ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, November 2, 2014

ဘယ်သူဖုန်းဆက်ခေါ်လိုက်တာလဲ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကျွန်တော် အမှတ်သညာမရှိတာ ဒီအမေရိက ရောက်မှမဟုတ်ဘူး။ တောင်ကြီး၊ ရန်ကုန် မှာကတည်းကပါ။ တစ်ခုခုဆို သူများကြိုက်မှန်းမသိ မကြိုက်မှန်းမသိ အလိုက်ကမ်းဆိုးမသိတတ်တာ အကျင့်ပါနေပြီ။ ဒါကို အသက်လေးလည်းရလာတော့ ပြင်လိုက်တာ အတော့ကိုကောင်းသွားတယ်။ ဒါပေမယ့် အမေရိကားမှာ နောက်တစ်ဘာသာ တစ်ပုဒ်ဆန်းပြန်ရော။ ပြောပြမယ်ဗျာ .. အမေရိကားရောက်သူတွေဟာ သူတို့ဘာနိုင်ငံသား၊ ဘယ်နိုင်ငံကလာတယ်၊ ဘယ်လိုကျင့်ကြံတယ်ဆိုတာ မေ့ကုန်တာဗျ။ အဲဒါကြောင့်ကျွန်တော် ခဏခဏပြောတာပေါ့ .. ဒီမြေပေါ်နင်းမှ တစ်နေ့တစ်ရက်ကို အသိပညာတစ်ခု တစ်ခု တိုးနေတယ်ဆိုတာကို။
.
တစ်ချို့က စာထဲမှာ မြန်မာလိုဖတ်ရတယ်။ တစ်ချို့ကျ စာအုပ်မှာ ဘို လိုဖတ်ရတယ်။ တော်တော်များများက အင်တာနက်မှာ၊ လူမှုကွန်ယက်ပေါ်မှာ။ အဲဒီနေရာတွေအားလုံးပေါ်မှာ သင်ယူလို့မရတာက လက်တွေ့ “ ခံရတာ ” အကြိမ်များစွာ။ ဒါကိုရေးပြရင် ဖတ်သူတွေကြိုက်ပေမယ့် ထိခိုက်မှုရှိနိုင်တော့ ကာယကံရှင်တွေ သည်းညည်း သာ ခံကြပေတော့ဗျို့။ တောင်ပေါ်သားလေ .. ဘွင်းဘွင်းပဲ ကစ်တော့မယ် နော။
.
ရှောင်ရန်။          ။ အမေရိကားမှာ အိမ်လည်သွားရင် ဖုန်းကြိုဆက်ရတယ်

.
အရင်ကတည်းက ဒီနိုင်ငံကခေါ်တဲ့ ကျေးဇူးရှိတဲ့ အစ်မတို့လင်မယားက သင်ပေးတယ်။ အမေရိကားမှာ အိမ်လည်သွားရင် ဖုန်းကြိုဆက်ရတယ် တဲ့။ ကျွန်တော်က မရှင်းဘူး .. မြန်မာနိုင်ငံမှာ ဒီလို မလိုပါဘူး။ လူရှိရှိ မရှိရှိ သွားချင်ရင် သွားလိုက်တာပဲ။ မတွေ့တဲ့အခါ အေး .. ငါ လာသွားတယ် ပြောလိုက် .. ဒါပဲလေ .. မဟုတ်ဘူးလား။ ကျွန်တော့်အစ်ကို ကျွန်တော့်အိမ်လာရင် ဖုန်းကြိုမဆက်ပါဘူး။ ဒီအတိုင်း တံခါးလာခေါက်တာပဲ။ လူစိမ်းမို့လို့ စိတ်မချရင် ဘို လို “ Who are you? ” လို့ မမေးပဲ “ ဘယ်သူလဲဗျ ” လို့မေးလိုက်လို့ မြန်မာလိုပြန်ဖြေရင် ပြီးပြီပေါ့။ ဘာမှမထူးရင်ဖြစ်ဖြစ်၊ ဘို လို တစ်ခွန်းတစ်စ ပြောရင်ဖြစ်ဖြစ် မဖွင့်တော့ပါဘူး။ လူရှိနေပြီး တံခါးမဖွင့်ပေးလဲ ရနေသားပဲ။ ဘယ်သူမှ ကိုယ့်ကို တရားစွဲလို့မရပါဘူး။
.
တစ်ရက်မှာ ကျွန်တော့် အစ်ကိုဆိုလည်းဟုတ်တယ်၊ သမီးယောက်ဖပေါ့ဗျာ၊ သူက ( ၂ ) နှစ်မှ တစ်ခေါက်လာတာဆိုတော့ ကျွန်တော် နဲ့ အိမ်သူ သူ့ဆီသွားလည်ဖို့ ထွက်ခဲ့တယ်။ သူက အစ်မကြီးနေတဲ့အိမ်မှာတည်းတယ်လေ။ အဲဒီမှာ သူ့သားသမီးတွေ နဲ့ တူတွေနဲ့ နေတယ်။ ကျွန်တော်လာမှာကို သူ့ဆီကို ဖုန်းကြိုမဆက်ထားဘူး။ ဒါနဲ့ အိမ်ရှေ့ရောက်တော့ ခေါင်ေးလာင်းတီးလိုက်တယ်။ တံခါးလာဖွင့်တယ်။ အိမ်ထဲဝင်လိုက်ကြတဲ့အချိန် ကလေးတွေစီစဉ်နေတဲ့ ဟော့ပေါ့စားဝိုင်း နဲ့ ပက်ပင်းတိုးတော့တာပေါ့။
.
ကျွန်တော်တို့လည်း ရိုးရိုးပါ .. အိမ်ထဲဝင်ပြီး ဆိုဖါမှာ ဝင်ထိုင်မယ်အလုပ် ဒိုင်ခံချက်နေတဲ့ တူမလေးတစ်ယောက်က “ ဘယ်သူက ဦးညီကို ဖုန်းဆက်ခေါ်လိုက်တာလဲ ” ဆိုပြီး ကျန်တဲ့ ဝမ်းကွဲတွေကို အော်လိုက်တယ်။ အဓိပ္ပာယ်က ကျွန်တော်တို့မသိအောင် ကျိတ်ပြီးအစားအသောက်လုပ်စားနေတာ ဘယ်သူက လက်ရွပြီး ဖုန်းဆက်ခေါ်လိုက်တာလဲပေါ့ဗျာ။ အခုတော့ မိသွားပြီပေါ့။ ကျွန်တော် ဘယ်လိုဖြစ်သွားတယ်ဆိုတာ သိတဲ့ ကျန် တူ-တူမတွေက ဦးညီ တစ်ခါတည်းဝင်စားပါ လို့ပြောပေမယ့် ကျွန်တော်မထိုင်တော့ပါဘူး။ ကျွန်တော့ယောက်ဖ နဲ့ အိမ်အပြင်ထွက် စကားပြောပြီး သိပ်မကြာခင် အိမ်ပြန်ခဲ့တယ်။
.
တူတွေ တူမတွေ စားဝိုင်းသောက်ဝိုင်းကို ဝင်လုစားရလောက်အောင် ကျွန်တော် မငတ်သေးပါဘူး။ သူတို့လုပ်နေတဲ့ စားဝိုင်းကို မသိသလို သိရင်လည်း ရှောင်သွားမှာပါ။ ဒါမှမဟုတ် မငြင်းသာလို့ ဝင်စားလိုက်ရင်လည်း အဆင်ပြေနိုင်ပါသေးတယ်။ ဒါပေမယ့် အခုလို မခေါ်ပဲရောက်လာတဲ့ ဧည့်သည်ဘဝ တစ်မဟုတ်ချင်း ကျရောက်သွားရလိမ့်မယ်လို့ တစ်ခါမှ တွက်မထားခဲ့မိဘူး။ ပြောလိုက်တဲ့ တူမလေးကိုတော့ ခွင့်လွှတ်ပါတယ်။ သူက စချင် နောက်ချင်လို့ ပြောတာလည်းဖြစ်နိုင်တာပဲ မဟုတ်လား။ ဒါပေမယ့် လူမှုဆက်ဆံရေးမှာ ဒီလိုပြောလို့ ဘာမှအောင်မြင်စရာမရှိပါဘူး။ ဒီလို စနောက်လိုက်လို့လဲ သူဘယ်လောက်မှ ပျော်ရွှင်နိုင်မယ်လို့ ကျွန်တော်မထင်ပါဘူး။ အခုမှ လူလုပ်ဖို့ ပညာသင်မယ့် လူငယ်တွေရဲ့ အဘိဓာန်ထဲမှာ ဒီစာလုံး မထည့်ထားတာ အကောင်းဆုံးပါ။
.
အေးလေ။ ကျွန်တော်က ဖုန်းမှ ကြိုမဆက်ထားတာ။ တစ်ကယ်တမ်းက ကျွန်တော့်အပြစ်ပါ။
.
.

ဓါတ်ပုံ - အင်တာနက်

No comments: