ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, July 12, 2021

မိခင်တို့၊ ဖခင်တို့ကို တိုက်တွန်းစာ

 

#KNNTgi

ဒီအဖွဲ့ထဲကို ရေးပြချင်တဲ့စာပါ။ ကိုယ့် Timeline မှာ စာအုပ်ထွက်တာနဲ့ ကြုံနေလို့ အပြောခံ၊ အကောခံနေရ‌တော့ ဒီမှာပဲ ရေးတဲ့စာလို့ ပြောရတာပါ။ အခုက တော်လှန်ရေးမလုပ်ရင်ဘဲ လူရှေ့ထွက်လို့မရတော့တဲ့ Facebook ရွာကြီးထဲမှာ ကျွန်တော်တို့ နေကြပါတယ်။ ကြိုက်တယ်ထား မကြိုက်တယ်ထား မိဘတွေဟာ သားသမီးငယ်တွေကို မျက်စိရှေ့က အပျောက်မခံရဲလောက်အောင် ကပ်ရောဂါနဲ့ အာဏာရှင်ကြားမှာ ဗျာများနေရတာကို ကိုယ်ချင်းစာပါတယ်။

ဒီလိုဆိုတော့ ကလေးရဲ့အသက်က ကျောင်းရဲ့အတန်းကို စောင့်မနေပါဘူး။ နေ့တိုင်း အသက်ကြီးလာနေပါတယ်။ နဂိုကတည်းက ပိုက်ဆံတတ်နိုင်သူတွေဟာ မြန်မာကျောင်းအစား အတန်းအစားအမျိုးမျိုး၊ ဈေးအသီးသီးရှိကြတဲ့ အင်္ဂလိပ်စာသင်ကျောင်းတွေကို ပို့နေတာ ဆယ်စုနှစ် ၂ ခုထက်မက ရှိနေပါပြီ။ အဲဒီတုန်းက အလယ်တန်းတက်ခဲ့သူတွေကိုယ်တိုင် ကလေးငယ်တွေရဲ့ မိခင်၊ ဖခင် ဖြစ်လာကြပြီ။

ဒီတော့ အခု စစ်အုပ်ချုပ်ရေးကာလမှာ ဘာလုပ်မှာလဲ?

မိခင်တို့၊ ဖခင်တို့၊ ဦးဦးတို့၊ ဒေါ်ဒေါ်တို့ စဉ်းစားထားတာ အမျိုးမျိုးရှိချင် ရှိနေပါမယ်။ မတူတာတွေ တွေးနေကြပါလိမ့်မယ်။ အောက်စီဂျင် ခပ်မျှဉ်းမျှဉ်းလေးရှူရင်း မသိမသာ သက်ပြင်းလေး ချမိပါလိမ့်မယ်။ နောက်တစ်ရက်အတွက် စားစရာဟာ မိခင်တို့၊ ဖခင်တို့ရဲ့ စားပွဲပေါ်မရောက်လာမှာ စိုးရိမ်နေပါလိမ့်မယ်။ ဒါက လတ်တလော ရှောင်လွှဲလို့မရသေးတာဟာ ကျွန်တော်တို့ ကံဆိုးတာ မဟုတ်ပါဘူး။ ကလေးတွေ ပညာရေးတဆစ်ချိုးကွေ့နိုင်ဖို့ "‌ကောင်းဖို့ ဖြစ်လာတာပါ"။

အမြင်မတူဘူးလား? ရှင်းပြပါမယ်ခင်ဗျ။


အရင်က လမ်းထိပ်က အင်တာနက်ကဖေးမှာ ဂိမ်းသွားခုတ်နေတဲ့ကလေးဟာ အခုဆိုရင် အိမ်မှာ အင်တာနက်ရှိမှ သုံးလို့ရနေတာကြောင့် အိမ်ကပ်တယ်။ မိခင်တို့၊ ဖခင်တို့ရဲ့ ကလေးကို အမြဲမြင်နေရတယ်။ မိခင်တို့၊ ဖခင်တို့ကလည်း အလုပ်ရှိသူ၊ အလုပ်လက်မဲ့ အမျိုးမျိုးရှိနိုင်ပေမဲ့ ဘယ်သူမှ အိမ်က ကလေး ကျောင်းမတက်ရတာကို စိတ်မပူတဲ့မိဘ မရှိပါဘူး။ ဒါကြောင့် အင်တာနက်ကို အသုံးချပြီး ပညာရေးအတွက် လုပ်စရာရှိတာကိုလုပ်ဖို့ အခွင့်အရေးရလာတာကို သတိရလိုက်ပါ။ ကျန်တာက သာမည။ ကလေးပညာရေးက အဓိကပါ။

လက်တွေ့ကမ္ဘာမှာ အင်္ဂလိပ်စာရဲ့ အခက်ဆုံးဆိုတဲ့ နားထောင်နိုင်ရည်စွမ်း-Listening ကို YouTube ပေါ်မှာ လိုချင်တာ အကုန်ရှာပြီး သူ့အိုးနဲ့ သူ့ဆန်နဲ့ လိုသလို ချက်ပြုတ်စားသောက်နိုင်သလိုမျိုး လွယ်ရာကနေ ခက်တဲ့အင်္ဂလိပ်စကားပြောတွေကို လေ့ကျင့်နိုင်ပါတယ်။ စာတန်းထိုးတဲ့ ရုပ်သံတွေကို တစ်ရက်ကို ၃ နာရီလောက် ‌ကလေးကို ကြည့်ဖို့ လမ်းပြနိုင်ပါတယ်။ စာသင်တဲ့ အင်္ဂလိပ်သင်ခန်းစာ‌တွေကို အားတိုင်း ဖွင့်ထားပေးနိုင်ပါတယ်။

အဲဒီကနေ တဆင့်တက်ပြီး ‌ဒုတိယအခက်ဆုံးဖြစ်တဲ့ အင်္ဂလိပ်စာ အရေးသင်တန်း-Writing အတွက် နားထောင်မိတာကို ပြန်လိုက်ချရေးခိုင်းပြီး လေ့ကျင့်စေနိုင်ပါတယ်။ မိခင်တို့၊ ဖခင်တို့ရဲ့ သားသမီးတတ်မြောက်ထားတဲ့ အင်္ဂလိပ်စာဟာ နိုင်ငံခြားမထွက်ရင် ဘာမှ မထူးခြားပါဘူး။ အတန်းထဲမှာ သိပ်တော်နေမှာပါ။ ဒါပေမဲ့ မင်္ဂလာဒုံကနေ ခြေတစ်လှမ်းလှမ်းထွက်လိုက်ပြီဆိုတာနဲ့ လေဆိပ်မှာစကားပြောတာနဲ့တင် အခက်အခဲ အကျပ်အတည်းက စတင်ကြုံတွေ့ရပါပြီ။

မိခင်တို့၊ ဖခင်တို့ရော မခက်ခဲဘူးလား? ခက်တာပေါ့ဗျာ။

မိခင်တို့၊ ဖခင်တို့ လူငယ်ဘဝထဲက ဖြစ်သလိုယူခဲ့တဲ့ဘွဲ့နဲ့ ဝေးသထက်ဝေးလာရင်း နေ့စဉ်ဘဝမှာ ဘယ်နေရာမှာမှ အံကျခွင်ကျ သုံးဖို့ခက်ခဲတဲ့ အင်္ဂလိပ်စာဟာ မြန်မာနိုင်ငံအပြင်ရောက်ရင် ဘယ်လိုလုပ် ဌာန်ကရိုင်းကျပါ့မလဲ? ဒါကြောင့် ဘာလုပ်ရမလဲ?

မရှက်ပါနဲ့။

ကလေးနဲ့အတူ အင်္ဂလိပ်စာ ပြန်သင်ရပါမယ်။ သဒ္ဒါတွေ ပြန်ကျက်ရပါမယ်။ စာလုံးဆက်တွေ ပြန်လေ့လာရပါမယ်။ နေ့စဉ်စကားပြောသင်တန်းကို အမြဲလေ့ကျင့်နေသင့်ပါတယ်။ Verb form ၊ Preposition ၊ Conjunction တို့ကို ပြန်မှတ်မိလာတဲ့နောက် "ပြန်လည်သင်ယူချင်တဲ့စိတ်" ဟာ "အလိုလိုပျော်မွေ့ခြင်းနဲ့ လောကထဲမှာ နေရာရသလို" ခံစားလာရစေပါတယ်။

ဒါမှသာ တစ်ချိန်ချိန် ကလေးနဲ့ နိုင်ငံခြားထွက်လာတဲ့အခါ အင်္ဂလိပ်အရည်အချင်းမှာ ကားဒရိုင်ဘာနဲ့ ကားစပယ်ရာလို၊ ဆိုင်ရှင်နဲ့ အလုပ်သမားလို၊ အိမ်ရှင်နဲ့ အိမ်ငှားလို မကွာခြားမှာ ဖြစ်ပါတယ်။

တကယ် မညှာတမ်းပြောရရင် ကျွန်တော်ဟာ အမေရိကားထွက်ဖို့ အတော်ကြီးကို ပြင်ဆင်ခဲ့ပါတယ်။ ကုန်သည်ဖြစ်နေပေမဲ့ ဘိုကုမ္ပဏီက မန်းနေးဂျင်းဒါရိုက်တာ၊ ကိုးရီးယား CEO တို့ကို အင်္ဂလိပ်လို တိုက်ရိုက် လက်တန်းပြောနိုင်တာ တောင်ကြီးဈေးထဲမှာ ကျွန်‌တော်တစ်ယောက်ထဲ ရှိပါတယ်။ ဒီလိုလူ အမေရိကားရောက်တော့ ပထမလုပ်တဲ့ အချိန်ပိုင်းအလုပ် ၂ ခု မှာ ကျွန်တော် ဒုက္ခရောက်ခဲ့ပါတယ်။ စုစုပေါင်း ၂ လ ပါ။ ရောက်တဲ့ အကျပ်အတည်းက "သူတို့ပြောတာကို ကျွန်တော်နားမလည်သလို ကျွန်တော်ပြောတဲ့ အင်္ဂလိပ်စကားကိုလည်း သူတို့ နားမလည်တာပါ"

တိုက်တွန်းပါရစေ။ တွန်းတွန်းတိုက်တိုက်ကြီးကို တိုက်တွန်းပါရစေ။ မိခင်တို့၊ ဖခင်တို့ အင်္ဂလိပ်စာ ပြန်သင်ပါ။ လိုရင် ကျွန်တော်ကူပါမယ်။ ဒီလို မိခင်တို့၊ ဖခင်တို့ စာတတ်မှသာ၊ အင်္ဂလိပ်စာတတ်မှာသာ၊ အသိပညာကြွယ်ဝမှာသာ ဟိုအတန်းအစား စာမတတ်တဲ့ စစ်အုပ်ချုပ်ရေးကို အမြန်ဆုံး တိုက်ထုတ်နိုင်ကြမှာ ဖြစ်ပါတယ်။


#KNNTgi

07-09-2021


No comments: