ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, March 29, 2015

ဟောလီဝုဒ်ရုပ်ရှင်ကို ဘယ်လိုကြည့်မလဲ ( God’s Not Dead 2014 Partial Review )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
မိဘပြည်သူများခင်များ ..
ကျွန်တော်လူရှေ့မှာ စကားမပြောဖူးသလို ပြောလည်းမပြောတတ်ပါဘူး။ နောက်ပိုင်းပြောရင်း ရှေ့ပိုင်းမေ့တတ်တဲ့အကျင့်ကြောင့် အမြဲလိုလို အခက်အခဲတွေ့တတ်ပါတယ်။ ဒါ့အပြင် ကိုယ်လိုရာလိုရင်းကို လှည့်ပတ်ပြောရင်း မူုရင်းနဲ့တော်တော်လွဲသွားတတ်တာမို့ စာရေးပြီးပြောပြရတာ ပိုအဆင်ပြေပါတယ်။ ကျွန်တော်တို့ရဲ့မျက်လုံးတွေကို စာရေး၊ စာဖတ်၊ ဖျော်ဖြေမှု တစ်ခုခုတို့အတွက် အသုံးချရင်း ရုပ်ရှင်ဘယ်လိုကြည့်ကြသလဲဆိုတာကို တွေးမိတယ်။ ရုပ်ရှင်ဆိုတာတောင် မြန်မာရုပ်ရှင်ကို အွန်လိုင်းပေါ်မှာမရှိရင်မကြည့်ဖြစ်တဲ့ အဝေးရောက်မြန်မာများအတွက် ဟောလီဝုဒ်ရုပ်ရှင်ကားများထဲက ( ၂ဝ၁၄ မတ်လ ) က ရုံတင်သွားတဲ့ God’s Not Dead ကျောင်းသားရုပ်ရှင်အကြောင်းကို စကြည့်ရင်း ဒီအတွေး ရလာတာပါ။
.
.
God’s Not Dead ရုပ်ရှင်အတူတူကြည့်မိသူ လူ ( ၁ဝဝဝ ) မှာ ( ၁ ) ယောက်တိုက်ဆိုင်ဖို့မလွယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါကြောင့် ရုပ်ရှင်အကြောင်း Spoiler ပြောသလို ဇာတ်ရဲ့ဖြစ်ကြောင်းရယ်ကုန်စင် ပြောပြချင်တာမဟုတ်သလို Review ဝေဖန်ရေးဆောင်းပါးရေးလို ရေးပြချင်တာလဲ မဟုတ်ပါ။ ဒါဆို မေးကြမယ် .. ဘာအတွက် ဒီဆောင်းပါးရေးနေတာလဲ? အဲဒီရုပ်ရှင်ကြည့်ဖို့သာ ပြောလိုက်ပါလားလို့ ပေါ့..။
.
ရုပ်ရှင်ကို သာမန်ကာလျှံကာကြည့်လိုက်ရင် ရုပ်ရှင်ဟာ ဇာတ်ကောင်တွေဝင်သရုပ်ဆောင်ထားတဲ့ အသေမဟုတ်တဲ့လှုပ်ရှားမှုဖြစ်စဉ်တစ်ခုအဆင့်အတန်းထက် တက်လာမှာ မဟုတ်ပါဘူး။ ကျွန်တော်တတ်သလောက် မှတ်သလောက် ပြောပြတဲ့ ဟောလီဝုဒ်ရုပ်ရှင်ကြည့်နည်းကို ကြိုးစားပြီး နားလည်ခံစားပေးကြပါ။ God’s Not Dead (2014) ကို မသိလည်း ဖတ်ရတာ အဆင်ပြေအောင် လုံးပမ်းကြည့်ပါမယ်။

.
.
အမေရိကန်မှာ တက္ကသိုလ်ပြီးမှ ကျောင်းပြီးတယ်ဆိုပေမယ့် ကွန်မြူနတီကောလိပ်ကြားခံပြီး ကောလိပ်ရဲ့စာတွေ “ ဆင်း ” သင်ပေးပါတယ်။ မေဂျာရဲ့လိုအပ်ချက် - Requirement ယူဖို့ တစ်နည်းအားဖြင့် ယူနစ် - Unit ဖြည့်ဖို့ ကောလိပ်တွေ လိုအပ်ပါတယ်။ ဒီကောလိပ်တွေကြောင့် ( ၁၂ ) တန်းပြီးတဲ့ ကျောင်းသားဟာ မိဘအိမ်ကနေ အိုးမကွာအိမ်မခွာ နီးစပ်ရာ ဒေသဆိုင်ရာကောလိပ်မှာ တက္ကသိုလ်ရဲ့လိုအပ်ချက်ဘာသာရပ်ကို သင်ယူခွင့်ရှိတာမို့လို့ ဝေးဝေးလံလံတက္ကသိုလ် ကို သွာမတက်သေးလို့ ရပါတယ် ( မြန်မာနိုင်ငံက လယ်တောထဲက တက္ကသိုလ်ကို စောင်းပြောတာမဟုတ်တာ အမှန်ပါ )
.
ဒီနေရာမှာ ပြောစရာတစ်ခုရှိတာက ကျောင်းသားရဲ့အချိန်ဇယားထွက်လာပြီးတာနဲ့ ဘယ်အခန်းမှာ ဘယ်ဆရာနဲ့သင်ရမယ်ဆိုတဲ့ Registration လုပ်ပြီးတာနဲ့ ပထမဦးဆုံးရက်မှာ တက်မည့်အတန်းကို “ လူရောက်နေ ” – Show Up မှ အတန်းရပါတယ်။ အတန်းလိုချင်တဲ့ကျောင်းသားတွေက များလှတာမို့ အဲဒီနေ့မှာမှ ကိုယ်က အတန်းခေါ်လူစစ်စာရင်းထဲ မပါသွားဘူးဆိုရင် စောင့်နေတဲ့ Waiting List  ကျောင်းသားကို အလှည့်ပေးတဲ့အနေနဲ့ ဆရာက ကိုယ့်ကို ဖြုတ်ချလိုက်ပြီသာ မှတ်လိုက်ပါ။ အသေးစိတ်ကိုတော့ ရုပ်ရှင်ထဲကအကြောင်းနဲ့ ဆက်စပ်ပြောသွားချင်ပါတယ်။
.
.
ကျောင်းအပ်တဲ့နေ့မှာ - တစ်ယောက်က စိတ်ပညာမေဂျာ ၁၅ဝ - Philosophy 150 (ှfလော်ဆော်ဖှီ ဝမ်းဖိုက်ဇီးရိုး ဟု ဖတ်ပါသည် ) ယူဖို့ပါလာတဲ့အချိန်ဇယားကိုပြတာ လက်ခံ - Confirm လုပ်သူ ( ဆရာ/ကျောင်းဝန်ထမ်း ) က တစ်ခြားဆရာ ( ၂ ) ယောက်တို့ရဲ့အတန်းကို ပြောင်းတက်ဖို့ ပြောပါတယ်။ အဓိပ္ပာယ်က အဲဒီဆရာက အတွေးအခေါ်တော်တော်တင်းကြပ်ပြီး ဆက်ဆံရခက်ခဲတယ်လို့ အကြံပေးတာပါ။ ဒါကို ကျောင်းသားက သူ့အချိန်ဇယားကို ဆွဲပြီးသားဖြစ်နေလို့ ဒီအတန်းပဲတက်မှ အဆင်ပြေမယ်လို့ ပြောတော့ ကျောင်းလက်ခံသူက ဘယ်နေ့ဟာ မင်းဒီအတန်းကို လွှတ်ချ /  ထွက် - Drop ဖို့ နောက်ဆုံးရက်ဆိုတာကို ပြောရင်း “ ဒါဆို မင်းရဲ့အသုဘပြင်ထားလိုက်တော့ ” လို့ထပ်ပြောလိုက်ပါသေးတယ်။
.
( သုံးသပ်ချက် ) ဒီဖက်ကကျောင်းတွေမှာ ကျောင်းလက်ခံသူဝန်ထမ်းက ဒီလိုပြောပိုင်ခွင့်မရှိပါဘူး။ တစ်ကယ်မဖြစ်လို့ပြောချင်ရင်တောင်မှ ကျောင်းအကြံပေး - Counselor နဲ့တွေ့ဖို့ ရက်ချိန်းစီစဉ်ပေးပြီး ဆွေးနွေးစေပါတယ်။ အတန်း ( ၁ ) ခန်း မတက်မိရင် နောက်ပိုင်းနဲ့အချိတ်အဆက်မိဖို့မလွယ်တာမို့လို့ ကျောင်းသားတစ်ယောက်ရဲ့ Schedule က အင်မတန်အရေးကြီးပါတယ်။
.
ဒီအပိုင်းမှာတော့ အမေရိကန်နိုင်ငံဟာ အကျယ်ကြီးဖြစ်သလို ကျောင်းတွေကလည်း အများကြီးမှ တစ်ကယ့်ကိုအများကြီးပါ။ ဘယ်ကျောင်းတွေက ဒီလို ကျောင်းသားတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်ကို ဝင်စွက်ဖက်ခွင့်ရှိတယ်ဆိုတာကိုတော့ စဉ်းစားစရာပါ။
.
.
နောက်ကျောင်းသားတစ်ယောက် ကျောင်းအပ်ပြန်တော့ သူ့နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ပေးတယ်။ အဲဒါကိုလှမ်းယူလိုက်တဲ့ ကျောင်းသူ/ကျောင်းဝန်ထမ်းက “ R.O.C ဆိုတာ ဘာလဲ ” လို့ မေးပါတယ်။ ချက်ချင်းပဲ အာရှသား အဆိုပါကျောင်းသားက “ R.O.C ” ဆိုတာ “ People Republic of China ” ကို ပြောတာလို့ ရင်ကော့ပြီး ပြန်ပြောတယ်။ သူ့ပုံစံကိုကြည့်ပြီး ကောင်မလေးက ဟုတ်ရဲ့လား “ Seriously? ” လို့ ပြန်မေးတော့ “ Always Seriously ” လို့ ယုံကြည်မှုအပြည့်နဲ့ မာမာထန်ထန် ပြန်ဖြေပါတယ်။
.
( သုံးသပ်ချက် ) ငွေပိုလာတဲ့ တရုတ်နိုင်ငံသားတွေဟာ သားသမီးတွေကို နိုင်ငံတကာကောင်းပေ့ဆိုတဲ့ကျောင်းတွေကို ပို့လွှတ်စာသင်ကြစေတယ်။ ကလေးတွေဟာလည်း နိုင်ငံခြားရောက်တော့ မိမိကိုယ်ကိုယုံကြည်မှု ရှိကြတယ်။ သူမျက်နှာမှာပေါ်တဲ့ ယုံကြည်မှုကို ( ၂ ) ပိုင်း ခွဲမြင်မိပါတယ်။ တစ်ပိုင်းက ကိုယ့်အင်္ဂလိပ်စာပြင်ဆင်ခဲ့မှုအပေါ် အားကိုးမှု - Self Confidence နဲ့ နောက်တစ်ပိုင်းက ဒီကိုကျောင်းလာတက်ဖို့လွှတ်လိုက်တဲ့ မိခင်တရုတ်အစိုးရအပေါ် ယုံကြည်မှုလို့ နားလည်မိပါတယ် ( ကျွန်တော်တို့မှာ ဒ်ီလိုအစိုးရမျိုးက ထုပေးတဲ့ နိုင်ငံကူးလက်မှတ်နဲ့ ပြည်ပအင်္ဂလိပ်ကျောင်းတက်ဖို့စောင့်တာ ကိုယ့်သားသမီးအလှည့်ကျမှ တစ်ဝက်တစ်ပျက်ပဲ အောင်မြင်ပါသေးတယ် )
.
.
ဖှလော်ဆော်ဖှီ အတန်းကိုတက်လာတဲ့ ဆရာက သူ့နာမည်ကို သူမိတ်ဆက်ရင်း သူဟာ စိတ်ပညာဗေဒကနဦးစဉ်းစားမှု ကို သင်မှာဖြစ်ပြီး ကျောင်းသားတွေထဲမှာ ဒီအတန်းကို စိတ်ဝင်စားလို့မဟုတ်ပဲ မဖြစ်လို့၊ ယူနစ်ဖြည့်ဖို့၊ မလွဲမရှောင်သာ လာတက်ရသူတွေပါတာ သူသိတယ်လို့ စပြောတယ်။ ဒါကြောင့် ကိုယ်နဲ့မကိုက်ဘူးထင်သူတွေ၊ ဒီအတန်းကိုလွယ်လွယ်လေးပါလို့ထင်နေသူတွေ နဲ့ မလေးမစားလုပ်ပြီး စိတ်မဝင်စားသူတွေ ထွက်သွားလို့ရတယ်ဆိုပြီး ဝင်ဝင်ချင်းဆောက်နဲ့ထွင်းပြီး မောင်းထုတ်ပါတယ် ( ဒီအချိန်မှာ တစ်ယောက်ထထွက်သွားတယ် )
.
နောက်ထပ်တစ်ခါ ဆရာက အလုပ်ကောင်းကောင်းမလုပ်ပဲ အတန်းတက်ဖို့ ကြံစည်သူ၊ အချောင်အတန်းတက်ချင်သူတွေ ရှိရင်လည်း ဒီအချိန်ဟာ အတန်းထဲက ထွက်ခွာသွားလို့ အကောင်းဆုံးပါလို့ ပြောပြန်တယ် ( ရည်းစားနဲ့အတန်းအတူတက်ဖို့လိုက်လာတဲ့ ကျောင်းသားတစ်ယောက်ထွက်သွားပြန်တယ် )။ အဲဒီနောက်မှာ မချိပြုံးပြုံးနေတဲ့ဆရာက အတန်းကို “ ဒီလိုလူတွေပါလာမယ်ဆိုတာ သိသားပဲ ” လို့ ပြောလိုက်ပါတော့တယ်။
.
( သုံးသပ်ချက် ) ဒီလိုမျိုးအမူအရာကို အမေရိကန်ဆရာတွေ လုပ်လေ့ရှိတာ အမှန်ပါ။ ကိုယ်တိုင်လည်း ကိုယ်တွေ့မြင်ဖူးလို့ ပြောပြရာတာ သက်သေခိုင်လုံတယ်။ စာသင်တဲ့အချိန်မှာ ဒီလိုလူတွေဟာ ဘေးပတ်ဝန်းကျင်ကို နှောင့်ယှက်မှာ သူတို့သိတယ်။ စာသင်စံနစ်အရလည်း ဆရာဆိုတာ သင်ပြရတာထက် တက်လာတဲ့ ကျောင်းသားတွေရဲ့ မေးခွန်းတွေကို ဖြေ - Take Care လုပ်နိုင်ပါမှ စိတ်ချရမှာဖြစ်လို့ သူတို့ဒီလိုလုပ်တာ မလွန်ဘူးလို့ မြင်မိပါတယ်။ ဒီလိုခါချတာတောင် အမေရိကန်ကျောင်းတွေမှာ အတန်းမရလို့ စောင့်နေရတဲ့ကျောင်းသားတွေ အများကြီးပါ။
.
.
စိတ်ပညာဆရာရဲ့ လက်ချာအရ ကျောင်းသားတွေကို လျှောက်လွှာစာရွက်ဖြူပေါ်မှာ “ God Is Dead ” လို့ ရေးပြီး အောက်မှာလက်မှတ်ထိုးပြီး သူ့ကိုပြန်ပေးဖို့ ခိုင်းပါတယ်။ အားလုံးက စာရွက်ထပ်ဖို့အဆင်သင့်ဖြစ်နေချိန်မှာ ဂျော့ရှ်ဝှီတင် - Josh Wheaton ( ဇာတ်လိုက် ) က ဆရာခိုင်းတဲ့အတိုင်းသူမလုပ်နိုင်ပါဘူးလို့ ပြောပါတယ်။
.
ပထမတော့ ဆရာက စိတ်တိုသလို ဖြစ်သွားပြီး “ ငါ့အတန်းမှာ ငါ့စည်းကမ်းလိုက်နာရမယ်။ ဒီအခန်းကိုသင်ချင်ရင် God Is Dead ဆိုတာကို ယုံကြည်မှရမယ် ” လို့ ပုံမှန်လေသံနဲ့ပြောပေမယ့် ဝှီတင် က “ ကျွန်တော် ဒီစာသားကို မရေးနိုင်ပါဘူး။ ကျွန်တော်က ခရစ်ယာန်ဘာသာဝင်ပါ ” လို့ မဝံ့မရဲ ပြန်ပြောရှာတယ်။
.
ဆရာက “ ဒီဆိုရင် မစ္စတာ ဝှီတင် .. မင်းက ဘုရားသခင်မသေဘူးဆိုတာ ယုံကြည်သူဆိုတော့ ဘုရားသခင်မသေတဲ့အကြောင်း သက်သေသာဓကနဲ့တကွ တစ်ခန်းလုံးကို ရှင်းပြပါ ” လို့ ခိုင်းပါတယ်။
.
တော်တော်အကြပ်တွေ့နေတဲ့ ဝှီတင်က “ ဒီငြင်းခုံမှုကို ဘယ်သူက အမှားအမှန်ဆုံးဖြတ်ပေးမှာလဲ ” လို့ ပြန်မေးတယ်။
.
ဆရာက “ ငါ့အတန်းပဲ .. ငါဆုံးဖြတ်မှာပေါ့ ” တဲ့ ဝှီတင် က တစ်ခြားအတန်းဖော်တွေဖက်လှည့်ပြီး “ သူတို့ကို ခုံသမာဓိ အနေနဲ့ ဆုံးဖြတ်ခိုင်းလို့ရမလား ” ဆိုတော့ နောက်ဆုံး ဆရာက လက်ခံလိုက်တဲ့ အပိုင်းလေးက ဇာတ်ညွှန်းရေးသူကို ကျွန်တော် မချီးကျုးပဲ မနေနိုင်ပါဘူး။
.
.
( သုံးသပ်ချက် ) ကျွန်တော်တို့ငယ်ငယ်တုန်းက ဒီလိုပြောတဲ့ဆရာတွေ အများကြီးတွေ့ခဲ့ဖူးတယ်။ နောက်ဆုံးတော့ ဆရာတွေပြောတာ လုပ်ခဲ့ရတာချည်းပါပဲ။ ဒီနေရာမှာ အမေရိကန်လိုကျောင်းမျိုးမှာ ကမ္ဘာအရပ်ရပ်က မိဘတွေ သူတို့သားသမီးတွေကို ဘာလို့ပို့လွှတ်ကျောင်းတက်စေချင်တယ်ဆိုတာ သိလာတယ်။ သားသမီးတွေကို ကိုယ်ပိုင်တွေးစေချင်တယ်။ ကိုယ်ပိုင်ရပ်တည်ချက် ရှိစေချင်တယ်။ မိဘတွေက ငွေစိုက်ပြီး ကျောင်းထားပေးနိုင်တယ်ဆိုတာ အတိုင်းအတာတစ်ခုအထိတော့ မှန်ကောင်းမှန်နိုင်မယ် .. နောက်ဆုံးမှာ ကိုယ်လမ်းကိုယ်လျှောက်ဖို့ မိဘအသိုက်အမြုံကို မဖြစ်မနေလမ်းခွဲသွားရမှာဆိုတာ သိရပါမယ်။
.
နိုင်ငံဖက်နေကြည့်ရင်လည်း ကိုယ်ယုံကြည်ရာကို မဆုတ်မနစ်လုပ်ဆောင်မယ့် နိုင်ငံ့သားကောင်းတွေ လိုအပ်တယ်။ ပြောသမျှခေါင်းငုံ့၊ မှန်လား မမှန်လားမစဉ်းစားပဲ ကိုယ့်ရဲ့စာရိတ္တ နဲ့ ကိုယ်ကျင့်တရားတွေကို အခကြေးငွေပါးပါးလေး နဲ့ လဲလှယ်ကြတဲ့ ကျွန်တော်တို့ ငယ်ငယ်က ဘဝတွေကို ပြန်ပြောင်းမှတ်မိလာစေတယ်။
.
ဒီလိုပျိုးထောင်လိုက်တဲ့လူငယ်တွေ လူကြီးဖြစ်လာတဲ့အခါ ဆင်ဆင်ခြင်ခြင် နဲ့ အမှန်တရားဖက်တွယ်လုပ်ကိုင်တတ်သူတွေမဖြစ်လာပဲ မှားပြီးရင်းမှားနေတဲ့ စစ်လူဆိုးကြီးတွေ ဖြစ်မှန်းမသိဖြစ်လာတော့ နိုင်ငံ နဲ့ ကျွန်တော်တို့ရဲ့ဘဝတွေ “ နာ ” ပါတယ်။ ဇာတ်လမ်းကြောရိုးထက် ကျောင်းသားတွေက ကိုယ်မလုပ်နိုင်တာ၊ ကိုယ်မှန်တာပြန်ပြောရဲတာက နိုင်ငံတကာပညာရေး ရဲ့ အနှစ်သာရ ပါ။
.
.
.
ဒီဇာတ်ကွက်ကိုကြည့်ခဲ့ပြီးတဲ့အချိန်ဟာ လွန်ရောကျွံရော ရှိလှ ( ၁၄ ) မိနစ်ပေါ့။ ဒါပေမယ့် ကျွန်တော့်အတိတ်ကျောင်းသားဘဝ ( ၄၁ ) နှစ်လောက်ကို ပြန်ခေါ်သွားသလို အကြာကြီးလို့ ခံစားရပါတယ်။ ဇာတ်သိမ်းခန်းကြည့်ပြီးတဲ့အထိ တစ်ခုချင်းလိုက်ရေးရင် ဒီလိုဆောင်းပါး ( ၅ ) ပုဒ်စာလည်း လောက်မှာ မဟုတ်ပါဘူး။
.
ကျွန်တော် ရုပ်ရှင်ကြိုက်သလောက် သိပ်မကြည့်ဖြစ်ပါ။ တစ်ခါကြည့်ရင်လည်း ရုပ်ရှင်ဒါရိုက်တာက ဘယ်သူ၊ ဇာတ်ညွှန်းက ဘယ်သူ၊ ဟောလီဝုဒ်အင်နီမေးရှင်းထုတ်လုပ်သူက ဘယ်သူ နဲ့ တစ်ကားလုံးကပေးတဲ့ ရသစုံကို ရောပြွန်းသိမ်းယူတတ်ရုံမက ပိသာလေးနဲ့ပစ်သလို လေးနက်တတ်လွန်းလို့ အချိန်တော်တော် ကုန်တတ်ပါတယ်။ ကိုးရီးယားကားမှာလည်း ဒီလို ယူစရာတွေ ပါတာပါပဲ။
.
ကမ္ဘာအရပ်ရပ်က ရုပ်ရှင်တွေမှာ လူတွေကို ပြုပြင်ပေးတဲ့အချက်တွေကို အတွေ့များလာတော့ မြန်မာ့ရုပ်ရှင်လောကကို အဆင့်အတန်းမီစေချင်လာတယ်။ အဓိကက စာဖတ်ဖို့ လိုပါတယ်။ စာတတ်မှ စာတတ်သူ-ပညာရှင်-ဒါရိုက်တာ က ဘယ်လိုရသမျိုးကို ပေးစွမ်းတယ်ဆိုတာ လက်ခံနိုင်မှာပါ။ ဒီလိုမှမဟုတ်ရင်တော့ တရုတ်သိုင်းကားခွေဆက်၊ စက်သေနတ်ပစ်လူသတ်အက်ရှင်ကား၊ ကိုးရီးယားလှိုင်းလုံးကြီး နဲ့ မြန်မာဟာသကားတွေကြားက အူလည်လည်ကိုယ့်အမြင်ကို ခွဲခြမ်းစိတ်ဖြာနိုင်မှာမဟုတ်တဲ့အကြောင်း တင်ပြလိုက်ရပါတယ်။
.

koko2yeye@gmail.com

No comments: