ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, September 26, 2014

လင်နဲ့မယား မဆုံနိုင်ခြင်းပြသနာ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အမျိုးသားက ကလေးကျောင်းပို့ပေး၊ ညဘက်အလုပ်။ အမျိုးသမီးက မနက်အလုပ်ကအပြန် ကလေးကျောင်းသွားကြို .. အဆင်ကိုပြေလို့ - ဒါ ခေတ်သစ်အလုပ်ခွင်လင်မယားလို့ခေါ်မလား။ တစ်ပတ်ကို ( ၅ ) ရက် အလုပ်တက်ရတဲ့စုံတွဲတွေမှာ စနေ၊ တနင်္ဂနွေ ( ၂ ) ရက်မှာ မိသားစုစုံညီ အချိန်ပေးနိုင်ကြသေးတယ်။ သို့သော်လည်း တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်စလုံး စနေနေ့အချိန်ပိုဆင်းရတဲ့အခါ ချစ်ခြင်းမေတ္တာအားနည်းမှုတွေ ဖြစ်တည်လာပါတယ်။
.
 ဒီ့ထက်ပိုဆိုးတာက တစ်ချို့သော အလုပ်ခန့်အေးဂျင့်တွေ ကုလားပန်ထိုးပြီး တစ်ပတ် ( ၅ ) ရက်မှာ ရက်ပြည့်မပေးတော့ ပိတ်ရက် စနေ၊ တနင်္ဂနွေ ပါ ခွပြီး အလုပ်ဆင်းရတာပါ။ ဒီ ( ၂ ) ရက်အလုပ်လုပ်ပြီးတာတောင် လုပ်ချိန် နာရီ ( ၄ဝ ) မပြည့်တော့ အိုဗာတိုင်ကြေးမရ၊ အလုပ်ရှင် ကုမ္ပဏီအတွက် စက်လည်ပတ်ရက်ကအပြည့်၊ အလုပ်သမားဥပဒေကိုလည်း မချိုးဖောက် နဲ့ လည်သလို လုပ်ဆောင်နေကြတာ လေ့လာမိပါတယ်။
.
.
.
ဒီလိုဇာတ်လမ်းမျိုးတွေဟာ ပြောင်းရွှေ့မြန်မာတွေကြားမှာချည်း ကြားရတာမဟုတ်ပါ။ အလုပ်လုပ်နေသူတွေအားလုံး မလွဲမသွေ သောက်သုံးရတဲ့ မိုးခါးရေ လို့ပြောရင် နည်းနည်းတော့လွန်သွားမလား တွေးမိတယ်။ အိမ်ထောင်မှုတစ်ခုကို ပိုင်ပိုင်နင်းနင်း ဦးဆောင်မယ့် လူမှုဘဝကို တည်ဆောက်ရင်း လျှောက်လှမ်းနေရတဲ့ အဝေးပြေးလမ်းမှာ မမောမပန်း အားတင်းထားနိုင်ဖို့သာ အဓိကလိုအပ်ချက်ပါ။ သားသမီးပညာရေးကောင်းဖို့ မိမိမတတ်ကျွမ်းတဲ့ ဘာသာစကားအခက်အခဲ၊ မိမိ မကျွမ်းကျင်တဲ့ ပတ်ဝန်းကျင် စတာတွေကို မိမိဘဝရဲ့အချိန်တွေရင်းပြီး မြန်မာနိုင်ငံမပြန်ပဲ စတေးခံ အရင်းအနှီးလုပ်ပေးနေတဲ့ မိဘတွေကို မချီးကျူးပဲ မနေနိုင်ပါဘူး။

.
အခုလောက် အနစ်နာခံနေတာ ဘာပြန်ရသလဲ မေးကြည့် … “ ငါ့သား၊ ငါ့သမီး ပညာရေးကောင်းရင်တော်ပါပြီ၊ ငါတို့ဘဝက မထူးတော့ပါဘူး၊ သူတို့ကို လက်လွှဲရမှ မြန်မာနိုင်ငံပြန်မယ် ” လို့ပြန်ဖြေသံကြားရတာ အသည်းနှလုံးမှာ နာကျင်ခံစားရပါတယ်။
.
.
.
ကျောင်းသားမိဘတွေဖြစ်လို့ ကျောင်းကိစ္စတွေမှာ မဖြစ်မနေပါဝင်ပတ်သက်ရတယ်။ ဒါတောင် သားသမီးက အကုန်အသိပေးမှ။ ဒီအဖိုးကြီးနဲ့ ဒီအဖွားကြီး ဘာမှမသိပါဘူး လို့ဆိုပြီး ပြောတော့လုပ်အားပေး - Volunteer သွားတော့ ကစားကွင်း - Park ဆိုတဲ့ သားသမီးတွေလည်း ရှိကြမှာမလွဲပါ။ နောက်ထပ် မိဘတစ်မျိုးကျပြန်တော့ ကိုယ်တိုင်က အင်္ဂလိပ်ဘာသာစကားမတတ်တော့ အိမ်ကိုရောက်လာတဲ့ ရုံးစာ၊ အကြောင်းကြားစာတွေကို မဖတ်တတ် နားမလည်တဲ့အခါ သူတစ်ပါးကို အားကိုးနေရတာ တွေ့ဖူးတယ်။
.
သားသမီးက အိပ်ချိန်လောက်ပဲ ပြန်လာပြီး သူ့ကိုယ်သူသာ အလုပ်ရှုတ်နေတယ်။ ကျောင်းသက်တမ်းလေး နည်းနည်းရလာတော့ အပေါင်းအသင်းသစ်တွေရလာ၊ သွားကြ၊ လာကြ နဲ့ အိမ်မကပ်ကြတော့ဘူး။ ကလေး အိမ်ပြန်လာရင် ဘာတွေပြောပြမလဲ၊ ဘယ်လို အခက်အခဲတွေရှိမလဲ သိချင် ကြားချင်တဲ့ မိဘတွေရဲ့ ခံစားချက်တွေကို သူတို့မမြင်ကြပါဘူး။ အချိန်တန် အထက်တန်းကျောင်းဘွဲ့ယူတဲ့အခါ ကျောင်းဆင်းပွဲမှာ ကုတ်အကျီလေး Dress လေးနဲ့ ဓါတ်ပုံရိုက်၊ မှန်ဘောင်သွင်း၊ ဧည့်ခန်းမှာ ခြောက်ကပ်ကပ် နဲ့ အလှချိတ်၊ ဒါတွေဟာ အမေရိကားရောက် မိဘတွေရဲ့ အဖြစ်မှန်ပါ။
.
.
.
ကလေးတွေကိစ္စပြောပြီးသွားတော့ ဒီလင် ဒီမယား အိမ်မှာဆုံကြလား မေးကြည့်ဦး .. မဖြစ်မနေ အိပ်ချိန်လေးတော့ဆုံကြပါတယ်။ ဒါပေမယ့် ယောက်ျားအိမ်ပြန်ရောက်တဲ့အချိန် မိန်းမက အိပ်ပျော်နေပြီ။ သားသမီးတွေကလည်း မနက်ကျောင်းတက်ရမှာမို့ အိပ်မောကျနေလေရဲ့။ တစ်ချို့တွေကျပြန်တော့ ကလေးငယ်ရှိတဲ့အခါ ယောက်ျားက တစ်မနက်လုံး ကလေးထိန်း၊ မိန်းမပြန်လာမှာ ယောက်ျားနဲ့ ( ၁၅ ) မိနစ်လောက်တွေ့၊ အလုပ်သွား၊ ဒါကတစ်မျိုး။
.
တစ်ချို့ကျပြန်တော့ ( ၂ ) ယောက်စလုံး မနက်ပိုင်းအလုပ်လုပ်ဖို့ ကလေးထိန်းကို တစ်ရက် ( ၃ဝ ) ဒေါ်လာလောက်နဲ့ရအောင်ငှား၊ ဒါမှမဟုတ် အမျိုးတစ်ယောက်ယောက်အိမ်မှာ ကလေးထိန်းအပ်ဖို့ပို့ခဲ့၊ အလုပ်ပြန်မှ ဝင်ခေါ်။ လင်မယား ( ၂ ) ယောက်လုံးဆုံမှာ ချက်ပြုတ်စားသောက်၊ TV ကြည့်၊ ကလေးနဲ့နေ၊ နောက်တစ်ရက်အလုပ်တက်ဖို့ပြင်ဆင်၊ ညစောစောအိပ်၊ နောက်တစ်ရက်မနက်ပြန်ထ .. ဒီလိုနဲ့လည်ပတ်နေရတဲ့ အနောက်နိုင်ငံအလုပ်သမားဘဝတွေကို ကိုယ်ချင်းမစာပဲ မနေနိုင်အောင် ဖြစ်ရပါတယ်။
.

.
.
.
မနက်ပိုင်းအလုပ်လုပ်သူတွေရဲ့ မကြာခဏ ကြုံတွေ့ရတဲ့အခက်အခဲက ကားလမ်းပိတ်တာ နဲ့ ဆေးရုံ၊ ဆေးပေးခန်း၊ ရုံးကိစ္စတွေရဲ့ ရက်ချိန်း - Appointment တွေကို အချိန်မှီ မသွားနိုင်တာပါပဲ။ ဥပမာ - သွားဆေးခန်းပြဖို့ မနက် ( ၉ ) နာရီအချိန်ပြရမယ်ဆိုပါတော့၊ အလုပ်က ( ၇ ) နာရီ တက်တယ်၊ ဘယ်လိုပြလို့ရပါတော့မလဲ။ ဒါနဲ့ ရုံးပိတ်ရက် ကို ရက်ချိန်းတောင်းပြန်တော့ နားရမယ့်ရက် အပြင်ထွက်ကိန်းဆိုက်ပြန်တယ်လေ။ တစ်ချို့ကျတော့လည်း အလုပ်မှာ နားရက် - Day Off ယူပြီး ဒီလို ရက်ချိန်းကိစ္စ နဲ့ ရုံးကိစ္စတွေကို ဖြေရှင်းတယ်။ တစ်ချို့တွေကတော့ ရက်ချိန်းကို အလုပ်ဆင်းခါနီး ( ၁ ) နာရီအလို၊ ( ၂ ) နာရီအလို ကြိုဆင်းဖို့ Supervisor ကို ကြိုပြောထားပြီး သွားကြတယ်။
.
.
.
တစ်ပတ်ကို နာရီ ( ၄ဝ ) အစိုးရသတ်မှတ်ချက်အတိုင်းအပြည့်လုပ်ရရင်ပြီးရော အချိန်ပိုမကြိုက်သူတွေလည်း ရှိပါတယ်။ ဖယ်ဒရယ်အစိုးရကို အခွန်ပိုဆောင်ရတာကို သူတို့သိနေတယ်။ တစ်နည်းအားဖြင့် ဒီနိုင်ငံရဲ့စံနစ်နဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့ မိသားစုတွေမှာ ဒီစိတ်ဓါတ်တွေ တွေ့မြင်ရတယ်။ တစ်ဖက်ကကြည့်ပြန်တော့လည်း မိသားစုဆုံတွေ့ရမယ့်အချိန် ကို ငဲ့ပြီး ငွေပိုမရှာဘူး။ ပထမအားလပ်ရက် စနေနေ့ကို မိန်းမ ရှော့ပင်ထွက်တာ လိုက်ပို့ပေးဖို့၊ ဒုတိယရက် တနင်္ဂနွေနေ့ကတော့ ငါ့ကိုယ်ပိုင်အားလပ်ရက် ဆိုပြီး သတ်မှတ်ထားတဲ့ မြန်မာစုံတွဲတွေ တွေ့ဖူးတယ်။ ဒါက မိန်းမကို အချိန်ပေးတာ သတ်သတ်၊ သားသမီး ကိစ္စမပါသေးဘူး။
.
.
.
( ၇ ) ယောက်စီး မီနီဗင် ကားဝယ်ထားတဲ့ မိသားစုများက အကြောင်းရှိပါတယ်။ တစ်ဂါလံ ( ၁၈ ) မိုင်ပဲရတဲ့ကားက ရိုးရိုးဆလွန်းကား - Sedan ထက် ဆီဖိုး ( ၂ ) ဆနီးပါး ပိုကုန်ကြတယ်။ တွက်ကြည့်လေ .. မိသားစုက ( ၆ ) ယောက်ရှိတဲ့အခါ သာမန်ကားက ( ၅ ) ယောက်ပဲ စီးလို့ရတော့ အဆိုပါ ပေါင်မုန့်ကားနဲ့ပဲ သွားကြရတာပေါ့။ အလှူအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေသွားတဲ့အခါ ( ၁၂ ) နှစ်အောက်ကလေးကို အိမ်မှာတစ်ယောက်ထဲ ထားခဲ့လို့မရတဲ့ ဥပဒေအရ တစ်အိမ်လုံး ချီတက်သွားရတဲ့အခါတွေ ရှိကြပါတယ်။
.
 ဒ်ီအခါမှာ ကလေးပေါက်စတွေရှိတဲ့ လင်မယားတွေကျတော့ ဒီလို အပြင်ထွက်ရမယ့်အချိန်ဟာ သူတို့လင်မယား သီးသန့်ချစ်ခင်ပျော်ရွှင်စွာနေဖို့ထက် ဒီအုပ်စုကြီးကို အဆင်ပြေပြေထိန်းဖို့က ပိုအရေးကြီးလာပါတော့တယ်။ ဘယ်နေရာသွားသွား တို့လို့တွဲလောင်းနဲ့ စိတ်ရှည်ရှည်ဖြတ်သန်းရတဲ့ အမေရိကား ရုံးပိတ်ရက် ပိတ်ကားတစ်ချပ်လို့ ခေါ်ဆိုချင်ပါတယ်။
.
.
.
နားရမယ့်ရက်မှာ မနားရပဲ ကြားပေါက်အလုပ်တွေပေါ်လာရင် အရင်ဆုံး ကျွဲမြီးတိုတတ်တာက အိမ်ရှင်မတွေပါ။ ခက်တာက အမေရိကားမှာ ဘယ်သူက အိမ်ထောင်ဦးစီး၊ ဘယ်သူက အိမ်ရှင်မ လို့ခွဲခြားလို့မရပြန်ဘူး။ စဉ်းစားကြည့်လေ .. လင်မယား ( ၂ ) ယောက်လုံးအလုပ်လုပ်ရပေမယ့် မိန်းမက ထမင်းဟင်းချက်၊ အိမ်ရှင်း၊ ဟင်းစားဝယ်နေတဲ့အချိန် ယောက်ျားက ဧည့်ခန်းမှာ ကွန်ပျူတာတစ်လုံးနဲ့ အခန့်သားလေး နေလို့ရတဲ့ ခေတ်မဟုတ်တော့ပါဘူး။
.
အိမ်ငှားနေသူတွေအဖို့ တစ်ပတ်လုံး ဝတ်ဆင်ထားသမျှ စနေနေ့မှာ တစ်အိမ်သားလုံးရဲ့ အဝတ်တွေကို  အလိုက်သိစွာ စက်မှာသွားလျှော်ပေးတာမျိုး နဲ့ အိမ်ရှင်မကို မျက်နှာလုပ်နိုင်ပါတယ်။
.
တစ်အိမ်လုံးရဲ့ ကော်ဇော်တွေကို ဖုန်စုတ် - Vacuum ဆွဲပြီး အချိုသတ်နိုင်ပါတယ်။
.
ချက်ပြုတ်ပြီးလို့ စားပြီးသမျှ ပန်းကန်တွေဆေးပြီး မိန်းမကို ကိုးရီးယားရုပ်ရှင်ကား ပေးထိုင်ကြည့်နိုင်ပါတယ်။
.
ဒါမှ နောက်တစ်ရက် တနင်္လာနေ့အလုပ်တက်ဖို့ ထမင်းဗူးထဲကို မိန်းမက ဟင်းကောင်းကောင်းထည့်ပေးတော့မပေါ့ .. မဟုတ်ဘူးလား။
.
.
.
အားလပ်ရက် ( ၂ ) ရက်ထဲကို မရမက ထပ်ပြီး ခွဲခြမ်းစိတ်ဖြာရတဲ့အလုပ်က တော်တော်ခက်ခဲပါတယ်။ ( ၄၈ ) နာရီကို အိမ်ချိန် ( ၁၆ ) နာရီနှုတ်၊ ပြီးတော့ဟိုအတွက် အချိန်နှုတ်၊ ဒီအတွက် အချိန်နှုတ်လိုက်ရင် ခြေလှည့် ခေါင်းလှည့်နဲ့ ကိုယ်ပိုင်အချိန်ဘာမှမကျန်တော့ဘူး။ ဒီကြားထဲ ပေါ်လာတတ်တဲ့အခက်အခဲတွေက တစ်ပုံတစ်ပင်။ တစ်ယောက်ယောက်က ကျောင်းတက်နေရင်း အလုပ်လုပ်နေရင် ပိုခက်သွားပြီ။
.
ညနေအိမ်ပြန်လို့မှ အမှိုက်ပုံးမသိမ်းပေးနိုင်တဲ့ဘဝတွေကိုလည်း ဘယ်သူကိုယ်ချင်းစာပေးကြမှာလဲ။ ရုံးပိတ်ရက်မှာတောင်မှ မိန်းမမောင်းတဲ့ကား၊ ကိုယ့်ကားတွေကို ဆေးဖို့မအားတဲ့ဘဝကို ဘယ်သူကူလို့ဖေးမ, နိုင်မှာလဲ။ လင် နဲ့ မယား မဆုံတော့လည်းမဆုံလို့၊ ဆုံပြန်တော့လည်း မပြေလည်တာတွေပြောကြနဲ့ အချိန်တွေ ဘယ်လိုကုန်ကုန်သွားလဲ သတိကို မထားမိကြတော့ပါဘူး။
.
တစ်ဦးကိုတစ်ဦး အားပေးရမယ့်အစား ဒေါသလွှမ်းမိုးတဲ့ သဲကြီးမဲကြီးမိုးတွေ မကြာခဏ ရွာချနေမိတယ်။ ပြေလည်စေမယ့် အရင်းအမြစ်အဖြေအစား ဘယ်သူလုပ်တဲ့ ပြသနာလဲဆိုပြီး မကြာခဏ တရားခံရှာနေမိကြတယ်။ ဘာလုပ်လုပ် ဘာကိုင်ကိုင် ကိုယ်ကိုယ်တိုင်ပဲ ဆောင်ရွက်ရတာ လူတစ်ကာ အထင်ကြီးထားတဲ့ အမေရိကားပါ။
.
တစ်ကယ်တော့ နတ်ပြည်လို့ထင်နေကြတဲ့ အမေရိကားမှာ ပြောင်းရွှေ့မြန်မာတွေဟာ ညအိပ်ခါနီး ဇာခြင်ထောင်ပါးပါးလေးတောင် မလှပ်နိုင်တဲ့ ခပ်ကြပ်ကြပ်ဘဝလေးထဲ ရောက်နေကြတာ သိသူ မြင်သူ ရှားလှပါတယ်။
.
.
ဓါတ်ပုံ - အင်တာနက်

No comments: