အမေရိကားမှာကားတစ်စီးပိုင်ဆိုင်ဖို့လွယ်ကူသလောက်
ကားအာမခံဝယ်ရတာကလည်းမခက်လှပါဘူး။ အမေရိကန် က.ည.န (DMV) မှာ နာမည်ပြောင်းပြီးရင် အဲဒီကဝန်ထမ်းက
“သင့်ကားမှာ အာမခံရှိပြီးသားလား? မရှိသေးရင် သူတစ်ပါးထိခိုက်မှုအာမခံ (Liablity) အရင်ဝယ်ပြီးမှကားစမောင်းပါလို့”
မှာနေကျပါ။ ဒါကလည်း ရောင်းသူ နဲ့ ဝယ်သူ ထိပ်တိုက်နာမည်ပြောင်းတဲ့အခါမျိုးမှာ မဖြစ်မနေလုပ်လေ့ရှိကြပါတယ်။
ကားအရောင်းကိုယ်စားလှယ်
(Auto Dealership) သို့မဟုတ် ဝယ်/ရောင်း နားမှာ ဝယ်ရင် DMV ကို သွားစရာမလိုပါဘူး။ လိုအပ်တဲ့စာရွက်စာတမ်းပြည့်စုံအောင်ဖြည့်၊
ငွေပေးချေ၊ စာချုပ်ချုပ်ပြီးရင်ယာယီမောင်းခွင့်သက်သေခံစာရွက်ကိုထုတ်ပေးပါတယ်။ (၂) ပါတ်
ကနေ (၂) လ အတွင်း အိမ်ကို ကိုယ့်နာမယ်ပေါက်ပြီးသား ကားအုံနာဘုတ်လို့ပဲခေါ်ခေါ် Pink
Slip လို့ပဲခေါ်ခေါ် Certificate of Title ရောက်လာပါလိမ့်မယ်။ ကားကို Pink Slip မရောက်မချင်း
ယာယီစာရွက်ကပ်ပြီးမောင်းလို့ရပါတယ်။ ဒီလိုမောင်းနိုင်ဖို့ ကိုယ့်မှာ မော်တော်ယာဉ်ထိခိုက်မှုအာမခံ
(Auto Insurance) ရှိရပါမယ်။
ကားအာမခံရောင်းတဲ့ကုမ္ပဏီတွေကိုဖုံးဆက်ရတာ မဝယ်မနေရ
မရှိသလို အားနာပြီးဝယ်ဖို့လည်းမလိုပါဘူး။ (၆) လစာ ပရီမီယမ်အပေါ်မှာ ကိုယ်ကငွေအားလုံးကိုတစ်ခါတည်းအပြတ်ရှင်းပေးမလား
. . တစ်လချင်းပေးမလား . . ကိုယ့်သဘောပါပဲ။ အကျေချေလိုက်ရင်တော့ ဒေါ်လာ (၃ဝ) လောက်သက်သာတတ်ပါတယ်။
အကြွေးဝယ်ကဒ်ပြားနဲ့ရှင်းရင် (၁) လကျသင့်ငွေအပေါ်မှာ (၁) ကြိမ်ကို (၄) ဒေါ်လာလောက်ပိုပေးရတတ်ပါတယ်။
ဝယ်ပြီးလို့ ပေါ်လစီနံပါတ် (Policy Number) ရပြီဆိုတာနဲ့ ကားတက်မောင်း၊ တစ်ခုခုဖြစ်တာနဲ့တမ်းလျော်မှာပါ။ အိမ်ကိုအာမခံစာရွက်ရောက်ပြီဆိုတာနဲ့ ကားထဲကိုတစ်ရွက်ထည့်ထားဖို့မမေ့ပါနဲ့။
ရောင်းသူကုမ္ပဏီက
ကိုယ်ရေးအချက်အလက်အပြင်
· ကားအမျိုးအစား
· မော်ဒယ်
· တံခါးလေးပေါက်
· တံခါးနှစ်ပေါက်
· ကားအရောင်
· မောင်းမယ့်လူဦးရေ
· ကားချက်ဆီနံပါတ် (VIN- Vehicle Identification Number) တွေမေးပါလိမ့်မယ်။
ကားကိုလာကြည့်ပြီး ကားစစ်ပေးတယ်ဆိုတာ အမေရိကားမှာ မလုပ်ကြပါဘူး။
တယ်လီဖုံးနဲ့စကားမပြောချင်လို့အွန်လိုင်းမှာဝယ်မယ်ဆိုရင်ပရင်တာတစ်လုံးတော့
ဘေးမှာရှိဖို့လိုပါတယ်။ နောက်ပိုင်းမှာတော့ ကားအာမခံစာရွက်ကို အီးမေးလ်ထဲပို့၊ လက်ခံသူက
ဖုံးထဲမှာ Screen Shoot လုပ်ပြီးသိမ်းထားနဲ့ စာရွက်မလိုတော့တဲ့ Paperless ခေတ်ကို ရောက်နေသလိုဖြစ်လာပါတယ်။
ကားမောင်းတိုင်း Auto Insurance Identification Card ကားပေါ်မှာရှိနေရမယ်ဆိုတာကတော့
ပြည်နယ်တိုင်းလိုလို ဥပဒေနဲ့ထိန်းချုပ်ထားတာကိုသတိထားရပါမယ်။
အခေါ်အဝေါ်တွေကို
အရပ်စကားနဲ့ရှင်းပြရရင်
· သူတစ်ပါးကိုထိခိုက်မိလို့လျော်ပေးတာက Bodily Injury Liability
· အိမ်၊ လမ်း၊ ခြံ၊ တိုက်တာအဆောက်အအုံထိခိုက်မိလို့လျော်ပေးတာက Property Damage Liability
· ထိခိုက်မိတဲ့လူကိုဆေးကုသစားရိတ်ပေးတာက Medical Expense
· ကားတိုက်မိလို့လျော်ပေးတာက Collision
· မီး၊ ကားသူခိုး၊ ရာသီဥတုဒဏ်ဘေးကျရောက်လို့လျော်ပေးတာက Comprehensive
· ထိခိုက်မှုကြောင့်ကားကမောင်းလို့မရတော့ရင် ကားကြီးနဲ့လာသယ်ခ Towing and Labor Costs
· ကားသော့ပျောက်၊ ဘက်ထရီဒေါင်း၊ လမ်းဘေးထိုးရပ်၊ ဆီပြတ်လို့ ကားအကူလွှတ်ပေးတာက Roadside Assistance တွေဖြစ်ကြပါတယ် ။
ဒီလိုမျိုးအချက်အလက်တွေထဲက
ကိုယ်ကားအတွက်အကာအကွယ် (Coverage) ကိုက်ညီတာကိုရွေးဝယ်ရပါမယ်။ အရှေ့မှာပြောခဲ့တဲ့အထဲမှာမပါပဲသတိထားသင့်ပြီး
အရေးကြီးတာကတော့ မိမိအိပ်စိုက်ငွေ (Deductible) ကို စိတ်ကြိုက်သတ်မှတ်ဝယ်ထားနိုင်တာပါပဲ။
ဥပမာ - ကိုယ်က တစ်ခြားကားကို အနောက်ကနေထိခိုက်မိတယ်ဆိုရင် Liability အရ တစ်ခြားကားကိုအကောင်းပကတိအတိုင်းပြန်ပြင်
(အသစ်လဲ) ပေးမှာပါ။
ဒါပေမယ့် ကိုယ့်အမှားလည်းဖြစ်နေပြီး
ကိုယ့်ကားခေါင်းလည်းထိခိုက်သွားတယ်ဆိုပါတော့ . . အိတ်စိုက်ငွေ (Deductible) မှာ ဒေါ်လာ (၅ဝဝ)
ကိုယ်ကဝယ်ထားတယ်ဆိုရင်တစ်ခြားကားကိုအပြည့်အဝလျော်တာက ကိုယ်နဲ့မဆိုင်ပေမယ့် ကိုယ့်ကားပြင်တဲ့ကုန်ကျငွေကို
ဒေါ်လာ (၅ဝဝ) နှုတ်ပြီးမှ ကျန်ငွေကိုစိုက်ပေးမှာပါ။ အဲဒီတော့ ကိုယ်မှားလို့ကားအက်စိဒင့်ဖြစ်ရင်
ဒေါ်လာ (၅ဝဝ) က ကိုယ်အရင်ကုန်မှာဖြစ်ပါတယ်။ တစ်ခုကောင်းတာကကိုယ်မမှားပဲ အတိုက်ခံရတယ်ဆိုရင်
ဟိုဘက်ကုမ္ပဏီက ကိုယ့်ကားကိုလျော်ပေးတဲ့ နေရာမှာကိုယ်ကဘာမှကုန်ကျမှုမရှိနိုင်ပါဘူး။
တကယ်ဖြစ်ကြပါပြီတဲ့
. . ဘယ်လိုရှင်းကြသလဲဆိုတာမေးစရာရှိပါတယ်။ များသောအားဖြင့် အခင်းဖြစ်တဲ့နေရာမှာဖြစ်တဲ့
ကား (၂) စီး နဲ့ (၂) စီးထက်မက ပါဝင်သူတွေထဲက မောင်းသူအချင်းချင်း ကားအာမခံပေါ်လစီနံပါတ်၊
နေရပ်လိပ်စာ၊ လိုင်စင်နံပါတ် နဲ့ ဖုံးနံပါတ်တွေကိုလဲလှယ်လိုက်ပြီးကိုယ့်လမ်းကိုယ်ဆက်သွားရုံပါပဲ။
ကျန်တဲ့ကိစ္စတွေကို ကိုယ်ဝယ်ထားတဲ့ အာမခံကုမ္ပဏီက ဆက်လုပ်ဆောင်ပါလိမ့်မယ်။ အက်စိဒင့်မကြီးဘူး
. . လမ်းမပိတ်ဘူးဆိုရင် ရဲကားရောက်လာရင်လည်း ဒီအတိုင်းပဲ အေးအေးဆေးဆေးလုပ်ဖို့မှာပြီး
သူ့လမ်းသူဆက်သွားကြတာပါ။
နောက်ဆက်တွဲအနေနဲ့
နှစ်ဘက်အာမခံကုမ္ပဏီတွေက ဖြစ်ကြောင်းရယ်ကုန်စင်ကိုဖုံးဆက်မေးပြီးအလျော်ပေးဖို့ကိုယ့်အိမ်ကိုရောက်လာပါတော့တယ်။
(ကိုယ်မမှားတဲ့) ဖြစ်တဲ့ကားကိုမျက်မြင်ကြည့်ပြီး ကားပြင်ကုန်ကျစားရိတ်ကိုတွက်ချက်ပြီးချက်လက်မှတ်ရေးပေးပါတယ်။
အခုနောက်ပိုင်းမှာ အိမ်ကို ကုမ္ပဏီကအေးဂျင့်က ကိုယ်တိုင်ကိုယ်ကျ ရောက်မလာတော့ပဲ မိုဘိုင်းဖုံးကနေ
App ထဲဝင်ပြီး ကားအပျက်အစီးကိုဓါတ်ပုံရိုက်တင်ပေးလိုက်ရုံနဲ့ ခန့်မှန်းခြေနဲ့တန်ဖိုးဖြတ်ပေးတဲ့နည်းစံနစ်တွေသုံးလာကြပါတယ်။
ပေးတဲ့ငွေကိုယူပြီး ကားကိုမပြင်ပဲထားသူတွေအမေရိကားမှာ အများကြီးပါ။
တကယ်ပြင်ချင်တဲ့သူတွေကတော့ ကားကုမ္ပဏီကညွှန်ပေးတဲ့ဘော်ဒီရုံမှာကြိုက်ရင်လဲပြင်၊ သူတို့ပို့ပေးတဲ့နေရာကိုမကြိုက်လို့
ကိုယ့်စိတ်ကြိုက်ပြင်ချင်ရင်လည်း စိတ်တိုင်းမကျမချင်းပြင်စေပြီး အပိုကုန်ကျငွေကိုကိုယ်သွားပြင်တဲ့ဘော်ဒီရုံကိုစာတိုက်ကတဆင့်ချက်လက်မှတ်ထပ်ပို့ပေးပါသေးတယ်။
တိုက်-မောင်း-ပြေး
အမှုကို Hit and Run လို့ခေါ်ပါတယ်။ ဒီအတွက်လဲလျော်မှာပါ။ အလျော်အစားအနည်းအများကဘယ်လောက်ထိခိုက်မိလဲဆိုတာပေါ်မူတည်ပါတယ်။
ဒီနိုင်ငံမှာကားဝယ်မယ့်မြန်မာတွေကိုမှာချင်တာကတော့ ကားထိခိုက်မှုဖြစ်ပြီဆိုတာနဲ့ နီးစပ်ရာစာရွက်မှာ
ကားနံပါတ်ရေးမှတ်လိုက်ပါ။ လက်ကိုင်ဖုံးနဲ့ ကားနံပါတ်ကိုအရင်ဆုံးဓါတ်ပုံရိုက်ပါ။ လူကိုဓါတ်ပုံမရိုက်မိအောင်တော့
သတိထားကြပါ။ လမ်းပေါ်မှာဖရိုဖရဲဖြစ်နေတဲ့ကားအခြေအနေကို သက်သေအဖြစ် ဓါတ်ပုံရိုက်ထားပါ။ ကားကိုလမ်းဘေးချရပ်ပါ။ အန္တရာယ်မရှိစေဖို့ ဘေးကင်းတဲ့နေရာမှာ
ဖုံးပြောပါ။ ဒါဆိုအလျော်ရဖို့တိုင်းပြည်တစ်ဝက်သေချာသွားပါပြီ။
မြန်မာတွေကြားမှာအလွယ်ပြောတာက
အာမခံကိုတစ်ဘက်ပဲဝယ်ထားတယ်ဆိုတာက သူများကားကိုပဲလျော်လိမ့်မယ် . . ကိုယ့်ကားကိုယ်ပြင်
လို့ပြောချင်တာဖြစ်ပါတယ်။ နှစ်ဘက်အပြည့်ဝယ်ထားတယ်ဆိုတာက သူများကားကိုလျော်ပေးမယ်၊ ကိုယ့်ကားထိခိုက်တာကိုလည်း
လာလျော်လိမ့်မယ်လို့ဆိုလိုတာပါ။ ထားပါတော့ . . ကိုယ်ကမှားပြီးသူများကားကိုတိုက်မိတယ်ဆိုရင်
အာမခံကုမ္ပဏီက နှစ်ဘက်လုံးကိုလျော်ပေးမှာကိုစိုးရိမ်စရာမလိုပါဘူး။
ကိုယ်မှားတာမို့လို့
နောက် (၆) လ ပရီမီယမ်မှာ ဈေးပိုပေးဝယ်ရပါတော့မယ်။ ထိခိုက်မှုက ဒေါ်လာ (၇၅ဝ) တန်ဖိုးကျော်ရင်
ကိုယ့်ဘာသာကိုယ်ဖေါင်ဖြည့်ပြီး DMV ကို အကြောင်းကြားစာပို့ရပါမယ်။ ဒီလို DMV မှာမှတ်တမ်းဝင်သွားပြီးရင်
နောက် (၃) နှစ်အတွင်းနောက်ထပ်အမှားအယွင်းထပ်မလုပ်မှမှတ်တမ်းကနေ ပယ်ဖျက်ပေးမယ်ဆိုတာလေ့လာမိပါတယ်။
အမေရိကားရဲ့ကားပိုင်ဆိုင်ခွင့်ပုံစံက
ကားအာမခံ မပါမနေရဆိုတော့ အာမခံကုမ္ပဏီတွေက အမြတ်အစွန်းကြီးမားကြတယ်။ ဘယ်လိုပဲစဉ်းစားစဉ်းစား
ကားအစီး (၁ဝဝ) ကို အာမခံရောင်းပြီးသွားတဲ့အချိန်မှာ ကား (၁ဝ) စီး က ထိခိုက်မှုဖြစ်လို့လျော်နေရတယ်ဆိုတာတောင်
(၉ဝ%) ကျန်ပါသေးတယ်။ အစိုးရကို (၄ဝ%) အခွန်ဆောင်ဦးတော့ . . (၅ဝ%) လောက်မြတ်နေတုန်းပါ။
အစိုးရက အဲဒီအခွန်ငွေတွေနဲ့ လမ်းပြင်၊ တံတားဆောက်ပါတယ်။ အာမခံကုမ္ပဏီတွေကလည်းလူမှုထောက်ပံ့ဖူလုံရေးတွေဆက်တိုက်လုပ်နေကြတာ
အမြဲလိုလိုကြားနေ မြင်နေရပါတယ်။
ဘယ်ကားပိုင်ရှင်ကမှ ကိုယ့်ကားထိခိုက်အောင်မောင်းလိုကြတာမဟုတ်လို့ကတစ်ကြောင်း၊ လမ်းစည်းကမ်းကြီးကြီးမားမားချိုးဖောက်မှုနည်းတာကတစ်ကြောင်းကြောင့် မော်တော်ကားအာမခံကုမ္ပဏီတွေကတော့ပန်းပန်လျက်ပါပဲ။ လူမထိခိုက်ဖို့နဲ့ထိခိုက်မိရင်လည်းမလျော်နိုင်မဖြစ်ရလေအောင် ဥပဒေနဲ့အကာအကွယ်ပေးထားလေတော့အာမခံဝယ်ထားတဲ့ကားကိုမောင်းရတာစိတ်လုံခြုံမှုပိုရှိတယ်ဆိုတာကိုတော့ဝန်ခံပါရစေ။
(၁ဝဝ) ပေးပြီးဝယ်ထားတဲ့ကားကို
(၁) နှစ်စီးပြီးပြန်ရောင်းရင် (၈ဝ) လောက်ပြန်ရကောင်းပြန်ရနိုင်ပေမယ့် မပေးလို့လဲမရ၊
ပေးလိုက်သမျှလည်းဘယ်တော့မှပြန်မရနိုင်တာကတော့ အမေရိကားက ကားအာမခံကြေးပရီမီယမ်ပါပဲခင်ဗျား။
ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-23-2013
1 comment:
The Hot News Weekly အတွဲ 141 တွင် ၃ နှင့် ၄ ပေါင်းစည်း ဖော်ပြခံရပါသည် ။
Post a Comment