ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, June 9, 2020

လေယာဉ်အကြောင်း၊ လက်မှတ်အကြောင်း

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
           မြန်မာနိုင်ငံမှာလို လေယာဉ်လက်မှတ်ထိုင်ရောင်းတဲ့ရုံးတွေများများစားစားမရှိတဲ့နိုင်ငံတွေထဲမှာ အမေရိကားက ထူးခြားပါတယ်။ လူကိုယ်တိုင်သွားဝယ်လို့ရတဲ့ အေးဂျင့်ရုံးတွေရှိပေမယ့် လုပ်နေကျ ကိုင်နေကျ၊ သွားနေကျ လာနေကျ လူထုက အွန်လိုင်းကနေ ဝယ်ကြတယ်။ ပလပ်စတစ်ကဒ်ဟာ ငွေသား၊ ငွေသားဟာ ကိန်းဂဏန်း၊ ကိန်းဂဏန်းဟာ အွန်လိုင်းဘဏ် ကဲ့သို့ချိတ်ဆက်နေတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအားကောင်းတဲ့အတွက် လူတွေကို အချိန်ကုန်သက်သာစေပါတယ်။
.
. မြန်မာနိုင်ငံပြန်ဖို့ တရုတ်လေကြောင်းလိုင်း - China Airlines (သို့) စင်္ကာပူလေကြောင်းလိုင်း - Singapore Airlines နဲ့ လက်မှတ်ဝယ်တယ်ဆိုပါစို့ . .။ လူကိုယ်တိုင်လေယာဉ်ကွင်းရောက်တဲ့အခါ လက်မှတ်ဝယ်ပြီးကြောင်း လက်ခံအီးမေးလ် နဲ့ ဝယ်ထားတဲ့ဘဏ်ကဒ်တို့ဟာ စီးနင်းသူအစစ်အမှန်ဖြစ်ကြောင်း သက်သေခံနိုင်ပါတယ်။ Online Receipt လက်မှတ်ကို ပရင်တာရှာပြီး တကူးတက ပရင့်ထုတ်စရာမလိုတော့တာက အခုနောက်ပိုင်း သိပ်ကောင်းတဲ့အချက်ပါ။
.
.
. သို့သော်လည်း တယ်လီဖုန်းနဲ့စကားမပြောလိုသူမြန်မာတစ်ချို့ကတော့ လူကိုယ်တိုင်ဖုန်းပြောပြီးထိုင်ရောင်းတဲ့ မြန်မာစကားပြောကိုယ်စားလှယ်တွေနားက ဝယ်ယူခရီးသွားနေကြတုန်းပါပဲ။ မြန်မာအချင်းချင်းအားပေးတာ ကောင်းပါတယ်။ ဒါပေမယ့် နည်းပညာတစ်ခုကို မှားမှာစိုးလို့၊ အခက်အခဲရှိလို့၊ ရင်မဆိုင်ချင်လို့ ကျော် - Skip လိုက်ရင် နောက်တစ်ခါ ဒီလိုပြန်ကြုံရတဲ့အခါ ပိုပြီးမလုပ်တတ်တာကလွဲလို့ တိုးတက်မှုတစ်စုံတစ်ရာတွေ့ရဖို့ခက်ပါတယ်။
.
. နောက်တစ်ခါ လူချင်းမတွေ့ရတဲ့ အွန်လိုင်းရောက်ရှိသတင်းပို့ - Online Check-In နဲ့ မတ်တပ်သတင်းပို့စက် - Check-In Kiosk တို့ သုံးတတ်ရင် အလုပ်သက်သာတာနဲ့အမျှ နည်းပညာကိုစိတ်ညစ်ပြီး နောက်ကျနေရစ်ဖို့သိပ်မလွယ်တော့ပါဘူး။ အဓိက က ပြထားတဲ့မျက်နှာပြင် (အွန်လိုင်းစာမျက်နှာ / တက်ဘလက်ဖန်သားပြင်) ပေါ်မှာ ပေးထားတဲ့နှိပ်စရာခလုပ်တွေကို ဘယ်လိုခိုင်းစေရမယ်ဆိုတာသိရင် အစပိုင်းပဲခက်နိုင်ပေမယ့် နောက်ကျတော့ ကျင့်သားရသွားပြီး ကျွမ်းကျင်လာနိုင်ပါတယ်။
.
.
. အခုဆောင်းပါးမှာ လေယာဉ်လက်မှတ်ကိုသက်သာအောင်ဘယ်လိုဝယ်မလဲဆိုတာ ပြောပြချင်တယ်။ လေကြောင်းလိုင်းစာမျက်နှာတစ်ခုကိုဖွင့်လိုက်ရင် Book , Buy, Flight ဆိုတဲ့ခလုပ်ကိုနှိပ်လိုက်ရင် အသွားအပြန် - Roundtrip နဲ့ တစ်ကြောင်းတည်းသွား - One-Way အပြင် မြို့ကြုံဝင် - Multicity တို့ကိုရွေးပြီးတဲ့အခါ ထွက်ခွာမယ့်မြို့ နဲ့ သွားရောက်မယ့်မြို့တွေကို From နဲ့ To မှာ ရွေးပေးရပါတယ်။ ထို့အတူပဲ ထွက်ခွာမယ့်နေ့ နဲ့ ပြန်လာမယ့်နေ့တွေကျပြန်တော့ Depart Date နဲ့ Return Date တို့မှာထည့်ပြီး ကျသင့်တဲ့စျေးနှုန်းကိုရှာကြည့်လို့ရပါတယ်။

မျက်နှာသစ်ဆပ်ပြာရည်၊ (၄) မိနစ် နဲ့ ဝင်ပေါက် စီ-၂၆

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
          . မမှတ်တာ . . ကျွန်တော်ကိုက မှတ်ကိုမမှတ်တာ။ ဒီလိုထည့်လိုက်ရင် ဒီလိုအစစ်ခံရမယ်မှန်းသိရဲ့သားနဲ့ လျှမ်းပြီးတော့ကို ဖြစ်တာ။ ဒီတစ်ခါတော့ တစ်ကယ်ကွိုင်ပြီ။ ပစ္စည်းတစ်ခြား လူတစ်ခြားဖြစ်ပြီ။ တော်သေးတာပေါ့ . . “ စွမ်း ” ပြောသလို အဖေ နဲ့ အမေ လေယာဉ်ပေါ်တက်တဲ့ဂိတ်ပေါက်ကိုအရင်သွားမိလိုက်လို့ကတော့ ကလေးတစ်ယောက်တည်း လေဆိပ်မှာ၊ ကျွန်တော်တို့လူကြီး (၂) ယောက်က ဝေဟင်မှာ . . တစ်ကယ်ခက်နေလောက်ပြီ။
.
. ကိုယ်က မနေ့တစ်နေ့ကရောက်တဲ့သူဆိုရင်လည်း ထားလိုက်တော့ . . ဒီအမှားမျိုးက အပြစ်မဆိုသာဘူး။ တရုတ်လေကြောင်း - China Airlines စီးပြီး မြန်မာပြည်ကိုပြန်နေတာလည်း အနည်းဆုံး (၁) နှစ် (၂) ကြိမ်လောက်။ အခုလောက် ဘဝပျက်တာ တစ်ခါမှမကြုံခဲ့ရဘူး။ အခုတော့ ဘယ်သူ့ကိုမှအပြစ်မမြင်ပါဘူးလို့ပြောပေမယ့် အပြစ်ရှိသူက ကျွန်တော်ပါ။
.
.
. ဘော်စတန်လေယာဉ်ကွင်းကိုသွားဖို့ မိသားစုတစ်တွေ ပြင်ကြဆင်ကြလုပ်နေတဲ့ ညနေပိုင်းလေးတစ်ခုမှာ တစ်ယောက်တစ်လှည့်ရေချိုးကြရင်း ပစ္စည်းတွေသိမ်းဖို့က နောက်ဆုံးရေချိုးတဲ့ ကျွန်တော့တာဝန်ဖြစ်လာခဲ့တာက စခဲ့တာပါ။
.
. ရေချိုးပြီးတာနဲ့ ဟိုဟာသိမ်း၊ ဒီဟာသိမ်း နဲ့ လေယာဉ်ပေါ်အပ်မယ့်ပေါင် (၅ဝ) အိတ်အကြီးထဲထည့်မယ့်ရေချိုးပြီးတဲ့သဘက်ကိုအာရုံစိုက်နေရင်း နောက်ဆုံးမှထည့်ရမယ့် ရေချိုးခန်းသုံးအလှပြင်ပစ္စည်းတွေကို Ziplock အိပ်ထဲကိုထည့်ပြီး လက်ဆွဲကယ်ရီအိတ်ပေါ်မှာတင်ထားလိုက်မိတယ်။ အချိန်နီးကပ်လာတာနဲ့အမျှ သိမ်းသမျှက မပြီး၊ စိတ်က လော၊ အမြန်ထုတ်၊ အမြန်ပိတ်၊ ကားငှားတာမှီအောင် ဘာမဆိုအမြန်လုပ်ရင်း အဆိုပါ တစ်ကိုယ်ရေသုံးအလှကုန်ပစ္စည်းပလပ်စတစ်အထုတ်ကလေးဟာ လုံခြုံရေးစက်ကိုလူနဲ့အတူဖြတ်မယ့် လက်ဆွဲထဲပါလာတာကို ကျွန်တော်သတိမထားမိခဲ့ဘူး။