ယခုတလော မလေးရှားပြန်မြန်မာလုပ်သားများကို
အရည်အချင်းအလိုက် အလုပ်ခွင်ခေါ်ယူမည်ဟု ကြားသိရသဖြင့် လွန်စွာဝမ်းမြောက်မိပါသည် ၊ အထူးသဖြင့်
ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ လုပ်သားများပိုမိုအဆင်ပြေစေပါလိမ့်မည် ၊ တန်းတူညီမျှရေး
ကို လျစ်လျူရှုခံရသော မြန်မာလုပ်သားများဧ။်အခွင့်အရေးများကို တစ်ဖက်တစ်လမ်းမှ
အထောက်ကူပြုလိုပြုငြား လူ့အခွင့်အရေးအားပေးသော ကမ္ဘာ့အလုပ်သမားနိုင်ငံကြီး တနည်းအားဖြင့် ခေတ်သစ်နည်းပညာနိုင်ငံကြီးဖြစ်သော အမေရိကန်မှ အလုပ်သမား အခွင့်အရေးနှင့် လုပ်ငန်းခွင်အင်တာဗျူး ဆိုင်ရာလိုအပ်ချက်များကို မျှဝေရေးသားလိုပါသည်။
အထောက်ကူပြုလိုပြုငြား လူ့အခွင့်အရေးအားပေးသော ကမ္ဘာ့အလုပ်သမားနိုင်ငံကြီး တနည်းအားဖြင့် ခေတ်သစ်နည်းပညာနိုင်ငံကြီးဖြစ်သော အမေရိကန်မှ အလုပ်သမား အခွင့်အရေးနှင့် လုပ်ငန်းခွင်အင်တာဗျူး ဆိုင်ရာလိုအပ်ချက်များကို မျှဝေရေးသားလိုပါသည်။
မြန်မာနိုင်ငံတွင်
CV ဟု အများခေါ်သော ကိုယ်ရေးအချက်အလက်ကို
“ရစမီ” ( Resume ) ဟုခေါ်သည် ၊ အလုပ်အကိုင်ရှာဖွေပေးသောပွဲစားကုမ္ပဏီ
( Staffing Agency ) များမှ ရှာဖွေပေးသောအလုပ်များ ရှိသလို အွန်လိုင်းပေါ်မှ အခမဲ့ရှာဖွေပေးသော
ဝက်ဆိုက်ဒ်များလည်းပေါများသည် ၊ လူတစ်ယောက်ကိုအလုပ်ခန့်နိုင်ရန် လိုအပ်သောစာရွက်စာတမ်းများမှာ
Resume ၊ ဆိုရှယ်လုံခြုံရေးနံပါတ် ( Social Security Number ) ၊ အမေရိကန်နိုင်ငံသားမဟုတ်လျှင်
အမြဲတမ်းနေထိုင်ခွင့်လက်မှတ် ( Alien Registration Card / Green Card ) နှင့် မီတာခ
၊ ဖုန်းဘေ ( Utilities Bill ) တို့ဖြစ်ကြသည် ။ အလုပ်ခေါ်မည့် ကုမ္ပဏီနှင့်ဆက်သွယ်မိလျှင်
လူတွေ့အင်တာဗျူးဝင်ရန်နီးစပ်ပေသည် ၊ သို့သော် မိမိ Resume တွင်အလုပ်အတွေ့အကြုံမရှိလျှင်
အေဂျင်စီတို့ထံချည်းကပ်ရပါတော့သည် ။ ထိုအခါ အေဂျင်စီသည် လုပ်သက်အတွေ့အကြုံမလိုအပ်သော
စမ်းသပ်အလုပ်သင် ( Entry Level Job ) အဖြစ်
ကုမ္ပဏီများနှင့်ဆက်သွယ်ပေးပါလိမ့်မည် ၊ အေဂျင်စီနှင့် ရက်ချိန်းရလျှင် လူတွေ့အင်တာဗျူး
ထိုင်ဖြေရသည်များလည်းရှိသကဲ့သို့ လုပ်ငန်းခွင်ကြိုတင်လေ့လာခြင်း ( Orientation ) ပြုလုပ်ရသောအကြိမ်များလည်းရှိနိုင်ပါသည်
။ လူလိုသည့်ကုမ္ပဏီမှခေါ်သဖြင့် အေဂျင်စီက ဆေးစစ်ခိုင်းလျှင် သတ်မှတ်ရက်တွင်အလုပ်ဝင်နိုင်ပြီဖြစ်သည်
။
အလုပ်အမျိုးအစားများမှာ
အချိန်ပြည့်၊ အချိန်ပိုင်း ၊ ကန်ထရိုက် ( Contractual Job ) နှင့် လိုအပ်သည့်အချိန်မှဖုန်းဆက်ခေါ်လျှင်သွားရသောအလုပ်
( On Call ) တို့ရှိကြပြီး အလုပ်ဆိုင်းအနေဖြင့် မနက်စောအလုပ်ချိန် (
Morning Shift or Day Shift ) ၊ နေ့လည်ပိုင်းအလုပ်ချိန် ( Swing Shift or Second
Shift ) နှင့် ညနက်ပိုင်းအလုပ်ချိန် ( Graveyard Shift or Third Shift ) တို့ရှိကြသည်
။ အချိန်ပြည့်လုပ်သားသည် ၇ ရက် သတ္တပတ်လျှင် နာရီ ( ၄ဝ ) အနည်းဆုံးလုပ်ရပြီး အချိန်ပိုင်းလုပ်သားသည်
နာရီ ( ၂ဝ ) မှ ( ၃ဝ ) ကြားလုပ်ရသည် ။ On Call လုပ်သားမှာမူ ခေါ်သောကုမ္ပဏီမှ အနည်းဆုံးနာရီမည်မျှခိုင်းစေမည်ကို
သတ်မှတ်ထားခြင်းမရှိဘဲ လိုအပ်ချက်အတိုင်းသာခေါ်ယူမည်ဖြစ်သည် ။ ကန်ထရိုက်အလုပ်မှအပ တစ်ပတ်အလုပ်ချိန်နာရီ
( ၄ဝ ) ကျော်လျှင် အချိန်ပိုကြေးပေးကြသည် ။ လုပ်ခနာရီနေ့စားအားဖြင့် ဒုတိယဆိုင်း အတွက်
ပုံမှန်ထက် ( ၁ဝ ) ရာခိုင်နှုန်းအပို နှင့် တတိယဆိုင်းအတွက် ( ၂ဝ ) ရာခိုင်နှုန်းအပိုဆောင်းပေးကြသည်
။
အလုပ်ခန့်သည့်ပုံစံပေါ်မူတည်ပြီး အမြဲတမ်းခန့်လုပ်သား
( Permanent Worker ) နှင့် ယာယီလုပ်သား ( Temporary Worker ) ဟူပြီး ၂ မျိုးထပ်ခွဲခြားပြန်သည်
။ အမြဲတမ်းဝန်ထမ်းမှာ ကျန်းမားရေးစောင့်ရှောက်မှု ၊ အခမဲ့ဆေးခန်းပြသနိုင်မှု ၊ နေ့စားပြည့်ရုံးပိတ်ရက်ခံစားခွင့်
၊ ကုမ္ပဏီမှကျခံပေးသော အခြေခံအသက်အာမခံ နှင့် လုပ်ငန်းခွင်ထိခိုက်မှုကြောင့်မသန်မစွမ်းအာမခံ
တို့ကိုစုပေါင်းရည်ညွှန်းသော အကျိုးခံစားခွင့် ( Benefit ) များရရှိကြသည် ။ အလုပ်သွင်းအေဂျင်စီမှတဆင့်ဝင်ရောက်လာသောလုပ်သားများသည်
ယာယီလုပ်သားများသာဖြစ်ကြပြီး ကုမ္ပဏီပေါ်မူတည်ကာ အမြဲတမ်းဝန်ထမ်းဖြစ်ရန် ၃ လ မှ ၆ လ ခန့်ကြာတတ်သည်
။ အလုပ်သမားဧ။်တပတ်လုပ်အားခသင့်ငွေ ( Payroll ) ကို ချက်လက်မှတ် ( Paycheck ) ထုတ်ပြီးရှင်းပေးပါသည်
၊ မိမိဧ။်ဘဏ်အကောင့်ကိုတိုက်ရိုက်သွင်းပေးမည့် Direct Deposit စံနစ်ဖြင့်လည်းငွေတောင်းခံနိုင်ပါသည်
၊ လုပ်ခငွေကိစ္စ ၊ အလုပ်တက်အလုပ်ဆင်းကိစ္စ ၊ အချိန်ပိုကိစ္စ ၊ လုပ်ခနေ့စားမဲ့ခွင့်ကိစ္စများကို
အေဂျင်စီ ကသာ ဆောင်ရွက်ပါသည် ။
အေဂျင်စီ များသည် အလုပ်သမားနာရီစားလစာဧ။်
( ၃ဝ ) နှင့် ( ၄ဝ ) ရာခိုင်နှုန်းကြား အကျိုးခံစားခွင့်ကို အလုပ်ခန့်ကုမ္ပဏီများမှတောင်းခံသည့်ဝင်ငွေဖြင့်ရပ်တည်ကြသည်
၊ အလုပ်သမားများကို အလုပ်ဖြုတ်ရန်လွယ်ကူခြင်း ၊ အလုပ်သမားများမှ မကျေနပ်ချက်များကြောင့်တရားစွဲလာလျှင်
အေဂျင်စီနှင့်သာရှင်းစေခြင်း ၊ တရားသဘောင်ကိစ္စများကိုယ်တွယ်ရခြင်းမှရှောင်ကွင်းနိုင်ခြင်း
၊ လုပ်ခလစာရှင်းခြင်း ၊ ဘဏ်ကိစ္စများဆောင်ရွက်စေခြင်း နှင့် အလုပ်သမားများကို
Benefit မပေးရခြင်း စသည့် အားသာချက်များကြောင့် ယာယီလုပ်သားများကို ကိုင်တွယ်ရန် အလုပ်ရှင်ကုမ္ပဏီများမှ
အေဂျင်စီများကို ငှါးရမ်းလုပ်ဆောင်ကြသည် ။
အလုပ်သမားတစ်ယောက် လုပ်ငန်းခွင်ထိခိုက်မိလျှင် ကုမ္ပဏီနှင့်စာချုပ်ချုပ်ထားသောဆေးပေးခန်း ၊
ဆေးရုံ သို့ ပို့ဆောင်ကုသပေးပါသည် ၊ ထို့အပြင် နေ့စားရခွင့် ဖြင့်နားနေခွင့်ရှိသည်
၊ ဆရာဝန်ဧ။်ထောက်ခံမှုဖြင့် ဒဏ်ရာသက်သာသည့်အထိနားနေရင်းလိုအပ်သည့်ဆေးဝါးအထောက်အပံ့ကို
အလုပ်ရှင်ကုမ္ပဏီမှ ကျခံပါသည် ၊ ကောင်းမွန်သက်သာလာသည့်အခါ အလုပ်ပြန်တက်သည့်အလုပ်သမားကိုတော့
ကြီးကြပ်ရေးမှုး ( Supervisor ) မှ မိမိတို့ ကုမ္ပဏီမှတာဝန်ကျေစွာ ကုသပေးသည်ကို သိရှိကြောင်းနှင့်
ကျန်းမာရေးကောင်းမွန်ပြီဖြစ်ကြောင်းခံဝန်ထိုးခိုင်းပါသည် ၊ အကြောင်းမှာ မရိုးသားသောအလုပ်သမားမှ
ထိခိုက်ဒဏ်ရာရချင်ယောင်ဆောင်ပြီး မမှန်ကန်သောဆေးကုသစားရိတ်ကို အကြောင်းပြုတရားစွဲနိုင်သည်ကို
ကာကွယ်ရန်အတွက်ဖြစ်သည် ။
ခွင့်တိုင်လိုလျှင်
ယာယီလုပ်သားများမှာ အေဂျင်စီကို ဖုန်းဆက်ရပြီး အမြဲတမ်းလုပ်သားမှာမူ ကုမ္ပဏီဧ။်
Supervisor ကို ကြိုတင်အကြောင်းကြားရမည်ဖြစ်သည် ၊ အမြဲတမ်းလုပ်သားများမှာမူ တနှစ်လျှင် ဖျားနာခွင့် ( Sick Leave ) ခန့်မှန်းခြေ
နာရီ ၅ဝ ( ၆ ရက်ခန့် ) နှင့် အားလပ်ရက် (
Vacation Hours ) နာရီပေါင်း ၁၂ဝ ( ၁၅ ရက်ခန့် ) ခံစားကြရသည် ၊ ဥပမာ - အစိုးရရုံးပိတ်ရက်တွင်
အလုပ်မဆင်းရသောအခါ၌ အမြဲတမ်းလုပ်သားက ၈ နာရီစာ လုပ်ခရသော်လည်း ယာယီလုပ်သားမှာမူ နေ့စားလုပ်ခ မရကြပါ ၊ အလုပ်ထုတ် ( Let go ) ရန်အခွင့်ကြုံလာလျှင်
ယာယီလုပ်သားကို အေဂျင်စီမှ စီစဉ်ပြီး အမြဲတမ်းလုပ်သားကို အလုပ်ခန့်ကုမ္ပဏီမှ တိုက်ရိုက်စီရင်သည်
၊ တစ်ပတ်အလုပ်ချိန်နာရီ ( ၄ဝ ) ကျော်သမျှ အချိန်ပိုကြေးခံစားရသည်ကတော့ အတူတူပင်ဖြစ်သည်
။
အဆင့်အားဖြင့်
ယာယီအလုပ်သမားဘဝ မှ အမြဲတမ်းအလုပ်သမား ၊ ထိုမှတဆင့် တစ်နှစ်ပြည့်လျှင် တာဝန်ကျေပွန်မှုစွမ်းဆောင်ရည်
( Performance ) ပေါ်မူတည်ပြီး လခတိုးပေးသော Review ၊ နောက်တစ်ဆင့် လစ်လပ်ရာထူးအတွက်ဝန်ထမ်းရွေးချယ်ပွဲ
( Job Opening ) တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်သွားနိုင်ပါသည် ၊ ခန့်မှန်းခြေအားဖြင့်
ယာယီမှအမြဲတမ်းသို့ကူးပြောင်းရာတွင် လခဧ။် ( ၇ ) ရာခိုင်နှုန်းတိုးပေးတတ်ကြပြီး နှစ်ပတ်လည်
Review တွင် ( ၅ ) ရာခိုင်နှုန်းတိုးပေးသည် ၊ Opening ရှိလျှင် လူ့အရင်းအမြစ်စီမံဌာန
( HR – Human Resorce ) သို့ Resume တင်ပြီးလျှောက်ထားနိုင်သည် ၊ လစ်လပ်ရာထူးအတွက်
လျှောက်သည့်လူများလျှင် HR မှ အင်တာဗျူး ၂ ကြိမ် ခွဲခေါ်ယူလေ့ရှိသည် ၊ ဘောလုံးပွဲလောက
စကားကိုငှါးသုံးရလျှင် ရှူံးထွက်ပွဲစဉ် ကဲ့သို့ လူစစ် ၊ လူသန့်လိုက်သည့် ပထမအင်တာဗျူး
( Preliminary Interview or Screening Interview ) ကို စာရင်းပိတ်ပြီးတစ်ပတ်အတွင်းလူတွေ့ခေါ်ယူစစ်ဆေးပါသည်
၊ ထူးချွန်သောလျှောက်ထားသူများ ( Potential Canditates ) သာ ဒုတိယအင်တာဗျူးမှတဆင့်
ရာထူးတက်ပါလိမ့်မည် ။
လူအများလျှောက်ထားသောအင်တာဗျူး
တွင်ရေးရသော Resume တွင် {၁}လိုချင်သောရာထူး ( Objective ) {၂}လုပ်ခဲ့ဖူးသောအလုပ်များအသေးစိတ်
( Work History ) {၃}ပညာအရည်အချင်း တို့ကိုပြည့်စုံစွာဖြည့်စွက်ရမည် ၊ အင်တာဗျူးအစတွင်
ဦးစွာလက်တွေ့စစ်ဆေးပါသည် ( ဥပမာ - အီလက်ထရောနစ်ဆားကစ်များဂဟေဆော်ခြင်း နှင့် မိုက်ခရိုစကုတ်ကြည့်ခိုင်းခြင်း
) ။ စာဖြေစစ်ရာတွင်ပါသောသင်္ချာနမူနာများမှာ တူသည့်စာလုံးနှင့်ဂဏန်းများကိုရွေးခိုင်ခြင်း
( Miss and Match ) ၊ မတူညီသောစာလုံးနှင့်ဂဏန်းများကိုဖယ်ထုတ်ခိုင်းခြင်း
၊ ပေါင်းနှုတ်မြောက်စားတွက်ခြင်း ၊ အတိုင်းအထွာများသိရှိမှုကိုစစ်ဆေးခြင်း - ( ဥပမာ
- လက်မ ၊ စင်တီမီတာ ) ၊ ကြိမ်နှုန်းကိုပေးထားပြီး တစ်နာရီပစ္စည်းမည်မျှထွက်ရှိမည်ကိုတွက်ခိုင်းခြင်း
တို့ဖြစ်ကြပြီး ပြသနာဖြေရှင်းပုံမေးခွန်း ၊ ယခင်အလုပ်အတွေ့အကြုံအသေးစိတ် ၊ လုပ်ငန်းခွင်အန္တရယ်ကင်းမေးခွန်းများ
၊ လုပ်နိုင်သောအလုပ်ဆိုင်း ၊ အချိန် ၊ လိုချင်သောနာရီစားလစာ ( Hourly Wages ) တို့ကိုမေးပါသည်
၊ “မိမိကိုယ်တိုင်ကားမောင်းပြီးအလုပ်လာနိုင်ပါသလား “( Commute ) မေးခွန်းသည် မပါမဖြစ် မေးခွန်းဖြစ်သည် ။
ဒုတိယအဆင့်အင်တာဗျူး ဖြေရမည့် Canditate များအတွက်
မေးခွန်းများမှာ တမူထူးခြားနိုင်ပါသည် ၊ ထိုအချိန်မျိုးတွင် သတ်သတ်မှတ်မှတ်ရာထူး (
Specific Position ) နှင့်ဆိုင်သောမေးခွန်းများဖြစ်ကြသော လျှောက်ထားသောရာထူးအတွက်သင်မည်မျှကျွမ်းကျင်သနည်း
၊ သင့်မှာယခုရာထူးနှင့်အထူးကိုက်ညီသောမည်သည့်အရည်အချင်းများရှိသနည်း ၊ ရှိလျှင်ဥပမာပေးရန်
၊ ပြသနာတစ်စုံတစ်ရာဖြစ်လျှင်မည်သို့ဖြေရှင်းမည်နည်း ၊ လုပ်ငန်းခွင်၌အလုပ်သမား ၂ ဦး
စကားများလျှင်သင်မည်သို့ဖြေရှင်းမည်နည်း ၊ စက်ပစ္စည်းများချွတ်ယွင်းလျှင်သင်မည်သို့လုပ်ဆောင်မည်နည်း
စသည်တို့ကိုမေးပါသည် ၊ ထိုဒုတိယအဆင့်အင်တာဗျူးမေးသူများ ( Interviewers ) များတွင်ကြီးကြပ်ရေးမှူးများနှင့်
HR လူကြီးများအပြင် ရာထူးကြီးသောစက်ရုံမန်နေဂျာ နှင့် ပိုင်ရှင်အထိပါဝင်တတ်သည် ။
အင်တာဗျူးဖြေခြင်းဧ။်အထက်မြက်ဆုံးတိုက်ကွက်မှာ
ရိုးရိုးသားသားအမှန်အတိုင်းဖြေခြင်း သာ
အောင်မြင်ရာဖြစ်သည် ၊ မိမိမတတ်ကျွမ်းသောအရည်အချင်းများကိုလိမ်ညာရေးသားထားမိလျှင် လက်တွေ့စစ်ချိန်တွင်ပေါ်မည်ဖြစ်သလို
လူတွေ့တွင်လည်းဖြေဆိုနိုင်ရန်ခက်ခဲပေလိမ့်မည် ၊ လိမ်ညာဖြေဆိုသောအနာဂါတ်ဝန်ထမ်းကို မည်သည့်စက်ရုံကမျှအလိုမရှိပေ
၊ မတတ်ဘဲ အဖြေကောင်းသောကြောင့် တကယ့်အလုပ်ခွင်တွင် မလုပ်တတ်မကိုင်တတ်ဖြစ်နေသည့်အလုပ်သမားကို
အလုပ်သမားခေါင်းဆောင် ( Leader ) က စောင့်ကြည့်နေပါတော့မည် ၊ အလုပ်တက်ပြီးမကြာမီကျန်းမာရေး
၊ သာရေး ၊ နာရေးခွင့်များရှိပါက အင်တာဗျူးတွင်ကြိုတင်ပြောထားသင့်ပါသည် ၊ မေးနိုင်သောမေးခွန်းများကိုကြိုတင်ရှာဖွေလေ့လာထားပြီး
အင်္ဂလိပ်ဘာသာစကား ကို တစ်ပါတည်းလေ့ကျင့်ထားပါလျှင်
မည်သည့်အင်တာဗျူးမှ စိတ်လှုပ်ရှားစရာမလိုပါ ၊ ကြောက်ရွံ့စရာမလိုပါ ၊ ထိုသို့ပြင်ဆင်ထားပါမှ
လှိမ့်ဝင်လာမည်ဖြစ်သော ထင်သာမြင်သာရှိသည့် အနာဂါတ်မြန်မာနိုင်ငံ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုလှိုင်းလုံးကြားတွင်
ကောင်းမွန်စွာပါဝင်ဆင်နွဲကူးခတ်နိုင်မည်သာဖြစ်ကြောင်းတင်ပြလိုက်ရပါသည် ။
ကိုညီညီ - တောင်ကြီး
No comments:
Post a Comment