၁ ရက်ကို ၈ နာရီ။ ၁ ပတ်ကို နာရီ ၄ဝ။ ၁ လကို နာရီ ၁၆ဝ။ ၁ နှစ်ကို နာရီ ၁၉၂ဝ။ ဒီလိုတွက်ရင် မမှန်ပါ။
၁ ရက်ကို ၈ နာရီ။ ၁ ပတ်ကို နာရီ ၄ဝ။ ၁ နှစ်မှာ သီတင်း ၅၂ ပတ်။ ဒါကြောင့် ၁ နှစ်ကိုအလုပ်ချိန်ပေါင်း နာရီ ၄ဝX၅၂ ပတ်=၂ဝ၈ဝ နာရီ။ ၁ နာရီကို ၁၅ ဒေါ်လာစားနဲ့အလုပ်လုပ်ရင် ၁ နှစ်ကို ဒေါ်လာ ၃၁၂ဝဝ ရမယ်။
အစိုးရကို အခွန်ဆောင်ဖို့ ၂ဝ%=၆၂၄ဝ နှုတ်။ နေထိုင်တဲ့ပြည်နယ်ပေါ်မူတည်ပြီး ဖယ်ဒရယ်ကိုဆောင်ဖို့က ၁၇%=၅၃ဝ၄ ဒေါ်လာ နှုတ်။ ၃၁၂ဝဝ-၆၂၄ဝ-၅၃ဝ၄=၁၉၆၅၆ ဒေါ်လာ။ ဒါက ၁ နာရီကို အခြေခံလစာနာရီစား ၁၅ ဒေါ်လာနဲ့ ၁ နှစ်လုံး အလုပ်တက်ရက်မပျက် နာရီစားအပြည့်ခံစားခွင့်ရတဲ့ အမေရိကားမှာ တရားဝင်အလုပ်လုပ်ခွင့်ရှိသူ ၁ ယောက်ရဲ့ အခြေမပျက် ၁ နှစ်စာဝင်ငွေကိုတွက်ပြတာဖြစ်ပါတယ်။
ဒီအပေါ်မှာ
နေဖို့ ထိုင်ဖို့
စားဖို့ သောက်ဖို့
သွားဖို့ လာဖို့
ဝယ်ဖို့ ခြမ်းဖို့
စုဖို့ ဆောင်းဖို့
သုံးဖို့ ဖြုံးဖို့ မပါသေးပါနော်။
နောက်ပိုင်းမှာဆက်ရေးပြထားတဲ့ "ဖို့ . .ဖို့ . .ဖို့" အသုံးစားရိတ်တွေအတွက် လူတွေဟာ အချိန်ပိုလုပ်ချင်ကြတယ်။ မတူညီတဲ့အလုပ်တက်ချိန်-Different Shifts တွေမှာအလုပ်လုပ်ပြီးအပိုဝင်ငွေရှာကြတယ်။
ဒီတော့ဗျာ . . ၁ ရက်ကို ၈ နာရီတက်တာက ၁ နာရီ ၁၅ ဒေါ်လာဆိုတော့ ၁၂ဝ ဒေါ်လာ။ အလုပ်များလို့အလုပ်ရှင်က အချိန်ပို ၂ နာရီဆင်းခိုင်းတယ်ဆိုရင် ၁၅X၁.၅=၂၂.၅ဝ ဒေါ်လာနှုန်းနဲ့ဆိုတော့ ၄၅ ဒေါ်လာထပ်ပေါင်းရင် ၁ ရက် ၁ဝ နာရီလုပ်ခအပြီးအစီး (အခွန်မနှုတ်ရသေး) ၁၆၅ ဒေါ်လာ ရမယ်။ ဒီလိုမြိုးမြိုးမြတ်မြတ်လေးရမှ သုံးစရာ စွဲစရာ အပိုငွေယားလေးထွက်လာမှာ အမေရိကားမှာပါ။
ဒါကြောင့် အလုပ်ခွင်တွေမှာ အချိန်ပိုလိုချင်သူတွေစာရင်းပေးဆိုရင် စီးပွားရေးအကြောင်းသူများထက်သိတဲ့အာရှတိုက်သားတွေထိပ်ဆုံးကတန်းစီနေတာမဆန်းပါ။ ရှိသေးတယ် စနေနေ့အချိန်ပိုဆင်းရတဲ့အပိုဝင်ငွေ။
၁ ပတ်ကို နာရီ ၄ဝ . . ဒါက ၅ ရက်စာ။ စနေနေ့ကို ၁ ဆခွဲဈေးနှုန်းနဲ့အချိန်ပိုဆင်းရရင် လေတဟူးဟူး ငွေတရူးရူး နဲ့ ဂုန်းဆင်းရတာ အင်မတန်ပျော်ကြတယ်။ ၁ နာရီ ၂၂.၅ဝ ဒေါ်လာ နဲ့ ၈ နာရီဆိုတော့ ဒေါ်လာ ၁၈ဝ အေးဆေး။ အချိန်ပိုအတွက် အခွန်ပိုဆောင်ရတာ ဘာ . . ညာ ဒါကို နောက်ထား . . ပျော်ကြတာ ပျော်ကြတာ။
ဒီလိုအပျော်တွေဟာ ရေရှည်ခံသလားဆိုတော့ အမေရိကားမှာ၂ဝ၁၉ အထိ ခံတယ်လို့ပြောရလိမ့်မယ်။ အချိန်ပိုရသူတွေက အချိန်ပိုလုပ်။ အချိန်ပိုမရသူတွေက အားတဲ့အချိန်မှာ Uber လေး၊ Lyft လေး မောင်း အပိုဝင်ငွေရှာ အဆင်ကိုချောလို့။ ဒါပေမဲ့ ဒီ ချောမွေ့တဲ့အပျော်ဟာ ၂ဝ၂ဝ ကို ဒရွတ်တိုက်ပြီးဝင်လာတဲ့ COVID-19 ကြောင့် ကြာကြာမခံလိုက်ဘူး။
စီးပွားရေးတွေကပျက်၊ အလုပ်တွေကဖျက်၊ ရောဂါပိုးကဝင်စွက် နဲ့ မရှိမဖြစ်အလုပ်ခွင်တွေကိုပဲ ဖွင့်ခွင့်ပေးလာကြတယ်။ ဒီလိုနဲ့ အစပိုင်းကပြောခဲ့သလို ၁ ရက်ကို ၈ နာရီ။ ၁ ပတ်ကို နာရီ ၄ဝ။ ၁ နှစ်မှာ သီတင်း ၅၂ ပတ်။ ဒါကြောင့် ၁ နှစ်ကိုအလုပ်ချိန်ပေါင်း နာရီ ၄ဝX၅၂ ပတ်=၂ဝ၈ဝ နာရီ ဘာမှမရှိတော့ဘဲ အစိုးရကပေးတဲ့ အလုပ်ပြုတ်တဲ့အခါခဏကျွေးထားတဲ့ EDD-Employment Development Department ကို လျှောက်ထားကြတယ်။
အလုပ်မလုပ်လည်းပိုက်ဆံရတဲ့အပြင် ကပ်ရောဂါကြောင့်ထိခိုက်နစ်နာရပါတယ်ဆိုပြီး ဘောင်ဝင်အောင်လျှောက်ထားသူတွေကို ၁ ပတ် ဒေါ်လာ ၆ဝဝ အပိုဆောင်းပေးလိုက်သေးတယ်။ ဒီကြားထဲ အမေရိကန်သမ္မတက အားဆေးထိုးပေးတဲ့ချက်လက်မှတ်-Stimulus Check ဆိုပြီး ပြည်သူတစ်ယောက်တိုင်း/အိမ်ထောင်စုတိုင်း (နီးပါး) ကို ဒေါ်လာ ၁၂ဝဝ ပေးလိုက်သေးတယ် ဆိုတော့ကာ အမေရိကားမှာ အလုပ်မလုပ်ဘဲနေတာ ဘယ်ထူးဆန်းတော့မတုန်း။
အထက်ကပြောခဲ့တာက ရပ်ဆိုင်းသွားတဲ့အလုပ်တွေအကြောင်း။ ပြောချင်တာက အခုမှလာမှာ။ ဒီလိုပျက်စီးသွားတဲ့လုပ်ငန်းခွင်တွေရဲ့အခြားတစ်ဖက်မှာ ကုန်ပစ္စည်းရောင်းကောင်းနေသလောက် လူချဲနေပါဆိုတဲ့ ဖယ်ဒရယ်ရဲ့ Social Distancing ကြောင့် အလုပ်သမားအကုန်လုံးကိုတစ်ပြိုင်တည်းအလုပ်တက်ခိုင်းလို့မရလို့ ရက်ခြား၊ သီတင်းပတ်ခြား၊ စနေ တနင်္ဂနွေအဆိုင်းတွေအပြင် ညနေဆိုင်း-Swing Shift ၊ သန်းခေါင်ယံဆိုင်း-Graveyard Shift တို့ကိုမဖြစ်မနေစီစဉ်လာကြတယ်။