ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, December 6, 2014

ဆဲလ်ဖုန်းပေါ်မှာ အမေရိကန်ရေဒီယိုနားဆင်နိုင်ပါပြီ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အင်္ဂလိပ်စာလေ့လာရင် ရေဒီယိုနားထောင်သင့်တယ်လို့ ကျွန်တော်မကြာခဏ အကြံပေးမိခဲ့တယ်။ တစ်နေ့ကို အနည်းဆုံး ( ၁ ) နာရီ ကားမောင်းရတဲ့ ကျွန်တော့်အဖို့ ကားထဲက ရေဒီယိုဟာ လက်လှမ်းမှီတဲ့ Instrument တစ်ခုပါပဲ။ တစ်နည်းအားဖြင့် ရေဒီယိုကလာတာကို လိုက်ဆို၊ လိုက်ပြောလုပ်နိုင်လို့ ကားဟာ ကျွန်တော့အတွက် စတူဒီယိုတစ်ခုပါပဲ။ မိသားစုနဲ့ ကလေးတွေ ပညာရေးကြောင့် အားလုံးကိုလက်လွှဲခဲ့ပြီး ရန်ကုန်ကို ပြန်ပြေးဖို့ဆိုတာကလည်း ချက်ချင်းမဖြစ်နိုင်ပါ။ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ဖြစ်နေတဲ့ဘဝမှာ ဘာကိုအကျိုးရှိအောင်လုပ်နိုင်ပါသလဲဆိုတာ ကျွန်တော်အကြိမ်ပေါင်းများစွာ စဉ်းစားမိတယ်။ ဒါကြောင့် ရောက်နေတဲ့နေရာမှာ အင်္ဂလိပ်စာ နဲ့ စကား အမြတ်ထုတ်ရမယ်လို့တွေးမိတယ်။
.
ကျွန်တော့်လိုအလုပ်လုပ်သူတွေကိုလေ့လာကြည့်တော့ သူတို့ရဲ့အင်္ဂလိပ်စာဟာ ရပ်တန့်နေတယ်။ တတ်မြောက်ပြီးသူတွေက ဆက်လေ့လာတာ မတွေ့ရသလို သိပ်မတတ်သေးသူတွေကလည်း ထမင်းစားအင်္ဂလိပ်စာရရင် အမေရိကားမှာ ရပ်တည်နိုင်ပြီထင်ကြတယ်။ ကျွန်တော်တစ်ယောက်တော့ ဒီလိုမတွေးဘူး။ စာဖတ်နိုင်အောင် အချိန်တွေရှာကြံတယ်။ အလုပ်က ကွန်ပျူတာမှာ သတင်းတွေဖတ်ကြည့်တယ်။ အင်တာနက်သုံးခွင့်မရှိတော့ သတင်းနားထောင်တယ်။ ဒီလိုနဲ့ သူများပြောတဲ့ အင်္ဂလိပ်စကားဟာ အမိမြန်မာနိုင်ငံက သင်ယူခဲ့တာနဲ့ ဒီမှာထမင်းရှာစားရခက်တယ်ဆိုတာ ကျွန်ေ်တ်ာသိမြင်လာပါတယ်။
.
တစ်ခြားသူတွေက ကားမောင်းရင်း သီချင်းအကျယ်ကြီးဖွင့်ကြတယ်။ နောက်ကားက ဟွန်းတီးတာ၊ ဘေးလူက စကားပြောတာ၊ နောက်ကရဲကားလိုက်လာလို့ လိုက်လာမှန်းမသိအောင် အကျယ်ကြီးကို ဖွင့်ကြတယ်။ အများနဲ့မတူ ကျွန်တော် အင်္ဂလိပ်ရေဒီယိုသတင်း စနားထောင်ကြည့်ကြည့်တယ်။

.
အစကတော့ ရေဒီယိုဆိုတာ ကျွန်တော်ဒီမြေစနင်းခါစ ဂျပ်စတင်ဘီဘာ သီချင်း နဲ့ လေဒီဂါဂါ နားထောင်ဖို့လောက်ထင်ခဲ့တယ်။ နောက်ပိုင်း နားလည်လည် မလည်လည် ကားမောင်းရင်း ရေဒီယိုမှာ သတင်းလိုင်းဖွင့်ထားပြီး ကြော်ငြာတွေကို မရအရ လိုက်နားထောင်တယ်။ စက္ကန့်ပိုင်းလေးအတွင်းမှာ ရောင်းချင်တဲ့ပစ္စည်းကို အမြန်ဟစ်ပြီးကြော်ငြာရတာ ဘယ်လောက်မြန်သလဲ စဉ်းစားကြည့်လို့ရတယ်လေ။ မြန်မာနိုင်ငံတီဗွီထဲကလို “ သားသား စားချင်တာစားလို့ရပြီ .. ချောင်းဆိုးတော့ဝူး .. ရင်ကြပ်တော့ဝူး ” လောက်တော့ မလွယ်ဘူးပေါ့ဗျာ။ ပြီးတော့ စကားသွား စကားဖြတ်ကလည်း အခြားဒေသနဲ့မတူ၊ ဒေသခံတွေက စပိန်စကားပြောက ခပ်များများ၊ ကိုယ့်လိုမပီသူတွေက အပုံအပင် ဆိုတော့ ကျွန်တော်အားမလျှော့ဘူး။ ဒီကြော်ငြာတွေကို  မိအောင်၊ သိအောင် လိုက်ဖမ်းနားထောင်တယ်။ ဘာအော်သွားတာလည်းဆိုတာ နည်းနည်းရိပ်စားမိလာတော့ပျော်လာတယ်။
.
ဒီ့နောက်မှာ ( ၁ဝ ) မိနစ်တစ်ခါလွှင့်တဲ့ ကားလမ်းကြပ် - Traffic သတင်း နဲ့ ရာသီဥတု - Weather Forecast သတင်းကို နားထောင်ပြန်တယ်။ သူတို့သုံးတဲ့ အင်္ဂလိပ်စကားက လုံးဝမတူဘူးခင်ဗျ။ ခပ်တိုတို နဲ့ ငွေသုံးချင်အောင်ပြောတဲ့အခါပြော၊ သူများကုန်ပစ္စည်းကို အပြစ်ပြောပြီး ကိုယ့်ပစ္စည်းကောင်းတယ်ပြောတဲ့အခါပြော၊ တစ်ခါတစ်လေဆို ဘာမှဈေးမရောင်းတဲ့ အလှူခံကြော်ငြာတွေလွှင့်လိုလွှင့်၊ ဒီကြားထဲ အရေးပေါ်သတင်းဆိုပြီး ဝါရှင်တန်ဒီစီဖက်က သမ္မတအိမ်တော်ရဲ့ ကြေငြာချက်တွေလည်း လွှင့်လိုက်သေးတယ်။ ဒီလိုနားထောင်ရင်းနဲ့ ကျွန်တော်ဟာ ကမ္ဘာနဲ့ အဆက်အသွယ်မပြတ်တော့ပါဘူး။  ဒီလိုစူးစမ်းမှုတွေနဲ့ ကျွန်တော့်ရဲ့ အင်္ဂလိပ်စာလေ့လာမှုကို ပစ်မထားခဲ့မိလို့ အခုထိ ပီတိဖြစ်နေဆဲပါ။
.
.
ဆန်ဖရန်စစ္စကိုဒေသကို အမေရိကားရဲ့ ပင်လယ်အော်ဒေသ -  Bay Area လို့ခေါ်ပါတယ်။ လေဆိပ်ဆို SFO ၊ ဒေသ နဲ့ မြို့ တွဲခေါ်တဲ့အခါ SF Bay Area လို့ခေါ်တယ်။ ဒီဒေသဖက်မှာ နာမည်ကြီးတဲ့ ရေဒီယိုသီးချင်းလိုင်းတွေ အများကြီးရှိတယ်။ ဒါတွေကတော့
.
 96.5 KOIT ( လူကြီးကြိုက်လိုင်း သီချင်းလိုင်း ။ ဥပမာ - မက်ဒေါနား )
.
97.3 Alice ( လူငယ်ကြိုက် သီချင်းလိုင်း )
.
99.7 NOW! ( ခေတ်လူငယ်ကြိုက် သီချင်းလိုင်း - ကြော်ငြာအရမ်းများ )
.
Star 101.3 ( လူကြီး  + လူငယ်ကြိုက် သီချင်းလိုင်း )
.
106.1 KMEL ( နောက်ဆုံးပေါ် Hip-Hop သီချင်းလိုင်း )
.
KCBS All News 740 AM & 106.9 FM ( Bay Area သတင်းလိုင်း )
.
တွေထဲက 106.9 FM လိုင်းအကြောင်းပြောချင်ပါတယ်။
.
.
ဒီနိုင်ငံမှာ သူမြိ့နဲ့သူ FM Radio လိုင်းတွေရှိကြတယ်။ အဓိက က ဖက်ဒရယ်အစိုးရထောက်ပံ့ငွေ နဲ့ ကြော်ငြာဝင်ငွေတွေပေါ်မှာ ရပ်တည်ကြတယ်။ သီချင်းလိုင်း၊ သတင်းလိုင်း အားလုံး ဒီပုံစံပါပဲ။ ဒါပေမယ့် တစ်ခုတွေ့ရတာက ဒေသကောင်းကျိုး စုပေါင်းလုပ်ကြတယ်။
.
ဥပမာ - ကယ်လီဖိုးနီးယားပြည်နယ်မှာ သောက်သုံးရေကန်ဟာ ယော်ဇဲမတီ - Yosemite ကျောက်တောင်ဒေသမှာရှိတယ်။ ပူပြင်းခြောက်သွေ့ရာသီဥတုကြောင့် သောက်ရေကန် - Reservoir မှာ ရေတွေနည်းနေတဲ့အခါ ပြည်နယ်သား Californian တွေကို ရေလျှော့သုံးဖို့ပြောတယ်လို့ ကျွန်တော့်သားကို သူ့ကျောင်းဆရာမ က မှာလိုက်တယ်လို့ ပြောလိုက်တဲ့နေ့မှာပဲ သတင်းလိုင်း၊ သီချင်းလိုင်း FM လိုင်းအကုန်လုံး ဒီသတင်းကို လွှင့်ပေးကြတယ်။ ဟုတ်တယ်လေ .. ရေခန်းသွားရင် လူတွေဒုက္ခရောက်ကုန်မှာပေါ့။ ဒါပြည်သူ့အရေး၊ ကျောင်းသားအရေး၊ ဖယ်ဒရယ့်အရေး ဖြစ်လာတဲ့အခါ FM အရေးဖြစ်လာတာက ဖယ်ဒရယ်လစ်ဇင်ရဲ့ ဒီမိုကရေစီ ဆိုတာ ကောင်းကောင်းကြီးလေ့လာမိတယ်။
.
.
ကျွန်တော့ဖုန်းမှာ ဒီလိုသတင်းရေဒီယိုနားထောင်ဖို့ လိုက်ရှာတိုင်း စိတ်တိုင်းမကျဖြစ်ရတဲ့အချိန်တွေ မနည်းတော့ဘူး။ ဒီတစ်ခါတော့ KCBS All News 740 AM & 106.9 FM ကိုတွေ့တယ်။ ဒီ App က ပန်းသီးဖုန်းသုံးသူများရော Android သုံးသူများအတွက်ပါ ရှိတာတွေ့တော့ ဝမ်းသာသွားမိတယ်။ ဖုန်းမှာဖွင့်ကြည့်လိုက်တော့ သီချင်းလိုင်းကောင်းကောင်းတွေနဲ့ လိုချင်တဲ့သတင်းလိုင်းပါတယ်။ ရာသီဥတု၊ ကားလမ်းသတင်း၊ အားကစားသတင်း၊ သတင်းဗွီဒီယို၊ ပွဲလမ်းသဘင် နဲ့ ဒေသအလိုက် အရောင်းမြှင့်တင်တဲ့ Local Offers တွေတွေ့ရတယ်။ ထူးထူးခြားခြား နာရီနှိုးစက် - Alarm မှာ ကိုယ်ကြိုက်တဲ့ ရေဒီယိုချန်နယ် နဲ့ အိပ်ယာထလို့ရပါတယ်ဆိုတော့ ဘယ်လောက်ကောင်းသလဲနော်။
.
သုံးပုံသုံးနည်းက App ကို ဖွင့်လိုက်တာနဲ့ ပြည်နယ်တစ်ခုခုကို ရွေးခိုင်းပါမယ်။ သိထားပြီးသားဆိုရင် ကိုယ်နားထောင်ချင်တဲ့ ပြည်နယ်ကိုရွေးပေါ့။ မသိသေးရင်တော့ ကျွန်တော့်လို California ကို ထည့်ပြီး SF Bay Area ကို ထည့်သွင်းလိုက်ရင် သတင်းကြည့်ဖို့ ဗွီဒီယိုစာမျက်နှာကို တွေ့ပါလိမ့်မယ်။ ညာဘက်ထိပ်နားက နားကြပ်ပုံလေးကို နှိပ်လိုက်ရင် နားထောင်နိုင်တဲ့ ရေဒီယိုလိုင်း ( ၅ ) လိုင်းတွေ့နိုင်ပါတယ်။ ထိပ်ဆုံးက ကျွန်တော်ပြောတဲ့ သတင်းလိုင်း 106.9 FM နဲ့ Live 105 တို့ဖြစ်ပါတယ်။
.
အောက်က သီချင်းလိုင်းမှာ အမေရိကားရဲ့ အပတ်စဉ် Billboard Top 50 This Week သီချင်းတွေ အဆက်မပြတ်နားဆင်နိုင်ပါသေးတယ်။ ပြည်ပမှာ သူငယ်ချင်းများရှိသူအနေနဲ့ သူတို့ကောင်းတယ်လို့ပြောတဲ့ အသံလှိုင်းတွေကို ဒီ App  မှာ ရှာနိုင်ပြီး ကိုယ်ကြိုက်တဲ့ ချန်နယ်ကို ရွေးနိုင်မှာပါ။ ဒါဆို အင်္ဂလိပ်စာတိုးတက်ဖို့ Native Speaker နဲ့ စကားပြောရသလို အမြဲအသစ်အဆန်းတွေကို နားထောင်နိုင်ပြီပေါ့။ ထို့အတူပဲ ဒီနေ့ထွက်တဲ့သီချင်းအသစ်ကို အမေရိကန်ရေဒီယိုကလွှင့်ပြီဆိုတာနဲ့ မြန်မာနိုင်ငံကနေ အဆင်သင့်လေး နားထောင်ခွင့်ရှိဦးမှာပါ။
.
.
ကျွန်တော့်အတွက် အားငယ်တဲ့အချိန်တွေမှာ ကျွန်တော့ကို အင်္ဂလိပ်သင်ပေးခဲ့ကြတဲ့ ဆရာတွေကို သတိရမိတယ်။ ဆရာတွေခင်မျာ အခုလို သင်-ထောက်-ကူ ပစ္စည်းစုံနဲ့ သင်ပေးနိုင်ရင် ဘယ်လာက်ကောင်းမလဲလို့ စဉ်းစားမိတယ်။ တစ်ကယ်တော့ အင်္ဂလိပ်အသံလွှင့်သတင်းတွေကို သင်ပေးသူ ဆရာတွေ နဲ့ အလွှာစုံက နိုင်ငံတကာအကြောင်းလေ့လာရင်း အင်္ဂလိပ်စာသင်ယူနေသူတွေအားလုံး နားထောင်သင့်ပါတယ်။ ခေတ်ကိုမပြတ်လေ့လာနေသူ၊ အခြေခံကနေတစ်ဆင့်တက်ပြီး Advanced English လေ့လာနေသူ၊ နိုင်ငံရပ်ခြားယဉ်ကျေးမှု နဲ့ စကားပြောဆိုပုံ၊ ဂီတမြတ်နိုးသူများ အကြိုက် နောက်ဆုံးပေါ်သီချင်းများ ကို လေ့လာနိုင်ဖို့ အမေရိကန်ရေဒီယို - CBS Local ကို လက်ကိုင် ဆဲလ်ဖုန်းတွေပေါ်မှာ အောက်ပါလင့်ကနေ နားထောင်နိုင်ကြပါပြီ။
.
.
koko2yeye@gmail.com

No comments: