ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Thursday, July 24, 2014

နိုင်ငံခြားရဲနှင့်ပတ်သက်သမျှပထမများ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
---- ပထမဦးဆုံး ရဲအတားခံရတာက ပထမကား ဝယ်ပြီးခါစ မှာပါ။ ပထမဦးဆုံး အလုပ်ခန့်မယ့်နေရာ က ပထမဦးဆုံး ကျန်းမာရေးဆေးစစ်ခိုင်းတယ်။ သူတို့ခိုင်းတဲ့မြို့ Pleasanton ကို ရောက်ဖူးတာလည်း ပထမဦးဆုံးပဲ။ ဖရီးဝေးကို ပထမဦးဆုံး မမောင်းတတ်သေးလို့ ဒီနိုင်ငံက တူမလေးကို အကူအညီတောင်း မောင်းခိုင်းရတယ်။ ဒီကားကို မိန်းကလေး မောင်းတာလည်း ဒါ ပထမဦးဆုံးပဲ။ အဲဒီမြို့ကိုဝင်ဖို့ ဖရီးဝေး ကနေ အထွက် တူမလေး က မောင်းရင်တန်းလန်း အရှိန်လျှော့ပြီး လမ်းဘေး ကို ဖြည်းဖြည်းလေးဆွဲချလိုက်တဲ့အခါ ဘာဖြစ်တာလဲ လို့ မေးလိုက်မိတယ်။ သူက နောက်ကိုကြည့်လိုက်တဲ့၊ တွေ့ပါပြီ ၊ ရောင်စုံဝိုင်ယာလက်မီးထွန်းပြီး ကပ်လိုက်လာတဲ့ ပထမဦးဆုံးရဲကား။
.
ဒါနဲ့ ရှော့ပင်းမော တစ်ခု ရဲ့ ကားပါကင်ထဲ ကွေ့လိုက်ပြီး ရပ်ပေးလိုက်တယ်။ ရဲ က တူမလေးကို လိုင်စင်တောင်းကြည့်ပြီး ကားနောက်က နံပါတ်ပြားမှာ ကားလိုင်စင် သက်တမ်းလွန်နေလို့ ဖမ်းတာလို့ ရှင်းပြတယ်။ ရဲကားက စာဖတ်တာမဟုတ်ဘူး။ ကားနံပါတ်ပြား ထောင့်နားမှာ ကပ်ထားတဲ့ စတစ်ကာ အရောင်ကို လှမ်းကြည့်ရုံနဲ့ သက်တမ်းလွန်မလွန်သိတယ်။ တူမလေး က သက်တမ်းမလွန်တဲ့အကြောင်း၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဝယ်ခဲ့တာဖြစ်လို့ သက်တမ်းတိုးကပ်ခွာ ရောက်မလာသေးကြောင်း၊ ကားပွဲစား ကိုယ်စားလှယ် Dealer ဆီက ပေးလိုက်တဲ့ စာရွက်ကို ကားရှေ့မှန်မှာ ကပ်ထားကြောင်း ရှင်းပြလိုက်တော့ ပထမဦးဆုံး ရဲ နဲ့ အဆင်ပြေသွားပါတော့တယ်။

.
ပထမဦးဆုံးသွေးဖောက်ပေးပြီး ပြန်ထွက်အလာ ဖရီးဝေးပေါ်ပြန်တက်ပြီး သိပ်မကြာဘူး၊ ကားနောက်ကိုလှည့်ကြည့်လိုက်တော့ နောက်ထပ်ရဲကားတစ်စီး။ ဒါနဲ့ လမ်းဘေး Shoulder ချရပ်ရပြန်ရော။ ဒီတစ်ခါဆင်းလာတာ ပထမဦးဆုံးတွေ့ဖူးတဲ့ ဘိုမ  “ ရဲမေ ” ဖြစ်နေတယ်။ အထက်ကလို အစ ကနေ ပြန်ရှင်းပြလိုက်တာနဲ့ ပြီးသွားပြန်ရော။ အဲဒီနေ့က တစ်ရက်ထဲ  ရဲနှစ်ယောက် က ကားတစ်စီးကို ထပ်ဆင့်ဖမ်းတဲ့ “ ပထမဦးဆုံး ” အတွေ့အကြုံဖြစ်ပါတယ်။
.
.
---- ဒုတိယ ကားတစ်စီးလိုလာတော့ လမ်းကမကျွမ်း လမ်းပြမြေပုံစက် Navigator တစ်လုံးဖွင့်ပြီး ကားအရှာ ထွက်ကြရော။ တစ်နေရာရောက်တော့ လမ်းအဆုံးနားမှာ ကားပြခန်းတစ်ခုတွေ့တာ နဲ့ ကားမှေးရပ်ပြီး ကြည့်လိုက်တယ်။ ပြန်ထွက်ရင် ရှေ့မှာ မီးပွိုင့်ကို ဘယ်ဖက်ကွေ့ရမှာ။ ဒီအချိန်မှာ ညာဖက်ခေါင်းတည်နေတဲ့ ကားကို လန့်ဖျန့်ပြီး ဘယ်ဘက်ဆွဲကွေ့လိုက်တာ မီးစိမ်း ကနေ မီးနီသွားတာကို မမြင်လိုက်ဘူး။ ရှေ့မှာရော ဘေးမှာရော ဘာကားမှမရှိဘူး။ မီးပွိုင့်နည်းနည်းလွန်တော့ နောက်လည်း ကြည့်လိုက်ရော မီးပဒေသာ နဲ့ ရဲကားပါ ခင်ဗျ။
.
ဒါနဲ့ ရပ် / လိုင်စင်ထုတ်ပြ ပြီး လက်နှစ်ဖက်ကို စတီယာရင် ပေါ်တင်ထားလိုက်တယ်။ ရဲ က ခင်များမှားတာ သိသလား တဲ့။ ဟုတ်ကဲ့ သိပါတယ်ပေါ့။ ဒါဆို သူအရေးယူမယ် တဲ့ ။ ဟာ Officer ရယ် Don’t do that. I have no money လို့ တတ်သလောက် မှတ်သလောက် ချော့ပြောရတယ်။ ဒီမြေကို ခြေချတာ မကြာသေးလို့ပါ၊ ကားမောင်းတတ်တာလဲ မကြာသေးဘူး ( ဒီအချိန်မှာ သူက လူလိုင်စင် ကို သေချာကြည့်လိုက်တယ် )၊ ပြီးတော့ ကားတစ်စီးထပ်လိုလို့ လိုက်ရှာရင်း မရောက်ဖူးတဲ့နေရာ ရောက်လာတာပါလို့ ကျိုးပဲ့နေတဲ့ အင်္ဂလိပ်စကား နဲ့ ပြောလိုက်တော့ ရဲ က နည်းနည်းတွေဝေသွားတယ်။
.

ဒီနောက်မှာ Please ကို ( ၃ ) ခေါက်လောက် ထပ်ကျော့ပြောလိုက်တော့  သူက ဒါဆိုရင်လည်း ဒီတစ်ခေါက်တော့ သတိ Warning ပေးလိုက်တယ်ဆိုပြီး လက်မှတ် Ticket မဖြတ်ပဲ လိုင်စင်ပြန်ပေးတယ်။ နောက်မဖြစ်စေနဲ့ ဆိုတော့မှ သက်ပြင်းချရတော့တယ်။ သူက ထပ်မေးသေးတယ် အိမ်ပြန်တတ်လား တဲ့။ ကျွန်တော် က ပြန်တတ်တယ်ဆိုတာကို စိတ်မချလို့ ဖရီးဝေး ထွက်ဖို့ သူကားနောက်က လိုက်ခဲ့ဆိုပြီး ရှေ့ကနေ ဖြည်းဖြည်းချင်း မောင်းသွားတယ်။ နောက်က လိုက်သွားရင်း ဖရီးဝေးအထွက်ပတ်လမ်းမှာ သွားလို့ရပြီဆိုပြီး လက်ပြတော့ နှုတ်ဆက်ပြီး အိမ်ပြန်ခဲ့ရပါတယ်။ ဒီအကြောင်းလေးက ရဲအဖမ်းခံရတာ အတောင်းပန်ကောင်းလို့ ဒဏ်ငွေမဆောင်ရတဲ့ “ ပထမဦးဆုံး ” အကြိမ်ပါ။
.
.
.
.
---- တစ်ရက်မှာ ပထမဦးဆုံးလုပ်တဲ့ လုပ်ငန်းခွင်ကို မြို့တွင်း Local က အသွား လမ်းမှာ မီးပွိုင့်တွေ ဆင့်ကဲဆင့်ကဲ ပိတ်နေပါတယ်။ အလုပ်ချိန်က ကပ်နေပြီမို့ စိတ်ရှည်ရှည်ထားပြီး ကြိုးစားမောင်းနေခဲ့တယ်။ မီးပွိုင့်တစ်ခုအလွတ် နဲ့ နောက်ထပ်မီးပွိုင့်တစ်ခု အရပ်မှာ ကားထပ်နေလို့ ရှေ့ကားက တုန့်ကနဲ ရပ်သွားတယ်။ ဒါနဲ့ ကျွန်တော်လည်း အလျင်စလို ဘရိတ်ကောက်ဖမ်းလိုက်ပြီး ရပ်လိုက်တာ ကံကောင်းလို့ ရှေ့ကားကို ဝင်မတိုးမိတာ။ ကံမကောင်းသူက အနောက်က ဟွန်ဒါအစိမ်းလေး မောင်းတဲ့ ကောလိပ်ကျောင်းသား။ ကျွန်တော့ကားကိုနောက်ကနေ ဆောင့်လိုက်တာ သူ့ကား ရှေ့ရှဲစောင်း က ကျွန်တော့ကားနောက်ဘန်ပါအောက်ထဲ ဝင်သွားပြီး ကျွန်တော့်ကားကို ပင့်တင်လိုက်သလို ဖြစ်သွားတယ်။ ဘောနက်အလယ်က ထောင်တက်သွားပြီး ပိတ်လို့မရတော့ဘူး။
.
ဒါနဲ့ ကျွန်တော်က ကားတိုက်ခံရပြီလည်းသိရော ဆင်းပြီးကြည့်လိုက်တယ်။ ကားကိုလမ်းဘေးဆွဲချပြီး ဆံပင်ညှပ်ဆိုင် ပါကင်မှာ ရပ်ထားလိုက်တယ်။ သူ့ကားက သနားပါတယ်၊ စက်နှိုးလို့မရတော့ဘူး။ ဒါနဲ့ နောက်ကားတွေ ရှောင်မောင်းသွားကြတယ်။ ကျွန်တော်လည်း သူ့ကားကို ဆင်းတွန်းပေးရင်း လမ်းဘေးကပ်ခိုင်းလိုက်တယ်။ ပြီးတော့ နှစ်ယောက်သား အားကိုးရာတွေဆီကို ဖုန်းတွေဆက်တော့ သိပ်မကြာဘူး သူ့အမေရောက်လာပြီး သူ့ကိုဆူတယ်။ ကျွန်တော်က ကျေးဇူးရှိတဲ့ ဒီနိုင်ငံက အစ်ကိုဆီဆက်တယ်။ တစ်ယောက် နဲ့ တစ်ယောက် အာမခံ Insurance အချက်အလက်တွေ လဲလှယ်နေတုန်း ရဲကား ရောက်လာတယ်။
.
ကားပေါ်က ဆင်းလာပြီး အေးဆေးပဲ  ဘယ်သူမှားလည်း ဘယ်သူမှန်လည်း မမေးဘူး၊ “ မင်းတို့ နှစ်ယောက်လုံး Insurance ရှိတယ် မဟုတ်လား ” လို့မေးတယ်၊ ရှိတယ်လို့ နှစ်ဘက်လုံးပြောလိုက်ရော “ ဒါဆို ကားနှစ်စီးရဲ့ အာမခံကုမ္ပဏီကို ဖုန်းဆက်ပြီး အချက်အလက်တွေ ဖလှယ်လိုက်ကြ၊ ဂရုစိုက်ပြီး မောင်းကြပေါ့ကွာ ” ဆိုပြီး ထွက်သွားပါတယ်။ သူ့အလုပ်တော့ဟုတ်တယ် ဒါပေမယ့် ဒီကိစ္စ သူဝင်လုပ်စရာ မလိုဘူးပေါ့ဗျာ။ ကားလမ်း Traffic အန္တရာယ်ကင်း မကင်း၊ ရာဇဝတ်မှုရှိမရှိ၊ အရက်သေစာသောက်စားထား မထား နဲ့ တိုက်  မောင်း - ပြေး Hit and Run မရှိရင် ငွေပေးဝယ်တဲ့ အာမခံကုမ္ပဏီတွေက “ ငွေ ” သို့မဟုတ်  “ ဝန်ဆောင်မှု ” နဲ့ ရှင်းပါတယ်။ ဒီအဖြစ်ကလေးကတော့ ပထမဦးဆုံးကားတိုက်ခံရချိန် ပထမဦးဆုံးရောက်လာတဲ့ ရဲကားအကြောင်းရှင်းပြတာပါ။
.
.
.
.
---- နောက်ထပ်ကြုံရတာက Los Angeles ရောက်တုန်း နာမည်ကြီး Hollywood Boulevard ပေါ်ရောက်တော့ ညက မှောင်ခါစ ။ ဟိုကြည့် ဒီကြည့် နဲ့ ပလက်ဖောင်းပေါ်မှာ Street Dance က, နေတဲ့ လမ်းဘေးမှာ ရဲကားတစ်စီး ရပ်ထားပါသဗျ။ သူက ဘာမှလည်းပြောဆိုတာ မရှိဘူး၊ ရဲကား ရှေ့ဘောနက် ပေါ်မှာ အေးအေးဆေးဆေး ထိုင်လို့ရယ်၊ လူတကာတွေ လှုပ်ရှားသွားလာနေတာကို မလှုပ်မယှက်ကြည့်နေတယ်။ ဒါနဲ့ စိတ်ကူးရပြီး ပထမဦးဆုံး ရဲကို ခွင့်တောင်းတယ် “ ဓါတ်ပုံတွဲရိုက်လို့ရမလား ” လို့။ သူက ရပါတယ် တဲ့ ။ ဒါနဲ့ ကျွန်တော်လည်း ဓါတ်ပုံရိုက်ဖို့ သူ့နားကပ်သွားတာပေါ့။ အနားလည်းရောက်သွားရော သူ့မျက်နှာက ချက်ချင်းကြီးဆိုသလို တည်သွားပြီး ဘာလုပ်တယ်ထင်သလဲ ? ညဘက်ကြီး မျက်မှန်အနက်ကြီးထုတ်တပ်ပြီး လက်ပိုက်ထားလိုက်တာ “ ဂိုက် ” က မိုက်သလားလို့ မမေးနဲ့။ ဘေးက အစ်ကို က ရှင်းပြတယ်၊ သူမျက်လုံး ဘယ်ကိုကြည့်နေတယ်ဆိုတာကို မှန်းလို့မရအောင် နေကာမျက်မှန်တပ်ထားတာ တဲ့။ ဒါက နိုင်ငံခြားရဲတစ်ယောက်နဲ့ “ ပထမဦးဆုံး ” ဓါတ်ပုံရိုက်ဖူးတဲ့ အတွေ့အကြုံပါ။
.
.
---- အထူးသတိပြုရမှာက နိုင်ငံခြားရဲတွေမှာ လက်နက်ရှိတယ်။ ရှောင်တခင် အရေးယူလို့ရတယ်။ ယာဉ်ထိန်းအလုပ် နဲ့ ရာဇဝတ်မှုပပျောက်ရေးကို တစ်ပြိုင်တည်း ကိုယ်တွယ်ကြတာများတယ်။ တစ်ချို့ဒေသများဆိုရင် လေ့ကျင့်ပြီးသားအနံ့ခံခွေးပါတဲ့ SUV ကားအမြင့်နဲ့ ရဲကားတွေရှိတယ်။ ရဲကား လိုက်လာပြီဆိုရင် ပထမဦးဆုံး အသံမပေးပဲ ရောင်စုံမီးအရင်ပြတယ်။ မတွေ့ဘူးဆိုမှ ဥသြသံတစ်ချက်လောက် တို့လိုက်ပြီး ကားနောက်ဆက်လိုက်မယ်။ ဒါကိုမှ မောင်းပြေးရင်တော့ ဂျိမ်းစ်ဘွန်း လို လိုက်ပြီ သေချာတယ်။ ဒီလိုအခြေအနေမျိုးမှာ အနောက်က အသံကြားပေမယ့် ကိုယ့်နောက်တည့်တည့်မဟုတ်ရင် အရှိန်လျှော့ပြီး နီးစပ်ရာ လမ်းဘေးကို ( ချက်ချင်း ) ထိုးရပ်ပေတော့။ တစ်ခါ တစ်ခါ မီးသတ်ကား နဲ့ လူနာသယ်ကား တွေကလည်း ဒီအခွင့်အရေး အတူတူယူကြတယ်။ သူတို့ ( ၃ ) မျိုးကို အရေးကြီးမော်တော်ယာဉ်လို့ သတ်မှတ်ထားပြီး အသံကြားတာနဲ့ လမ်းဘေးချရပ်ပေးရမယ်လို့ ကားမောင်းလိုင်စင် ရေးဖြေစာမေးပွဲမေးခွန်းမှာ ပါပြီးသားဖြစ်တယ်။
.
.
---- မတော်လို့များ ရဲကား Traffic Police ဖမ်းရင်
ü  ကားအမြန်ရပ်ပါ
ü  ဒရိုင်ဘာ နဲ့ ပါဆင်ဂျာတွေပါမကျန် ခါးပတ်များမဖြုတ်ပါနဲ့
ü  လက်နှစ်ဖက်စလုံးကို မြင်သာအောင် စတီယာရင်ပေါ် ( သို့ ) အရှေ့ထုတ်ထားပါ
ü  ကားပေါ်က ဆင်းခိုင်းမှဆင်းပါ
ü  မေးမှဖြေပါ၊ အမှန်အတိုင်းပြောပါ
ü  မိမိမှားရင် ကောင်းမွန်စွာ အရေးယူခံလိုက်ပါ။ လက်မှတ်ဖြတ်ခံရပြီး ဒဏ်ငွေနဲ့တင် အဆင်ပြေသွားနိုင်ပါတယ်
အမေရိကားလို လွတ်လပ်တဲ့နိုင်ငံမှာ အမြင်မတော်တဲ့စကားတစ်ခွန်းရှိတယ်။ ဒါပေမယ့် မြန်မာပရိသတ်များကို လိုက်မလုပ်ဖြစ်အောင် ပြောပြချင်ပါတယ်။ ဒါကတော့ “ လုပ်ချင်တာလုပ်ပါ၊ ရဲမမြင်ရင် ရပြီ ” ပါတဲ့ခင်ဗျား။
.
koko2yeye@gmail.com

" နိုင်ငံခြားရဲနှင့်ပတ်သက်သမျှပထမများ " စာမူသည်  ၂ဝ၁၄ သြဂုတ်လ ( ၃ဝ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၉ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။

Download Link : http://www.mediafire.com/download/8hb4yxn7dzxdndz/Vol.3,_No._49.pdf



No comments: