ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, March 13, 2015

လူမိုက်နဲ့မပေါင်းနဲ့ သားရေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အလယ်တန်း၊ အထက်တန်းကျောင်းရောက်လာတဲ့ သားသမီးတွေကို ထိန်းကျောင်းဖို့ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သားသမီးရှိတဲ့မိဘတိုင်း သိရှိ ခံစားမိကြပါလိမ့်မယ်။ ကိုယ့်မြေ ကိုယ့်ဒေသမှာ အကျွမ်းဝင်ပတ်ဝန်းကျင် နဲ့ စိတ်ပူစရာမလိုတဲ့ စီးပွားရေးတို့သာရှိမယ်ဆိုရင် သားသမီးတွေကို ရင်အုပ်မကွာစောင့်ရှောက်နိုင်ဖို့ အခွင့်အလမ်းပိုများနိုင်ပါတယ်။ ဒါက အချိန်ပေးနိုင်တဲ့ မိသားစုဆက်ဆံရေးမျိုးပါ။
.
သီတင်းတစ်ပတ်မှာ ( ၅ ) ရက်လုံးလုံး အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ် ပြေးချီသန်းချီ ဖြစ်နေတဲ့ အလုပ် နဲ့ ဘဝမျှခြေ - Work-Life Balance တစ်ခြမ်းစောင်းနင်းဖြစ်တဲ့ မိဘတွေဆို သားသမီးတွေကို ဘယ်လိုများ ကိုင်တွယ်ကြမလဲလို့ တွေးကြည့်မိတယ်။ အဲဒီအုပ်စုထဲမှာ နိုင်ငံခြားရောက် မြန်မာပြောင်းရွှေ့မိသားစုများကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုအပ်ပါလိမ့်မယ်။
.
ဒီမှာကျတော့ သားသမီး နဲ့ အင်တာနက်၊ အင်တာနက် နဲ့ အပေါင်းအသင်း ခွဲခြားထားလို့ မရပြန်ပါဘူး။ ဒီအထဲမှာ ဆွဲဆောင်မှုရှိတဲ့ ဆန့်ကျင်ဖက်ယောက်ျားလေး၊ မိန်းကလေးတွေလည်း အပါအဝင်ပါ။ မိန်းကလေးဖြစ်လို့ အားကစားမလုပ်ရဘူး၊ ညဖက်အပြင်မထွက်ရဘူး၊ ဂိမ်းမကစားရဘူးဆိုတာမျိုး မရှိသလို ယောက်ျားလေးများတန်းတူ ရင်ပေါင်တန်းနေတဲ့ လူငယ်ဘဘာဝတွေကို ကြီးကြပ်ကွပ်ကွဲတတ်မှ စိတ်ချရမှာပါ။

.
ဗုဒ္ဓမြတ်စွာဘုရားရဲ့ ( ၃၈ ) ဖြာ မင်္ဂလာမှာ ထိပ်ဆုံးဖြစ်တဲ့ “ လူမိုက်နဲ့မပေါင်းရ ” ဆိုတဲ့မင်္ဂလာကို စွမ်း ကို အမြဲသင်ပေးဖြစ်ပါတယ်။ သူ့ကျောင်းကပေးတဲ့ ဘဝနေနည်း နဲ့ ဒီမိုကရေစီအမူအကျင့်တွေကြောင့် ကိုယ်ပိုင်တွေးခေါ်ဥာဏ်တွေ ပိုင်ဆိုင်မှသာ သားသမီးကို နိုင်ငံခြားမှာ ပညာလာသင်ပေးရကျိုးနှပ်မယ်လို့ ယုံကြည်ပါတယ်။
.
.
ဒီနေ့ ညနေအားကစားလုပ်ဖို့ “ စွမ်း ” ကို ကျောင်း ပြန်ပို့တုန်း ကားပေါ်မှာ “ သားရေ .. သားသိပ်ခင်တဲ့သူငယ်ချင်းတစ်ယောက်က မကောင်းတဲ့အလုပ်တစ်ခုခုကိုလုပ်နေပြီဆိုရင် သူ့နားကနေ ဘယ်လိုရှောင်မလဲ ” လို့ မေးကြည့်တယ်။ ( သားအဖကလည်း စကားပြောဖို့ အချိန်က ရှားတယ်မဟုတ်လား )
.
“ သူ့ကိုမတွေ့အောင် ရှောင်မှာပေါ့ ” လို့  ကျွန်တော်မျှော်လင့်ထားတဲ့အတိုင်းမဖြေပဲ .. “ သိပ်ခင်ရတဲ့သူငယ်ချင်း ပုံစံပျက်လို့ မကောင်းတာလုပ်နေရင် သား သူ့ကို အင်တာနက် Facebook လိုမျိုးမှာ အရင်ပြောကြည့်မယ်။ အဲဒီမှာပြောလို့ရရင်ရ၊ မရရင် လူချင်းတွေ့ရင် ( ပေါ်တင် ) မေးကြည့်မယ်။ မင်း .. ( ဒီကိစ္စတွေ ) လုပ်နေတာ အမှန်ပဲလားပေါ့..။ သူဝန်ခံရင် မလုပ်ဖို့ပြောမယ်။ ဖျောင်းဖျမယ်၊ ဆွေးနွေးကြည့်မယ်။ မဝန်ခံပဲ ဇွတ်ငြင်းနေရင် .. မင်း နဲ့ ငါ သူငယ်ချင်း မလုပ်တော့ဘူး .. လို့ .. စကားတစ်ခွန်းပဲပြောလိုက်မယ် ” လို့ ဖြေတာ ကျွန်တော့နားထဲမှာ ထူးခြားနေပါတယ်။
.
.
အခုလက်ရှိအထိ စွမ်းမှာ ရည်းစားမရှိပါဘူး။ မရှိတာထက် မရှိသေးတာလို့ ပြောရင် ပိုမှန်ပါတယ်။ သူ့သူငယ်ချင်းတွေက အတွဲတွေကိုယ်စီနဲ့ ဒါတောင် ( ၁ဝ ) တန်းပဲ ရှိသေးတာနော်။ သူ့ကိုတော့ မှာထားတယ် .. ပညာရေးဆုံးခန်းတိုင်ဖို့ စောစောစီးစီး လမ်းခုလပ်မှာ ဒါတွေ စိတ်မဝင်စားနဲ့ဦး လို့ ပြောထားတာ ကြာနေပါပြီ။
.
ကျွန်တော်က ဆက်ပြီး “ မိန်းကလေးတွေ သားကို ဖျားယောင်းသွေးဆောင်ရင်ရော ဘယ်လိုရှောင်ထွက်မလဲ ” လို့ မေးလိုက်တဲ့အချိန်မှာ “ မိန်းကလေးကို ဒီလိုမလုပ်ဖို့ပြောမယ်။ တစ်ကယ်လို့ သမီးရည်းစားဖြစ်နေရင်တောင် ဒီလိုအပေးအယူကိစ္စတွေ လက်မထပ်မချင်း မငြိစွန်းဘူးလို့ ပြောမယ်။ သူ ဘယ်လိုပဲလုပ်လုပ် သားက ပါမှာမဟုတ်ပါဘူး ” တဲ့လေ။
.
ဒီအဖြေ ( ၂ ) ခု ကို ကြားပြီးတဲ့နောက် မောင်းနေကျ ကျွန်တော့ ကင်မရီကားလေးဟာ ခါတိုင်းနဲ့မတူ အရမ်းကို ပေါ့ပါးသွက်လက်နေပါတော့တယ်..။
.

koko2yeye@gmail.com
.
" လူမိုက်နဲ့မပေါင်းနဲ့ သား .. ရေ " စာမူသည် ၂ဝ၁၅ ခုနှစ်၊  စက်တင်ဘာလ ( ၂၆ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၄ ) ၊ အမှတ် ( ၃ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download Link: http://www.mediafire.com/download/8hnsmb3c2nss72u/NetGuide+Vol.4%2C+Issue+3.pdf

No comments: