ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, May 2, 2020

½ သာကျန်တော့တဲ့အမေရိကား ကားဈေးကွက်

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကမ်းခြေနဲ့ရေမိုင် ၁ မိုင်အကွာအရောက်မှာ သ‌‌င်္ဘောကိုကျောက်ချထားဖို့အမိန့်ကျလာတဲ့ကပ္ပတိန်ဟာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင်တွေဝေသွားပါတယ်။ သူ့တာဝန်က ဂျပန်နာဂိုယာဆိပ်ကမ်းကနေ သီတင်း ၃ ပတ်ကြာမောင်းပြီးလို့ အမေရိကန်နိုင်ငံ လော့အိစ်ဂျလိစ်မြို့ကိုရောက်ရင် ပါလာသမျှ ကမ်းမှာချဖို့လုပ်ရတာပါ။

တကယ်တမ်း Nissan ကားအစီး ၂ဝဝဝ ကို မောင်းချဖို့ အချိန်နေ့တစ်ဝက်သာလိုပါတယ်။ အခုတော့ ပင်လယ်ထဲ မလှမ်းမကမ်းမှာရပ်ထားတဲ့ ကားသ‌‌င်္ဘောကြီးဟာ ၁ ပတ် ရှိနေပြီ။ ဘာဆက်လုပ်ရမယ်ဆိုတာအမိန့်မရသေး။ အမေရိကန်ဆိပ်ကမ်းပတ်ပတ်လည်ရဲ့ကားပါကင်တွေဟာ ကားကုမ္ပဏီပေါင်းများစွာရဲ့ထုတ်ယူမှုမရှိတဲ့ဒဏ်ကိုပြွတ်သိပ်စွာခံစားရင်း ကားအသစ်တွေကိုထပ်ရပ်ခွင့်မပေးနိုင်တော့ပါဘူး။

ကပ်ကမ္ဘာမှာသက်သာမယ်ဆိုတဲ့အထဲမှာ ကားကုမ္ပဏီတွေလည်းမပါပါဘူး။ အဓိက ငွေရှား၊ အလုပ်ပြုတ်၊ အလုပ်သွားစရာမလို၊ အပန်းဖြေခရီးထွက်လို့မရ စတာတွေကြောင့် မိုင်းလစ်မတက်တဲ့ကားတွေပုံလာတဲ့နောက်မှာ လူအနည်းစုသာ ကားအသစ်ဝယ်ကြတာကြောင့်ပါ။

လုပ်ငန်းတိုင်းနီးပါး ခရိုနာဗိုင်းရပ်စ်ရဲ့စာမေးပွဲစစ်ခြင်းကိုမလွဲမသေကျော်ဖြတ်ရတဲ့အထဲမှာ တိုယိုတာက ၅၄%၊ ဆူပါရုက ၄၇% နဲ့ ဟွန်ဒေးမော်တာက ၃၉% တို့ ရောင်းအားတွေကျဆင်းလာတဲ့အတွက် အတော်အထိနာတယ်လို့ပြောရပါလိမ့်မယ်။

Friday, May 1, 2020

ချစ်တဲ့ ၂၈

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
၂၈ နှစ်ဆိုတာ ပုလဲရတုရောက်ဖို့ ၂ နှစ် လိုနေသလိုပဲ ကျွန်‌တော်တို့ရဲ့ထိမ်းမြားခြင်းမင်္ဂလာနှစ်ပတ်လည်‌နေ့ဆင်ယင်ကျင်းပဖို့ သမီး ၁ ယောက် နဲ့ သား ၁ ယောက်လိုနေခဲ့တာအမြဲလိုလိုပါ။ ဒီနှစ်တော့ဆုတောင်းပြည့်တယ်။ လူလည်းစုံတယ်။ အနှစ်သာရလည်းချိုမြိန်တယ်။ ချစ်ခြင်းမေတ္တာကိုယုံကြည်ကြလို့နေမယ်။

ဒီမိသားစုလေးဟာ တစ်လှေထဲစီး တစ်ခရီးတည်းသွား‌နေတာဖြစ်တာနဲ့အညီ ဘဝခရီးလမ်းဦးတည်ချက်တူတယ်။ အမိုးအကာအတူတူအောက်မှာ၊ အသိုက်အဝန်းအတူတူအတွင်းမှာ၊ မျက်နှာကျက်တစ်ခုရဲ့ဧည့်ခန်းထဲမှာ အင်တာနက်အားကိုးနဲ့ အမြဲနေထိုင်ခဲ့တယ်။ ဒီကြားထဲကတကယ်တမ်းမကြာမကြာ‌ဗွေဖောက်တာကကျွန်တော်ပါ။

မသိတာဆိုရင် သိပ်သိချင်တယ်။ မလုပ်ဖူးတာဆိုရင် သိပ်လုပ်ချင်တယ်။ မရောက်ဖူးသေးရင် ဇွတ်သွားချင်တယ်။ အမြဲတမ်းအရှေ့ကိုကန့်လန့်ကန့်လန့်တစ်ဆင့်တက်နေရမှ နေသာထိုင်သာရှိတယ်။ ဒါကကျွန်တော်ဖောက်တဲ့ဗွေ။

ချစ်ဇနီးလေးကတော့ အနေအေးတယ်။ ပျော်ပျော်နေတတ်တယ်။ အပူမရှာဘူး။ အမြဲချစ်ခင်တွယ်တာတယ်။ မိသားစုကိုဂရုစိုက်တယ်။ သမီးဆိုလည်း သမီးအလျောက်၊ သားဆိုလည်း သားအလျောက် သူစောင့်ရှောက်တယ်။ ဒါကသူ့ရဲ့ နဂိုနေ။

Sunday, April 26, 2020

အလည်ဗီဆာသမားတွေရဲ့လူမသိတဲ့ဝေဒနာ

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ကျွန်တော် နေရာသစ်ကိုစရောက်ခါစ က ကိုယ့်ဟာကိုယ်သာအခက်ခဲဆုံးလို့ထင်ခဲ့တယ်။ သူများတွေလို မိဘကပိုက်ဆံရှိလို့ ကျောင်းသားဗီဆာနဲ့ပို့လိုက်တာမဟုတ်ဘူး။ ကိုယ်ပိုင်လုပ်ငန်းရှင်မို့လို့ ရင်းနှီးမြှုပ်နှံမှုဗီဆာနဲ့ ဒီဘက်နိုင်ငံကနိုင်ငံသားနဲ့ရှယ်ယာလုပ်ရင်း ဗီဆာဝယ်ခဲ့ရသူမဟုတ်ဘူး။

အခု တဟုန်ထိုး တိုးတက်လာတဲ့တိုင်းပြည်တွေကလုပ်ငန်းရှင်တွေလို ထစ်ကနဲနေငွေပိုလို့ L.A မှာ အိမ်သွားဝယ်လိုက်၊ ဆီလီကွန်လွင်ပြင်မှာ အိမ်ခြံမြေရင်းနှီးမြုပ်နှံထားလိုက်၊ (အိမ်ဈေးတက်တာနဲ့အချိန်ကိုက်) သားသမီးတွေကိုကျောင်းပို့၊ အလုပ်လျှောက်ခိုင်း၊ ဗီဆာ Status ပြောင်းခိုင်း၊ အိမ်ခန်းကဝယ်ပြီးသား၊ ကျောင်းသားကအလုပ်လုပ်ခွင့်လျှောက်၊ ဒါမှမဟုတ် ဒီဘက်နိုင်ငံကတစ်ယောက်ယောက်နဲ့လက်ထပ် . . အဲဒီလိုမျိုးလာခဲ့ရတာမဟုတ်ပေဘူး။

တကယ့် တကယ်ကို မောင်နှမချင်းခေါ်လို့ ရိုးရိုးတန်းတန်းသမရိုးကျ စီစဉ်ကျန ပြောင်းရွှေ့လာခဲ့ရတော့ မောင်သုံညဟာ အောက်ခြေကနေပြန်စရတာပေါ့။ အစပိုင်းက အလုပ် ၁ ခု၊ နောက်ထပ်လုပ်တာက အချိန်ပိုင်းအလုပ် ၂ ခု၊ ဒီလိုနဲ့ ရုန်းရင်းကန်ရင်း ကျောင်းမှန်းကန်မှန်းသိသွားတဲ့တောင်ပေါ်သားလေးဟာတိုတိုနဲ့လိုရင်းပြောရရင် ၅ နှစ်လောက်အကြာမှာအခြေကျခဲ့တယ်ပေါ့ဗျာ။

ဒီအခါမှ မမျှဝေလို့မနေနိုင်တဲ့စိတ်က ဇာတ်လမ်းစတော့တာပါပဲ။ ကျွန်တော်စာစရေးတုန်းက Facebook က ရှိပေမယ့် News Feed တောင် မထွင်ရသေးဘူး။ တစ်ခုခုကြည့်ချင်ရင် ရှာတဲ့အကွက်ထဲမှာ လူနာမည်နဲ့လိုက်ရှာရတယ်။ ကျွန်တော့ထက်အရင် အမေရိကားအကြောင်းရေးနေသူတစ်ချို့ ကျွန်တော်လိုက်ဖတ်ကြည့်တယ်။ အင်မတန်အရေးအသားကောင်းကြတာပဲ။ ဒီအတိုင်းဆိုရင် ကျွန်တော်စာရေးသူတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာသိလာတယ်။