ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, June 7, 2014

ရေစက် နှင့် ဖူးစာ တစ်ပြိုင်တည်း ဆုံပါစေ

ဆောင်းပါးရှင် - ကလောင်စေတနာ




ယနေ့ဘယ်လိုဖြစ်နေသည်မသိ ။ တက္ကစီသမားကလည်း ရှာမတွေ့ဘူးဟု ပြောနေသည် ။ ဒေသလေယူလေသိမ်းကို နားမလည်လို့တော့မဖြစ်နိုင် ။ ဟုတ်ပါပြီ ။ ဖခင် ဖုန်းဆက်တုန်းကလည်း ကာတာလေကြောင်းလိုင်းဟု  မကြာခဏ မှာသည် ။ ( ၃ ) နာရီစော၍ ကွင်းချိန်းလို့သာ အေးအေးဆေးဆေး လုပ်နေနိုင်ခဲ့သည် ။ လေဆိပ်ထွက်ခွာ ရပ်နားဆိပ် နားရောက်ခါနီးတော့မှ သိလိုက်ရသည်မှာ ကာတာလေကြောင်းလိုင်းမဟုတ် အမေရိကန်အဲလိုင်း ဖြစ်သည် ။

  
ဖြစ်သည်က သည်လို ။ လက်မှတ်ဝယ်ပေးတုန်းက ပို့လာသည့်အီမေးလ်ကို သေချာမဖတ်မိ ။ မြန်မာနိုင်ငံပြန်ရန်လိုသည့်ပစ္စည်းများ ဟိုတစ်လောကမှာလိုက်သည့်အထဲတွင် ဖခင် က လေယာဉ်လက်မှတ်ကို ပရင့်ထုတ်ပေးလာသည် ။ လေဆိပ်မဆင်းခင်တွင်ပင်လျှင် လေယာဉ်အချိန်ဇယားကို ဖုန်းတွင်သိမ်းထားနိုင်ရန် စကရင်ရှော့ပို့လာပေးသေးသည်  ဤမျှအားကိုးရသည့် ဖေဖေ ။ အမှန်မှာကား ကာတာလေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံပြန်ရန်ရွေးချယ်ရခြင်းမှာ ဘော့စတွန်မှ ရန်ကုန်ကို နှစ်ထောက်နားခရီးဖြင့် သွားခွင့်ရသောကြောင့်ဖြစ်သည် ။ တစ်ခြားလေကြောင်းလိုင်းများမှာ နယူးယောက်တွင် အခြေစုစီးနင်းရသည်ဖြစ်ရာ မြန်မာကျောင်းသားများ ဘော်စတွန် လိုဂန် လေဆိပ်မှ လေယာဉ်ခေါ်ဆောင်ရာလိုက်ရင်း အချိန်တန်လျှင် အမိမြေ ရန်ကုန်သို့ရောက်နိုင်မည်ဖြစ်၍ အဆင်ပြေလှသည် ။ ယခု လေဆိပ်ရောက်လျှင် ပထမဦးဆုံးစီးရမည့်လေယာဉ်သည် အမေရိကန်ပြည်တွင်းခရီးစဉ်သာဖြစ်နေသေး၍ ကာတာအဲယားဝေးစ် ဆိုင်းဘုဒ်ကို ရှာမရခြင်းဖြစ်လေတော့သည် ။

  
လေဆိပ်လူဝင်မှုကြီးကြပ်ရေးသည် ဆန်ဖရန် လေဆိပ်လောက် မရှုတ်ထွေးသလို စစ်ဆေးမှုလည်းမထူထပ်ပါ ။ ပါ့စပို့ ၊ လေယာဉ်လက်မှတ်ဝယ်သည့် အကြွေးဝယ်ကဒ် နှင့် ပရင့်ထုတ်လယာဉ်လက်မှတ်စာရွက် တို့ကိုသာပြရသည် ။ စီးနင်းချိန် ( ၁ ) နာရီ မိနစ် ( ၂ဝ ) ဖြစ်သောကြောင့် ဟဲဟိုး - မင်္ဂလာဒုံ ခရီးစဉ်လောက်သာရှိသည် ။ လေယာဉ်ပေါ်ရောက်လျှင် စပီကာမှ လေယာဉ်မယ်၏ကြေငြာသံထွက်ပေါ်လာသည်မှာ နယူးယောက်လေဆိပ်တွင် မိုးအနည်းငယ်ရွာနေ၍ ထွက်ခွာချိန် ( ၁ဝ ) မိနစ်နောက်ကျမည်ဖြစ်ကြောင်း အသိပေးခြင်းဖြစ်သည် ။ မိမိလို မြန်မာနိုင်ငံသားတစ်ဦးအဖို့ ဤကဲ့သို့ ထင်သာမြင်သာ အသိပေးမှု မရရှိလျှင်လည်း အရေးမကြီးတော့ပါ ကျင့်သားရနေပေပြီ ။
  

ရောက်ဖူးသမျှလေဆိပ်များထဲတွင် နယူးယောက်လေဆိပ်သည် အလှပဆုံးနှင့် အသပ်ရပ်ဆုံးဟု သတ်မှတ်မိသည် ။ လေယာဉ် ထရန်စစ်ပြောင်းသည့်အခါ ဆိုင်များစွာထဲမှ တစ်ဆိုင်တွင်မုံ့ဝင်စားရင်း နယူးယောက်လေဆိပ်သို့ ကောင်းမွန်စွာရောက်ရှိပြီဖြစ်ကြောင်း လူကြီးတွေကိုအကြောင်းကြားဖြစ်သည် ။ ထိုမှ ကာတာနိုင်ငံလေဆိပ် ဒိုဟာ သို့ထွက်ခွာမည့်လေယာဉ်ကိုစောင့်ရင်း ( ၁၁ ) နာရီကြာအောင်စီးရမည့်ခရီးစဉ်အကြောင်းကို အနည်းငယ်စိတ်မသက်မသာဖြစ်မိသေးသည် ။ လေယာဉ်ပေါ်လူစုံခါနီးသိလိုက်ရသည်ကား မိမိ၏ဘေးတစ်ဖက်တစ်ချက်တွင်လိုက်ပါမည့်အမျိုးသား ( ၂ ) ဦးသည် မြေထဲပင်လယ်သားများ ဖြစ်နေသည် ။ လေယာဉ်ထွက်ပြီးမကြာမီ အစားအသောက်များ စတင်ဝေငှသောအခါ ဘေးမှ လူကြီးမင်းတစ်ဦးက လေယာဉ်မယ်ကို ဝိုင်အနီ မကြာခဏ ထည့်ခိုင်းနေသည်ကို သတိထားမိသည် ။ အာရှတိုက်သူအဖို့ အစားအသောက်မှာ အနည်းငယ်အခက်တွေ့စေသည် ။ ရှေ့တွင်ရှိသော တက်ဘလက်ဖန်သားပြင်မှ ရုပ်ရှင်ကြည့်ရန်ကြိုးစားရာ မိမိကြိုက်သည့်ဇာတ်ကားကို မတွေ့ဖြစ်နေရာ ခုံလေးပေါ်တွင် ပုံစံအမျိုးမျိုးဖြင့်အိပ်ရန်ကြိုးစားရင်း “ ဒိုဟာ ရေ ငါလာနေပြီ ” ဟု စိတ်ထဲမှ ကြွေးကြော်နေမိပါတော့သည် ။
  


( ၂ ) နာရီခန့်နားပြီးသောအခါ ရန်ကုန်သို့ခေါ်ဆောင်သွားမည့်လေယာဉ်ပေါ်သို့တက်ရင်း သိပ်မထူးခြားနားသော ဒိုဟာလေဆိပ်ကို နှုတ်ဆက်ခဲ့ပါပြီ ။ အပြန်မှပြန်တွေ့ကြတာပေါ့ လေဆိပ်လေးရယ် ။ ယခင်သွားခဲ့ဖူးသော ပြည်ပခရီးများနှင့်မတူ ဤခရီးစဉ်သည် မိမိအတွက် လွန်စွာပေါ့ပါးလှသည် ကောင်းလေစွ ။ ပေါင် ( ၅ဝ ) နှစ်ထုတ်ကိုပင် ပြည့်အောင်မဖြည့်နိုင် ။ ခရီးသွားအိတ်ကြီးကို ( ၄၈ ) ပေါင်ခန့်ထည့် ဘီးပါလက်ဆွဲကိုလည်း မဆွဲတော့ပဲ ( ၃၂ ) ပေါင်ခန့် ဖြဲထည့်လိုက်သည့်အခါ မိမိလက်ထဲတွင် ပိုက်ဆံအိတ် တစ်လုံးသာ ပါတော့၍ ဤမျှလောက် လွတ်လပ်သော တစ်ကိုယ်တော်ခရီးကို တစ်ခါမျှမသွားဖူးသကဲ့သို့ နွေရာသီ ဘော့စတွန် နှင့် ယာယီ သံယောဇဉ်ဖြတ်ခဲ့ရသည်ကို အကျေနပ်ကြီးကျေနပ်လာခဲ့သည် ။



နောက်ဆုံးစီးရမည့်လေယာဉ်ပေါ်ရောက်မှ မမျှော်လင့်သောသံယောဇဉ်အသစ်ကိုတွေ့မိပါမှ ထူးဆန်းသောဇာတ်လမ်းများ မြေပြင်မှာရော ဝေဟင်မှာရော တောင်တန်းတွေပေါ်မှာရော ရှိပါသေးလားဟု အတွေးရောက်မိ၏ ။ သူမ နာမည်မှာ ဂါဘရီလာ - Gabriella ဟု နှုတ်ဆက်သည် ။ ထိုင်ခုံတန်း၏ နောက်ဆုံးတစ်ခုံလွတ်နေရာ ပြူတင်းပေါက်နားမထိုင်ချင်သောကြောင့် မပြောင်းပဲနေရာမှ ဘေးတွင်လာထိုင်သော မွန်ဂိုလီးယားနိုင်ငံသူလေး၏ ချစ်စရာကောင်းသောနာမည်လေးပင်ဖြစ်သည် ။ သူမသည် လန်ဒန်မှလိုက်လာပြီး ပေါင်းစီးရမည့်လေယာဉ်ကို မိမိနည်းတူစောင့်နေသူဖြစ်သည် ။ မိန်းမသားချင်းအဖော်ရှာနေသော မြန်မာမလေး မိမိအဖို့ စကားပြောဖော်ရသလောက် ဂါဘီ မှာ ချစ်ခင်စဖွယ် ရွယ်တူကျောင်းသူလေးဖြစ်ပါသည် ။ တစ်လမ်းလုံးစကားပြောလာသည်မှာ တွက်ကြည့်လျင် ( ၅ ) နာရီ ထက်မလျော့ခဲ့ပေ ။
  

ဥပဒေကျောင်းနောက်ဆုံးစာမေးပွဲဖြေပြီး လန်ဒန် မှ အပြီးထွက်လာခဲ့သူ " ဂါဘီ " မှာ မွန်ဂိုးလီးယားကို မပြန်မီ မြန်မာနိုင်ငံကို ( ၂ ) ပတ်ဝင်လည်မည်ဖြစ်သည် ။ မိမိကြိုက်သည်မှာလည်းထိုအချက်ပင်ဖြစ်သည်ဟု စိတ်ထဲမှတွေးထင်မိသေးသည် ။ သူမ ကို မြန်မာနိုင်ငံကိုလည်ပတ်ရန် စိတ်ဝင်စားစဖွယ် မြန်မာရှုခင်း နှင့် လည်ပတ်စရာနေရာများကို ပြောပြမည်ဟုကြံရုံရှိသေးစဉ် အထင်နှင့်အမြင် တက်တက်စင်လွဲမှားနေသည်ကို စကားပြောကြည့်မှသိလိုက်ရသည် ။ မလွယ်ပါလား ဂါဘီ က မိမိထက်ပိုသိနေ၏ ။ သူမ မှာ အစီအစဉ်တကျဆွဲထားသော ခရီးစဉ်ရှိ၏ ။ သူမ နှင့် သူမအဖော်တို့ လည်ပတ်ရန်နေရာများပင် အတိအကျရှိပြီးဖြစ်နေသည် ။ မြန်မာနိုင်ငံအကြောင်းကို ဂါဘီ က ပိုသိနေသည် ။ မြန်မာနာမည်အခေါ်အဝေါ်တွေက အစ မပီသလျှင်သာရှိမည် ခေါ်တတ်သည် အသံထွက်တတ်သည် ။ သူမ ဒါတွေ ဘယ်ကတတ်လာသနည်း ။

  
ဂါဘီ နှင့် အတူနေသူမှာ မြန်မာနိုင်ငံမှ အင်္ဂလန်သို့ ကျောင်းလာတက်သော မြန်မာကျောင်းသားဖြစ်သည် ။ သူသည် ရန်ကုန်အကြောင်း ၊ ပုဂံအကြောင်း ၊ ရွှေတိဂုံအကြောင်း ဂါဘီ အစားစားနေတုန်းပင်လျှင် မရမက ရှင်းပြနေတတ်သူဖြစ်သည် ။ မြန်မာအစားသောက်များကို သူ မည်မျှ နှစ်သက်ကြောင်းကိုပါ မကြာခဏ ပြောပြောနေတတ်သည်ဟု ဂါဘီ က ပြောပြသည် ။ သူတို့ နှစ်ယောက် အတူနေသော်လည်း တခါတရံ အဆင်ပြေသည် မဟုတ်ဟု ဂါဘီ က ရင်ဖွင့်ပါသည် ။ သူ ဘာမေဂျာတက်သည်ကိုတော့ ဂါဘီ က မပြောပြ ။ သူမ ကတော့ ဥပဒေကျောင်းဆင်းလာခဲ့ပြီ ။ ယခု ရန်ကုန်ရောက်လျှင် သူ့ချစ်သူလာကြိုမည် ။ သူတို့ မတွေ့ရသည်မှာ မည်မျှကြာမြင့်နေပြီကိုတော့ မိမိမခန့်မှန်းတတ်သော်လည်း သူ့မျက်ဝန်းမှာတော့ လွမ်းငွေ့တဝေဝေ ။ သူမ ကို အင်မတန်ဂရုစိုက်သော ရန်ကုန်သားကလေး ရော သတိရနေမှာလား ။

  
“ အရင်တစ်ခေါက်ကဆိုလျှင် “ ဟု စကား စ, ကာ ဂါဘီ က ပြောပြနေသည် ။ သူတို့ ၂ ယောက် ရန်ဖြစ်ပြီး ကောင်လေး ရန်ကုန်ပြန်သွားသောအခါ အွန်လိုင်းပေါ်မှာ သာမက တယ်လီဖုန်းဖြင့်ပါ ဆက်သွယ်မိသောအခါ စိတ်ပြေရင် ကောင်လေးမှ အစီအစဉ်တစ်ခု ဆွဲလေသည် ။ ထိုအစီအစဉ်အရ စိတ်ပြေသော ချစ်သက်သေအဖြစ် ဘန်ကောက် တွင် ချိန်းကြပြီး အလည်ထွက်ကြခြင်းဖြစ်သည် ။ ပြီးမှာ ဂါဘီ က ကျောင်းကိုပြန် ကောင်လေးက ရန်ကုန်ကိုပြန် ။ အခုတစ်ခေါက်တွင် ရန်ကုန်တွင်ရှိခိုက် ပင်လယ်ကမ်းခြေတစ်ခုသို့ သွားလည်မယ်ဟုပြောပြီး နာမယ်မေ့နေသည်ဟု ပြောရာ မိမိမှ “ ငပလီ ၊ စပ်စဲ ၊ ငွေဆောင် ၊ ချောင်းသာ ” ဟုရွတ်ပြမှ ချောင်းသာဟိုတယ်မှာ ဘွတ်ကင်လုပ်ပြီးသားဟု အားရဝမ်းသာ ပြောလေသည် ။

  
အရေးထဲ မိမိမသိသည့်မေးခွန်းကိုမေးသည်က အခက်တွေ့စေသည် ။ ဒီတစ်ခေါက်တွင် ကောင်လေးမှ သူ့မိဘများနှင့် ဂါဘီ့ ကို တွေ့ပေးမည်ဟု ပြောသဖြင့် သူမ ဘယ်လိုဆက်ဆံမလဲ ဟုမေးလေရာ “ ငါမှ မကြုံဖူးတာ ဘယ်လိုပြောပြရမလဲ ” ဟုသာ ပြောချလိုက်ရသည် ။ ဒါပေမယ့် သူတို့အဆင်ပြေမှာပါ ။ အင်္ဂလန်လိုနိုင်ငံမျိုးသို့ သွားရောက်ကျောင်းတက်နိုင်သည်မှာ ချစ်သူ ( ၂ ) ဦးစလုံး မချမ်းသာပဲ နှင့် မတက်နိုင် ။ကောင်လေး၏ မိခင်သည် ပညာရေးနယ်ပယ်မှ အထက်ပိုင်းအရာရှိ ဖြစ်ပြီး ဖခင်သည် တရာရေးဋ္ဌာနမှ အဆင့်မြင့်ဝန်ထမ်းတစ်ဦး ဖြစ်ကြောင်း ဂါဘီ က အရှေ့ပိုင်းတွင်ပြောပြထားသည်မို့  ဒီဘဝ နှစ်ခု သာယာစိုပြေ ဂဟေဆက်နိုင်ရန်အကြောင်းသာနေသည် ။ လေဆိပ်ဆင်တွင် ဂါဘီ ပြောသည့်အတိုင်း ရန်ကုန်သားလေး လာကြိုသဖြင့် မိမိနှင့် မိတ်ဆက်ပေးသည် ။ ကောင်လေးသည် ရုပ်ရည်သားနားပြီး ဂါဘီထက် အသက် အနည်းငယ်ကြီးမည့်ပုံတွေ့ရသည် ။ ဖော်ရွေပြီး ဂါဘီ ကို အတော်ဂရုစိုက်သည် ။ ဤကောင်လေးကိုမှ မရွေးလျှင် ဂါဘီ အမှားကြီး မှားပေလိမ့်မည်ဟုသာ တွေးရင်း သူတို့ဘဝ ဆူးငြောင့်ခလုတ်မရှိ ဖြောင့်ဖြူးသာယာစေကြောင်း ဆုတောင်းရင်း ။



koko2yeye@gmail.com


" ရေစက် နှင့် ဖူးစာ တစ်ပြိုင်တည်းဆုံပါစေ " စာမူသည် ၂ဝ၁၄ ခုနှစ် ၊ ဂျူလိုင်လ ( ၁၉ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၃ ) စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။ 







No comments: