ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, December 29, 2020

သားသမီးနဲ့မိဘ မိဘနဲ့သားသမီး

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

"သားသမီးမဖြစ်ဖူးတဲ့မိဘမရှိဘူး မိဘမဖြစ်ဖူး‌သေးတဲ့သားသမီးပဲရှိတယ်" ဒါက လွန်ခဲ့တဲ့လအနည်းငယ်ကကျောင်းသားငယ်လေးတွေနဲ့အွန်လိုင်းအင်တာဗျူးမှာကျွန်တော်ပြောဖြစ်ခဲ့တဲ့စကားပါ။ ဒါကိုပြောနေတုန်း LIVE နားထောင်နေသူတစ်ယောက်လာရေးတဲ့မှတ်ချက်တစ်ခုကိုပြန်သတိရမိတယ်။ "ကိုညီရေ ဒီစကားက ဒီအရွယ်အတွက်သိပ်မြင့်နေမယ်ထင်တယ်" တဲ့။

တကယ်တော့ဗျာ ဒီစကားက ကလေးတွေအတွက်မမြင့်ပါဘူး။ သူတို့ကသာ မိဘတွေရဲ့မေတ္တာကိုအနီးကပ်ရထားတဲ့သူတွေ၊ သူတို့ကသာ မိဘတွေရဲ့အရေးပေးတာကိုခံထားရသူတွေ၊ သူတို့ကသာ လောကလူသားတွေရဲ့ "ကလေးတွေကရိုးသားတယ်" ဆိုတဲ့မပြုပြင်ရသေးတဲ့မွေးရာပါအမှန်တရားကိုကိုင်စွဲထားနိုင်ကြတဲ့သူတွေဖြစ်ပါတယ်။

စဉ်းစားကြည့်ပါ။ လူတစ်ယောက်မွေးဖွားလာရာကနေ ပညာတတ်တစ်‌ယောက်ဖြစ်တဲ့အထိ နှစ်ပေါင်းဘယ်လောက်ကြာမလဲလို့။ မူကြိုကို ၂ နှစ်တွက်၊ ၁ဝ တန်း ဒါမှမဟုတ် ၁၂ တန်းကို ၁၂ နှစ်ပိုပိုသာသာလေးတွက်၊ ကောလိပ်တက္ကသိုလ်ကို ၄ နှစ်တွက်၊ ဘဝလမ်းခရီးမှာ ဘာညာသာရကာမှားယွင်းတာ၊ တိမ်းစောင်းတာ၊ စိတ်လေတာတွေကို ပိုပိုလိုလို ၁ နှစ်ပဲထည့်တွက် အနည်းဆုံး ၁၇ နှစ်ကြာတယ်။

ဒါတောင် မာစတာတက်တာ၊ ဒေါက်တာဘွဲ့ယူတာ၊ နိုင်ငံခြားမှာကျောင်းသွားတက်တာတွေ ထည့်မတွက်သေးဘူး။ လူတိုင်းရဲ့အခြေအနေအချက်အလက်တွေနဲ့ထည့်တွက်လို့ရတဲ့ဖော်မြူလာမဟုတ်လို့ အကြမ်းဖျင်းအချိန်အတိုင်းအထွာကိုတွက်ချက်ပြတာပါ။

Thursday, December 17, 2020

Relief Flight နဲ့ အိမ်ပြန်ရောက်ပြီ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

 ဦးညီရေ . . .

          အွန်လိုင်းမှာ မြန်မာနိုင်ငံပြန်နိုင်ဖို့ Relief Flight ဘယ်လိုလျှောက်ရသလဲဆိုတာရှာဖတ်ကြည့်မိရင်းအချိန်တော်တော်ကုန်သွားတယ်။ သိချင်လို့ ဦးညီကိုလည်းမေးခဲ့သေးတယ်လေ။ ဟိုလိုလို ဒီလိုလိုနဲ့ဘယ်သူ့ကိုမေးရမှန်းမသိဘဲ နောက်ဆုံးမြန်မာတွေမဲသွားပေးခဲ့တဲ့ အယ်လ်အေမြန်မာသံရုံးကဦးအောင်ကျော်နိုင်ကိုမေးလိုက်တော့ သူကသဘောကောင်းတယ်။ လုပ်ဆောင်ရမယ့်ပုံစံတွေပြောပြလိုက်တယ်။ တင်ဖို့ဖောင်ပေးလာတယ်။ ဒါပေမဲ့ ဒီ Relief Flight ကိစ္စကို အယ်လ်အေမြန်မာသံရုံးကမကိုင်ဘူး။ ဝါရှင်တန်မြန်မာသံရုံးကကိုင်တာလို့ပြောပြပါတယ်။

 

          အီးမေးလ်က mewdcusa@yahoo.com ကိုပို့ရမှာပါ။ ပါတဲ့အချက်တွေက နိုင်ငံကူးလက်မှတ်မိတ္တူ၊ ဗီဆာစာမျက်နှာနဲ့အမြဲတမ်းနေထိုင်ခွင့်ကဒ်ပြား-Green Card တို့ဖြစ်ပါတယ်။ အဲဒီမှာအမေရိကားကိုသမီးရောက်တဲ့နေ့နဲ့ပြန်သွားလိုတဲ့အကြောင်းအရာတွေကိုဖြည့်ရတယ်။ ရန်ကုန်ရောက်ရင် ၂၁ ရက် Q ဝင်တာကိုလက်ခံပါမယ်ဆိုတာလည်းပါတယ်။ ကျန်တာတွေကကိုယ်ရေးကိုယ်တာအချက်အလက်တွေချည်းဖြစ်လို့ ဦးညီဖတ်ကြည့်ရင်သိပါလိမ့်မယ်။

 

          သမီးက ဖြည့်ပြီးတဲ့ဖောင်ကိုစကင်ကောင်းကောင်းလေးဖတ်ပြီးအီးမေးလ်ပို့လိုက်ပြီးကံကောင်းလို့လားမသိဘူး ရက်ကြာတာနဲ့ ဝါရှင်တန်မြန်မာသံရုံးကအသံချိုချိုနဲ့အမျိုးသမီးတစ်ယောက်ကဖုန်းဆက်လာပြီး လာမယ့် ___ လ၊ ___ ရက်မှာပြန်မယ့် Relief Flight နဲ့ ထည့်ပေးလိုက်မယ်လို့ပြောတယ်။ သူရှင်းပြတာတွေကတော့အများကြီးပဲ။ ခရီးစဉ်က ဆင့်စီးရမှာဖြစ်တဲ့အကြောင်း၊ လေကြောင်းလိုင်း လိုင်းရှိကြောင်း၊ အမေရိကားကနေကိုယ့်လက်မှတ်ကိုယ်ဝယ်ပြီး ကိုးရီးယားနိုင်ငံအင်ချွန်းလေဆိပ်ကို သူပေးမယ့်ရက်အတိုင်းလက်မှတ်ဝယ်ရမှာဖြစ်ကြောင်း အဲဒါတွေအသေးစိတ်ပြောပါတယ်။

 

          ဦးညီရေ အခုဖြစ်နေတာကရောဂါပိုးကြောင့်လေယာဉ်တွေမထွက်နိုင်ပေမယ့် ထွက်နေတဲ့လေယာဉ်တွေကိုစီးခွင့်ရနေသူတွေကရောဂါပိုးတွေကိုဆင့်ပွားသယ်ယူတာမျိုးမဖြစ်စေဖို့အရေးကြီးတာမဟုတ်လား။ သမီးကိုသူတို့မယုံ၊ သမီးကသူတို့ကိုမယုံ နဲ့ ခန္ဓာကိုယ်ကိုကာကွယ်ရေးတွေသေသေချာချာလုပ်တတ်မှလေယာဉ်နဲ့တစ်ဆင့်ပြောင်းလေဆိပ်တွေကလက်ခံကြမှာမဟုတ်လား။

 

          လေကြောင်းလိုင်း လိုင်းလုံးကကိုးရီးယားပိုင်လေကြောင်းလိုင်းတွေပါပဲ။ တစ်ခုက ကိုးရီးယားအဲ နဲ့ နောက်တစ်ခုက အေရှားနားအဲဝေးတို့ပါ။ သံရုံးကအမျိုးသမီးကရှင်းပြတာက ကိုးရီးယားအဲနဲ့စီးရင်တော့ ဒီအမေရိကားကနေ ဘယ်နှစ်ရက်အတွင်း ပိုးကင်းစင်ကြောင်းစစ်ဆေးထားတဲ့အတည်ပြုလက်မှတ်လိုတယ်။ အေးရှားနားအဲလိုင်းကမလိုဘူးတဲ့။ ဒါနဲ့ သမီးလည်း သမီးအဖေနဲ့တိုင်ပင်ပြီး အေးရှားနားလက်မှတ်ကိုဝယ်လိုက်တာ ၂ဝ၂ဝ ဒီဇင်ဘာလဆန်းအတွက်ကို ၆ဝ၁ ဒေါ်လာပေးရတယ်။ လက်ခံတာက ပေါင် ၅ဝ တန်ဆာ ထုတ်သယ်ခွင့်ကိုအခမဲ့။ လက်ဆွဲကယ်ရီက ၂၁ ပေါင်။ ဟိုဘက်လေဆိပ်ရောက်ရင်တော့ မြန်မာနိုင်ငံကလာကြိုမယ့် မြန်မာအဲဝေးအင်တာနေရှင်နယ်က ထုတ်ပဲပေးသယ်တော့ တန်ဆာခ ၈၅ ဒေါ်လာပေးရမယ် ငွေသားယူသွားပါ ငွေလဲကောင်တာမှာကိုးရီယားဝမ်ငွေလဲပြီးပေးဆောင်ရမယ်လို့မှာလိုက်တယ်။ 

Monday, December 7, 2020

တတိယဘုရားသခင် Bitcoin အပိုင်းဆက်

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

"တတိယဘုရားသခင် Bitcoin ၁"
(တတိယဘုရားသခင် Bitcoin နဲ့ PayPal)

            ၂ဝ၂ဝ ဒီဇင်ဘာလရဲ့ဈေးကွက်အရပြောရရင် အွန်လိုင်းငွေကြေးလို့ပဲခေါ်ခေါ် အင်တာနက်ပိုက်ဆံလို့ပဲဆိုဆို Bitcoin ရဲ့တစ်ယူနစ်စျေးနှုန်းဟာ ၁၉ဝဝဝ  ဒေါ်လာစျေးဖြစ်လာတာကြောင့်ရင်းနှီးမြှုပ်နှံသူအများစုကိုအံ့အားသင့်စေပါတယ်။ ဒီဈေးဟာပြည်တော်ပြန်တက်လာတဲ့ဈေးပါ။ ဆိုလိုတာက ဒီလို ဒေါ်လာ ၁၆၅ဝဝ ကျော်အထိရောက်လာခဲ့တာဟာ ၂ဝ၁၇ ခုနှစ်အပြီးမှာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

Bitcoin ဆိုတာ ဘာလဲ?           

          ၂ဝဝ၉  ခုနှစ်မှာစတင်ခဲ့တဲ့ Bitcoin ဟာ အဲဒီတုန်းက ပြားဂဏန်း၊ ဆင့်ဂဏန်း-Less than Tenth of A Cent ရှိရာကနေအခုလိုအဆပေါင်းများစွာတန်ဖိုးတက်လာတာကအမှောင်ထဲကရင်းနှီးမြှုပ်နှံသူတွေကြောင့်လို့အများကပြောကြတယ်။

          ရာဇဝင်ကိုလှန်ကြည့်ရင် Bitcoin ဟာ ရာဇဝတ်မှုကျူးလွန်ထားတဲ့ငွေ၊ လက်နက်ဝယ်ဖို့ငွေ၊ မူးယစ်ဆေးဝါးငွေ၊ အကြမ်းဖက်ကိရိယာတွေဝယ်ယူဖို့ငွေ၊ အခွန်ရှောင်ချင်တဲ့ငွေ၊ ခဝါချလျှော်ဖွတ်ချင်တဲ့ငွေ . . စတဲ့ ငွေလွှဲပြောင်းမှုအစုစုကိုချိတ်ဆက်နေတဲ့တိုင်းပြည်တွေရဲ့အစိုးရတွေကိုမသိစေချင်တဲ့ မြေအောက်ဝယ်ယူရောင်းချခြင်း လွှဲပြောင်းမှုတွေကိုကနဦးလုပ်ဆောင်ပေးပါတယ်။

 

        ဆိုလိုတာက မိတ်ဆွေက မေးစီကုန်တိုက်မှာ ရှနဲလ်ရေမွှေးတစ်ပုလင်းဝယ်လို့ ၁၂၅ ဒေါ်လာကိုဘဏ်ကဒ်နဲ့ဆွဲလိုက်ရင် အကြောင်းရင်း ၁။ ဘဏ်မှာမှတ်တမ်းကျန်မယ်  အကြောင်းရင်း ၂။ မိတ်ဆွေဈေးဝယ်ခဲ့တဲ့နေရာ-Location ကိုသိတယ်  အကြောင်းရင်း ၃။ ဘယ်လောက်ငွေသုံးသွားပြီးဘယ်အချိန်ပြန်ဆပ်သွားတယ်ဆိုတဲ့အကြွေးဆပ်မှုသမိုင်း-Credit History ကိုသိတယ်  အကြောင်းရင်း ၄။ အချိန်တန်လို့ ရင်းနှီးမြှုပ်နှံမှုလုပ်တာမျိုး၊ အိမ်ဝယ်တာမျိုးမှာအစိုးရကိုအမြတ်ခွန်ဆောင်ထားကြောင်းကိုအမြဲထောက်လှမ်းနေတဲ့ပြည်တွင်းအခွန်-IRS ကသိတယ်  အကြောင်းရင်း ၅။ ဘာလုပ်လုပ်သိနေတယ် ဘာသုံးသုံးသိနေတယ်ဆိုတဲ့ နေရာတစ်ခုခုကိုအမြဲအသိပေးနေတဲ့ Notification ရှိနေပါတယ်။ 




          တကယ်လို့သာ မေးစီကုန်တိုက်က ရှနဲလ်ရေမွှေးဖိုးကို Bitcoin နဲ့ပေးချေတာကိုလက်ခံမယ်ဆိုရင်တော့ .ဝဝ၆၅ Bitcoin ပေးလိုက်ရမှာပါ (ဥပမာဖြစ်ပါတယ် မေးစီကုန်တိုက်က Bitcoin လက်မခံပါ) ထပ်ရှင်းအောင်ပြောရရင် ဒသမသုံညသုံညခြောက်ငါးရှိတဲ့ Bitcoin ဆိုတဲ့ ဒစ်ဂျစ်တယ်ငွေကြေးဟာ ဒေါ်လာ ၁၂၅ ဒေါ်လာနဲ့ညီမျှနေတာကိုတွေ့ရမှာပါ။ ဒါက Dec 17th, 2020 ရဲ့ 1 Bitcoin to US Dollars လဲလှယ်မှုပေါက်ဈေး ၁၉ဝဝဝ ဒေါ်လာနဲ့တွက်ထားတာပါ။

 

          မပြောကောင်းမဆိုကောင်း နောက်တစ်ရက်မှာ 1 Bitcoin က ဒေါ်လာ ၁၂ဝဝဝ ဈေးဖြစ်သွားရင် မေးစီက သူရောင်းလိုက်တဲ့ရေမွှေးရဲ့တန်ဖိုးဟာ .ဝဝ၆၅x၁၂ဝဝဝ=၇၈ ဒေါ်လာသာတန်ပါတော့မယ်။ ဒါပေမဲ့ 1 Bitcoin က ဒေါ်လာ ၃ဝ၇ဝဝ ဖြစ်သွားခဲ့ရင်တော့ .ဝဝ၆၅x၃ဝ၇ဝဝ=၂ဝဝ ဒေါ်လာရသွားတဲ့သဘောပါ။ ထပ်ရှင်းအောင်ပြောရရင် ၁၂၅ တန်ရေမွှေးပုလင်းတစ်ခုမှာ ကုန်ထုတ်လုပ်ပေးလိုက်တဲ့အလုပ်သမားခကနေ ကုန်တိုက်ပိုင်ရှင်၊ ဘဏ်ကဒ်ကုမ္ပဏီအပြင် အခွန်ဝန်ထောက်ကနေ နိုင်ငံတော်အထိ နောက်ပြောင်းပြန်နိုင်မှု-Traceability ရှိပါတယ်။ Bitcoin မှာတော့ မိတ်ဆွေ=ဝယ်သူ နဲ့ မေးစီ=ရောင်းသူတို့သာရှိပါတယ်။

Saturday, November 21, 2020

နှိမ့်ချဆက်ဆံရင်အလုပ်ထွက်ပစ်လိုက်ပါ

 ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

တစ်နယ်မပြောင်းသူကောင်းမဖြစ်၊ သေချင်တဲ့ကျားတောပြောင်းစတဲ့စကားပုံတွေဟာ အကောင်းနဲ့အဆိုးကိုမျှခြေချနိုင်သူတွေအတွက်အဓိပ္ပာယ်ရှိပေမဲ့ အမေရိကားကို (နည်းမျိုးစုံနဲ့) ရောက်ခါစလူတွေမှာရရာအလုပ်ဝင်လုပ်ရသူတွေအတွက်ရွေးချယ်စရာလမ်းမရှိတတ်ကြပါဘူး။

အလုပ်ကောင်းရသွားရင် ဒီလူတော့ ကံကောင်းလို့အမေရိကားရောက်လာတယ်၊ ရေကန်အသင့်ကြာအသင့် အလုပ်ကအဆင်သင့် နေစရာထိုင်စရာအဆင်သင့်ဆိုပြီးအားကျကြတယ်။ နှိမ်ပြီးဆက်ဆံတတ်တဲ့အလုပ်ခွင်ကလူတွေရဲ့ခံစားချက်ကိုအမျိုးအဆွေတွေကလွဲလို့မသိကြဘူး၊ မမြင်ကြဘူး၊ ကိုယ်ချင်းမစာကြဘူး၊ အားမပေးကြဘူး၊ အချိန်ပေးပြီးနားမထောင်ချင်ကြပါဘူး။

တကယ်တော့ ကံကောင်းတယ်ဆိုတာ (၁) ကျန်းမာရေးကောင်းတာ (၂) အိမ်ထောင်ရေးသာယာတာ (၃) သားသမီးရေးရာစိတ်မပူရတာ တို့ရဲ့နောက်ကမှ (၄) အလုပ်ကောင်းရတာ ကပ်လျက်လိုက်လာတာလို့ပြောချင်တယ်။ စာဖတ်သူဟာ ဒီ (၁) (၂) (၃) နဲ့ (၄) တို့ရဲ့ဦးစားပေးအစီအစဉ်ကိုသဘောတူချင်မှတူမယ်၊ ဘဝင်ကျချင်မှကျမယ်။ ဒီလိုဆိုရင်တော့ ဆက်လက်တွေးတောဖို့ဟာ မိတ်ဆွေဆီမှာတာဝန်ရှိလာပါတယ်။

Wednesday, November 4, 2020

စာအုပ်ချစ်သူများနေ့ ၂ဝ၂ဝ ကိုကြိုဆိုရအောင်

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကြည့်နေတဲ့ဖုန်းမျက်နှာပြင်ကိုပိတ်၊ သုံးလက်စ Facebook App ကိုပိတ်၊ နားထောင်နေတဲ့သီချင်းလေးကိုရပ် စာအုပ်စင်ကစာအုပ်တစ်အုပ်ကိုလက်ကဆွဲပြီး အသံတိတ် စိတ်ထဲကဖတ်လို့ဖြစ်ဖြစ်၊ နားထောင်သူရှိလို့အသံထွက်ဖတ်လို့ဖြစ်ဖြစ်၊ အသံစာအုပ်အတွက်အသံသွင်းဖို့ပဲဖြစ်ဖြစ် တစ်ကမ္ဘာလုံးကစာအုပ်ရေးသူတွေကိုဂုဏ်ပြုဖို့နေ့တစ်နေ့ဟာ ချစ်မိတ်တွေတို့ရဲံ့ရှေ့ကိုရောက်ရှိလာပါပြီ။ နိုဝင်ဘာလ ၇ ရက်နေ့ဟာ ၂ဝ၂ဝ ခုနှစ်အတွက်စာအုပ်ချစ်သူများနေ့ဖြစ်ပါတယ်။

စာအုပ်ချစ်သူများနေ့ဘယ်လိုပေါ်ထွက်လာခဲ့သလဲဆိုတာ နဲ့ ဆင်တူရက်စွဲတွေရှိသလားဆိုတာ အင်တာနက်မှာအငြင်းပွားစရာဖြစ်နေတာ နှစ်တွေအများကြီးကြာမြင့်ခဲ့ပြီးပါပြီ။ လူသိများတာက ဩဂုတ်လ ၉ ရက်နေ့လို့သိရပြီး ကျွန်တော့ရဲ့စိတ်အာရုံကိုဖမ်းစားခဲ့တဲ့ Costco Connection ရဲ့ နိုဝင်ဘာလထုတ်မဂ္ဂဇင်းမှာ နိုဝင်ဘာလရဲ့ပထမသီတင်းပတ် စနေနေ့မှာကျရောက်တဲ့ 7th Nov, 2020 မှာ စာအုပ်ချစ်သူများနေ့ကိုဆင်နွှဲဖို့ဆော်ဩထားပါတယ်။

စာအုပ်စာပေဟာ စာဖတ်သူရဲ့စိတ်ကိုဆွပေးတဲ့အဖြူထည်ဆွဲဆောင်မှုဖြစ်တယ်။ စာဖတ်ခြင်းဟာလူကို အချိန်အတားအဆီး၊ နေရာဒေသအပိုင်းအခြား နဲ့ ယဉ်ကျေးမှုအရံအတားတွေကိုကျော်ဖြတ်ပေးတယ်။ စာဖတ်ခြင်းဟာလူကို စည်းကမ်းလိုက်နာစေသလို တွေးခေါ်မှုအမြင့်အမားဆုံးကိုပို့ဆောင်ပေးတယ်။ စာဖတ်ခြင်းဟာလူကို အမှားထံကသင်ယူခြင်း နဲ့ မျှော်လင့်ချက်မနက်ဖြန်အတွက်မနက်ခင်းမှာနေထွက်ပေးတယ်ဆိုတာ စာဖတ်သူတွေသိပြီးသားဖြစ်လို့အကျယ်တဝင့်မရေးပြတော့ပါဘူး။

Saturday, October 31, 2020

Grief သို့မဟုတ် ဝမ်းနည်းခြင်း

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ဒီစာကိုမရေးချင်ဘဲရေးရတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အောင်လအန်ဆန်းမနိုင်တဲ့ပွဲကြောင့်လူတွေဝမ်းနည်းတဲ့အချိန်ကျမှစဉ်းစားမိတဲ့အချိန်အခါကိုက်အတွေးလေးတစ်ခုဖြစ်နေလို့ ဒီအချိန်မှရာသီစာထရေးနေတယ်ထင်ကြမှာစိုးရိမ်မိလို့ပါ။ တကယ်တော့ ဝမ်းနည်းခြင်းဆိုတာ စိတ်မကောင်းခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ စိတ်အားငယ်သွားခြင်းတို့ထက်ပိုအခံရခက်ပါတယ်။

ဝမ်းနည်းခြင်းကိုဘယ်လိုဖြတ်ကျော်ကြမလဲ။ မှောင်မိုက်ညထဲတစ်ယောက်တည်းတဝဲလည်လည်နဲ့ပြန်မထွက်လာနိုင်တဲ့အခန်းငယ်လေးထဲမှာ ချောင်ပိတ် အလှောင်ပိတ်ခံ အဖန်တစ်ရာနဲ့ဒဏ်ရာတွေကိုစုထားဦးမလို့လား။ မလုပ်ပါနဲ့ဗျာ။ ဒီညသန်းခေါင်ရဲ့ဟိုးတစ်ဘက်မှာ မနက်ဖြန်ရှိတယ်။ မနက်ဖြန်ရဲ့တောင်ထိပ်စူးစူးမှာ နေထွက်ဦးမယ်။ အလင်းရောင်တွေထွန်းပြောင်တောက်ပလာဦးမှာပါ။

ဘဝဟာသာယာပျော်ရွှင်ဖွယ်ကောင်းတယ်။ သေခြင်းတရားကငြိမ်းချမ်းတယ်။ အခက်အခဲဆုံးက ဘဝအစနဲ့အဆုံးကြား နှလုံးသားမှာမထားတတ်တဲ့ စိတ်သဘောထားတွေကြောင့် လူတွေမှာဇာတ်လမ်းအမျိုးမျိုးဖြစ်နေကြတာသေချာပါတယ်။ ပြိုင်ပွဲတစ်ခုရှုံးတာဟာဘဝပျက်တာမဟုတ်ပါ။ ဒီအရှုံးကမိမိကိုဘာသင်ပေးသွားသလဲ၊ မိမိမာနကိုဘယ်လောက်ဆုံးမပေးသွားသလဲ၊ မခံချင်စိတ်နဲ့အရင်ကထက်ပိုမိုကြိုးစားချင်လာအောင်ဘယ်လောက်အထိစွမ်းဆောင်ပေးခဲ့သလဲဆိုတာကသာ သင်ယူတတ်မြောက်ရမယ့်ဘဝကျောင်းရဲ့သင်ခန်းစာဖြစ်ပါတယ်။

Friday, October 23, 2020

ဗင်းနစ်ပုံစံတူတူးမြောင်းလေးကိုရောက်ခဲ့တယ်

 


ကျွန်တော်ခရီးသွားတိုင်း ခရီးသွားမှတ်တမ်းဆောင်းပါးလေး ရေးပေးပါလို့တောင်းဆိုတဲ့ချစ်မိတ်ဆွေတွေအတွက် လမ်းညွှန်နဲ့ရဗျူးမရေးတတ်လို့အားနာရပါတယ်။ အခုလို ကပ်ရောဂါစွဲကပ်နေတဲ့အချိန်မှာခရီးသွားရတာဟာ စွန့်စားမှုတစ်ခုပါ။ ဒီနှစ်မှာ ကျောင်းသားလေး “စွမ်း” ကို လော့စ်အိမ့်ဂျလိစ်အဆောင်ကိုပြန်ဝင်ဖို့သွားရတာကတော့ အမှတ်ရစရာတွေအများကြီးထဲကတစ်ခုအနေနဲ့ကျန်ရစ်ခဲ့ပါတယ်။

ဘယ်အချိန်အိပ်ယာထ၊ အဆင်သင့်လုပ်၊ ဘယ်အချိန်ထွက်ဆိုတဲ့ခရီးစဉ်ဟာကြုံနေကျဖြစ်လို့အထူးအဆန်းမဟုတ်တော့ပါဘူး။ ငှားထားတဲ့ကားကိုမကြိုက်လို့နောက်တစ်စီးသွားလဲရတာ၊ ကားမလဲခင်တင်ပြီးသားပစ္စည်းတွေကိုပြန်ချ၊ ကြိုက်တဲ့ကားရောက်လာတော့ပြန်တင် ဒါတွေကမထူးဆန်းပေမဲ့ ပင်ပန်းဇာတာပါတဲ့၊ နောက်တစ်နေ့ကားမောင်းရမယ့်ကျွန်တော့အတွက် နောက်ကျမှအိပ်ယာဝင်ရတဲ့အခက်အခဲလိုမျိုးမကြုံရလေအောင်ရေးပြတာဖြစ်ပါတယ်။




လမ်းခရီးမှာအားလုံးသာသာယာယာရှိပြီးရာသီဥတုမျှတပါတယ်။ မိုးမရွာတော့ မောင်းရတာစိတ်လက်ပေါ့ပါးတယ်။ လမ်းဘေး ၂ နေရာလောက်မှာတောမီးနှိပ်စက်လို့လောင်ကျွမ်းကျန်ရစ်ခဲ့တဲ့ မြက်ခင်းမည်းအကွက်ကြီးတစ်ချို့သာနည်းနည်းပါးပါး‌တွေ့ရပါတယ်။ ရှူရတဲ့လေဟာ အရင်ကထက်သန့်စင်တဲ့အနေအထားရှိကြပြီး နေရောင်ဟာမပူမပြင်းဘဲ ခပ်တင်းတင်းလေး အပူစွမ်းအင်လေးဆောင်ကျဉ်းပေးပါတယ်။


လမ်းပေါ်မှာခရီးသွားသူတွေပြန်တိုးလာတာနဲ့အချိန်ကိုက် စားသောက်ဆိုင်မှာ To Go တွေက အရင်ပုံမှန်အချိန်တွေလိုပဲရောင်းနေရဆဲ၊ အိမ်သာတွေကတော့ညစ်ပတ်မြဲ၊ ကားပါကင်တွေမှာယင်ကောင်တွေရှိနေဆဲ ဒါတွေကအရင်တုန်းကအတိုင်း မပြောင်းမလဲ။ ပြောင်းလဲလာတာက ဓာတ်အားသွင်းမောင်းရတဲ့ EV-Electric Vehicle တွေ ခရီးတစ်ထောက်နားတုန်းအားသွင်းဖို့နေရာတွေတွေ့ရတယ်။ အထူးသဖြင့် Tesla Charging Station တွေပေါ့။

ကဲ သတင်းတိုလေးပြောပြီးသွားပြီဆိုတော့ ခေါင်းစဉ်အကြောင်းပြောရအောင်။



ဒီတစ်ခေါက်မှာ စွမ်းက သူဖြတ်သွားဖူးပြီးအကျွမ်းတဝင်မရောက်ဖူးသေးတဲ့တစ်နေရာကိုသွားဖို့အကြံပြုတယ်။ တည်းတဲ့ဟော်တယ်နဲ့ ၁၉ မိနစ်ပဲမောင်းရမှာဆိုတော့သွားကြည့်ရအောင်ဆိုပြီးအားလုံးသဘောတူကြတယ်။ လော့စ်အိမ့်ဂျလိစ်မြို့က တစ်နေရာနဲ့တစ်နေရာတော်တော်ဝေးတာဆိုတော့ ၁၉ မိနစ်က တော်တော်နီးတာလို့ပြောရမှာပါ။ သေချာတာတစ်ခုကတော့ အဲဒီနေရာဟာ ကျွန်တော်ဒီဘက်မြေရောက်တဲ့ ၁ဝ နှစ်ကျော်အတွင်းမကြားမိသလို မိသားစုဝင် ၄ ယောက်လုံးမရောက်ဖူးသေးတဲ့နေရာဖြစ်နေတာပါ။

၁၉ဝ၅ ခုနှစ်မှာ မြို့ပြတည်ထောင်သူ အဘော့ကင်နီ-Abbot Kinney က လော့စ်အိမ့်ဂျလိစ်မြို့အနောက်ဘက်ကမ်းခြေမှာ ဗင်းနစ်မြို့-Venice of America ကိုတည်ဆောက်ရင်း ဒေသခံတွေဟာခရီးသွားဆွဲဆောင်မှုပြယုဂ်တစ်ခုကိုလက်ဆောင်ရလိုက်တယ်။ အဲဒါကတော့ အီတလီနိုင်ငံ ဗင်းနစ်လှေလှော်မြို့လိုပုံစံတူတူးမြောင်း-Venice Canal Historic District သမိုင်းဝင်ရပ်ကွက်ဖြစ်ပါတယ်။

သဘာဝအတိုင်း မြို့တွေရဲ့လမ်းသွယ်ထဲကိုရေဝင်နေတာမဟုတ်ဘဲ လူသားတွေလုပ်ဆောင်ထားတဲ့ ဗင်းနစ်ပုံစံတူတူးမြောင်းမှာ လမ်းပတ်ပတ်လည်ရဲ့အိမ်တွေကြားရောက်သွားတော့ လူလျှောက်လမ်းတွေကို အင်္ဂတေခင်းထားတာသပ်သပ်ရပ်ရပ်ရှိလှတယ်။ ရေငြိမ်ဖြစ်ပေမဲ့ အထဲမှာကျင်လည်ကျက်စားနေကြတဲ့ ဘဲခေါင်းစိမ်းတွေက ငြိမ်ငြိမ်မနေကြဘူး။ အိမ်ရှင်တွေထားပေးထားတဲ့ ပေပါ ၄ လုံးထမ်းဘော့ခုံလေးမှာ အစာတွေနဲ့ဘဲချေးတွေရောလို့ သဘာဝကပေးထားတဲ့ တူး‌မြောင်းရေနောက်ကျိကျိရေစီးလမ်းကလေးမှာ အမောအပန်းဖြေနေကြတယ်။

အဘော့ကင်နီတည်ခဲ့တဲ့ ဗင်းနစ်မြို့ကလေးဟာဆွဲဆောင်မှုရှိတာနဲ့အညီ အနှစ် ၂ဝ လောက် သီးသန့်မြို့လေးအနေနဲ့ရပ်တည်ခဲ့တယ်။ ၁၉၂၆ ခုနှစ်ကျမှ လော့စ်အိမ့်ဂျလိစ်မြို့နဲ့ပေါင်းစပ်လိုက်တဲ့အခါ တိုးချဲ့လာတဲ့မြို့လူဦးရေနဲ့အညီ ၁၉၂၉၊ ၁၉၄ဝ ခုနှစ်တွေမှာ ဖောက်ထားတဲ့တူးမြောင်းအခြောက်ကြီးတွေကိုမြေပြန်ဖို့၊ လူနေအိမ်တွေဆောက်လိုက်ကြပြီးကျန်နေတဲ့တူးမြောင်းလိုင်းတွေကိုပစ်ထားလိုက်ကြတယ်။


   နောက်ပိုင်းမြို့လူထုရဲ့တောင်းဆိုမှုနဲ့ထောက်ခံချက်တွေကြောင့် ရံပုံငွေပြန်ရှာပြီး ညစ်ထေးနေတဲ့ရေဆိုးတွေကိုစုတ်ထုတ်၊ လူနေအိမ်ရှေ့မှာလမ်းလျှောက်‌နိုင်ဖို့လူလျှောက်လမ်းတွေပြန်လည်ထည့်သွင်းတည်ဆောက်ပြီး နှစ်ပေါင်း ၄ဝ ကျော်အကြာ ၁၉၉၂ ခုနှစ်ရောက်မှပြန်လည်ပြုပြင်နိုင်တဲ့အခါ ခရီးသွားဆွဲဆောင်မှုသမိုင်းဝင်နေရာအဖြစ် ၁၉၉၃ ခုနှစ်မှာ ဖွင့်လှစ်နိုင်ခဲ့တယ်။


Venice Canal မှာ အဓိကတူးမြောင်း ၄ မြောင်းရှိပြီး ထိပ်ပိတ် နောက်ပိတ်တူးမြောင်းတွေပါပေါင်းလိုက်ရင် စုစုပေါင်း တူးမြောင်း ၆ မြောင်းပါဝင်တယ်။ တူးမြောင်းထဲကိုရေက အနီးက Marina Del Rey ကမ်းခြေကရရှိပါတယ်။ ရေမျက်နှာပြင်အနည်းငယ်နိမ့်တဲ့ ‌ဝေါ်ရှင်တန်လမ်းအနီးမှာရေထိန်းတံခါးထားရှိပါတယ်။

အခုတွေ့ရတဲ့ Venice Canal ဟာ ၁၉ဝ၅ ခုနှစ်စတည်ခဲ့တုန်းက ၁၃ မြောင်းရှိရာကနေ ‌၇ မြောင်းကိုမြေဖို့၊ အိမ်ဆောက်၊ လမ်းဖောက်ခဲ့တာကြောင့် အခုကျန်တဲ့ ၆ ‌မြောင်းဟာ ဥရောပကိုခရီးထွက်ပြီး အီတလီဗင်းနစ်မြို့ရဲ့အလှကိုကိုယ်တိုင်ကိုယ်ကျသွားမကြည့်နိုင်သေးတဲ့ ခရီးသွားတွေကိုအဆွဲဆောင်ကြီးဆွဲဆောင်နေပါတယ်။

တူးမြောင်းကိုကားနဲ့ဖြတ်မောင်းသွားလို့ရအောင် တံတားခုံးလေးတွေခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားတယ်။ အဲဒီအနီးအနားကအိမ်တွေရဲ့ဗိသုကာအဆောက်အဦတွေက အံ့မခန်းချီးကျူးရလောက်အောင်လက်ရာမြောက်တာကိုသတိထားမိတယ်။ ကားပါကင်ရှားသလောက် အိမ်နောက်ဖေးထွက်ပေါက်ကိုမဖြစ်မနေထားရှိကြပြီး နားနားနေနေ ဝိုင်ထွက်သောက်ပြီးစကားပြောနေသူတွေကိုပါတွေ့ခဲ့တယ်။

မိတ်ဆွေတို့ လော့စ်အိမ်ဂျလိစ်မြို့ကိုရောက်လို့သွားလည်ချင်ရင်တော့ Venice Canal က ဝင်ကြေးမပေးရပေမဲ့ စီးလာတဲ့ကားရပ်ဖို့ ကားပါကင်ခက်ခဲတာကိုသတိထားလိုက်ရင် ပျော်စရာအချိန်လေးတွေကြားမှာ စိတ်ရှုတ်စရာတွေကိုအထူးရှောင်ကျဉ်နိုင်မှာဖြစ်ပါကြာင်းတင်ပြလိုက်ပါတယ်။

ခင်လျက် 

ကိုညီညီ (တောင်ကြီး) 

10-21-2020



Wednesday, October 14, 2020

ရွှေလက်တွဲလို့မြဲယှက်စေ


ကျွန်တော်တို့ဇနီးမောင်နှံရဲ့ချစ်သူဘဝကနေချီတက်ခဲ့ကြတဲ့ခရီးလမ်းမှာ သူ့ရဲ့အားပေးမှု၊ ဖေးမမှုတို့ဟာ

အင်အားတစ်ခုအနေနဲ့ပါဝင်ခဲ့တယ်။ တကယ်ဆိုရင် ကျွန်တော်ကစိတ်ပျော့တယ်။ ခံစားတတ်တယ်။

အရှုံးပေးလွယ်တယ်။ မထူးပါဘူးဆိုပြီးအကောင်းမြင်တတ်လွန်းလို့ အခံဘက်ကချည်းချည်းနေခဲ့ရတဲ့

လူငယ်ဘဝအလှည့်အပြောင်းမှာ သူ့ကိုတွေ့ခဲ့တယ်။

          သူက မိန်းမသားပေမဲ့စိတ်မာတယ်။ မဟုတ်တာဆိုရင်မခံချင်ဘူး။ သူ့တစ်သက်လုံးငြိမ်ခံခဲ့တယ်ဆိုတာမရှိဘူး။ လူမကြောက်တတ်တာကလည်းအတုယူစရာ။

          ကြီးရင်မှီငယ်ရင်ချီဆိုတဲ့စကားက ကျွန်တော်တို့ဇနီးမောင်နှံအတွက်သိပ်မမှန်ဘူး။ ကျွန်တော်ကမှီ ကျွန်တော်ကချီရသလို သူကအမြဲတမ်းကလေးလိုနေတယ်။ လူ့ဘဝကိုပျော်ရွှင်စွာနေထိုင်ဖို့သူအမြဲတမ်းကြိုးစားတယ်၊ စဉ်းစားတယ်။

          သူနဲ့ကျွန်တော်စပြီးသိကျွမ်းခဲ့တာကရန်ကုန်ရဲ့အုတ်နီခဲလိမ္မော်ရောင်လေးတွေနဲ့ဆောက်ထားတဲ့ကံကော်မြေပေါ်မှာ။ ‌ကျောင်းအတူတူတက်တယ်။ လိုင်းကားအတူတူစီးတယ်။ ပြောရရင်တော့အများကြီးပဲ။ အင်းယားကန်မှာဗူးသီးကြော်သွားစားတာတို့၊ ကန်တင်းထိုင်တာတို့၊ သံဗူးဖျော်ရည်သောက်တာတို့ မှတ်မိစရာတွေ၊ အတိတ်ကကံကော်တောနေ့ရက်တွေဆီကို သူနဲ့ကျွန်တော်လက်လေးတွဲလို့အတူတူပြန်သွားချင်တယ်။

          အဲဒီတုန်းက ကျွန်တော်ကမင်္ဂလာဈေးမှာအဝယ်တော်လုပ်နေရင်းသူက မိန်းထဲမှာကျောင်းတက်တယ်။ ရှမ်းကုန်းမြေမြင့်ကကုန်သည်လေးက တတိယနှစ်ကိုဆက်မတက်ဘဲ နေ့တိုင်းလိုလိုကျောင်းကိုရောက်နေတယ်။ သူ့အချစ်ဟာဆွဲအားရှိခဲ့တာ အခုဆိုရင် အနှစ် ၃ဝ ကျော်ခဲ့ပြီ။ 

          အဓိပတိလမ်းပေါ်မှာမိုးလေးဖွဲဖွဲအောက်မှ သူ့လက်ကလေးကိုဆုတ်ကိုင်ထားခဲ့တယ်။ ဘွဲ့နှင်းသဘင်ရှေ့မှာဓာတ်ပုံရိုက်တုန်းကလည်း သူ့လက်ကလေးကိုဆုတ်ကိုင်ထားခဲ့တယ်။ အတူထိုင်ခဲ့တဲ့ခုံတန်းလေးတွေမှာလည်း ရဲရဲနဲ့မြဲမြဲ သူ့လက်ကလေးကိုကျွန်တော်လွှတ်မပေးခဲ့ဘူး။ 

          လက်ချောင်း ၅ ချောင်းပါတဲ့လက် ၂ ဖက်တွဲယှက်ရင်း ရင်ခုန်သံညတွေအတူတူဖြတ်ကျော်ပေးခဲ့တဲ့သူ၊ မကောင်းတာနဲ့ကောင်းတာကိုခွဲခြားပြပေးခဲ့သူ၊ မိခင်ရဲ့ချစ်ခြင်းတရားကို သားသမီးနှစ်ယောက်အပေါ်မှာအကုန်အစင်လွှမ်းခြုံပေးသူ၊ မရင့်ကျက်သေးတဲ့ကျွန်တော်နဲ့ရွှေလက်တွဲခဲ့သူရေ မွေးနေ့မှသည်လိုရာဆန္ဒများအမြဲပြည့်စုံပါစေ။ လုပ်ချင်တာမှန်သမျှကြံစည်တိုင်းပြီးမြောက်အောင်မြင်ပါစေ။ 

ချစ်တဲ့

ကို

10-15-2020


Sunday, October 4, 2020

အလုပ်ခွင်မှာပျော်ရဲ့လား? ၄ ပိုင်း

 “အလုပ်ခွင်မှာပျော်ရဲ့လား? ၁”

-အမေရိကားကလုပ်သားဘဝ-

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

  လူတွေဟာစားဝတ်နေရေးအတွက်အလုပ်တစ်ခု ဒါမှမဟုတ် တစ်ခုထက်မနည်းတဲ့အလုပ်တွေကိုလုပ်ကြရတယ်။ အလုပ်ကရတဲ့ဝင်ငွေနဲ့ဘဝရပ်တည်၊ စားစရာသောက်စရာတွေကိုစားပွဲခုံပေါ်အရောက်ပို့၊ သားသမီးတို့ပညာရေးအတွက်အာမခံချက်ယူ၊ နောက်နေ့မနက်ဆက်ရမယ့်ဘဝခရီးအတွက်အစီအစဉ်တွေချ ဒီလိုလှပတဲ့လုပ်ဆောင်ချက်တွေကိုပုံဖော်ကြပါတယ်။


ဒီနေရာမှာ အလုပ်နဲ့ငွေ၊ ငွေနဲ့အလုပ်ခွဲခြားလို့မရတာကလူတွေရဲ့လက်ရှိဘဝကိုတွန်းအားဖြစ်စေပါတယ်။ ဒီတွန်းအား‌ကြာင့်ငွေရဖို့လူတွေအလုပ်သွားကြရသလို အလုပ်ကိုလူတွေလုပ်ပေးကြလို့အလုပ်ရှင်တွေအမြတ်အစွန်းရတဲ့ကော်ပိုရိတ်စံနစ်၊ ကုမ္ပဏီစံနစ်တွေအောင်မြင်ကြတယ်။

ဒီလိုအပြန်အလှန်အကျိုးပြုနေတဲ့အညမညဖြစ်စဉ်ကနေ လူနဲ့သက်ရှိတွေအသက်ရှင်နေထိုင်ဖို့အဖြေတွေကိုပေးပါတယ်။ မပေးနိုင်တဲ့အဖြေကတော့လူတွေအလုပ်သွားကြတဲ့အခါ “အလုပ်ခွင်မှာပျော်ရဲ့လား?” ဆိုတာကိုပါ။

ဒီဘက်‌‌မြေပေါ်ကကျောင်းတွေဟာကမ္ဘာမှာနာမည်ကြီးတယ်။ ၁ တန်းကနေ ၁၂ တန်းအထိအစိုးရစားရိတ်နဲ့ကျောင်းတက်ခ အခမဲ့။ မိသားစုကကုန်ကျတာဆိုလို့နှစ်တိုင်းကျောင်းအပ်တဲ့အခါဝယ်ရတဲ့ ၁ နှစ်ပတ်လုံးအတွက်ကျောင်းသားရဲ့အစီအစဉ်တွေကိုချရေးဖို့နဲ့အိမ်စာတွေကိုမှတ်သားဖို့ အချိန်ဇယား-Planner ကိုဝယ်ရတာရယ်၊ ကျောင်းသားလှုပ်ရှားမှုတစ်ချို့အတွက်ကုန်ကျစားရိတ်နည်းနည်းသာရှိပါတယ်။

အဲဒီလောက် ၁၂ နှစ်လုံးလုံးသင်ခဲ့တဲ့ကျောင်းပညာရေးကကျောင်းပြီးသွားရင်အလုပ်ခွင်ကိုဝင်နိုင်ဖို့ကိုဦးတည်ပြီး ဘွဲ့တွေ ဒီဂရီတွေယူဖို့ငွေအကုန်အကျခံပြီးတက်လေပါမှ “အလုပ်ခွင်ကောင်းကောင်း၊ လစာကောင်းကောင်းရကြစေ” ဆိုတဲ့အသိကိုရိုက်ထည့်ပေးလိုက်ကြတယ်။ စာတော်လေလေ၊ လိုင်းကောင်းကောင်းရလေလေ၊ နေရာကောင်းကောင်းမှာငွေများများရနိုင်အောင်ဈေးကြီးတဲ့ကောလိပ်ကျောင်းတွေကိုချေးငွေနဲ့စပြီးတက်ကြရတယ်။

အမေရိကန်နိုင်ငံဟာကမ္ဘာမှာအဆိုးနဲ့နာမည်ကြီးတာ “စစ်ရေးနဲ့အကြွေး” ပါ။ အကောင်းနဲ့နာမည်ကြီးတာကျပြန်တော့ “စီးပွားရေးနဲ့ပညာရေး” လို့သိထားကြပါတယ်။ စီးပွားရေးထိပ်တန်းဆိုတာကအကြွေးမရှိဘူးလို့ပြောတာမဟုတ်ပါဘူး။ အစိုးရကိုယ်တိုင်ကကမ္ဘာမှာအကြွေးအထူဆုံးအစိုးရဆိုတော့သူ့ရဲ့ပြည်သူတွေဟာအကြွေးမကင်းတာအံ့သြစရာမဟုတ်ပါ။

အိမ်ဖိုးအကြွေး၊ ကားအကြွေး၊ အိမ်လခအကြွေး၊ ခရက်ဒစ်ကဒ်အကြွေး၊ ‌ကျောင်းလခအကြွေး စတာတွေထဲကတစ်ခုခုရှိနေမှအမေရိကန်လူမျိုးပီသတယ်လို့ဆိုကြတယ်။ ဒီအကြွေးတွေကိုနောင်တစ်ချိန်ဘယ်လိုဆပ်ရမလဲဆိုတာ ကောလိပ်မတက်ခင်အထက်‌တန်းဘဝထဲကနေကျောင်းသားတစ်ယောက်ဟာကြိုသိနေပါတယ်။

အစိုးရကပေးတဲ့‌ထောက်ပံ့ကြေး‌နဲ့ငွေစီးကြောင်းမှာ ခိုစီးလိုက်၊ ဈေးကြီးတဲ့ဇိမ်ခံပစ္စည်းတွေကို ဝယ်ခြမ်းလိုက်၊ ငွေမလောက်‌တော့ခရက်ဒစ်ကဒ်နဲ့ အကြွေးထုတ်ဝယ်လိုက်၊ ငွေလိုလာတော့အရင်ကိုယ်ဝယ်ထားတဲ့ပစ္စည်းကိုမတန်တဆနိမ့်တဲ့‌ဈေးနဲ့ eBay ပေါ်တက်ရောင်းလိုက် နဲ့ အမေရိကန်တို့ရဲ့အကြွေးသံသရာထဲမှာစည်းချက်ညီဝါးချက်မှန် အရုပ်သဏ္ဍန်ထင်ဖို့ ပုံမှန်ပါဝင်လှုပ်ရှားရတယ်။ ဒီအရင်းခံအကြောင်းရင်းတွေ‌ကြောင့်ပဲအလုပ်ကိုနေ့တိုင်းသွားကြရတယ်။

ဒါပေမဲ့ အစိုးရကျောင်းအားလုံးဟာ ကလေးငယ်၊ ကျောင်းသားတွေကိုသူဌေးဖြစ်နည်းမသင်ပေးလိုက်ကြသလို ငွေပိုရင်ဘဏ်မှာအပ်၊ ငွေလိုရင်ချေးသုံး၊ အလုပ်လုပ်ပြီးဆပ်လို့သင်ပေးလိုက်တယ်။

ဒါကြောင့် “ကျောင်းပြီးသူအများစု” ဟာ ကျောင်းပြီးသွားရင် ဝန်ထမ်းအများစုဖြစ်သွားကြပြီး အကြံကောင်းတစ်ချက်နဲ့ဖောက်ထွင်းတိုးထွက်ကုမ္ပဏီထောင်ပြီးကြီးပွားချမ်းသာသွားတဲ့သူဆိုတာသိပ်ရှားပါတယ်။ ဒါကြောင့် အမေရိကန်အိပ်မက်မက်ကြမယ်ဆိုပြီး အသစ်ပြောင်းရွှေ့လာတဲ့ New Immigrants တွေထဲမှာသူဌေးဖြစ်အောင်လုပ်နိုင်တဲ့အကြံဉာဏ်တွေပါလာကြတယ်

နောက်ဆုံးစာရင်းချုပ်လို့အနှစ်ထုတ်လိုက်တော့ သူဌေးဖြစ်တာမဖြစ်တာအသာထား နောက်တစ်ရက်မနက်အိပ်ယာထရင်အလုပ်ကိုမနောက်မကျစေနဲ့ဆိုတာက မကြားချင်မှအဆုံး ကြိမ်ဖန်များစွာရိုက်ခတ်နေတဲ့အမေရိကန်လုပ်သားတစ်ယောက်ရဲ့ရင်တွင်းစကားပဲ့တင်သံတွေသာဖြစ်ပါတယ်။


“အလုပ်ခွင်မှာပျော်ရဲ့လား? ၂”

-အလုပ်နဲ့အလာဂျီ-



         
ကြက်ဉနဲ့ဖရဲသီး၊ ပါရာစီတမောနဲ့ကိုကာကိုလာတို့မတည့်ကြတာလူတွေသိကြပေမဲ့ လူတွေသွားတဲ့အလုပ်ခွင်ဟာလူတွေနဲ့တည့်မတည့်စဉ်းဆိုတာစားဖူးရဲ့လား? ဒါဆိုရင်လူတွေအားလုံးကအလုပ်နဲ့တည့်နေကြတယ်လို့ပြောရင်မှန်နေ‌ရောလား? အဖြေကတော့ အလုပ်ခွင်နဲ့လုပ်သားတို့ဟာအလုပ်သွားတဲ့စိတ်ထားအပေါ်မူတည်တယ်လို့ပြောပြပါရ‌စေ။

အစားအသောက်တစ်ခုခုနဲ့မတည့်လို့အရေပြားယားယံတာ၊ အဖုအကျိတ်တွေထွက်လာတာ၊ မူးရီဝေတာ၊ ဗိုက်နာတာ စတာတွေဟာအစားနဲ့မတည့်တာဖြစ်နိုင်သလိုတစ်ခြားရောဂါတစ်ခုကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကို Food Allergy လို့ လူသိများကြတယ်။

လူတွေအလုပ်မှာမပျော်တဲ့အခါ အလုပ်နဲ့အလာဂျီဖြစ်တယ်လို့ဟာသအနေနဲ့နောက်ပြောင်ကြတာကိုကြားတာကနေ လူတွေဟာ အမှန်တကယ်အလုပ်ခွင်မှာပျော်ရဲ့လား? ဆိုတဲ့အတွေးအရှည်ကြီးကကျွန်တော့စိတ်တွေကိုသုတေသနလုပ်ဖို့စေခိုင်းနေပါတယ်။

အထူးသဖြင့်လူနဲ့အလုပ်အလာဂျီအဖြစ်ဆုံးနေ့ဟာ တနင်္လာ၊ လူနဲ့အလုပ်သဟဇာတအဖြစ်ဆုံးနေ့ဟာ သောကြာ၊ ဒါကိုတော့ရှင်းပြဖို့မလိုတော့ဘူးထင်ပါတယ်။ ၅ ရက်အလုပ်လုပ် ၂ ရက်နားစံနစ်ဟာလူတွေကိုအနားရစေတယ်။ အားပြည့်စေတယ်။ ဒါပေမဲ့ နားရတာ ဒီ ၂ ရက်နဲ့အားမရတဲ့အခါ တနင်္လာနေ့ကိုငှားသုံးကြတယ်။

မနက်ဆိုရင်အိပ်ယာကမထချင်၊ အလုပ်ထဲမှာအိပ်ငိုက်၊ ဘာလုပ်လုပ်စိတ်မပါ ခက်နေပါရောလား။ ဒါကြောင့်တစ်ချို့ကငေါ့ပြီး တနင်္လာနေ့မနက်ကို Happy Monday လို့ပြောပြီးနှုတ်ဆက်လိုက်တယ်။ ဘယ်သူကတနင်္လာနေ့မနက်အလုပ်တက်တာပျော်ပါ့မလဲ။ အမှန်က နားရတော့မယ့်သောကြာနေ့ရောက်မှ "ငါတို့နားရတော့မယ်ဟေ့" ဆိုပြီး Happy Friday လို့ နှုတ်ဆက်ကြတာမဟုတ်လား?

တကယ်ပြောရရင်ကုမ္ပဏီတွေဟာသူတို့အလုပ်ကိုကုန်ထုတ်လုပ်မှု-Productivity ကောင်းကောင်းပေးနိုင်တဲ့အရည်အသွေးပြည့်လုပ်သား-Skillful Worker ကိုသာငှားလိုကြတယ်။ ကုမ္ပဏီရဲ့ရာထူးအဆင့်ဆင့်သောပညာရှင်တွေစီမံသလို အောက်ကလူတွေကအလုပ်ကိုအသေလုပ်၊ ပစ္စည်းများများထုတ်၊ မားကက်တင်းသမားကဈေးတကာပတ်ရောင်း၊ ငါတို့ကမင်းတို့ကို “ကောင်းကောင်းကြီးအုပ်ချုပ်မယ်” ဆိုတဲ့ စီးပွားရေးဗျူရိုကရေစီဟာ အမေရိကားမှာမျိုးမသုဉ်းသေးပါဘူး။

ကုမ္ပဏီဘက်ကကြည့်ရင်လည်းဟုတ်နေပြန်တယ်။ ၁ နာရီကြာလို့ ဒေါ်လာ ၂ဝ ပေးငှားထားတဲ့ဝန်ထမ်းအယောက် ၁ဝဝ ရဲ့ထွက်ကုန်ဟာ အရောင်းသမား-Promoter တစ်ယောက်ရောင်ပြီးပြန်ဝင်လာတဲ့ငွေ ဒေါ်လာ ၁ဝဝဝဝ မရရင်ရှုံးပါတယ်။ ဟုတ်ပါတယ် ၁ နာရီခရဲ့ ၅ ဆပါ။ ဒီအထဲမှာအပေါ်ကပြောခဲ့တဲ့ရာထူးအလိုက်လခကြီးကြီးယူထားသူတွေရဲ့ရပိုင်ခွင့်တွေ၊ ကုမ္ပဏီရဲ့ရင်းနှီးမြှုပ်နှံမှုတွေ၊ လက်ကျန်ကုန်တွေ နဲ့ ကုန်ကြမ်းပစ္စည်းတွေအပြင် ကုမ္ပဏီတစ်ခုလုံးကိုပေးထားရတဲ့အကျိုးခံစားခွင့်-Benefit တွေဟာဈေးကြီးလှပါတယ်။

ဆိုလိုတာက ၁ ဒေါ်လာရင်းလိုက်ရင် ၄ ‌ဒေါ်လာမြတ်မှအရင်းရတာ အမေရိကန်ကုမ္ပဏီတွေပါ။ ဒါကြောင့် အမေရိကားမှာ ဘာထုတ်လုပ်ထုတ်လုပ်ဈေးကြီးတယ် အလုပ်သမားခန့်ပြီးခိုင်းရတာဈေးမြင့်တာကိုး။ ဒီကြားထဲ တနင်္လာနေ့အလုပ်လာသူတွေရဲ့ကုန်ထုတ်လုပ်မှုကအပျင်းကြီးမှုနဲ့သာလွန်ဆွဲနေတဲ့ အလုပ်နဲ့အလာဂျီဖြစ်ထားတဲ့လုပ်သားတွေကြောင့် ကုမ္ပဏီတစ်ခုရဲ့အမှားအလုပ်ဆုံးနေ့ဟာ တနင်္လာနေ့လို့ပြောကြ‌တာကြိမ်ဖန်များစွာကြားဖူးခဲ့တာပေါ့။


“အလုပ်ခွင်မှာပျော်ရဲ့လား? ၃”

-လူချင်းတူပေမဲ့အခွင့်အရေးချင်းမတူ-



ငွေသာရရင်ဘာမဆိုလုပ်တဲ့တရုတ်နိုင်ငံမှာအလုပ်အပ်ကြတဲ့ လူ့အခွင့်အရေးအတွက်အလုပ်လုပ်ပါတယ်ဆိုတဲ့အမေရိကန်နိုင်ငံရဲ့အာမခံချက်ဟာဘယ်လောက်ကြီးကြီးမားမားကျန်နေပါသေးသလဲ? ဒီအဖြေကိုရှာဖို့လေ့လာသုံးသပ်ကြည့်ရအောင်။


သူ့နိုင်ငံမှာလုပ်ခဈေးကြီးလို့တစ်ခြားဈေးသက်သာတဲ့နိုင်ငံမှာကန်ထရိုက်စံနစ်နဲ့အလုပ်အပ်လိုက်ရုံနဲ့အမေရိကားဟာဖြေရှင်းလို့မရတဲ့အလုပ်သမားအခွင့်အရေးနိမ့်ပါးမှုကိုရှောင်ကွင်းနိုင်လိုက်တာမဟုတ်ပါဘူး။ နည်းပညာနဲ့ပတ်သက်တာ၊ မူပိုင်ခွင့်နဲ့ပတ်သက်တာ၊ စားသောက်ဆိုင်လုပ်ငန်းနဲ့ပတ်သက်တာ၊ လုပ်ခရှင်းခြင်း-Payroll Processing နဲ့သက်ဆိုင်တာအပြင် အခြေခံနာရီစားလုပ်ခ/အနည်းဆုံးလုပ်ခနဲ့ခန့်ထားတဲ့လုပ်သားတွေအပေါ်မှာတော့ မသိကျိုးကျွံချိုးဖောက်နေတုန်းပဲဆိုတာလေ့လာမိတယ်။

ဉပမာ စာဖတ်သူမှာအလုပ်ကုမ္ပဏီတစ်ခုရှိတယ်ဆိုပါစို့။ ကုမ္ပဏီပိုင်ရှင်အောက်မှာ ဒါရိုက်တာ၊ မန်နေဂျာ၊ ကြီးကြပ်ရေးမှူး၊ လုပ်သားခေါင်ဆောင်စတာတွေရှိကြမှာပေါ့။ ဒါပေမဲ့ အဲဒီရာထူးအဆင့်ဆင့်ဟာ ဘာပစ္စည်းမှမထုတ်နိုင်ဘူး။ တကယ်ထုတ်လုပ်နိုင်တဲ့လုပ်သား-Product Builder တွေကိုငှားရမ်းရတယ်။ အဲဒီထဲမှာ အမေရိကားကိုရောက်လာပေမဲ့အင်္ဂလိပ်စကား လုံးစေ့ပတ်စေ့မတတ်သူတွေကိုငှားမလား စကားတတ်သူတွေကိုငှားမလား? စကားတတ်သူတွေကိုပဲငှားမှာပေါ့ မဟုတ်ဘူးလား။

ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက အင်္ဂလိပ်စကားတတ်သူရော မတတ်ကြသူတွေပါအမေရိကားရောက်ချင်ပေမဲ့ အမေရိကားရောက်လာသူတိုင်းဟာအင်္ဂလိပ်စကားတတ်သူ‌တွေမဟုတ်ဘူးဆိုတာပါပဲ။

ဒါကြောင့် စာဖတ်သူရဲ့ကုမ္ပဏီမှာ အင်္ဂလိပ်စကားတတ်သူခေါင်းဆောင်က အင်္ဂလိပ်စကားမတတ်သူလုပ်သားကိုနှိမ်လို့နှိမ်မှန်းမသိတော့ဘူး။ ဒါမျိုးကအောက်ကခံရသူဆီကသာကြားရတဲ့ဇာတ်လမ်းမျိုးဆိုတော့ စကားမပေါက်သူကအထက်အုပ်ချုပ်သူတွေအထိမပေါက်ရောက်တာမဆန်းတော့ဘူးလေ။

ဒါတင်ဘယ်ကဦးမလဲ တရားမဝင်ရောက်လာပြီးအမေရိကား‌မှာအလုပ်လုပ်နေကြသူတွေကရှိသေးတယ်။ သူတို့မှာဘာကဒ်ပြားတစ်ခုမှမရှိတာကလွဲရင် လူချင်းလူ လက်နှစ်ဘက်ပါတာချင်းအတူတူဘာမှမကွာခြားဘူး။ တရားဝင်မဟုတ်တာကိုနိုင်ကွက်အနေနဲ့ထစ်ထားပြီးအလုပ်ရှင်က စာရွက်စာတမ်းပြည့်စုံသူလုပ်သားတွေနဲ့တန်းတူလုပ်ခမပေးလည်းလုပ်မှာကိုသိနေ‌တော့ ဒီနေရာမှာအမေရိကားရဲ့လူ့အခွင့်အရေးကကျိုးပေါက်ပြန်တယ်။ ဒါက စာဖတ်သူကိုအလုပ်ရှင်နေရာကစဉ်းစားခိုင်းတာနော်။ အခု လုပ်သားနေရာကနေစဉ်းစားခိုင်းကြည့်မယ်။

စာဖတ်သူက အမေရိကားကိုအလည်လာပြီးမပြန်ချင်တော့တဲ့အခါ ဟိုကိစ္စ ဒီကိစ္စတွေဗန်းပြပြီးခိုလှုံခွင့်တွေလျှောက်ကြတာကတစ်ပိုင်းပေါ့။ ဒါက အနည်းစု။ အများစုကဒီနေ့စားဖို့သောက်ဖို့ ၃ နှပ်မှန်ရေးအတွက်ရရာအလုပ်ဝင်လုပ်တဲ့အခါ တရားဝင်သမားတွေထက်မတရားနှိမ်ပြီးပေးရင်ငြင်းနိုင်ပါ့မလား။ တရားဝင်သမားတွေ ၁ ရက် ၈ နာရီလုပ်ရတဲ့အလုပ်ကို ၁ဝ နာရီလုပ်ရမယ်ဆိုတော့‌ရော စောတကတက်ရဲလို့လား။ လက်ခံလိုက်ကြရတာပဲမဟုတ်လား။ ဒီနေရာမှာစိန်ခေါ်မှုကလိုက်လာပြီ‌လေ။

ဘယ်အချိန်ရဲနဲ့တွေ့မလဲဆိုတာစိုးရိမ်နေရသူ၊ ဘယ်အချိန် ရေခဲရဲ-ICE တွေအိမ်တံခါးလာခေါက်မလဲတွေးပူနေရသူ၊ ဆောက်လုပ်ရေးပစ္စည်းရောင်းတဲ့ဆိုင်ရှေ့မှာကူလီငှားမယ့်သူကိုမျှော်နေရသူ၊ သူ့အဖွဲ့ကိုယ့်အဖွဲ့ကွဲနေတဲ့အားပြိုင်ဂိုဏ်းတွေကြားကအလုပ်ခွင်ကိုဝင်ရမယ့်သူတွေနဲ့စားသောက်ဆိုင်မှာအနှိမ်ခံအောက်ခြေသိမ်းလုပ်ရသူတွေဟာ အလုပ်ကိုသွားတာပျော်ပါးမလားဆိုတာကိုယ်ချင်းစာကြည့်ကြပါ။

နောက်ထပ်အလုပ်ခွင်မှာမပျော်တဲ့အဖြစ်အများဆုံးကိစ္စတစ်ခုက လူတစ်ယောက်ယောက်နဲ့မတည့်တဲ့အလုပ်ကိုနေ့တိုင်းသွားနေရတာပါ။ မတည့်ဘူးဆိုတဲ့နေရာမှာ မိမိကိုအနိုင်ကျင့်နေသူရှိမယ်၊ ကာမအိန္ဒြေထိပါးချင်သူရှိမယ်၊ ဆဲဆိုကြိမ်းမောင်းကောင်းကောင်းမဆက်ဆံသူရှိမယ်၊ အပြစ်အားလုံးကိုပုံချတတ်တဲ့လုပ်ဖော်ကိုင်ဘက်ရှိမယ်၊ ပြောရဆိုရရှင်းပြရခက်တဲ့အထက်လူကြီးရှိမယ်၊ ခက်ခဲကြမ်းတမ်းပြီးညစ်ပတ်နံစော်တဲ့အလုပ်ခွင်ရှိမယ်။

ဒါတွေအပြင် မိမိကိုအုပ်ချုပ်နေတဲ့ခေါင်းဆောင်၊ ကြီးကြပ်ရေးမှူးတို့ရဲ့အသုံးမကျမှု၊ တဇွတ်ထိုးဆန်မှု နဲ့ ဘက်လိုက်မှုတွေကိုအမြဲတွေ့နေရတာမျိုးကြောင့်လည်းအလုပ်နဲ့လူနဲ့မတည့်တာတွေရှိပါမယ်။

ဒါတွေကိုဖြေရှင်းတတ်ဖို့ ကျောင်းသားဆိုရင်အထက်တန်းမှာအလုပ်ခွင်ဆက်ဆံရေးသင်တန်းတွေပေးတယ်။ အလုပ်ခေါ်ပေးတဲ့အေဂျင်စီဆိုရင်အင်တာဗျူးခေါ်ရင်းနဲ့လက်တွေ့ဖြစ်ဖြစ် ဗီဒီယိုတွေဖွင့်ပြီးဖြစ်ဖြစ်ရှင်းပြတယ်။ လက်တွေ့အလုပ်ခွင်မှာ ဒါမျိုးနဲ့ရင်ဆိုင်ရပြီဆိုရင်တော့ လူသားအရင်းအမြစ်ဌာန-HR-Human Resources ရှိတယ်။ တိုင်တန်းပြောဆိုဆွေးနွေးအဖြေရှာရင်းမပျော်တဲ့အလုပ်ခွင်ကိုနေ့တိုင်းသွားလို့ပျော်အောင်အသွင်ပြောင်းပေးနိုင်ပါတယ်။



“အလုပ်ခွင်မှာပျော်ရဲ့လား? အပြီးသတ် အပိုင်း ၄”

-မတူကွဲပြားလူမျိုးခြားနဲ့အလုပ်ခွင်-



  အလုပ်ခွင်တစ်ခုရဲ့ခေါင်းဆောင်အတွက်အဝေဖန်ခံရဆုံးနဲ့မှန်ကန်တဲ့လုပ်ရပ်ဖြစ်ဖို့အလိုအပ်ဆုံးက အလုပ်ခွင်မှာရှိတဲ့မတူကွဲပြားတဲ့လုပ်သားတွေရဲ့သဘာဝအမျိုးမျိုးရဲ့ဆတ်ဆတ်ထိမခံတဲ့ခံစားမှုတွေပဲဖြစ်ပါတယ်။ အလုပ်ကိုလာတာပျော်နေတဲ့ခေါင်းဆောင်တစ်ယောက်ဟာ သူ့ရဲ့ဆတ်ဆတ်ထိမခံတဲ့ခံစားမှုတွေကိုချိုးနှိမ်ထားတတ်ကြတယ်။ ဒါ့အပြင် မိမိအောက်ကလုပ်သားတွေရဲ့နိစ္စဓူဝနေသားကျနေတဲ့ဘဝတွေအပြင် သူတို့ရဲ့နောက်ခံမိသားစုအကြောင်းတွေကိုပါလေ့လာထားတတ်ကြတာအတုယူစရာပါ။


ဘာသာမတူတဲ့လုပ်ဖော်ကိုင်ဘက်ကြားမှာ သူကိုးကွယ်တဲ့ဘာသာကဘာဖြစ်လို့၊ သူဝတ်တဲ့ရိုးရာဝတ်စုံကဘာအရောင်ကြီးမှန်းမသိဘူးဆိုတာမျိုးဆတ်ဆတ်ထိတာမခံနိုင်လောက်တဲ့စိတ်မျိုးဝင်မယ့်အစား သူတို့ဘာသာနဲ့ယဉ်ကျေးမှုတွေကထူးခြားတယ်၊ လေ့လာရမယ်ဆိုတဲ့စိတ်နဲ့နေထိုင်တတ်ဖို့ အမေရိကားအလုပ်ခွင်တွေမှာသင်တန်းပေးကြပါတယ်။ ဒီလို “အလုပ်လာရင်ပျော်ရမယ်” ဆိုတဲ့စကားတွေကိုတွင်တွင်ပြောတဲ့သင်တန်းတွေမှာ . .

မတူကွဲပြားပေမဲ့ထူးခြားတာကိုရှာပါ
________________________
ပြဿနာအများစုဟာလုပ်ဖော်ကိုင်ဘက်အချင်းချင်းကြားကချိုးချိုးနှိမ်နှိမ်အကဲဖြတ်မှုတွေကြောင့်ဆိုတာပြောပြတယ်။ မိမိမြင်တဲ့နေရာကြောင့်ရှုထောင့်အမျိုးမျိုးကွဲသွားနိုင်တဲ့အကြောင်းနမူနာပေးပြီးရှင်းပြပါတယ်။ တကယ်လို့ “သူကဘာကြောင့်ငါနဲ့မတူရသလဲ” ဆိုတဲ့မေးခွန်းမမေးခင် မိမိကိုယ်ကိုဆန်းစစ်ကြည့်ဖို့မေးခွန်းတွေကိုချရေးခိုင်းပါတယ်။

၁. ဘာကြောင့်ဒီလိုတွေးမိတာလဲ

၂. မင်းတို့မြင်ထားတဲ့ရှထောင့်ကိုရှာတွေ့နိုင်မယ့်စာအုပ်စာပေဖတ်နိုင်မယ့်နေရာကိုဘာကြောင့်မမေးမိတာလဲ

၃. ငါ့ကိုမျှဝေဖို့ခက်ခဲစေတဲ့အကြောင်းရင်းတစ်ခုခုများငါ့ဆီမှာရှိနေလို့လား ဆိုတာတွေပါပဲ။


ခက်ခဲတဲ့စကားဝိုင်းတွေကိုမရှောင်ပါနဲ့
_________________________
ဒီသင်ပြချက်ရဲ့ဗဟိုချက်မက မတူညီတဲ့ယဉ်ကျေးမှုကိုဂရုမမူစေဘဲအခြေခံတူညီမှုတစ်ခုကိုစတင်ရှာဖွေစေပါတယ်။ ဉပမာ-ကားဘီးတပ်တဲ့အခါ မိမိကဘယ်ဘက်တတ်ပြီးတာနဲ့နောက်တစ်ယောက်ကိုလွှဲပြောင်းပေးလိုက်တာမျိုး၊ သူများကညာဘက်ဘီးတပ်ပြီးလို့မိမိကိုလွှဲပြောင်းပေးလာတဲ့အခါ ကြည်ကြည်သာသာကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေဖို့ပြောပြပါတယ်။

လူဖြူ လူမည်း၊ ခရစ်ယာန် အစ္စလမ်၊ ဆံပင်တို ကျစ်ဆံမြီးဆံပင် ဘာမှမရှိတော့ပါ။ လူတစ်ယောက်ကနောက်လူတစ်ယောက်နဲ့အလုပ်တွဲလုပ်တယ်။ တစ်ယောက်နဲ့တစ်ယောက်လေးစားမှုရှိတယ်ဆိုတာကစရပါမယ်။

တစ်ဉီးချင်းစီအောင်ပွဲခံပါ
_________________
ခေါင်းဆောင်တစ်ယောက်ရဲ့အလုပ်ကမိမိအောက်မှာရှိတဲ့လုပ်သားတိုင်းကို ဘယ်ဘာသာ၊ ဘာအသားအရောင်၊ ဘယ်လိုအဝတ်အစားဝတ်ထားတာကိုအသိအမှတ်ပြုရင်း မိမိလက်အောက်မှာစည်းစည်းလုံးလုံးအလုပ်လုပ်နိုင်စေဖို့တစ်ယောက်ချင်းစီကိုအားပေးစကားပြောတာဟာရည်မှန်းချက်ဆီရောက်အောင်တစ်လှမ်းချင်းသွားနေတာဖြစ်ပါတယ်။

မိမိ=ခေါင်းဆောင်တစ်ယောက်ရဲ့တန်ဖိုးဟာဘာလဲ လုပ်ဖော်ကိုင်ဘက်=လုပ်သားတွေရဲ့တန်ဖိုးဟာဘာလဲ ဆိုတာ အထက်ကနေအောက်၊ အောက်ကနေအထက် အမြဲသတိပေးနေရမှာဖြစ်တယ်။ ဒီလိုတစ်ဦးချင်းစီကိုတန်ဖိုးထားတတ်တဲ့စိတ်ဟာ မတူညီမှုကိုထပ်ပြီးခွဲခြားသလိုမဖြစ်စေသွားစေဖို့နဲ့နှိမ်ချဆက်ဆံမှုတွေကိုလုံးဝမလုပ်မိဖို့လိုအပ်လှပါတယ်။ ဒါမှသာစက်ရုံအသိုင်းအဝိုင်း၊ လုပ်ငန်းခွင်မိသားစုတွေရဲ့ဘေးကိုခွဲထွက်ရှောင်ခွာမိနေသူတွေကိုသတိထားမိမှာပါ။

အားလုံးကိုခြုံပြီးပြန်ကောက်ရရင် အလုပ်ခွင်တစ်ခုမှာပထမအရေးကြီးဆုံးကမူဝါဒပါ။ နောက်ကမှ လုပ်ပုံလုပ်နည်း လုပ်ငန်းစဉ်နဲ့လုပ်သားတွေကိုအုပ်ချုပ်တဲ့စံနစ်ကြီးတစ်ခုလုံးဟာမျှမျှတတရှိနေဖို့လိုပါတယ်။ လုပ်ခငွေရတဲ့လုပ်သားဆိုတာက ကုမ္ပဏီကထွက်ကုန်တွေရောင်းရငွေထဲက ကုန်ကျစားရိတ်၊ ကုန်ကျစားရိတ်ငွေထဲက လုပ်ခဆိုတာမျိုးတွက်ချက်ကြရတာ။

ဒါကြောင့် တစ်ရက်တစ်ရက်အလုပ်လာတဲ့လုပ်သားတွေဟာအလုပ်ခွင်မှာမပျော်ဘဲမကျေနပ်မှုတွေကိုရှေ့တန်းတင်၊ ရာထူးတက်ဖို့လူရာဝင်ချင်ရုံလောက်နဲ့သာအလုပ်လုပ်ကြရင် ကုန်ပစ္စည်းအထွက်နှုန်းနည်းနေသမျှကာလပတ်လုံး ဒီအလုပ်မှာမြဲဖို့အာမခံချက်ဟာလည်း ဝေဝါးနေမှာဖြစ်ပါတယ်။ ဒါက လုပ်သားနေရာမှာစာဖတ်သူကိုနေခိုင်းတာ။

ခေါင်းဆောင် ဒါမှမဟုတ် ကြီးကြပ်ရေးမှူးနေရာကနေကြည့်ရင် အလုပ်လာတဲ့လုပ်သားတိုင်းဟာကျန်းမာပျော်ရွှင်နေရမယ်။ ကုန်ထုတ်လုပ်မှုမြင့်မားရေးကိုလိုလားတဲ့လုပ်သားတွေဖြစ်ရမယ်။ တစ်ဦးကိုတစ်ဦးကူညီထောက်ပံ့တတ်သူဖြစ်ရမယ်။ တစ်ဦးရဲ့လုပ်ဆောင်မှုကောင်းတိုင်းအသိအမှတ်ပြုတတ်သူဖြစ်ရမယ်။ တစ်နည်းအားဖြင့် အမှားလုပ်ရင်အမှန်ပြင်တတ်တဲ့စိတ်တံခါးဖွင့်ထားသူတွေဖြစ်ရမယ်ဆိုတာအစည်းအဝေးလုပ်တိုင်းအမြဲပြောပေးနေရပါမယ်။

တစ်ဆက်တည်း တစ်ဦးချင်းစီရဲ့လိုအပ်ချက်ထက်စာရင် တစ်ဦးချင်းစီရဲ့အသံ (ရင်ဖွင့်သံ၊ ခံစားချက်) တွေဟာဘယ်လောက်အထိအရေးကြီးပြီး ငါတို့ခေါင်းဆောင် (အုပ်ချုပ်သူ) တွေကြားတယ်ဆိုတာလုပ်သားတွေကိုပြောပေးရပါမယ်။

ဒါကိုနားလည်တဲ့လုပ်သားတွေတစ်နေ့တစ်ခြားတိုးပွားလာတာနဲ့အမျှ အလုပ်ဆိုရင် မခိုင်းရသေးဘဲပြီးနေတယ်၊ စီမံကိန်းဆိုရင် မစရသေးဘူး စိတ်ဝင်စားနေပြီ၊ အလုပ်တက်ချိန်အလုပ်ဆင်းချိန်ဆိုလည်း ဘယ်သူမှဖျက်လိုဖျက်ဆီးမလုပ်ကြဘဲ အချိန်မှန်လာကြမှာပါ။

လူတိုင်းအလုပ်မှာပျော်လာတာရဲ့အကျိုးဆက်အနေနဲ့

ဖွင့်ထားတဲ့တံခါးကိုဝင်ရဲလာမယ်

စေ့ထားတဲ့တံခါးကိုခွင့်တောင်းဝင်ရောက်လာမယ်

ပိတ်ထားတဲ့တံခါးကိုခေါက်ပြီးလည်း စိတ်ဝင်စားကြောင်းပြသလာတဲ့တစ်နေ့မှာ

ကျန်းကျန်းမာမာပျော်ပျော်ရွှင်ရွှင်နဲ့အလုပ်ခွင်ကိုဝင်ရင်းဘဝတက်လမ်းကိုအတူတူလျှောက်လှမ်းနိုင်ပါလိမ့်မယ်။

ပြီးပါပြီ

ခင်လျက်
ကိုညီညီ (တောင်ကြီး)
10-04-2020