ဆောင်းပါးရှင် - တောင်ကြီး |
နေရာသစ်ကို လာရတော့မယ်လို့ သိရတဲ့အချိန် ရင်အခုန်ဆုံးက ကျောင်းသွားတက်လို့ရတော့မယ် ဆိုတာပါပဲ။ အထက်တန်းကျောင်းလား၊ ဟာ မဟုတ်သေးဘူး၊ ငါ့အသက်နဲ့ အထက်တန်းကျောင်း ပြန်တက်လို့မရတော့ဘူး။ ဒါနဲ့ ကောလိပ်လား၊ ဟာ မဟုတ်သေးဘူး၊ ဒီမှာနေလို့ ဂရင်းကတ် ၁ နှစ်ပြည့်သွားမှ ကောလိပ်သွားတက်ရင် ကျူရှင်ခ ၈ ပုံ ၁ ပုံပဲ ပေးရတော့မှာလေ။ ဘယ်လို အကြောင်းကြောင့်ပဲရောက်လာ ရောက်လာ လူတိုင်းတက်လို့ရတဲ့ လူကြီးကျောင်း-Adult School. အဲဒီကျောင်းကို ပြောတာ။
ကျွန်တော်ရောက်တုန်းက စသွားတက်တဲ့ကျောင်းရဲ့ ကြော်ငြာ အိမ်ကိုရောက်လာတော့ ကျွန်တော့စိတ်တွေကို ဟိုး ၁၂ နှစ်တာ ကာလကို ပြန်ခေါ်သွားကြတယ်။ အဲဒီတုန်းက ကားလိုင်စင် ဖြေဖို့လည်း စောင့်ရ၊ ဘာကတ် ညာကတ်ရဖို့လည်း စောင့်ရနဲ့ စိတ်ပိန်နေတဲ့အချိန် အိမ်က အမျိုးတွေနဲ့ Adult School သွားတက်ကြတယ်။ ကျောင်းတက်တာက ညဘက်ကြီး၊ အလုပ်လုပ်ပြီး ပြန်တဲ့အချိန်မျိုး။ တစ်ခါသင်ရင် ၃ နာရီလောက်သင်တယ် ESL Class ပါ။ ပြောရင်တော့ မြန်မာနိုင်ငံမှာ ကြားဖူးခဲ့တဲ့ ညကျောင်းဆိုတာမျိုး။ နေ့ဘက်အလုပ်လုပ်သူတွေကို အလုပ်ခွင်မှာ အင်္ဂလိပ်စကားတတ်အောင်လို့ ညဘက်သင်ပေးကြတာ။
A, B, C, D ဆိုပြီး ၄ ခန်းရှိတာမှာ ကျွန်တော့အင်္ဂလိပ်စာက အခန်းဖော်တွေထက်မြင့်နေလို့ဆိုပြီး A ကနေ D ကို ရွှေ့ခိုင်းတယ်။ အမှန်က ကျွန်တော်က မြင့်နေတာ မဟုတ်ဘူး။ တခြားလာတက်သူတွေက ဘာမှ မတတ်ကြလို့၊ နားလည်ပေမဲ့ အင်္ဂလိပ်လို ပြန်မပြောတတ်ကြလို့။ D အခန်းရောက်တော့လည်း စာလုံးတွေချည်း ပေါင်းပြနေတာ့ ကျွန်တော်က ထထအော်တာနဲ့ D အတန်းပိုင်ဆရာမက ကျွန်တော့ကို ကောလိပ်သွားတက်တော့တဲ့။ ဒီလိုနဲ့ အဲဒီ Adult School တက်တာကို နားလိုက်ရတယ်။