"လူသားချင်းစာနာတဲ့ UNHCR" အပိုင်း ၁။ #UNHCR ဆိုတာ ဘာလဲ
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |
#UNHCR ဆိုတာ ဘာလဲ
_______________ UNHCR ဆိုတာ ကုလသမဂ္ဂလက်အောက်ခံ လူသားအကူအညီပေးအဖွဲ့ခွဲဌာနတစ်ခုဖြစ်ပြီး the United Nations High Commissioner for Refugees ရဲ့ ထိပ်စည်းစာလုံးတွေကို တွဲရေးထားတာပါ။ အများက "ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး" လို့ခေါ်ပြီး ပြည်ပရောက်မြန်မာတွေကြားမှာ "ယူအန်ရုံး" ၊ "ယူအန်ကတ်ရုံး" လို့ အသိများကြတယ်။
UNHCR ကို ဘယ်တုန်းကတည်ထောင်ခဲ့တာလဲ
_______________ ဒုတိယကမ္ဘာစစ် ပြီးတဲ့နောက် ၁၉၅ဝ ခုနှစ်မှာပါ။ အဲဒီတုန်းက ကမ္ဘာစစ်ကြောင့် သန်းနဲ့ချီပြီးထွက်ပြေးရတဲ့ ဥရောပစစ်ဘေးရှောင်နဲ့ နေရပ်စွန့်ခွာသူ ဒုက္ခသည်တွေကို ကယ်တင်ဖို့ တည်ထောင်ခဲ့တာဖြစ်ပါတယ်။
UNHCR က ဘာလုပ်တာလဲ
_______________ စစ်ဘေးသင့် စစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီမယ်၊ ခိုလှုံခွင့် လျှောက်ထားလိုသူတွေကို လက်ခံနိုင်မယ့် တတိယနိုင်ငံကို ရွေးပေးမယ်၊ စိစစ်ပေးမယ်။ တိုင်းပြည်မဲ့လူသားတွေကို လျှော့ချမယ်။ သူတို့အခွင့်အရေးကို ကာကွယ်ပေးမယ်။ နေရပ်စွန့်ခွာလူသားတွေကို အထောက်အကူပေးဖို့ အမှုကိစ္စတွေကို ဆောင်ရွက်ပါတယ်။