ဒီဆောင်းပါးမှာ နေ့တိုင်းကြုံတွေ့နေရတဲ့အမေရိကန်ယဉ်ကျေးမှု နဲ့ပေါင်းသင်းဆက်ဆံရေးအကြောင်းကိုတင်ပြချင်ပါတယ်။
ဒီအပိုင်းကိုရေးဖို့ဖြစ်လာတဲ့အကြောင်းကရိုးရှင်းပါတယ်။ လူကိုဦးစားပေးတဲ့စံနစ်ကိုအကျွမ်းမဝင်သေးတဲ့မြန်မာတစ်ယောက်အဖို့ အမေရိကားမှာရုန်းကန်ရတာစိမ်ခေါ်မှုဘယ်လောက်ကြီးမားတယ်ဆိုတာ အထူးပြောစရာမလိုပါ။ မရိုးနိုင်အောင်ပဲမတူတဲ့အတွေ့အကြုံတွေက နေ့စဉ်နဲ့အမျှပါ။
အမိမြန်မာနိုင်ငံက ဒီမိုကရေစီလမ်းစဉ်နဲ့ရှေ့ရှုလျှောက်လှမ်းနေပြီဖြစ်လို့ တစ်ခြားနိုင်ငံတွေရဲ့ လူမှုရေး နဲ့ ယဉ်ကျေးမှုတွေကို မပြတ်လေ့လာသင့်တယ်လို့ခံယူမိတာကြောင့် လေ့လာကြုံဆုံခဲ့သမျှကို ပြန်လည်ဖောက်သည်ချလိုက်ပါတယ်။
ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး) |

လူဖြစ်တည်မှု (Humanity)
စတိုးဆိုင်မှာဈေးဝယ်ဖို့စောင့်ဆိုင်းနေရတဲ့အခါမျိုး
နဲ့ ဆေးခန်းကောင်တာမှာစောင့်ရတဲ့အချိန်တွေမှာ ကိုယ့်အလှည့်အရင်ပြီးအောင် နေရာမလုကြပါ။
ကိုယ်ရောက်နေတဲ့နေရာပတ်ဝန်းကျင်ကလူတွေကို “Are you in line?” လို့လှည့်မေးတာကြားရတော့
ပထမတော့အူလည်လည်ဖြစ်သွားမိပါတယ်။ မိမိကမသိလိုက်ပဲ သူတစ်ပါးကိုအလှည့်ကျော်မိသွားမှာစိုးလို့
“အလှည့်စောင့်နေတာလား?” လို့ ယဉ်ကျေးစွာမေးတာက ချစ်စရာအလေ့အထလေးအဖြစ် အမှတ်ပေးမိတယ်။
မရည်ရွယ်ပဲ မိမိက အလှည့်ကျော်မိလိုက်မှာကို
အမေရိကန်တွေသိပ်ရှက်ကြပါတယ်။ ကိုယ့်ရှေ့မှာသူများက အလှည့်ကျော်သွားရင် တန်းစီသူတွေတစ်တန်းလုံးလက်မခံကြပါ
. . လှမ်းတားကြတယ်။ တန်းတူညီမျှအခွင့်အရေး (Equal Chance) ကို လူအများတူညီစွာလက်ခံထားကြတယ်။
ဒီနိုင်ငံကလူတွေအားလုံးစည်းကမ်းရှိကြတယ်လို့
တရားသေမမှတ်စေလိုပါဘူး။ မြန်မာနိုင်ငံမှာလည်း စည်းကမ်းရှိသူတွေအများကြီးရှိကြပါတယ်။
အမှန်က ပြဋ္ဌာန်းပြီးသားဥပဒေကို နိုင်ငံသားတွေက ဝိုင်းလိုက်နာကြလို့ ပိုမိုတိုးတက်ကြတာပါ။ ဒီလို လူ့သိက္ခာ နဲ့ စည်းကမ်းတွေကို တကူးတကဘယ်သူတစ်ဦးတစ်ယောက်ကမှ
လိုက်လံသင်ကြားပေးတာမရှိပါဘူး။
ကားမရပ်ရဆိုတဲ့နေရာမျိုးမှာ ကားမရပ်တာ၊ အရေးပေါ်လူနာတင်ကား
(သို့မဟုတ်) ရဲကားက ဥသြဆွဲပြီးမောင်းလာရင် အသံကြားတာနဲ့ ကားကိုလမ်းဘေးချရပ်တာ၊ ကားလမ်းဖြတ်ကူးသူတွေ့ရင်
မရောက်ခင် (၁၅) ပေ အကွာကတည်းက ကားအရှိန်လျှော့ပေးတာမျိုးတွေဟာမော်တော်ယာဉ်လိုင်စင်ဖြေဖို့ကျက်ရတဲ့စာထဲမှာတစ်ခါတည်းပါပြီးသားပါ။
ဆေးရုံ ဆေးခန်းနဲ့
လူအများဧည့်ကြိုကောင်တာ (Front Desk) တွေမှာ ပိုးသတ်လက်သန့်စင်ရည် (Hand
Sanitizer) ဗူးလေးတွေထားပေးကြတယ်။ အဲဒါကလည်း ရောဂါပြန့်ပွားမှုမရှိအောင် ဆေးရုံ ဆေးပေးခန်းဝန်ဆောင်မှုကျင့်ဝတ်အရ
ကျန်းမာရေးကိုဂရုစိုက်ကြောင်း လူမြင်ကွင်းမှာရှင်းလင်းအောင်ကြေငြာပေးထားတာတွေ့ရပါတယ်။
ရှော့ပင်းမောမှာဈေးဝယ်လက်တွန်းလှည်းငယ်တွေကို သတ်မှတ်တဲ့နေရာမှာပြန်ထားပေးကြတာမျိုးကျတော့ ဆိုင်ကချမှတ်ထားတဲ့ (Please Return Shopping Cart Here) ဆိုတဲ့စည်းကမ်းကိုလိုက်နာတာပါ။
ရှော့ပင်းမောမှာဈေးဝယ်လက်တွန်းလှည်းငယ်တွေကို သတ်မှတ်တဲ့နေရာမှာပြန်ထားပေးကြတာမျိုးကျတော့ ဆိုင်ကချမှတ်ထားတဲ့ (Please Return Shopping Cart Here) ဆိုတဲ့စည်းကမ်းကိုလိုက်နာတာပါ။
မက်ဒေါ်နယ်လို၊ KFC လို အသင့်စား (Fast Food)
ဆိုင်မျိုးမှာ
ထိုင်စားပြီးရင်ကိုယ့်ခုံကိုယ်ပြန်သန့်ရှင်းရေးလုပ်ပေးခဲ့ကြပါတယ်။ လေယာဉ်ထိုင်ခုံအတက်အဆင်းတွေမှာ ကိုယ့်ရှေ့ကလူပြီးမှ နောက်ကလိုက်ထွက်ကြတာပါ။ ဒီလိုလူမှုရေးကျင့်ဝတ်တွေကိုတော့ လူကြီးမိဘ
နဲ့ ပတ်ဝန်းကျင်က လက်ဆင့်ကမ်းသင်ကြားပေးကြပါတယ်။ လိုက်နာသူများပြားတဲ့အတွက်
စံနစ်တစ်ခုကမအောင်မြင်ဘူးဆိုတာမရှိပါဘူး။
စည်းကမ်းမလိုက်နာသူတွေကို ဘယ်လိုလုပ်မှာလဲ?
ဒါက သိပ်ကောင်းတဲ့မေးခွန်းပါ။ လူတိုင်းစည်းကမ်းလိုက်နာအောင်လုပ်လို့မရပေမယ့် စည်းကမ်းဖောက်ဖျက်ရင်ဈေးကြီးကြီးဒဏ်ငွေဆောင်ခိုင်းထားပါတယ်။ အမေရိကားမှာ အစစအရာရာ ဈေးမသက်သာပါဘူး။
ဒါက သိပ်ကောင်းတဲ့မေးခွန်းပါ။ လူတိုင်းစည်းကမ်းလိုက်နာအောင်လုပ်လို့မရပေမယ့် စည်းကမ်းဖောက်ဖျက်ရင်ဈေးကြီးကြီးဒဏ်ငွေဆောင်ခိုင်းထားပါတယ်။ အမေရိကားမှာ အစစအရာရာ ဈေးမသက်သာပါဘူး။
ပွင့်လင်းမြင်သာမှု (Transparency)
အမေရိကားမှာ အသေးအဖွဲကအစ လမ်းညွှန်ဆိုင်းဘုတ်လေးတွေပြထားပေးကြတယ်။ ဥပမာ “လမ်းပြင်နေသည်၊ လမ်းလွှဲမှမောင်းပါ” (Detour-Road Work Ahead)
ဆိုတာနဲ့ ခလုတ်မတိုက်မိအောင် “ပလက်ဖောင်းမညီညာပါ“ (Uneven Pavement)
ဆိုတာမျိုးကိုလမ်းတွေပေါ်မှာတွေ့ရတတ်ပါတယ်။ ဒီလိုကြေငြာထားဖို့လုံလောက်တဲ့အကြောင်းရင်းရှိပါတယ်။ မြို့နယ်မြူနီစီပယ် (သို့မဟုတ်) ဆောက်လုပ်ရေးကုမ္ပဏီက
သူတို့သတိမပေးလို့ လူထိခိုက်ဒဏ်ရာရမှုရှိရင် တရားစွဲခံရပြီဆိုရင်တော့ လျော်ကြေးကအဆမတန်ပေးရတာပါ။
နောက်ပြီး စတိုးဆိုင်၊ ရှော့ပင်းမောတွေမှာ ကြမ်းပြင်ပေါ်ရေဖိတ်ကျထားတယ်ဆိုပါစို့ . . သန့်ရှင်ရေးလုပ်ပြီးသွားလို့ကောင်းသွားရင်တောင် “သတိထား၊ ကြမ်းပြင်စိုနေသည်“ (Caution–WET FLOOR) ဆိုတဲ့ လူလဲကျနေတဲ့ပုံလေးပါတဲ့ဆိုင်းဘုတ်အထောင်ပြားလေးတွေလမ်းပေါ်မှာချထားပေးပါတယ်။ ဈေးဝယ် နဲ့ လမ်းသွားလမ်းလာတွေ မချော်လဲမကျအောင်လို့ပါ။
“ကားအမြန်နှုန်းရေဒါဖြင့်စစ်ဆေးနေသည်”

(Speed Checked by Radar) ဆိုင်းဘုတ်တွေလည်းမကြာခဏတွေ့ရပါတယ်။
သတ်မှတ်မိုင်ထက်အမြန်မောင်းတဲ့ကားကို ရဲကဖမ်းရင် မောင်းသူဒရိုင်ဘာက “လမ်းမှာကြေငြာထားလို့ဖမ်းတာလား“ လို့ စောဒကတက်ခွင့်ရှိတာ ဒီမိုကရေစီအခွင့်အရေးလို့ အမေရိကန်နိုင်ငံသားတွေကယုံကြည်ကြပါတယ်။
ကုန်ပစ္စည်းသတိပေးချက် (Product Warning and Safety Workplace)
ရှပ်အင်္ကျီထည့်တဲ့ရိုးရိုးပလပ်စတစ်အိတ်အကြည်ပေါ်မှာ “ကစားစရာမဟုတ်ပါ" (This is not a toy) လို့သတိပေးကြော်ငြာထားတာတွေ့ဖူးပါတယ်။ ဝယ်ယူသွားသူရဲ့ ကလေးထိခိုက်မှုမရှိအောင်သတိပေးတာ လိုတာထက်ပိုတယ်ထင်ကောင်းထင်ပါလိမ့်မယ်။
လည်ပတ်နေတဲ့စက်ယန္တရား - ဥပမာ တွင်ခုံ (Machine Shop) နဲ့အလုပ်လုပ်သူကိုလုပ်ငန်းခွင်အန္တရာယ်ကင်းမျက်မှန် (Safety Glasses) မတပ်မနေရပါ။ ချွန်ထက်တဲ့အရာဝတ္ထုနဲ့အလုပ်လုပ်တဲ့အလုပ်ခွင် - ဥပမာ ပုံလောင်းစက်၊ ဖိစက်၊ ပုံနှိပ်စက်တွေမှာ (Sharp Edge–Watch Your Fingers) စာတန်းပါ သတိပေးဆိုင်းဘုတ်တွေမရှိမနေရ အမြဲတွေ့ရပါတယ်။
ပူတဲ့မျက်နှာပြင်ရှိတဲ့လုပ်ငန်းခွင်မှာလည်း (Hot Surface- Do Not Touch) လို့ ပြထားပါတယ်။ ဒီကုန်ပစ္စည်းသတိပေးချက်တွေကိုသတိထားမလိုက်နာပဲ အန္တရာယ်ကျရောက်ခဲ့ရင်တော့ ထုတ်လုပ်သူ (သို့မဟုတ်) လုပ်ငန်းခွင်က တာဝန်ယူဖြေရှင်းပေးမှာမဟုတ်ပါဘူး။
လူ့အခွင့်အရေး (Human Rights)
တရားခံကို ဖမ်းမိတဲ့ရဲတွေရဲ့တာဝန်က “မာရန်ဒါအခွင့်အရေး” (MARANDA RIGHT) ပါ အချက်အလက်များကို ရွတ်ဖတ်ပြရပါတယ်။
အဲဒီအခွင့်အရေးစာတမ်းထဲမှာ
(၁) မည်သို့မျှမထွက်ဆိုပဲ သင်နေလို့ရသည်
(၂) သင်ယခုပြောသမျှကိုတရားရုံးတွင်ဆန့်ကျင်ထွက်ဆိုနိုင်သည်
(၃) ရှေ့နေရှေ့ရပ်ဖြင့်ဖြေဆိုခွင့်ရှိသည်
(၄) ငွေကြေးမတတ်နိုင်ပါက သင်ဆန္ဒရှိလျှင်ရှေ့နေငှားရမ်းပေးမည်
(၅) အထက်ပါအခွင့်အရေးများအရ မည်သည့်မေးခွန်းကိုမျှမဖြေဆိုပဲနေနိုင်သလို မည်သည့်ထွက်ဆိုချက်ကိုမျှမပေးဘဲ နေနိုင်သည် စတဲ့ အချက် (၅) ချက် ပါဝင်ပါတယ်။
ရှင်းပြတာကိုနားလည်သလား? နားလည်ရင် အခုကျွန်တော်တို့ကိုစကားပြောဖို့ဆန္ဒရှိပြီလားလို့ ရဲကမေးရတာပါ။ နည်းနည်းတော့ထူးခြားသလိုဖြစ်နေပေမယ့် အမေရိကားမှာနေထိုင်သူတွေ တစ်ပြေးညီအခွင့်အရေးရကြတာက ဒီမြေပေါ်မှာရှိနေတဲ့အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

တစ်နည်းအားဖြင့် အများပြည်သူသိရှိအောင် ရှင်းပြညွှန်ပြပေးကြတဲ့အလေ့အထက အခုမှရှိလာတာမဟုတ်ပါ။ လူမျိုးပေါင်းစုံနေထိုင်ပြီး မတူကွဲပြားတဲ့ ပြသနာတော်တော်များများကို
ကျော်ဖြတ်ဖြေရှင်းပြီးရလာတဲ့ လူသားအရင်းအမြစ်ရဲ့နောက်ဆက်တွဲအသီးအပွင့်တွေဖြစ်ပါတယ်။ လက်ရှိအသုံးတည့်နေတဲ့ဥပဒေကိုလူ့အသက်ပေါင်းဘယ်လောက်ပေးဆပ်ခဲ့ပြီးရေးခဲ့ရသလဲဆိုတာကိုတော့
ဘယ်သူမှမသိနိုင်ပါဘူး။
ဒါပေမယ့် ဒီမိုကရေစီစံချိန်စံညွှန်းပါအချက်အလက်တွေကို ဥပဒေလို့သတိမထားမိပဲ နေ့တိုင်းကျင့်သုံးဖို့ယျဉ်ကျေးမှုကိစ္စတစ်ရပ်ဖြစ်အောင်ညှင်သာအောင်ပြောင်းလဲပေးနိုင်တဲ့ အမေရိကန်လူထုခေါင်းဆောင်တွေကိုမချီးကျူးပဲ မနေနိုင်ပါဘူး။ လူအများအလိုရှိတဲ့အမြင်တူညီမှုတစ်ခုကိုအများစုရဲ့အားနဲ့ပြောင်းလဲယူခဲ့တဲ့သာဓကတွေ အမြောက်အများရှိပါတယ်။
“အချိန်လိုတယ်” (It Takes Time) လို့ ပြောနေမယ့်အစား “ယခုပြင်ရအောင်” (Let’s Make Change) လို့ စတင်ပြုပြင်ပြောင်းလဲခဲ့တဲ့ ပြည်သူလူထုအင်အားကိုအားကျနမူနာယူပြီး မြန်မာနိုင်ငံမှာနေ့တိုင်းကျင့်သုံးသင့်တဲ့ ယဉ်ကျေးမှု၊ ပေါင်းသင်းဆက်ဆံရေး နဲ့ လူ့ကျင့်ဝတ်တွေကို ရေးသားတင်ပြလိုက်ရပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
06-27-2013
ကိုညီညီ (တောင်ကြီး)
06-27-2013
No comments:
Post a Comment