ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Tuesday, July 16, 2013

ကြာရင်မေ့သွားမှာ



                " ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် အဓိပ္ပါယ်ကို ရှာတွေ့နိုင်ပါတယ် ၊ အဆိုးဆုံးလို့ဆိုရတဲ့ အခြေအနေမျိုးမှာတောင် တွေ့နိုင်တယ် ။ ( Meaning is available under any conditions, even the worst conceivable ones. ) “ ( ချီးမွမ်းခြင်း ၊ ကဲ့ရဲ့ခြင်း - စာမျက်နှာ ၁၅၂ - ၁၅၃ ) ….. ကျေးဇူးရှင် မဟာမြိုင်တောရ ဆရာတော်ဦးဇောတိက တရားခွေဖွင့်ထားတာ မဟုတ်ပါဘူး ၊ “ စွမ်းစွမ်း “ မြန်မာစာ

ဖတ်နေတဲ့အသံကို နားစွင့်နေတာပါ ၊ သူဖတ်နေတာကို လိုက်နားထောင်ရင်း ဘယ်နားမှာ မှားသွားလဲ ၊ ဘယ်နား အသံထွက်မမှန်ဘူးလဲ စောင့်နားထောင်နေတာ ၊ ဒီတပတ်တော့သူ့ကို စာမရေးခိုင်းရသေးဘူး ၊ ဖတ်ခိုင်းတာတောင် နဲနဲထစ်နေလို့ လိုက်ထောက်ပေးနေရသေးတယ် ။

               

                   ဇာတ်လမ်းလေးက ဒီလိုပါ ၊ အမေရိကားကို မလာခင်တုန်းက မြန်မာကျောင်းမှာ သူ ၃ တန်းအောင်ခဲ့တယ် ၊ စာရွက်စာတမ်းတွေ နိုထရီပတ်ဘလစ်ပြန်တော့ Grade 4 Passed ဖြစ်သွားတယ် ၊ အဲဒီအောင်လက်မှတ်နဲ့ သူ ဒီနိုင်ငံရဲ့ ၄ တန်းကို တက်လာခဲ့တာ ၊ ပထမ ၂ လလောက်က ကျောင်းမှာ သူဘာမှနားမလည်ဘူး ၊ ပြန်လဲမပြောတတ်ဘူးလေ ၊ ၆ လ ထဲလဲ ဝင်လာရော အင်္ဂလိပ်လို စလိုက်ပြောနေပြီ ၊ အစကတော့ မိဘတွေ က စိုးရိမ်လိုက်ရတာ  ၊ စာလိုက်မှ လိုက်နိုင်ပါ့မလားလို့ ၊ ဒီနိုင်ငံက သူ့အဒေါ်ကလဲ ပြောတယ်လေ ၊ သူ့ ကို နင်တို့အတန်း ၁ တန်း ပေးကျော်တက်လိုက်တာ ကလေး က မလိုက်နိုင်ရင် နောက်တော့ အတန်းပြန်ဆင်းခိုင်းနေမယ်တဲ့ ၊ ဟုတ်သားဘဲ ၊ တကယ်မလိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ ၊ သိတယ်မလား ၊ မြန်မာပြည်က လာတာဆိုတော့ “  မြန် ၊ ကောင်း ၊ သက်သာ “ဘဲ လိုချင်တာပေါ့ ၊ အထင်တော့မလွဲပါနဲ့ ၊ မြန်တယ်ဆိုတာ အထက်တန်း ( ၁၂ တန်း ) ကျောင်း ကို မြန်မြန်ပြီးမှာကိုပြောတာ ၊ ၁ တန်း ကျော်တက်ရတော့ နည်းလား ၊ ၁ နှစ် စားရိတ်လဲ သက်သာသွားမယ်လေ ၊ ဒီလိုတွက်ခဲ့တာပေါ့ ၊ ကဲ - ဆက်ပါအုံးမယ် ၊ ကောင်းတယ်ဆိုတာ ပညာရေး ကောင်းတာကိုပြောတာ ၊ ကောင်းတာပေါ့ အမေရိကားမှာ ကလေးကျောင်းထားဖို့  ရှိတဲ့ စီးပွားရေးတွေပစ်ပြီးတော့ လာခဲ့တဲ့ဟာကို ။ နောက်တစ်ခု ၊ သက်သာတယ်ဆိုတာကတော့ ခုနက ပြောပြီးပြီလေ ၊ ကျောင်း ၁ နှစ် စောပြီးတော့ ကောင်းတာပေါ့ ၊ မဟုတ်ဘူးလား ၊ စဉ်းစားကြည့်လေ ၊ ဒီနိုင်ငံကို မလာခင်ကတည်းက ဒီနိုင်ငံက ခေါ်တဲ့ယောင်းမ ကို မေးပြီးသား ၊ ကလေးတွေကို မြန်မာကျောင်းနှုတ်ပြီး ILBC ထားရမလား လို့ ၊  အဲဒီကတည်းက ပြောတာ ၊ မလိုဘူး - မြန်မာကျောင်းဘဲ ထားလာခဲ့ ၊ အင်္ဂလိပ်စာက သူ့ကိုယ်သူ ရသွားလိမ့်မယ် ၊ ကြာရင် မြန်မာစကားတောင်ပြောတော့မှာမဟုတ်ဘူးတဲ့ ၊ အင်း - အခုတော့ သူပြောတဲ့ အတိုင်းဖြစ်ပြီထင်တယ် ။

                ပထမ ၁ နှစ် ပြည့်လို့ မြန်မာပြည်ပြန်တုန်းက ဒီလောက်မဆိုးသေးဘူး ၊ သူ့အစ်မ က ၁ဝ တန်းဖြေပြီးတန်းလိုက်လာတာ ၊ မထွက်လာခင်တုန်းက စွမ်းစွမ်း က ၉ နှစ် ၊ သူ့သူငယ်ချင်းတွေနဲ့ရန်ကုန်အိမ်မှာ ပြန်တွေ့လို့တောင် လမ်းပေါ်ဆင်းပြီး ဘော်လုံးကန်တမ်းတွေ ဘာတွေ ဆော့ကစားသေးတယ် ၊ မြန်မာလို ပြောတာလဲ မွှတ်နေတာဘဲ ၊ တစ်လမ်းလုံးလဲ သူ့အသံချည်းဘဲ ၊ လမ်းထိပ်က လူတွေတောင် ကလေးတွေဒီလောက်ဆူနေတာ စွမ်းစွမ်းပြန်ရောက်နေတာလား လို့တောင် မေးယူရတယ် ၊ မြန်မာစာ ရေးတာကတော့ သိပ်မစစ်မိလိုက်ဘူး ၊ အဲဒီမှာတစ်ချက်လိုသွားတယ် ၊ တောင်ကြီး က ၃ တန်းတက်တုန်းက မြန်မာဆရာမ ဆီမှာ ကျူရှင်ပြန်သွားတက်ခိုင်းမလို့ဟာကို မပို့ဖြစ်လိုက်ဘူး ၊ စိတ်ထဲကလဲထင်တယ်လေ ၊ မြန်မာစာမမေ့လောက်သေးပါဘူးပေါ့ ၊ ကြုံမှမကြုံဖူးသေးတော့ ဘယ်သိမလဲ ၊ တစ်ရက်တစ်ရက်လဲ ဗမာလိုဘဲ ပြောတာဘဲဆိုတော့ အေးအေးဆေးဆေးပေါ့ ၊ ဘယ်အချိန်ထရေးခိုင်းရေးခိုင်း သူတတ်ခဲ့တာတွေ ပြန်ရေးတတ်မယ်ဘဲ ထင်ခဲ့ထားတာ တကယ်တမ်းလက်တွေ့ ၂ဝ၁၁ ထဲရောက်မှ မြန်မာစာတွေမေ့လာတာ ၊ ရောက်ပြီးလို့ ၂ နှစ်လဲ ကျော်လာရော ဗမာ “ စကားပြော” ပါ မေ့လာတယ် ၊ အဲဒီတော့မှ ဟာ - မဖြစ်ဘူး ၊ စာတွေပြန်ဖတ်ခိုင်း ၊ ပြန်ရေးခိုင်းမှရမယ်ဆိုပြီး ဖိဖိစီးစီးပြန်လုပ်ဖို့ သတိရလာတယ် ၊ အစတုန်းက သူ့အဖေကတောင် သူ့ကျောင်းက သိပ္ပံစာအုပ် ကို ဗမာလို ဘာသာပြန်ပြီးရှင်းပြနေရသေးတယ် ၊ နောက်ပိုင်း ၃ နှစ်ထဲလဲဝင်လာရော အိမ်ကလူတွေကို အင်္ဂလိပ်လိုဘဲ ပြောပြောနေလို့ မြန်မာလိုမပြောတော့လို့ ပြန်ဆူနေရတယ် ၊ ခက်တာက သူ့ကျောင်းမှာ ဗမာ တစ်ယောက်မှ မရှိဘူး ၊ ဒီမှာမွေးတဲ့ အာရှတိုက်သားတွေရယ် ဘိုတွေနဲ့ဘဲ ပေါင်းရတာ ဗမာလိုပြောမယ့်သူငယ်ချင်းမရှိဘူး  ၊ ဆရာ နဲ့ ဆရာမတွေကလဲ ဘိုတွေဘဲဆိုတော့ သိတဲ့အတိုင်းဘဲ ။

               သူ့အဖေက ရန်ကုန်ကနေ မြန်မာစာလက်ကွက်ကီးဘုတ် တစ်ခုဝယ်လာတာရှိတယ် ၊ အဲဒါနဲ့ သူ့ကို Gtalk မှာ မြန်မာစာရိုက်တာကို ပြန်လေ့ကျင့်ခိုင်းတယ် ၊ မြန်းဂလစ် မဟုတ်ဘူးနော် ၊ ဗမာစာ အပြည့်ရိုက်ခိုင်းတာ ၊ သူ့အဖေနဲ့ သူနဲ့ လက်တော့ ၂လုံးကို ဟိုဖက်ဒီဖက်ချက်တင်ထိုင်သလိုပေါ့ ၊ ၂ ပတ်လောက်ဆက်တိုက်လုပ်လိုက်တာ မြန်မာစာအကုန်နီးပါးပြန်အလွတ်ရသွားတယ် ၊ လူကြီးမအားတဲ့ အခါကျတော့ အွန်လိုင်း မောက္ခဒေါ့ကွန်း စာမျက်နှာထဲက စာလုံးတွေကို တလုံးချင်းပြန်ရိုက်ခိုင်းတယ် ၊ နောက်ပြီး မဟာဗုဒ္ဓဝင်ကာတွန်းပန်းချီထဲက စာလုံးတွေကို လိုက်ဖတ်ခိုင်းတယ် ၊ မြန်မာစာကို စာအုပ်ထဲမှာ ချရေးခိုင်းတယ် ၊ ဒီလိုနဲ့တစ်နေ့ကို နာရီဝက် မြန်မာစာလုပ်ခိုင်းရင်းနဲ့ တော်တော်တော့ပြန်မှတ်မိလာတယ် ။

               ဘယ်မှာအပြောင်းအလဲ တွေ ပြန် စ, ဖြစ်လာလဲဆိုတော့ သူအွန်လိုင်းဂိမ်းတွေစဆော့မယ်ဆိုပြီး ကွန်ပျူတာထဲ ဒေါင်းလုပ် ဆွဲဖို့ သူ့အဖေကို ခွင့်တောင်းတာကြားလိုက်တယ် ၊ ကျောင်းက သူငယ်ချင်းတွေနဲ့ ပြန်ချိန်းပြီးကစားကြတာလေ ၊ မြန်မာပြည်ကလာတုန်းက “ Dota “ စွဲလာတာ ၊ အခုတော့ နောက်တစ်မျိုး “ LOL “ တဲ့ ၊ ပြောချင်တာကဒီလို ၊ ဂိမ်းဆော့တော့ လိုင်းပေါ်ကနေ တစ်ယောက်နဲ့ တစ်ယောက်အဆက်အသွယ်လုပ်ဖို့ အော်ကြ ၊ ပြောကြနဲ့ အင်္ဂလိပ်စကား က အရမ်းမြန်သွားတယ် ၊ ဘာတွေပြောနေမှန်းကို မသိတော့ဘူး ၊ နားကြပ်ကြီးတပ်ပြီးအော်အော်နေတာဘဲ ၊ ပြီးတော့ သူ့အဖေက သူ့ကို ကျောင်းတွင်းလှုပ်ရှားမှုတွေအကုန်ဝင်လုပ်ခိုင်းတာလဲ ပါမှာပေါ့ ၊ ကျောင်းသားခေါင်းဆောင်သင်တန်း ( Leadership ) လဲ ပါလိုက်သေးတယ် ၊ အဲဒီမှာ လူကြီးတွေက အင်္ဂလိပ်စာကို စိတ်ချသွားတာ ၊ အခု စိတ်ပူနေရတာက မြန်မာစာ ၊ တချို့စာလုံးတွေ သူနားလည်တယ် ၊ ဗမာလို ဘာသာမပြန်တတ်တော့ဘူး ။                                            

               အဲဒါနဲ့ သူ့ကိုသူ့အဖေကစည်းကမ်းထုတ်ထားတယ် ၊ မနက်အိပ်ယာထပြီးတာနဲ့ ပုတီးစိတ် ၊ အင်္ဂလိပ်စာဖတ် ၊ မြန်မာစာဖတ် ၊ ပြီးမှ ဂိမ်းဆော့ - ဒါက စနေ ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ ပြောတာ ။ ကျောင်းရှိတဲ့ရက်တွေကျတော့ ကျောင်းပြန်လာပြီးရင် အိမ်စာလုပ် ၊ မြန်မာစာဖတ် ၊ ပုတီးစိတ် ပြီးမှ သူကြိုက်တာလုပ်ခိုင်ထားတယ်လေ ၊ မနက်မနက်ကျောင်းလိုက်ပို့ရင်လဲ ကားမောင်းရင်း သူ့ကို ဘုရားဂုဏ်တော်ကိုးပါး ရွတ်ခိုင်းတယ် ၊ လိုက်ဆိုခိုင်းတယ် ၊ နောက်တော့ သူ “ သဗုဒ္ဓေ “  ပါ ရသွားတယ် ၊ တခါတလေကျတော့ သူ့အဖေက သူ့ကို ချော့ပြောတယ် ၊ သား ဗမာစာကို မေ့လို့မရဘူး ၊ သားကြီးလာရင် မြန်မာပြည်ပြန်ပြီးအလုပ်လုပ်ရမှာ ၊ ပရဟိတ နဲ့ လူအများကောင်းကျိုးလုပ်ရမယ် ၊ ဘုရား သာသနာအဓွန့်ရှည်အောင် သာသနာပြုရမယ် ၊ လူတွေကိုပြန်ပြီး ကူညီရမယ် ၊ စီးပွားရေးလဲလုပ်ရအုံးမယ် ၊ အခု ဒီမှာ ပညာရေးကောင်းလို့ အခမဲ့လာယူနေတာ ၊ သား မြန်မာပြည်ပြန်တဲ့ အချိန် ဗမာလိုမပြောတတ်တော့ရင် ဘယ့်နှယ့်လုပ်မလဲ လို့ ဆုံးမနေသံတော့ကြားတယ် ။

 
             တချို့ရုံးပိတ်ရက်တွေမှာ သူ့အဖေ က သူ့ကို BBC, VOA, RFA က လာတဲ့ အတုယူစရာ အင်တာဗျူးတွေ ၊ မြန်မာပြည်ကနေ ဒီနိုင်ငံမှာကျောင်းလာတက်ပြီးမြန်မာပြည်ပြန်အလုပ်အကျွေးပြုတဲ့သူတွေရဲ့အင်တာဗျူးတွေ နားထောင်ခိုင်းတယ် ၊ မှတ်မှတ်ရရ  HTC က ပီတာချူးအင်တာဗျုးတောင် ပါလိုက်သေးတယ် ။ အခုနောက်ပိုင်းကျတော့ ဆရာတော် ဦးဇောတိက စာအုပ်တွေကို လူကြီးတွေ ဟင်းချက်နေတုန်း ၊ တီဗွီကြည့်နေတုန်း သူ့ကို အသံထွက်ဖတ်ခိုင်းတယ် ၊ အဲဒါမှ သူလဲ ဖတ်ရတော့ကုသိုလ်ရ ၊ အဓိပ္ပါယ်ဖမ်းမိတော့ကောင်းကျိုးရ ၊ လူကြီးတွေလဲ တရားနာရ ဆိုတော့ အားလုံးအဆင်ပြေအောင်လေ ။


             

                    သား - ကောင်မလေးတွေကို မကြိုက်ရသေးဘူးနော် ၊ ကြိုက်ရမယ့်အချိန်ကျရင် ပြောမယ် ၊ ကျောင်းအားလုံးပြီးခါနီးကျမှကြိုက်တဲ့ ၊ အဲဒါ သူ့ကို သူ့အဖေ ခဏခဏ ပြောနေကျစကား ၊ သူကလဲ ဟုတ်ကဲ့ - ဟုတ်ကဲ့ နဲ့ ဘယ်အချိန်ထိ စကားနားထောင်မလဲတော့မသိဘူး ၊ မိဘဆိုတော့လဲစိတ်ပူရတာပေါ့လေ ၊ နောက် သူနဲ့ သူ့အဖေ စကား ၅ ခွန်း အမေးအဖြေ မကြာမကြာလုပ်တာရှိသေးတယ် ၊ ဘာတဲ့ …. သား ဘယ်နိုင်ငံ က လာသလဲ ( ဖြေ ။ မြန်မာနိုင်ငံကလာတယ် ) ၊ ဘာ လူမျိုးလဲ ( ဖြေ ။ မြန်မာလူမျိုး ) ၊ ဘာ စကား ပြောလဲ ( ဖြေ ။ ဗမာစကားပြောတယ် ) ၊ ဘာ စာ ရေးလဲ ( ဖြေ ။ မြန်မာစာရေးတယ် ) ၊ ဘာ ဘာသာ လဲ ( ဖြေ ။ ဗုဒ္ဓဘာသာ ) ၊ သူအခုဖြေတာတော့ ချောနေတာဘဲ ၊ ဒီနိုင်ငံရောက်ခါစ က အင်္ဂလိပ်လိုမပြောတတ်မှစိုးလို့စိုးရိမ်လိုက်ရတာ ၊ အခုကျတော့ မြန်မာလိုမတတ်တော့မှာစိုးလို့ ပြန်စိတ်ပူနေရတယ် ၊ ဒီလိုတွန်းမသင်ရင် ကြာရင်မေ့သွားမှာ ။


ကိုညီညီ - တောင်ကြီး




No comments: