ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Tuesday, May 18, 2021

ကာကွယ်‌ဆေးနဲ့တော်လှန်ရေး

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

ကျွန်တော်တို့ တော်လှန်နေရတာ အမိမြေမှာ စစ်အုပ်ချုပ်ရေးတင် မကဘူး၊ နေရာသစ်က Covid-19 လည်း ပါတာ မေ့လို့ မဖြစ်သေးဘူး။ ဒါကြောင့် ဘာလုပ်လုပ် ၂ မျိုးလုံး တော်လှန်တယ်။ ဘယ်သွားသွား ၂ မျိုးလုံး သတိထားတယ်။

အရှေ့က အမေရိကန်သာအဓိကသမ္မတကြီး ဆင်းသွားတဲ့အချိန် လူ သိန်းနဲ့ချီသေပြီးတဲ့နောက် ဘိုင်ဒန်-ဟဲရစ် အစိုးရရဲ့ ပထမဦးစားပေးက "အမေရိကန် တစ်နိုင်ငံလုံး အခမဲ့ ကာကွယ်ဆေးထိုးပြီးပြီ" ဆိုတဲ့ တံတိုင်းကာဖို့ ဖြစ်ပါတယ်။
အရှေ့က Mask မတပ်တဲ့သမ္မတက တံတိုင်းကို မြေတူးပြီး ဆောက်ရသော်လည်း မလုံခြုံ။ လက်ရှိသမ္မတ ဆောက်တဲ့ တံတိုင်းကတော့ အမေရိကန်နိုင်ငံသား တစ်ယောက်ချင်းစီရဲ့ လက်မောင်းမှာ ကာကွယ်ဆေးထိုးရတဲ့ ကျန်းမာရေးတံတိုင်းဖြစ်ပြီး လူအများစု ယုံကြည်ကြပါတယ်။ (လူနည်းစုက အခုထိ မထိုးဘူးလို့ ခေါင်းမာ‌နေတုန်း)
ကျွန်တော့အလုပ်မှာ ကိုယ်ယူထားတဲ့ Medical Insurance အလိုက် ဝန်ထမ်းတွေ ဆေးစထိုးဖို့ ကုမ္ပဏီက တိုက်တွန်းတော့ အမေရိကန်နိုင်ငံတဝှမ်းမှာ အသက် ၆၅ နှစ်နဲ့ ၆၅ နှစ် အထက် စီနီယာ‌တွေကို စထိုးပေးနေတဲ့ ကာကွယ်ဆေးကို အကြီးအကျယ်ဝေဖန်နေတဲ့ အချိန်ပါ။ ဒီဆေးကြောင့် လူသေမလား၊ ကံဆိုးသူမောင်ရှင် ငါသာ ဓားစာခံဖြစ်သွားရင်တော့ ဒုက္ခ ဆိုပြီး စိတ်ပူနေကြတာ ကြားမိခဲ့ကြမှာပေါ့။
ကျန်းမာရေးအာမခံက သွားခိုင်းတဲ့ အိမ်နဲ့နီးတဲ့ဆေးရုံမှာ ဆေးက မရှိ။ ရှိပြန်တော့ ဆန်ဖရန်စစ္စကိုမြို့ အစွန်အဖျားနားအထိ ကားအဝေးကြီး မောင်းရတဲ့ နေရာမျိုး ဖြစ်နေပြန်။ တခါ ခရိုင်က စီစဉ်ပေးတဲ့ ကာကွယ်ဆေးရပ်ကွက်-Vaccination Site ဘော်လုံးကွင်းမှာ ရက်ချိန်းကမရနဲ့ ဇာတ်မျှောကြီး ဖြစ်နေခဲ့တယ်။ ထိုးပြီးသူ များလာတဲ့အခါ "ကိုကို ဆေးထိုးပြီးပြီလား" လို့ အမေးခံရတိုင်း မထိုးရသေးဘူးလို့ ပြန်ဖြေရတာ "တမင် တစ်ယောက်တည်းချန်နေသလို" အပြစ်ရှိသလိုလို ခံစားခဲ့ရတယ်။
လိုရင်းပြောရရင် ကျွန်တော့အလုပ်က Safeway ကုမ္ပဏီနဲ့ ပူးပေါင်းပြီး Vaccination Site ဖွင့်ပေးမယ်လို့ အီးမေးလ်ပို့လာတဲ့ အချိန်မှာ ဝန်ထမ်းအများစုက ကိုယ့်အချိန်ဇယားနဲ့ကိုယ် ထိုးပြီးနေကြပြီ။ ကျွန်တော်က အခန့်သားလေး ရက်ချိန်းယူ၊ ကာကွယ်ဆေးထိုးဖို့ ခွင့် ၂ နာရီ၊ ကာကွယ်ဆေးကြောင့် ဖျားနာနားနေခွင့် ၆ နာရီ ပေါင်းပြီး ၁ ရက်စာ လုပ်ခရ ခွင့်တင်ပြီး ဒီနေ့ သွားထိုးခဲ့တယ်။ ကုမ္ပဏီရဲ့ ပေါ်လစီအရ ဝန်ထမ်းကိုယ်တိုင်အပြင် လူအပိုတစ်ယောက် လိုက်ထိုးခွင့်ရှိတော့ ကျွန်တော့ အမျိုးသမီးနဲ့ နှစ်ဦးသား ရဲဆေးတင် ချီတက်ခဲ့ကြတယ်။
လူတွေက ဆေးထိုးခံရတဲ့ဒုက္ခကို အမျိုးမျိုးပုံကြီးချဲ့ပြောနေတာက တကယ့် ကောလဟလ-Rumor ဆိုတာ အခုတော့ ယုံရပြီ။ ဆေးထိုးတာ နာမှ မနာဘဲ၊ ယောင်မှ မယောင်ဘဲ၊ ကိုက်ခဲတာက အချိန်နည်းနည်းပဲ၊ ထိုင်စောင့်ရတာ ၁၅ မိနစ် (မူးနေရင် မိနစ် ၃ဝ) လေးသာဖြစ်တဲ့အပြင် လိုချင်တဲ့ Pfizer ဆေးရလို့ ပိုမိုကျေနပ်မိတယ်။ ယုံကြည်မှုတွေ တိုးလာတယ်။
ဒီ ဧပြီလ ၂၉ ရက်နေ့ကို ၂၁ ရက် ထပ်ပေါင်း၊ မေလ ၂ဝ ကို ဒုတိယအကြိမ် ဆေးထပ်ထိုးဖို့ လမ်းညွှန်ချက်ပါတဲ့ QR Code စာရွက်ကို ဆေးထိုးပြီးပြီးချင်း ပေးတယ်။ အခု အိမ်ရောက်တော့ မနာကျင်ပေမဲ့ လိုရမယ်ရ Tylenol တစ်လုံးသောက်ပြီး Netflix ကြည့်၊ ကိုယ်တိုင်ဖျော် Nestle Frappuccino တစ်ခွက်နဲ့ ပစ်နားလိုက်တယ် ဘယ်ရမလဲ။ နောက်ရက်ချိန်းလည်း ယူပြီးပြီ။ နားလည်း နားရပြီ။ ဖျားမဖျားသာ စောင့်ကြည့်ဖို့ ကျန်တော့တယ်။
လူမတူတော့ ခံစားချက်မတူသလို ခန္ဓာကိုယ်မတူ-ကာကွယ်ဆေးမတူတော့ ဝေဒနာ မတူနိုင်ပါဘူး။ ဘေးထွက်ဆိုးကျိုးလည်း ပုံစံကိုက် မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ ကာကွယ်ဆေးဟာ Research and Development အခန်းထဲကစ နောက်ဆုံး လူတွေရဲ့ လက်မောင်းထဲ အပ်စိုက်တဲ့အထိ သူ့အလုပ် သူလုပ်ဖို့ စိတ်ပူစရာ မရှိပါဘူး။
ကျွန်တော်တို့ လူသားထုကို ၂ဝ၂ဝ ကတည်းက ခြိမ်းခြောက်ခဲ့တဲ့ Covid-19 ကို အနိုင်တိုက်ဖို့ ယုံကြည်မှုတံတိုင်း ကာရံဖို့ လိုပါတယ်။ ဒါမှသာ စိတ်ချလက်ချ ပြန်လည်သွားလာနိုင်တဲ့ ကမ္ဘာ့နေရာ အများအပြားကို ခြေဦးလှည့်နိုင်ကြမှာပါ။
ဒါကြောင့်မို့လို့ ဆေးအဟောင်းတိုင်း အတင်းယုံစရာ မလိုသလို ဆေးအသစ်တိုင်း ကြောက်စရာ မလိုပါ။ သူ့နေရာနဲ့ သူ့စွမ်းဆောင်ချက်နဲ့ အကျိုးအပြစ်၊ အဖြစ်သနှစ်တွေကြားမှာ ဘီလီယံနဲ့ချီတဲ့ ဒေါ်လာတွေ စတေးလိုက်ရသလို အ‌ချောင်သေသွားရတဲ့ အသက်တွေထက်စာရင် ကျွန်တော်တို့ဟာ ဒီနေ့ ဒီရက်အထိ အသက်ရှင်နေသေးတဲ့ အာရောဂျံ ပရမံ လာဘ်လာဘ ရှိနေပါသေးတယ်။
ဒါကြောင့် စစ်အုပ်ချုပ်မှုဆန့်ကျင်ရေး တော်လှန်ရေးကာလမှာ ဝေဖန်မှုတွေ ဘယ်လို ဘယ်ပုံ ရှိလင့်ကစား အသက်ရှင်နေပေးဖို့ တောင်းဆိုပါရစေ။ အပြောခံရနိုင်မှုတွေ ရှိပေမဲ့ တိုက်ပွဲက မပြီးသေးတာကြောင့် အားတင်းထားကြပါ။ မိမိရဲ့ တင်းမာတဲ့ အယူအဆတစ်ခုကြောင့် စစ်အုပ်စုကိုပြန်တိုက်မယ့် အင်အားတစ်ခုခု လျော့သွားမှာကိုတော့ လုံးဝ လက်ခံဖို့ မဖြစ်နိုင်ပါဘူး။
အရေးတော်ပုံ မကြာမီ မုချ အောင်မည်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
04-29-2021

No comments: