ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Wednesday, August 18, 2021

အသက်ကြီးကျောင်းရဲ့ခေါင်းလောင်းသံ‌

 

ဆောင်းပါးရှင် - တောင်ကြီး


   နေရာသစ်ကို လာရတော့မယ်လို့ သိရတဲ့အချိန် ရင်အခုန်ဆုံးက ကျောင်းသွားတက်လို့ရတော့မယ် ဆိုတာပါပဲ။ အထက်တန်းကျောင်းလား၊ ဟာ မဟုတ်သေးဘူး၊ ငါ့အသက်နဲ့ အထက်တန်းကျောင်း ပြန်တက်လို့မရတော့ဘူး။ ဒါနဲ့ ကောလိပ်လား၊ ဟာ မဟုတ်သေးဘူး၊ ဒီ‌မှာနေလို့ ဂရင်းကတ် ၁ နှစ်ပြည့်သွားမှ ကောလိပ်သွားတက်ရင် ကျူရှင်ခ ၈ ပုံ ၁ ပုံပဲ ပေးရတော့မှာလေ။ ဘယ်လို အကြောင်းကြောင့်ပဲရောက်လာ ရောက်လာ လူတိုင်းတက်လို့ရတဲ့ လူကြီးကျောင်း-Adult School. အဲဒီကျောင်းကို ပြောတာ။


          ကျွန်တော်‌ရောက်တုန်းက စသွားတက်တဲ့ကျောင်းရဲ့ ကြော်ငြာ အိမ်ကိုရောက်လာတော့ ကျွန်တော့စိတ်တွေကို ဟိုး ၁၂ နှစ်တာ ကာလကို ပြန်ခေါ်သွားကြတယ်။ အဲဒီတုန်းက ကားလိုင်စင် ဖြေဖို့လည်း စောင့်ရ၊ ဘာကတ် ညာကတ်ရဖို့လည်း စောင့်ရနဲ့ စိတ်ပိန်နေတဲ့အချိန် အိမ်က အမျိုးတွေနဲ့ Adult School သွားတက်ကြတယ်။ ကျောင်းတက်တာက ညဘက်ကြီး၊ အလုပ်လုပ်ပြီး ပြန်တဲ့အချိန်မျိုး။ တစ်ခါသင်ရင် ၃ နာရီလောက်သင်တယ် ESL Class ပါ။ ပြောရင်‌တော့ မြန်မာနိုင်ငံမှာ ကြားဖူးခဲ့တဲ့ ညကျောင်းဆိုတာမျိုး။ နေ့ဘက်အလုပ်လုပ်သူတွေကို အလုပ်ခွင်မှာ အင်္ဂလိပ်စကားတတ်အောင်လို့ ညဘက်သင်ပေးကြတာ။


          A, B, C, D ဆိုပြီး ၄ ခန်းရှိတာမှာ ကျွန်တော့အင်္ဂလိပ်စာက အခန်းဖော်တွေထက်မြင့်နေလို့ဆိုပြီး A ကနေ D ကို ‌ရွှေ့ခိုင်းတယ်။ အမှန်က ကျွန်တော်က မြင့်နေတာ မဟုတ်ဘူး။ တခြားလာတက်သူတွေက ဘာမှ မတတ်ကြလို့၊ နားလည်ပေမဲ့ အင်္ဂလိပ်လို ပြန်မပြောတတ်ကြလို့။ D အခန်းရောက်တော့လည်း စာလုံးတွေချည်း ပေါင်းပြနေတာ့ ကျွန်တော်က ထထအော်တာနဲ့ D အတန်းပိုင်ဆရာမက ကျွန်တော့ကို ကောလိပ်သွားတက်တော့တဲ့။ ဒီလိုနဲ့ အဲဒီ Adult School တက်တာကို နားလိုက်ရတယ်။

         အခု ကျွန်တော်ပြောပြနေတာက မြန်မာနိုင်ငံက ‌ဗီဆာရဖို့ လှမ်းလျှောက်ကြတဲ့ ကောလိပ်နဲ့ အထက်တန်းကျောင်းတို့လိုမျိုး အတန်းတက်ပေးတဲ့ကျောင်းမျိုး မဟုတ်ပါ။ သိကြတဲ့အတိုင်း လုပ်သားလိုအပ်ချက်များတဲ့ အမေရိကားဖြစ်တာကြောင့် အသစ်ပြောင်းရွှေ့လာကြသူတွေ တရားဝင်လာလာ၊ တရားမဝင်ပဲလာလာ၊ ဘာမှ မမေးဘူး၊ အားလုံး တက်လို့ရတယ်။ ဒါက ပြည်ဝင်ခွင့်ပေးတဲ့ကျောင်းမျိုးမဟုတ်ဘဲ အစောကပြောခဲ့သလို "ဒီ‌နိုင်ငံထဲ‌ရောက်လာပြီး အင်္ဂလိပ်စကားအရာမှာ အားနည်းသူတွေကို သင်ပေးတဲ့‌ကျောင်း" လို့ အကြမ်းဖျင်း သတ်မှတ်လို့ရပါတယ်။


          ဒီလို Adult School မျိုးဟာ အမေရိကန် မြို့ကြီး၊ မြို့ငယ်မကျန် ကျေးလက်ဒေသအထိ ရှိကြတယ်။ ကျောင်းဝင်ကြေးက တစ်လမှ ၂၅ ‌ဒေါ်လာနဲ့ ၃၅ ဒေါ်လာကြားလောက်ပဲ ရှိတယ်။ ဒီလိုမျိုး ဟန်မကျ ပန်မကျ အင်္ဂလိပ်စကားပြောသင်တန်းကျောင်းပဲလားဆိုတော့ မဟုတ်သေးဘူး။

နေရာဒေသကိုလိုက်ပြီး ရောက်ခါစလူတွေအတွက် သင်ပြတာ ညှင်သာပြီး ရှင်းလင်းရုံမက ဈေးနှုန်းသက်သာတဲ့ ပရိုဂရမ်တွေလည်း ရှိကြတယ်။ ပေးရတာက Course တစ်ခုကို ဒေါ်လာ ၃၅ မျိုး၊ ၅ဝ ဒေါ်လာမျိုး။ ဒါကို ကောလိပ်မှာ သွားတက်ရင် 1 Semester ကို ဒေါ်လာ ၁၁ဝဝ လေ။


          ဘယ်လိုမျိုးလဲဆိုတော့ လုပ်ငန်းသုံး Accounting ၊ Business Math ၊ Payroll Accounting တို့ဆိုရင် တခြားနိုင်ငံမှာ တတ်လာပြီး ဒီဘက်ရောက်မှ အင်္ဂလိပ်စာအခက်အခဲကြောင့် မပြောရဲ၊ မဆိုရဲ၊ မလုပ်ကိုင်ရဲသူတွေအဖို့ ၁ လ ဒေါ်လာ ၅ဝ နဲ့ သင်ခွင့်ရမယ့်အရေးဟာ သိပ်သက်သာတာပေါ့။ ၃ လ ဆိုတဲ့ သင်တန်းကာလမှာ ရောက်ပြီးသိပ်မကြာခင် နယ်မြေစိမ်းကနေ ရင်းနှီးတဲ့ လုပ်ငန်းခွင်ဖြစ်သွားအောင် လုပ်ပေးလိုက်တာ မိမိရဲ့ နိမ့်ပါးနေတဲ့ အင်္ဂလိပ်စာအတွက် အားရှိစရာ ကောင်းလွန်းလှတယ်။ 


         ဒါက ဥပမာပေးတာပါ။ ဒီလိုကျောင်းသေးသေးလေးမှာ ဘာဘွဲ့၊ ဘာလက်မှတ်မှ လာယူဖို့ မစဉ်းစားကြပါနဲ့။ လုပ်ငန်းခွင်ထဲဝင်ဖို့ "အင်္ဂလိပ်စာလက်တန်းပြောနိင် ရေးနိုင်ဖို့ ပေးတဲ့ သင်တန်းမျိုး" ကို Adult School တချို့မှာ ရှာ‌တက်နိုင်ပါတယ်။ 


          Microsoft Office တွေတတ်ဖို့၊ အိမ်မှာ သူများကိုစောင့်ရှောက်တတ်ဖို့ Home Care Worker Program ၊ အလုပ်ခွင်ဝင်ဖို့ အဆင်သင့်အင်္ဂလိပ်စာ Employment Preparation ၊ အမေရိကားမှာ ဒုတိယဘာသာစကားဖြစ်တဲ့ စပိန်စကားပြောသင်တန်း၊ သတင်းထောက်တို့တတ်အပ်တဲ့ Broadcast and Media Technology training  သင်တန်းတွေမျိုးကို ၁ လ ဒေါ်လာ ၅ဝ နဲ့ တက်လို့ရတယ်။ ဒါတင်ပဲလားဆိုတော့ မကုန်သေးဘူး။


         အရေး၊ အဖတ်၊ အပြော၊ နားထောင်ရည်စွမ်းကောင်းစေဖို့ လူသစ်တမ်းအတွက် ESL-English as a Second Language ၊ အမေရိကန်နိုင်ငံသား‌‌ဖြေဖို့ပြင်ဆင်ပေးတဲ့ Citizenship Preparation ၊ လူကြီးတွေအတွက် ဂဏန်းသင်္ချာ Beginning Algebra for Parents ၊ မိဘတွေကို ကလေးဘယ်လိုထိန်းရမယ်ဆိုတာ ပြန်သင်ပေးတဲ့ Online Parent Education စတာမျိုးကျတော့ အားလုံး အခမဲ့ ခင်ဗျ။


          ဒါကြောင့် အသက်ကြီးနေပြီ၊ အင်္ဂလိပ်စာ မရဘူး၊ ဘွဲ့ရထားတာ ၁ဝ နှစ်ကျော်ပြီ ဘာမှမတတ်ဘူးဆိုသူ "အသစ်ပြည်ဝင်ပြောင်း‌‌ရွှေ့လာသူ-New Immigrants" တွေ လုံးဝအားမငယ်နဲ့။ ဒီရောက်ရင် Adult School တက်ပြီး ကြမ်းပြင်အထိ ပြုတ်ကျသွားတဲ့ အင်္ဂလိပ်စာကို အချိန်မီ ပြန်ကောက်တင်လို့ရတယ်။


         မိမိလုပ်မယ့်အလုပ်ခွင်အတွက် အင်္ဂလိပ်စာမတတ်လို့ အားမငယ်နဲ့။ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနဲ့ လုပ်ဖော်ကိုင်ဘက်တွေကြားမှာ ရှိသင့်ရှိအပ်တဲ့ ဆက်ဆံရေးကို Adult School မှာ အင်္ဂလိပ်လို ပြင်ဆင်သွားလို့ရတယ်။


          ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ ဒါက ဒီဘက်မြေပေါ်ရောက်နေသူတွေထဲက အင်္ဂလိပ်စာအားနည်းသူတွေကို ကူညီဖို့ ဖွင့်ထားပေးတဲ့ အသက်ကြီးကျောင်း၊ ညကျောင်း (နေ့ဘက်လည်းဖွင့်ပါတယ်) ၊ ဘာသာစကားလေ့ကျင့်ကွင်း၊ လူတောထဲတိုးပုံတိုးနည်း လေ့လာတဲ့နေရာ ဖြစ်တယ်။ သံရုံးမှာ ဗီဆာလျှောက်ပြီး ကျောင်းဝင်ခွင့်လျှောက်ရတဲ့ ကျောင်းအမျိုးအစားမဟုတ်လေတော့ ဒီဘက်ကိုသာ ‌ရောက်အောင်လာမှ တက်လို့ရမယ့်ကျောင်းဖြစ်ပါတယ်။


          ကလေးငယ်တွေအတွက်သာ ပညာရေးခေါင်းလောင်းသံ ညံနေတာ မဟုတ်ဘူး။ သက်ငယ်-သက်လတ်-သက်ကြီး-အရွယ်လွန် အားလုံးအတွက် အင်္ဂလိပ်စာအရည်အသွေးမြင့်တင်ရေး-English Proficiency Training Course တွေနဲ့ ဘဝသစ်ဖော်ဆောင်ရေးအတွက် သက်ကြီးကျောင်းရဲ့ခေါင်းလောင်းသံကလည်း အမေရိကန်မှာ တညံညံဆိုတာ ရေးသားပြလိုက်ပါ‌ရစေ။


#KNNTgi

08-18-2021



No comments: