ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, April 5, 2014

ဒီနေရာကပြောရင် ခရိုနီတွေကြားမှာလား

ပရဟိတ ဆောင်ရွက်ကြ ။


               
                ရှေးရောမခေတ်က စတင်မွေးဖွားခဲ့ပြီး ( ၁၈ ) ရာစုနှစ်ကျမှ လန်ဒန်အော့စဖို့အင်္ဂလိပ်အဘိဓာန်မှာ စာရင်းဝင်ခဲ့တဲ့ စာလုံးတစ်လုံးဟာ ဘာဖြစ်လို့ မြန်မာနိုင်ငံမှာ ( ၂ဝ ) ရာစုနှစ်ကျမှ အင်မတန်ခေတ်စားလာခဲ့ပါသလဲ ၊ အဆိုပါ “ ခရိုနီ ” ဆိုတဲ့ အသုံးအနှုန်းကိုကြားလိုက်သူတိုင်း အော့နှလုံးနာကြရလောက်အောင် သူတို့ဘာတွေလုပ်ခဲ့ပါသလဲ ၊ ဘယ်လိုရပ်တည်ခဲ့ပါသလဲ ၊ ရှေ့ဆက်ဘာတွေဆက်လုပ်သင့်ပါသလဲ စတဲ့ မေးခွန်းတွေကို မြန်မာပြည်သူတွေ မေ့နေကြပါတယ် ၊ စာရေးသူတို့မြန်မာလူမျိုးရှေးရိုးစိတ်ခံအရ ချစ်ရင် တစ်သက်လုံး မုန်းပြီဆို စကားတောင်မပြောချင်ဘူး ဆိုသလို အရေးမလုပ်ခဲ့ရတော့တဲ့ ခရိုနီတွေကတော့ ဘာမှမဖြစ်သလို သူတို့ဘာမှမလုပ်ခဲ့သလိုလို အေးအေးဆေးဆေး နတ်သုဒ္ဓါ ယပ်ခတ်စားနေကြတာတွေ့ရပါတယ် ၊ အကြောင်းရင်းခံက လောင်းကစားစကားနဲ့ပြောရရင် သူတို့မှာ ရမ်းစရာ “ ဒုတ် ” ရှိနေလို့ပါ ၊ စုမိဆောင်းမိ စိမ်းပုပ်ရောင်ငွေပြာပြာတွေရှိနေလို့ပါ ၊ ကဲ ကျွန်တော်တို့ ဒီကာလာစုံငွေတွေကို သူတို့ဘယ်လိုအကျိုးရှိရှိုအသုံးချသင့်သလဲ ပြည်သူ့ကိုယ်စားဆွေးနွေးကြည့်ရအောင် ၊ ဒီနေရာကနေပြောရင် ခရိုနီတွေကြားမှာလား ။



မြန်မာနိုင်ငံမှာ တစ်ပါတီအာဏာရှင်စံနစ်အတွင်းမှာခြေကုပ်ယူခဲ့တဲ့ ခရီုနီဝါဒ-Cronyism အရ ငွေကြေးစည်းစိမ်ဥစ္စာများ မတရားရယူလိုသူ အုပ်ချုပ်သူလူ့ထိပ်သီးတစ်ချို့ဟာ နာမည်ခံအဖြစ်ရော နာမည်ပေါက်အဖြစ်ပါ ခိုင်းရာနေ စေရာသွား လူတန်းစားတစ်ရပ်ကို ရှာဖွေခဲ့ကြတယ်ဆိုတာ မငြင်းကြပါနဲ့ ၊ တစ်ချိန်တည်းမှာပဲ မကင်းရာမကင်းကြောင်းကနေ အကြောင်းပါပြီး အဆိုပါ နိုင်ငံပိုင်ပစ္စည်း မိမိပိုင်ပြုရေး “ ယူကြမ်းကား ” တွေအလိုကျ လိုက်ပါဆောင်ရွက်ပေးတဲ့အခါ ပုလင်းထဲကထန်းလျက်ကို လက်နဲ့ခဲထားတဲ့မျောက်လို တို့လို့တန်းလန်းဖြစ်လျက် ၁ ရာခိုင်နှုန်းသော ခရိုနီတွေကို လက်ပူးလက်ကြပ်မိပါပြီ ၊ ဘတ်ဂွတစ်ချောင်းတောင်မပိုင်တဲ့ ရှေးဘိုးဘွားပိုင် သံယံဇာတတွေကို တူမီးကိုင်တူညီဝတ်စုံဝတ်အင်စားစုအားကိုးနဲ့ ဦးသူယူစတမ်း မိုက်မိမိုက်မဲကျင့်ကြံခဲ့တဲ့ စိမ်းရင့်ရောင်လက်ပါးစေ လူတစ်စုရဲ့ အားစိုက်ကြိုးပမ်းမှုကြောင့် အချိန်မရွေး “ ငွေဖြစ်လွယ် ငွေဖော်လွယ် ရွှေရည်ကျိုလွယ် “ တဲ့ မိမွေးတိုင်း ဖမွေးတိုင်း မြန်မာ့အရင်းအနှီးတွေဟာ နိုင်ငံရပ်ခြားကို မသိလိုက်ဖာသာ ထုတ်ယူခြင်းခံလိုက်ကြရပါပြီ ၊ တော်သေးတာပေါ့ ကျွန်တော်တို့ပြောရမယ့်လူတွေက ကံ ကံ၏အကျိုးကိုယုံတဲ့နိုင်ငံတွင်းမှာ အသက်ထင်ရှားရှိနေသေးလို့ ။





                 “ တွန်းသူမေ့ လဲသူသတိရဆဲ ” လို့ဆိုတဲ့ ဆရာစိုင်းခမ်းလိတ်စာသားလေးလို နင်းပြားပြည်သူတွေကတော့ လေတိုက်လဲမမှုပါ ၊ ရေကြီးလည်းမထိပါဘူး ၊ ငလျင်လှုပ်လည်းမပြိုကျတော့ပါ ၊ မြေသိမ်းသွားလည်းရင်မနာနိုင်တော့ပါဘူး  နဂိုကတည်းကမှ အခြေအနေပျက်ပြီးသား ဘာကိုစိတ်ထပ်ပူရမှာလဲနော် ၊ တစ်ကယ်စိတ်ပူရမှာက ကျွန်တော်တို့ရဲ့မြေပေါ်မှာဆောက်ထားတဲ့ ကွန်ဒိုမီနီယမ်တွေ ဈေးကောင်းကောင်းရဖို့ ၊ ကျွန်တော်တို့ ယာကွက်တွေပေါ်မှာတည်ထားတဲ့ စီမံကိန်းတွေအောင်မြင်ပြီး လူကြီးတွေကိုမျက်နှာလုပ်နိုင်ဖို့ ၊ ကျွန်တော်တို့ မရှိတောင်း ရှိဆောက် မိုဘိုင်းကျူးအိမ်ယာတွေကို ခက်ရင်းခွနဲ့ထိုးပြီးယူသွားတဲ့မြေပေါ်မှာဆောက်မယ့် စိမ်းပုပ်ရောင်လေ့ကျင့်ရေးကျောင်းကနေ နိုင်ငံ့သားကောင်းတွေမွေးထုတ်ပေးနိုင်စေဖို့ နဲ့ ကျွန်တော်တို့ရဲ့ ဘိုးဘွားအစဉ်အလာမြူခဲ့တဲ့ထန်းပင်တွေနေရာမှာပေါ်လာမယ့် အနာဂါတ်အဆောက်အအုံတွေ ထွန်းလင်းတောက်ပဖို့အရေးကြီးတယ် လို့ယူဆကြတယ်မဟုတ်လား ။


                 ကျွန်တော်တို့က ဗုဒ္ဓဘာသာရှေးယျဉ်ကျေးအစဉ်အလာမြန်မာတိုင်းရင်းသားတွေပါ  တစ်ဦးတစ်ယောက်က စွမ်းလို့အုပ်ချုပ်သွားရင် ဘာမှကန့်ကွက်စရာမရှိပါ ၊ တစ်ဦးမကလို့ တစ်ဖွဲ့အနေနဲ့ နိုင်ငံကောင်းအောင်လုပ်စေဦး ၊ ဘာဆိုဘာမှမပြောလိုပါဘူး ၊ အခုလိုနှစ်ပေါင်းများစွာ တစ်ဖွဲ့စ နှစ်ဖွဲ့စ က ဝိုင်းကြီးချုပ်စံနစ်နဲ့ အများပိုင်ကို လုယက် “ ဆွဲစား “ ကြတော့ ကျွန်တော်တို့စားဖို့မှကျန်ပါသေးရဲ့လား ၊ ဒီတော့ ပြောပြမယ် ပြည်သူတွေကို - ခက်တာပဲ ပြည်သူတွေလို့ပြောတာထက်စာရင် အများစု ဆင်းရဲသားတွေလို့ပြောရင်ပိုမှန်မယ် ၊ ဟုတ်ပြီ - ပြည်သူတွေကို ဒီငွေကြေးဓနဥစ္စာတွေနဲ့ ဘယ်လိုပြန်လုပ်ပေးမှာလဲ ၊ မဆလ ခေတ်က ပြည်သူပိုင်သိမ်းတာ ပြည်သူက ဘာမှမရဘူး  ပြည်သူတွေဆင်းရဲသွားတာ အဖတ်တင်တာ ၊ ဆင်းရဲသားတွေ ပြည်သူတွေက ပေးလိုက်ရတာ ၊ နဝတ လက်ထက်မှာရော အိမ်ပေါ်ကလူက တဲပေါ်ရောက်သွားတာ ၊ တဲတောင်မြို့ထဲကမဟုတ်ဘူး ၊ မြို့စွန် မြို့ပြင်ရောက်သွားတာ ၊ ထပ်ကြည့်လိုက်ပါဦး နအဖ မှာရော သက်သာလို့လား ၊ ဈေးပေါပေါနဲ့လိုက်ဝယ်ကြတဲ့ အိမ်ခြံမြေ ဈေးဖမ်းပွဲကြီး ကျနေတာပဲ ၊ မန္တလေးမြို့ကို “ ငွေရေခွံ ” လဲခွင့်ပေးလိုက်တာဘယ်သူတွေလဲ ၊ မန္တလေးမြို့ကြီးကို “ နဂါးသားရေ ” ခြုံပေးလိုက်တာ ဘယ်သူ့လက်ချက်လဲ ၊ သူတို့တွေလုပ်ခွင့်ပေးလို့ တရုတ်နဂါးကြီး နှစ်သစ် ခဏခဏ ဆယ်နှစ်ဘယ်နှစ်ကြိမ်ရှိပြီလဲ ၊ သိတဲ့အတိုင်းပဲ အခု ဒီမိုကရေစီခေတ်မှာ ပွင့်ပြီလဲဆိုရော ကောင်းလိုက်တဲ့ဈေးတွေ ၊ မတရားလုပ်ခဲ့တာ ဘယ်နှစ်ဘဝရှိခဲ့လဲမသိပါဘူး ၊ ခါးစီးခံရတဲ့ပြည်သူတွေကို အစိုးရဘယ်လိုရှင်းပေးမှာတုန်း ပြည်သူတွေရင်ထဲမှာမေးခွန်းအပြည့်နဲ့ပါ ၊ သူသူငါငါလက်ထဲမှာ ငွေပို ငွေစတွေနဲ့ ၊ ပြည်သူဆင်းရဲသားတွေမျက်လုံးမှာငိုတော့ ကြေညို ကြေးနီစတွေနဲ့ ။
  



                 နှစ်ပရိစေဒများစွာ စာဖတ်ခြင်း ၊ ဆွေးနွေးခြင်း ၊ ပညာတတ်ခြင်း နဲ့ဝေးခဲ့တော့ ကျွန်ပြည်သူတွေဟာ ပုဒ်မ ( ၁၈ ) အားကိုးနဲ့ ထစ်ကနဲဆို လမ်းပေါ်ထွက်ဆန္ဒပြတတ်လာပြီ ၊ လုပ်ရဲလာကြပြီ ၊ ဒီတော့ ခရိုနီလူကြီးမင်းတွေ ခင်များတို့ ရှေ့လျှောက်အေးအေးဆေးဆေးနေရတော့မယ်မထင်နဲ့ ၊ အများအကျိုးပြန်ပြုဖို့သာ အဆင်သင့်ပြင်ထားမှ စိတ်ချရမယ် ၊ ညအိပ်လို့ရမယ် ၊ လက်ရှိအစိုးရက ပုဆိုးဟောင်းလောင်း ငွေဟောင်းလောင်း ၊ အရှေ့လူ ရှုတ်ထားတာ လိုက်သုတ်နေရတယ် ၊ အရှေ့လူ တစိုက်မတ်မတ်ဖျောင်ထားတာ လိုက်ယောင်နေရတယ် ၊ အကြွေးရှင်တွေကို ဗျောင်းဆန်အောင် လိုက်တောင်းပန်နေရတယ် ၊ ခေတ်မီလေယျာဉ်ပျံကြီးတွေစီးပြီး “ ငွေရှော်တော်ကီ ” တွေ တသောသော လိုက်ပြောနေရတယ် ၊ ဒါပေမယ့် အသိမ်းခံ အိမ်ပိုင်ရှင်ပြည်သူတွေကသိတယ် ၊ ငွေဖေါင်းပွသွားလို့ ပြန်မဝယ်နိုင်တော့တဲ့ ခြားနားခြင်းငွေတွေ ခရိုနီလူကြီးမင်းတို့ဆီမှာရှိတယ် ၊ လူကြီးမင်းတို့ ရုပ်ပြ ဘဏ်တွေ ၊ ကုမ္ပဏီတွေ ၊ ကုန်တင်ကုန်ချဆိပ်ကမ်းတွေ ၊ သွင်းကုန် ထုတ်ကုန်လုပ်ငန်းတွေမှာရှိတယ်ဆိုတာ သိနေတယ် သိနေတယ်လေ ၊ ဒါက မြန်မာပြည်တွင်းပြောတာ ၊ ပြည်ပကိုမပြောသေးဘူး ၊ “ နွေပဝီတော် “  မှာလဲ မပြောသေးဘူး ၊ ထပ်ရှိသေးတယ် ၊ ဒါတွေကို ထိခိုက်ခံ သက်ရောက်ခံ ပြည်သူအနိမ့်စားတွေကို ဘယ်လိုပြန်ပေးမှာလဲ ၊ ဘာပြန်လုပ်ပေးမှာလဲ ၊ လူကြီးမင်းတို့မတွေးတတ်ရင် ပြောပြပါ့မယ် ။


          ဘယ်အစိုးရတက်တက် ၊ ဘယ်အုပ်ချုပ်သူတက်တက်  လူကြီးမင်းတို့လိုက်ပြီး တိုင်းပြုပြည်ပြု မျက်နှာပြ ဝေသန္တရာ လုပ်တယ်မဟုတ်လား ၊ လူကြီးသွားလေရာ ငွေလိုက်လှူတယ်မဟုတ်လား ၊ အဲဒီဒေသမှာရှိတဲ့ လက်လုပ်လက်စားအလုပ်ပြုတ်တောင်သူတွေရဲ့သားသမီးတွေကို ပညာသင်ပေးပါ ၊ ကျောင်းထားပေးပါ ၊ အစိုးရကိုစောင့်ရင်းစောင့်ရင်းနဲ့ စာမသင်ရပဲ အသက်ရင့်ကျောင်းပြီးပြီးသွားတဲ့ သူတို့လေးတွေကို ကျောင်းပရဝုဏ်ထဲပြန်ပို့ပေးပါ ၊ စားစရာမရှိမဲ့ လက်ဘက်ရည်ဆိုင်က အရွယ်မရောက်သေးတဲ့ စားပွဲထိုးလေးတွေကို စာသင်နိုင်ဖို့စီစဉ်ပေးပါ ၊ ဆောက်လုပ်ရေး အလုပ်ကြမ်းခွင်တွေက အုတ်သယ်သမလေးတွေ လမ်းခင်းကျောက်ထု ပုဝါစခေါင်းပေါင်း ကျေးလက်အလုပ်သမလေးတွေကို ခင်များတို့အင်ပါယာမှာ အိနြေ္ဒရတဲ့အလုပ်တွေခန့်ပေးပါ ၊ ငွေမရှိတဲ့မိဘတွေရဲ့မျိုးဆက် မရှိရှိအောင်ပေါင်နှံပြီး သင်တန်းမျိုးစုံတက် “ချွေးစိုစိုသင်တန်းဆင်းလက်မှတ်တွေ ” ကိုင်ထားတဲ့ နည်းပညာကျောင်းဆင်းတွေကို ခင်များတို့ ဟိုက်တက်ခ် စီမံကိန်းတွေမှာ လစာကောင်းကောင်းအလုပ်ခန့်ပေးပါ ၊ လုပ်ငန်းကျွမ်းကျင်သင်တန်းတွေပေးပါ ၊ မြို့နေလူထုတွေအတွက်  အလုပ်အကိုင်လမ်းကြောင်းကြီးများကို ခင်များတို့နဲ့အတူချမ်းသာလာကြတဲ့ဘက်တော်သားတွေစုပြီး သူ့ကုမ္ပဏီ - ငါ့ကုမ္ပဏီ မရွေးပဲ လမ်းဖွင့်ပေးကြပါ ၊ ကားလမ်းကြပ်တဲ့အခက်အခဲတွေကို အခမဲ့ကားပါကင်အဆောက်အဦကြီးတွေဆောက်လုပ်လှူဒါန်းဖြေရှင်းပေးပါ ၊ မိုးရွာရင် ရေကြီးတတ်တဲ့ ဟောင်းနွမ်းလှပြီဖြစ်တဲ့ ရန်ကုန်မြို့ရဲ့ရေနှုတ်စံနစ်ကို အကုန်အကျခံပြင်ဆင်ပေးပါ ၊ အစိုးရအဆက်ဆက်မတတ်နိုင်တဲ့ ( ၂၄ ) နာရီမီလင်းရေးနိုင်ငံတော်တာဝန်ကို ခင်များတို့မိုးကျရွှေကိုယ်အဆက်အသွယ်နဲ့ အစွမ်းရှိရှိ ဝင်ဖြေရှင်းပေးပါ ။




 ဒါတွေက လက်လှမ်းမီသလောက်နမူနာတွေပြောပြထားတာနော် ၊ နောက်ထပ်အများကြီးကျန်သေးတယ်ဆိုလို့ စိတ်ဓါတ်တော့မကျနဲ့ဦး ၊ ဒီလို အများကောင်းမှုကို ထဲထဲဝင်ဝင်လုပ်ပြီဆိုတာနဲ့ လူကြီးမင်းတို့ကို ပြည်သူလူထုကခေါ်တဲ့အခေါ်အဝေါ်ပြောင်းလာလိမ့်မယ် ၊ တိုင်းသူပြည်သားတွေရဲ့ စောင်းနေတဲ့ ခင်များတို့အပေါ်သဘောထားတွေ တည့်မတ်လာလိမ့်မယ် ၊ မမြင်ချင်မှအဆုံးဖြစ်နေတဲ့ မြို့ပြလူထုတွေ ခင်များတို့အပေါ် ပြန်လည်မေတ္တာသက်ဝင်လာလိမ့်မယ် ၊ မယုံမရှိပါနဲ့ ၊ ပြည်သူဟာ အာဏာပိုင်ပါ ၊ ပြည်သူ့အာဏာဟာ ပြည်သူ့ကိုအလုပ်အကျွေးပြုသူကို ဘယ်တော့မှရန်မရှာပါဘူး ၊ ဘယ်တော့မှ ချောက်ကြီးထဲတွန်းမချပါဘူး ။


          ဒီလိုလုပ်ရပ်တွေပြည့်စုံလာတဲ့အခါမှ လူတွေက လူကြီးမင်းတို့ခရိုနီလို့မခေါ်ပဲ ပရဟိတသမား-Philanthopist လို့ခေါ်လာကြလိမ့်မယ် ၊ အဲဒီအခါမှာ လူကြီးမင်းတို့လုပ်ခဲ့တဲ့ တစ်လွဲသုံး ဘက်လိုက်စီးပွားရှာခဲ့မှုတွေကို ခွင့်လွှတ်လာလိမ့်မယ် ၊ Philanthopy ဆိုတာ လူသားဖြစ်တည်မှုကိုချစ်မြတ်နိုးခြင်းလို့အကြမ်းအဓိပ္ပာယ်ဖွင့်လို့ရတယ် ၊ လူ့လောကအသိုက်အမြုံကို စောင့်ရှောက်ခြင်း ပျိုးထောင်ခြင်း မြှင့်တင်ခြင်း ချဲ့ထွင်ခြင်းတွေလုပ်ကြတယ် ၊ ပေးကမ်းခြင်း စွန့်ကြဲခြင်း လုပ်အားပေးခြင်းအမှုတွေနဲ့ ပေးသူယူသူ နှစ်ခြမ်းစလုံးကို အကျိုးပြုကြတယ် ၊ နောက်ဆက်တွဲ ဥပဒေသအရ အများကောင်းမှုရှေ့ရှုပြီး မိမိကိုယ်တိုင်လူ့ဘဝအရည်အသွေးပြည့်နေုထိုင်ခြင်းလို့ဖွင့်ဆိုကြတယ် ၊ တစ်ဖက်မှာ ရုပ်ဝတ္ထုပြည့်စုံဖို့မှန်မှန်ကန်ကန်စီးပွားရှာဖွေရင်း ကျန်တစ်ဖက်မှာ ကောင်းသောကြံစည်မှု ကောင်းသောအားထုတ်မှုနဲ့အတူ မွန်မြတ်စွာအကျိုးပြုခြင်းဆိုပြီး ( ၂ဝ ) ရာစုသူဋ္ဌေးတွေကို ဂုဏ်ပြုကြတယ် ။



                 
                   အုပ်ချုပ်သူ နဲ့ အအုပ်ချုပ်ခံလူတန်းစား နှစ်ရပ်ကြား ချိန်ခွင်လျှာညီမျှအောင်နေပြီး တရားဥပဒေကို လေးစားလိုက်နာသူတွေဖြစ်တယ် ၊ ကဲ ဘယ်လောက်ကောင်းလိုက်တဲ့ ဂုဏ်ပုဒ်တွေလဲ စဉ်းစားကြည့်ပါဦး ၊ တစ်ကယ်တမ်း လူကြီးမင်းတို့ကို ပြည်သူလူထုက ချစ်စရာကောင်းတဲ့ ပရဟိတသမားတွေအဖြစ်မြင်ချင်ကြတယ် ၊ အများအကျိုးဆောင်ရွက်တဲ့ ပြည်သူ့စေတနာရှင်တွေအဖြစ် ကင်ပွန်းတပ်ချင်ကြတယ် ၊ လူတန်းစားအသီးသီးကို မျှခြေကိုယ်စားပြုတဲ့ ပြည်တွင်းဖြစ်သူဋ္ဌေးကြီးတွေအဖြစ် သတ်မှတ်ချင်ကြတယ် ၊ အချိန်မီပါသေးတယ် နောက်မကျသေးပါဘူး လုံးဝအချိန်ကိုက်ပါပဲ ၊ ပြည်သူတွေရဲ့ ရပိုင်ခွင့်နဲ့ရှာခဲ့တဲ့ ဥစ္စာဓနတွေ ပြည်သူ့အတွက် အကျိုးရှိရှိပြန်အသုံးချလိုက်ပါဗျာ ၊ အခုပဲ လူကြီးမင်းတို့ရဲ့ ရပ်တည်ချက်အမှန်ကို ပြသလိုက်ပါ ၊ လက်ရှိအစိုးရကတောင် ဆလံသ သွားပါလိမ့်မယ် ၊ အစိုးရပေးတဲ့ ဆုတံဆိပ်တွေကို မမက်ပါနဲ့ ၊ ပြည်သူလူထုပေးတဲ့ ပရိဟတသူဋ္ဌေးကြီးဘွဲ့ကို အမြန်ခံယူလိုက်ပါ ၊ တစ်ကယ်တမ်း လူကြီးမင်းတို့ကို ခရိုနီလို့ မခေါ်ချင်ကြပါဘူး ၊ ပြည်သူပေးတဲ့ ဘွဲ့တံဆိပ်ကမှ လူကြီးမင်းတို့ဘဝကူးကောင်းမှာ ၊ မြို့မေတ္တာခံယူလိုက်စမ်းပါ ၊ နှင်းဆီမွေ့ယာပေါ်မှာ လဲလျောင်းရင်း အိပ်မပျော်တဲ့ဘဝကို မက်မနေကြပါနဲ့တော့ ၊  ကိုယ့်လေယျာဉ်တောင် ကိုယ်ပြန်မစီးရဲ ဖြစ်နေတဲ့ လိပ်ပြာမလုံတဲ့ဘဝတွေကနေ အမြန်ရုန်းထွက် နိုးထကြပါတော့ ။

ကိုညီညီ ( တောင်ကြီး ) 
Koko2yeye@gmail.com

" ဒီနေရာကနေပြောရင် ခရိုနီတွေကြားမှာလား " စာမူကို Hot News Weekly Journal အတွဲ ( ၄ ) ၊ အမှတ် ( ၁၉၂ ) ၊ စာမျက်နှာ ( ၂၇ ) တွင် ဖော်ပြပါရှိသည် ။ 

Download Link:http://www.mediafire.com/download/o4rqdjfdjnjx1dc/192.pdf




No comments: