆောင်းပါးရှင် - ကလောင်စေတနာ
.
.
အလုပ်ခွင်မှာ ပင်ပန်းနွမ်းနယ်တဲ့အခါ အလုပ်ရှင်မသိအောင် နားနေနည်းတွေကို အမေရိကားရောက်မှ အနည်းငယ်သိလာခဲ့တယ်။ တစ်ချို့အလုပ်တွေဟာ အလုပ်ရှင်ကိုယ်တိုင် ကြီးကြပ်တာ မဟုတ်ပါ။ ကော်ပိုရိတ်တစ် လို့ခေါ်မလား လုပ်သားခေါင်းဆောင်၊ ကြီးကြပ်ရေးမှူး - Supervisor ကနေတစ်ဆင့် အထက်ကို တင်ပြတဲ့စံနစ် နဲ့ လုပ်ငန်းလည်ပတ်ကြတယ်။ ငွေရင်းတဲ့ပိုင်ရှင်ကို သိစရာမလိုတဲ့အပြင် လုပ်သားရေးရာအဝဝ နဲ့ အလုပ်ဖြုတ် လူလျှော့တဲ့ ကိစ္စရပ်တွေမှာ Supervisor က အာဏာအပြည့်ရှိပါတယ်။ ဒါကြောင့် တစ်ခုခုဖြစ်ရင် Supervisor ကို အသိပေးတိုင်ကြားလိုက်ရင် အားလုံးက ဖြုံသွားကြပါတယ်။
.
.
Facility တစ်ခုမှာ လုပ်သား - Employee တွေဟာ မိုက်ခရိုစကုပ်သုံးပြီး အလုပ်လုပ်ရတဲ့ အလုပ်ခွင်တစ်ခု ရှိပါတယ်။ လုပ်တာကြာနေပြီဖြစ်တဲ့ အစ်မတစ်ယောက်က မနက်ဆို ကလေးကျောင်းပို့ပြီး အိမ်အလုပ်၊ ယောင်္ကျားနဲ့ မိသားစုအလုပ်တွေသာမက ကားမောင်းပြီးအလုပ်တက်ရတဲ့အခါ ပင်ပန်းပြီး မကြာခဏ အိပ်ငိုက်တတ်ပါသတဲ့။ လူလစ်တဲ့အခါ မိုက်ခရိုစကုပ်နား မျက်စိကပ်ပြီး လက်ကလည်း မလှုပ်မယှက်နဲ့ ငြိမ်နေပါလားလို့ကြည့်လိုက်တာ အမလေး အဲဒီအစ်မက အိပ်နေတယ်လို့ ဆိုပါတယ်။ အမှတ်တမဲ့တွေ့လိုက်ရင်တော့ သူအလုပ်လုပ်နေတယ်ပေါ့။ ခနစိုက်ပြီး အကဲခတ်မှသာ အလုပ်မလုပ်ပဲ အိပ်နေမှန်းသိသာတယ်။ ဘယ်လောက်ပညာပါတဲ့ အိပ်နည်းလဲနော်။

.
.
နောက်မှအလုပ်ဝင်လာတဲ့ ဂျက်စီကာဆိုတဲ့ မိန်းကလေးကို သင်ပေးတဲ့အခါမှာ အဲဒီအစ်မက သေသေချာချာ ဂရုစိုက်ပါတယ်။ လုပ်ပုံကိုင်ပုံ နဲ့ အလုပ်ခွင်စည်းကမ်းတွေကအစ သပ်သပ်ရပ်ရပ်ဖြစ်စေဖို့အပြင် လူအများနဲ့ ဆက်ဆံပုံတွေကိုပါ သင်ပေးလိုက်ပါတယ်။ “ ထရိန်နာ “ ကပဲ တော်လို့လား သင်ယူသူကပဲ အတတ်မြန်လို့လား မသိပါ - ဂျက်စီကာ ဟာ အစ်မကြီးမသင်ပေးပေမယ့် အပိုဆု အဖြစ် ခိုးအိပ်နည်းကိုပါ အဆစ် တတ်မြောက်သွားတာကိုတော့ အစ်မကြီး မသိလိုက်ပါဘူး။
.
.
ဂျက်စီကာဟာ မိုက်ခရိုစကုပ်ကို ကွယ်ပြီး မကြာခဏ ခိုးအိပ်ပါတယ်။ တစ်ခါအိပ်ပျော်သွားရင် ( ၁ ) မိနစ် နဲ့ ( ၂ ) မိနစ်လောက်ပဲကြာတော့ အိုကေမှာစိုပြေနေပါသေးတယ်။ လုပ်ဖော်ကိုင်ဘက်တွေ ဖြတ်သွားတဲ့အခါ သူက မသိသလို နေတတ်တာလည်း ပိုင်ပိုင်နိုင်နိုင်ပါပဲ။ ဒီလိုနဲ့ ခိုးစ,ရှိရင် ခိုးချင်ချင် ဆိုသလို နားချိန် - Break နဲ့ အထူးသဖြင့် ထမင်းစားချိန် - Lunch ပြီးတဲ့အခါ ပုံမှန် အိပ်ငိုက်ပါတော့တယ်။ မြင်လိုက်သူတွေအချင်းချင်း လက်တို့ရင်း ဂျက်စီကာ မသိအောင် လက်ဟန်ခြေဟန် နဲ့ အချက်ပြရင်း မေးငေါ့လာကြတယ်။ ဒါကို သိတဲ့ ဂျက်စီကာ ဟာ အကျင့်မပြင်တဲ့အပြင် ပတ်ဝန်းကျင်ကို ရန်ရှာဖို့ကြိုးစားပုံက ဒီလိုပါ။
.
.
တစ်ရက်မှာ ဂျက်စီကာ ခိုးအိပ်နေတုန်း သူ့ဘေးနားက စက်မောင်းတဲ့ ကောင်လေးက တွေ့သွားပါတယ်။ ဘာရယ်လို့မဟုတ်ပဲ ကြည့်လိုက်တာကို နိုးလာတဲ့ ဂျက်စီကာ က အလန့်တကြား လှမ်းကြည့်ရင်း မျက်စောင်းလှမ်းထိုးလိုက်ပြီး ထိုင်ရာမှထကာ Supervisor ရုံးခန်းကို ပြေးသွားတယ်။
.
.
Supervisor တွေ့တွေ့ချင်းပဲ " ကျွန်မ ခိုးအိပ်နေပါတယ်လို့ မတရားစွပ်စွဲပါတယ် " ဆိုပြီး သူခိုးကလူဟစ် ဦးအောင် တိုင်ပါတော့တယ်။ ပြီးတော့ ထပ်ပြောသေးတယ်။ Supervisor က အဲဒီကောင်လေးကို အရေးမယူရင် လူ့အရင်းအမြစ်ဋ္ဌာန - Human Resources Department ကို တက်တိုင်မယ်လို့ ခြိမ်းခြောက်ပါတယ်။
.
.
တစ်ကယ်သာ ဂျက်စီကာ ပြောသလိုဖြစ်ခဲ့ရင် ဒီကိစ္စဟာ ကာမအိနြေ္ဒနှောင့်ယှက်မှု - Sexual Harassment ပြစ်မှုမြောက်ပါတယ်။ ကောင်လေးခမျာ သူလည်းမလုပ်ရ၊ အတိုင်လည်းခံရ၊ Supervisor ရဲ့ အဆူလည်း ခံလိုက်ရပါတယ်။ ကောင်လေး က သူမလုပ်ပါဘူး၊ မချောင်းကြည့်ရပါဘူး လို့ ပြောတာလည်းမရပါဘူး။
.
.
နောက်ဆုံးတော့ Supervisor က ( ၂ ) ဘက်လုံး နားချပြီး အဆင်မပြေပြေပဲ ချော့မော့ ပြီးဆုံးသွားပါတယ်။ အဲဒီအချိန်ကစပြီး ကောင်လေးလည်း မိန်းကလေးမျက်နှာဆို စေ့စေ့မကြည့်ရဲတော့ပါဘူး။ အခန့်မသင့်ရင် ဥပဒေတွေက လူကို အကာအကွယ်ပေးတာလား၊ လူကို အဆုံးပို့အရေးယူတာလားဆိုတာ သေသေချာချာ စဉ်းစားကြည့်ကြပါ။
.
koko2yeye@gmail.com
.

ဓါတ်ပုံ - အင်တာနက်

No comments: