ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, July 2, 2014

အမေရိကား အမှိုက်သိမ်းကား စတိုရီ



.
---- ကျွန်တော်ဖြစ်တာတော့မဟုတ်ပါဘူး ၊ နာမည်ပြောရင်လည်း ကာယကံရှင်ကို အားနာစရာ ၊ မပြောတော့လည်း နောက်လူမသိနိုင်ပြန် ၊ တော်တော် ခွကျတဲ့ အတွေ့အကြုံမျှဝေ စကားဝိုင်း ပဲ ၊ မထူးပါဘူး ၊ ပြောခွင့်ပြုပါတော့ ။
.
.
---- အမေရိကားမှာ အဓိက အမှိုက်သိမ်းတဲ့ကုမ္ပဏီဟာ WM လို့အတိုကောက်ခေါ်တဲ့ Waste Management Inc. ဖြစ်ပါတယ် ၊ အမှိုက်သိမ်းကားအစိမ်းရောင်တွေ ကိုယ်ပိုင်တီထွင်ထားပြီး လောင်စာဆီမသုံးပဲ သန့်စင်ပြီး သဘာဝဓါတ်ငွေ့နဲ့သာ ရာနှုန်းပြည့်မောင်းနှင်တယ် လို့ ပြောပါတယ် ။
.
.
---- အမှိုက်ပုံးက အရောင် ( ၃ ) မျိုးပါ ၊ ကြက်သွေးရင့်ရောင် / အစိမ်းပုပ်ရောင် က စားကြွင်းစားကျန်အစုံပစ် - Garbage ( သို့ ) စွန့်ပစ်မျိုးစုံအတွက် ဖြစ်ပြီး ပုံအနည်းငယ်သေးပါတယ် ၊ ပုံးအစိမ်းကြီးက သစ်ပင် ဥယျာဉ်ခြံထွက် မြေကြီးအမှိုက်တွေအတွက် နဲ့ မီးခိုးရောင်က ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်း - Recycle အတွက်ဖြစ်ကြတယ် ။

.
.

---- သိမ်းဆည်းပုံက မီးဖိုချောင်စွန့် - Garbage နဲ့ အစိမ်းပုံးကို အပတ်စဉ် အိမ်ရှေ့အရောက် လာသိမ်းတယ် ၊ Recycle ပုံးက တစ်ပတ်ခြားလေ ။


.
.
---- ဇာတ်လမ်းလေးက ဒီလိုပါ ။
.
.
---- တစ်နေ့တော့ အမှိုက်ပုံး ( ၃ ) ပုံး လုံး အိမ်ရှေ့ထုတ်ပြီး အိမ်ထဲကနေ စောင့်ကြည့်နေတဲ့ အစ်ကိုတစ်ယောက်ရှိတယ် ၊ သူက ဒီနိုင်ငံကို ရောက်တာမကြာသေးတော့ ဧည့်သည်လည်းဖြစ် ၊ အိမ်ရှင်တွေအလုပ်သွားတဲ့အခါ သူကူညီနိုင်တာ ဒါပဲရှိတယ်ဆိုတာ တွက်ထားတော့ အမှိုက်ကားအလာကို တာဝန်ကျေကျေ စောင့်နေပါတော့တယ် ။
.
.
---- လာပါပြီ ကိုရွှေအမှိုက်ကား - ပထမ ကား က ရပ်တယ် ၊ ဒရိုင်ဘာ အောက်ဆင်းလာတယ် ၊ မီဖိုချောင်ပုံးကို ကားရဲ့ကရိန်း လက်မ နဲ့ချိတ်ကာ ဂျုံးဂျူံး ဆိုပြီ ခလုပ်နှိပ် တင်လိုက်တယ် ၊ ဟုတ်ပြီ နောက်တစ်ပုံး အစိမ်းအလှည့် ( ဒီပုံးက ကပ်လျက်မှာ ) ဒါလည်း ပြီးသွားပြီ - အေးအေးဆေးဆေးပဲ ၊ သြော နောက်ထပ်တစ်ပုံး …. လို့ပြောမလို့လုပ်တုန်းရှိသေး  “ ဘို ဒရိုင်ဘာ ” က ကားပေါ်ပြန်တက်သွားတယ် ၊ အိမ်ထဲက အစ်ကိုကြီးက ဆက်ကြည့်နေတုန်း တွေးတယ် ၊ ဒီကောင် ဘာကျန်ခဲ့လို့ ကားပေါ်သွားယူတာလဲ မသိဘူး ၊ ဒါမှမဟုတ် ငါမတွေ့ဖူးတဲ့ ခလုပ် တစ်ခုခု သွားနှိပ်တာ ထင်တယ် ၊ ငါအတွက်တော့ အထူးအဆန်းချည်းပဲ ၊ ကြည့်ရချည်သေးရဲ့ ပေါ့ .. ။
.
.
---- မကြာပါဘူး ၊ ကားက “ ဂျောက်ဂျက် “  ဆိုပြီး ဂီယာထိုးသံ ကြားရပါလေရော ၊ ဒီအထိ ဘာမှမဖြစ်သေးဘူး ၊ ( ၃ ) စက္ကန့် လောက်ကြာတော့မှ ကားက “ ဝှီး “ ဆို မောင်းထွက်သွားတယ် ၊ ဟာ - သွားပြီ ၊ ဒီကောင် Recycle ပုံး မေ့သွားပြီ ၊ အာ - မဖြစ်နိုင်တာ ဒီကောင် အကျင့်ပုပ်ပြီး တမင်သက်သက် ချန်ခဲ့တာ ဖြစ်မယ် ၊ ငါ့ကို ဒီလိုစမ်းလို့ဘယ်ရမလဲ ၊ သတ္တိရှိလို့ ရန်ကုန်ကနေ တစ်ယောက်တည်း အဲလေ .. မိန်းမ နဲ့ ( ၂ ) ယောက်တည်းလာတာ ၊ ငါနဲ့တော့တွေ့ကပြီ ၊ ငါ့အကြောင်းသိမယ် ဆိုပြီး လှမ်းကြည့်နေတဲ့ နေရာကနေထ - ခါးက ပုဆိုးကို အမြန်ပြင်ဝတ် - အကျီင်္လက်မောင်းကို ခေါက် - မန္တလေး ကတ္တီပါ  ဖိနပ်ကိုစီး ဒုန်းစိုင်းပြီး အိမ်ရှေ့ကို ပြေးထွက် သွားလိုက်ရင်း လိုက်အော်ပါသတဲ့ ။
.
.
“ ဟေ့ကောင် ၊ ဟေ့ကောင် - ဒီမှာ ( ၁ ) ပုံး ကျန်ခဲ့ပြီ ၊ ဟေ့ကောင် - ကျန်ခဲ့ပြီဆို ၊ အာ - ဒီကောင် ပြေးပြီ ၊ မကြားဘူး ထင်တယ် ၊ ငါ ဒီလောက်ခေါ်နေတာ - ဒီမှာ ( ၁ ) ပုံး ကျန်ခဲ့ပြီကွ ၊ ဟာ ဒီကောင် .. %^&#$@&#@>*&^** …. “ ၊ သူဘယ်လိုပဲ အော်အော် ကားကမရပ်ဘူး ၊ ဆက်မောင်းသွားပါတော့တယ် ။
.
.
---- နောက်တော့ သူစိတ်လျှော့ပြီး အိမ်ထဲ ပြန်ဝင်လာခဲ့တယ် ၊ အိမ်ရှင်တွေကိုပြောပြမယ် ၊ သူဘယ်လောက် အားထုတ်ပြီး လိုက်အော်သော်ငြားလည်း ကားက မရပ်တာ သူ့အပြစ်မဟုတ် ၊ ကားသမား ရေသာခိုပြီး ချန်ခဲ့တာ ဆိုပြီး အားရပါးရ ရှင်းပြရမယ်လို့ အားခဲထားခဲ့တယ် ။
.
.
---- ညနေ ရောက်လာပြီ ၊ အိမ်ရှင်လင်မယား ( ၂ ) ယောက်စလုံး အလုပ်က ပြန်လာချိန် ထမင်းစားပွဲမှာ သူပြောပြတော့ အားလုံးနားထောင်ကြပြီး ဝါးလုံးကွဲ ရယ်လိုက် ကြပါရော ။ ဒါနဲ့ အစ်ကိုကြီး က “ မင်းတို့ ငါ့ကို ဘာရယ်တာလဲ ၊ ငါလိုက်ခေါ်သေးတယ် ၊ သူက ညစ်ပတ်ပြီး မရပ်ပေးတာကွ ” လို့ မခံမရပ်နိုင်စိတ်နဲ့ ပြန်ပြောတဲ့အခါ အိမ်ရှင်က “ ဟုတ်ပါတယ် - အစ်ကိုကြီး ကြိုးစားပမ်းစား လိုက်ခေါ်ပေးတာတောင် သူကားက ဘယ်ရပ်မှာတုန်း “ လို့ ပြန်ပြောပါတယ် ။
.
“ ဟင် - ဘာဖြစ်လို့တုန်း ” အစ်ကိုကြီး တော်တော်တင်းသွားပြီ ၊ သှူုလည်း လုပ်ရသေးတယ် ၊ ကူညီတာကိုလည်း အသိအမှတ်မပြုဘူး ၊ လှောင်လည်း လှောင်သေးတယ် ၊ ပြောရင်း နဲ့ ရယ်နေလိုက်ကြတာများ .. ဟာဒယရွင်ဆေးတိုက်ထားတာ ကျနေတာပဲ ဆိုပြီး စိတ်တိုနေပါတော့တယ် ။
.
အဲဒါနဲ့အိမ်ရှင်က “ အစ်ကိုကြီးကို ရယ်တာ မဟုတ်ဘူး ၊ အစ်ကိုကြီးလုပ်တာ အားလုံးမှန်တယ် ၊ အမှန်တကယ် ဒီနေ့ က Recycle ပုံး ထုတ်ရမယ့်ရက် မဟုတ်ဘူး ၊ သူ မသိမ်းသွားတာလည်း မှန်တယ် ” လို့ ပြနှ်ရှင်းပြတယ် ။
.
“ ဒါဆို ဒီလူက ငါအော်တာ ဘာလို့ကားမရပ်ပေးလဲ - အမေရိကန်နိုင်ငံမှာ မလေးမစား နဲ့ ၊ နိုင်ငံကြီးသား မပီသဘူး .. “ ဆိုပြီး အစ်ကိုကြီး ဆက်ချဲ နေပါပြီ ။
.
ထိုအခါမှာ အိမ်ရှင်က တစ်ခွန်းတည်း ပြန်ဖြေလိုက်တာက “ သူကမှ ဗမာစကား နားမလည်တာ အစ်ကိုကြီးကလဲ ” တဲ့ ဗျား ။

koko2yeye@gmail.com



" အမေရိကား အမှိုက်သိမ်းကားစတိုရီ " ဟာသဆောင်းပါးလေးသည် ၂ဝ၁၄ ဂျူလိုင်လ ( ၅ ) ရက်နေ့ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၁ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည် ။ 




No comments: