ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Friday, September 25, 2020

Power Distance သို့မဟုတ် အာဏာကြောင့်လူထုနှင့်ခပ်လှမ်းလှမ်းရောက်နေခြင်း


          Power ဆိုတာကို တန်ခိုးအာဏာလို့အဓိပွာယ်ဖွင့်ရုံနဲ့ပြည့်စုံတယ်လို့မဆိုနိုင်ပါ။ သာမန်လူထက်အစွမ်းထက်တာ Power ၊ သူတကာကိုဦးဆောင်နိုင်လို့လွှမ်းမိုးမှုရှိတာ Power ။ အရာဝတ္ထုနှစ်ခုကြားကအတိုင်းအထွာဟာ Distance ၊ လူတစ်ဦးနဲ့တစ်ဦး လူတစ်စုနဲ့တစ်စုကြားကကွာဟမှုဟာ Distance လို့ နားလည်နိုင်ပါတယ်။ ဒီထက်ထဲထဲဝင်ဝင်လေ့လာရင် ဒီထက်ကျယ်ပြန့်တဲ့ခက်ဆစ်အနက်တွေရှိနိုင်ပါသေးတယ်။


          Power Distance ကိုတွဲသုံးလိုက်တဲ့အနက်အဓိပွာယ်ကျပြန်တော့

အာဏာ၊ ရာထူး၊ လုပ်ပိုင်ခွင့်ရှိလာတဲ့လူတွေဟာ သူအရင်နေခဲ့တဲ့၊ လုပ်ခဲ့တဲ့၊ ခင်ခဲ့တဲ့အသိုင်းအဝိုင်းနဲ့ကင်းကွာလာတာကိုမီးမောင်းထိုးပြပါတယ်။


          ဉပမာ မိတ်ဆွေရဲ့သူငယ်ချင်းတစ်ယောက်ရာထူးတက်သွားတဲ့အခါ ဒီလောက်ရင်းတဲ့သူငယ်ချင်းကိုမခေါ်နိုင်မပြောနိုင်ဖြစ်နေတာဟာသူ့မှာ Power Distance ရှိနေတာကြောင့်ပါ။ တစ်နည်းအားဖြင့် သူရသွားတဲ့ရာထူးသစ်ကြောင့်လုပ်ငန်းဆောင်တာတွေမတူတော့တာနဲ့တစ်ဆက်တည်း အရင်ခင်ခဲ့တဲ့သူငယ်ချင်းတွေနဲ့ခေါ်နေပြောနေရတာဟာ တက်သွားတဲ့သူ့ရာထူးကိုထိခိုက်မလားဆိုတဲ့အတွေးကြောင်တစ်ခုကိုသူရသွားတာလို့မှတ်ယူနိုင်ပါတယ်။ 


          ပိုရှင်းအောင်ပြောပြရရင် ကုမ္ပဏီတစ်ခုမှာ မန်နေဂျာ ၂ ယောက်ရှိတယ်ဆိုပါစို့။ တစ်ယောက်က ကုတ်အင်္ကျီနဲ့နက်တိုင်တပ်ပြီးအလုပ်တက်တယ်။ နောက်တစ်ယောက်ကရှပ်အင်္ကျီလက်တိုနဲ့ဂျင်းဘောင်းဘီနဲ့အလုပ်တက်တယ်။ အလုပ်ထဲကသာမန်လူတစ်ယောက်ကဘယ်မန်နေဂျာနဲ့စကားပြောလို့လွယ်မယ်လို့မိတ်ဆွေထင်သလဲ? (၅ စက္ကန့်လောက်ခြားပြီးအဖြေရမှဆက်ဖတ်ပါ)


          မှန်ပါတယ် ဂျင်းဘောင်းဘီနဲ့မန်နေဂျာကိုထိပ်ဆုံးချည်းကပ်ကြလို့အရေးအကြောင်းဆိုရင် ကုတ်အင်္ကျီနဲ့မန်နေဂျာကတစ်ခုခုဖြစ်ရင်နောက်မှပဲသိရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဂျင်းဘောင်းဘီဝတ်ထားတဲ့အရာရှိဟာ 


-သူ့အောက်ကဝန်ထမ်းတွေနဲ့အကျွမ်းဝင်အောင်


-သူ့အောက်ကဝန်ထမ်းတွေရဲ့ဘဝကိုသိအောင်


-အောက်ခြေမှာဘာတွေဖြစ်နေသလဲဆိုတာကိုယ်တိုင်နားလည်အောင်


-သူ့အပေါ်ခင်မင်ရင်းနှီးတာနဲ့အမျှကိစ္စရပ်တိုင်းမှာအမှန်ကိုအမှန်အတိုင်းသိရအောင် နဲ့


-အုပ်ချုပ်သူနဲ့အအုပ်ချုပ်ခံလူတန်းစား ၂ ခုကြားမှာဘာစည်းမှခြားမနေအောင်လုပ်ဆောင်နေတယ်လို့နားလည်နိုင်ပါတယ်။

        ကုမ္ပဏီဘက်ကနေကြည့်ရင် အလုပ်တစ်ခုထဲမှာမနိုင်လို့ မန်နေဂျာ ၂ ယောက်ခန့်ထားတယ်။


-တစ်ယောက်ကကိစ္စတော်တော်များများကိုအမြဲလိုလိုအမှန်အတိုင်းသိနေတယ်။ 

နောက်တစ်ယောက်က အောက်ကကြီးကြပ်ရေးမှူးကိုခေါ်မေးမှသိတယ်။ 


-တစ်ယောက်ကပြဿနာတစ်ခုဖြစ်ရင်ရှင်းပြီးသားဖြစ်နေပြီ။

နောက်တစ်ယောက်က ဘာကြောင့်ဖြစ်တာလဲအဖြေရှာနေတုန်း။


-တစ်ယောက်ကပြိုင်ဘက်နဲ့ယှဉ်ပြိုင်ဖို့ဗျူဟာချနေပြီ။

နောက်တစ်ယောက်က ငါတို့ပစ္စည်းဘာလို့မရောင်းရတာလဲဆိုပြီးအစည်းအဝေးခေါ်တုန်း။ ဒါက နှိုင်းယှဉ်တတ်အောင်ပြောပြတာ။


          နိုင်ငံရေးမှာကြည့်ပြန်ရင် မိမိမဲထည့်လိုက်တဲ့အစိုးရဟာပြည်သူထဲကိုဘယ်လောက်စိမ့်ဝင်သလဲဆိုတာမဲရပြီးတဲ့နောက်လူထုစကားဘယ်လောက်အလေးထားပြီးဦးရွက်တာဝန်ထမ်းဆောင်သလဲဆိုတာနဲ့တိုင်းတာလို့ရတယ်။ 


ဆိုလိုတာက အာဏာရလာတဲ့အစိုးရဟာပြည်သူရဲ့ဝန်ထမ်းဖြစ်တယ်။ 


တကယ်ဆို သူ/သူတို့ဟာ အုပ်ချုပ်မှု-Power ဆီကိုမသွားခင်အချိန်အထိ ပြည်သူတစ်ယောက်/တစ်စုသာဖြစ်တယ်။


          အာဏာရ/အရွေးချယ်ခံရပြီးတဲ့နောက်မှာ ပြည်သူနဲ့ခပ်လှမ်းလှမ်းကနေ ခေါ်မကြား/အော်မကြားဖြစ်နေရင် မိမိတို့တင်လိုက်တဲ့အရွေးကောက်ခံကိုယ်စားလှယ်မှာ Power Distance ရှိနေပြီလို့သိလိုက်ပါ။ 


         ဒါကြောင့်ငယ်ငယ်ကတည်းကကြောက်နေရတဲ့၊ ပြည်သူကိုဖိနှိပ်တဲ့အုပ်ချုပ်သူကို ဒီရွေးကောက်ပွဲမှာတင်မိရင်တော့ အာဏာကြောင့်လူထုနဲ့ခပ်လှမ်းလှမ်းရောက်နေတဲ့အစိုးရပဲရမှာ။ မိမိပြည်သူတွေအခက်အခဲတစ်ခုခုဖြစ်ရင်ဘယ်နားတင်ပြရမလဲမသိ၊ ဘယ်သူ့နောက်လိုက်ပြီးဘာဆောင်ရွက်ရမှန်းမသိ၊ ဘယ်နေရာမှာဘာလုပ်နေမှန်းမသိတဲ့အစိုးရ၊ ဘယ်လိုအခွန်ငွေတွေဘယ်လိုကောက်ပြီးဘယ်နေရာမှာသုံးနေမှန်းမသိတဲ့အစိုးရပဲရမှာသေချာတယ်။


          သေသေချာချာစဉ်းစားကြည့်။ အရွေးကောက်ခံဆိုတာရွေးကောက်သူရဲ့အရေးကိစ္စကိုဆောင်ရွက်ပေးဖို့ကိုယ်စားပြုတာဝန်ပေးလိုက်တာ။ ဒါကိုမှအာဏာနဲ့လုပ်ပိုင်ခွင့်လည်းရရော ငါ့မြင်းငါစိုင်းစစ်ကိုင်းရောက်ရောက်လုပ်နေရင် ဘာလို့သူတို့ကိုမဲပေးဦးမလဲ။ 


          Power Distance အာဏာကြောင့်လူထုနဲ့ခပ်လှမ်းလှမ်းရောက်သွားမယ့်အစိုးရကိုဘာလို့မဲပေးမလဲ။ အလုပ်လုပ်နိုင်တဲ့လူလတ်ပိုင်းတွေအများကြီးရှိတဲ့ပညာတတ်အသိုင်းအဝိုင်းကိုနေရာပေးကြပါ။ ရွေးကြပါ။ စုစည်းပေးကြပါ။ အစိုးရဖွဲ့ခွင့်ပေးပါ။ အာဏာရှင်ကိုဖီဆန်ခဲ့တဲ့အတိတ်သမိုင်းကောင်းခဲ့သူကိုမဲပေးပါ။ မိမိရှေ့ရောက်လာတဲ့အခွင့်အရေးကိုလက်လွှတ်မခံပါနဲ့။ 


        လိုရင်းကအခုမှရောက်တယ်။ အစိုးရ ၅ ဆက်လောက်ပြောင်းပြီးအာဏာယူလာတာအခုအချိန်လောက်ရောက်လာတော့ ဖြူဖြူမည်းမည်းသဲသဲကွဲကွဲမြင်လာကြပြီ။ 


-အရောင်တွေနဲ့မခွဲနဲ့ လုပ်ဆောင်ချက်နဲ့ခွဲ။ 


-အရောင်တွေနဲ့မရွေးနဲ့ အနစ်နာခံမှုနဲ့ရွေး။ 


        ဒါတွေအားလုံးနဲ့ကိုက်ညီတာ NLD ပဲတွေ့တယ်။ အရင်အနှစ်နှစ်အလလစိတ်ထဲကပေးခဲ့တဲ့မဲဟာနိုဝင်ဘာလကျရင် မိတ်ဆွေတို့တကယ်မဲပေးပြီးရွေးချယ်နိုင်တော့မယ်။ 


          ပြည်သူနဲ့အုပ်ချုပ်သူကြား Power Distance မရှိတဲ့အစိုးရကိုကောက်တင်နိုင်တော့မယ်။ ဒါပဲဗျာ ပြောချင်တာက NLD ကိုမဲပေးပါ။ 


ခင်လျက်

ကိုညီညီ (တောင်ကြီး)

09-25-2020



No comments: