ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Friday, September 13, 2013

အခြေခံအထက်တန်းလွှတ်တော်ပညာရေး




         
               သင်ရိုးညွှန်းတမ်းတွေပြင်မယ်လို့ ကြားရ သိရ လို့ မြန်မာ့အခြေခံပညာရေးတိုးတက်မှာကို ကြိုပြီးဝမ်းသာမိပါတယ် ၊ တစ်ခုရှိတာက အရင်လို မြေစမ်းခရမ်းပျိုး ပညာရေးမျိုး ၊ တစ်ဗိုလ်တက် တစ်မျိုးပြောင်း စံနစ်မျိုးဆိုရင်တော့ ကြာကြာခံမယ်မထင်ပါ ၊ အစမ်းသပ်ခံ ကျောင်းသားကျောင်းသူများကိုလဲ ကိုယ်ချင်းစာသင့်ပါတယ် ၊ ကိုယ့်အလှည့်ကျမှ သင်ရိုညွှန်းတမ်းအသစ်နဲ့တိုးရတာ ဆရာ/ဆရာမတွေက မသိတာကို လေ့လာတုန်း ၊ ကျောင်းသူ/ကျောင်းသားတွေကလဲ ကိုယ်နဲ့မရင်းနှီးတဲ့စာတွေကို မသိ တသိ စမ်းတဝါးဝါးလိုက်ရင်း စာသင်နှစ်သာကုန်ဆုံးသွားတယ် ဘာတွေသင်လိုက်မှန်းမသိလိုက်ဖူးဆိုတာမျိုးကို ကိုယ်တိုင်ကြုံဖူးကြသူတိုင်း မှတ်မိကြမှာပါ ၊ သင်ရိုးမြှင့်လိုက်တာနဲ့ စာပေမြင့်ဖို့ဆိုတာချက်ချင်းလက်ငင်း ထဖြစ်လာမယ့်ကိစ္စတော့မဟုတ်ပါ ၊
ရေးသူ/ ပြုစုသူရော သင်ကြားလိုက်နာမယ့်စာသင်သားတွေရော ပူးပေါင်းဆောင်ရွက်ဖို့ အဓိကကျပြီး အမြင်ကျယ်တဲ့အစိုးရရဲ့ဦးဆောင်ဦးရွက် စေတနာပါပါလုပ်ဆောင်မှုက အခရာကျပါတယ် ၊ ဒီစာ ဒီကျောင်းသား ဒီဆရာ သုံးပွင့်ဆိုင် သပွတ်အူကျူရှင်ပညာရေးကို အရင်ဆုံးဖြူစင်အောင်လျှော်ဖွတ်သင့်လှပါတယ် ၊ တစ်ခုအားရစရာရှိတာက သင်ရိုးသစ်ပြဌာန်းရေးအဖွဲ့မှာ ပညာရေးကိုနားလည်ပြီး နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် လို ပုဂ္ဂိုလ်မျိုးပါလာတာနဲ့ ပညာရေးအင်အားကြီးအနောက်နိုင်ငံ ၂ ခု ရဲ့ ပညာရှင်တွေကလဲ သူတို့ရဲ့သင်ကြားရေးစံနစ်တွေကိုမျှဝေကူညီမယ်လို့သိရတော့ ဒီတစ်ခေါက်တော့ ကလေးတွေနိုင်ငံတကာဝင်ဆံ့မယ့်ပညာရေးကို မြည်းစမ်းခွင့်ရနိုင်ကောင်းရဲ့လို့ ဝမ်းသာပီတိဖြစ်မိပါတော့တယ် ။

          ဒီနေရာမှာ ဆက်စပ်မိလို့ အထက်တန်း ၄ နှစ်ရဲ့ဂိတ်ဝလဲဖြစ် ဆယ်ကျော်သက်ကျောင်းသားတစ်ယောက်ရဲ့ ဘဝ တဆစ်ချိုးလဲဖြစ်တဲ့ အမေရိကန် ၉ တန်း ( Freshmen ) ကျောင်းသားရဲ့ အတွေ့အကြုံသစ်တွေကို မြန်မာပညာရေးလောကအကျိုးရှိစေရန်အလို့ငှာအနည်းငယ်နိဒါန်းပျိုးပါရစေ ၊ အမေရိကားမှာ အထက်တန်းကျောင်းစတက်မယ့်သားသမီးကို တက္ကသိုလ်/ကောလိပ်ပညာရေးလိုဘဲ အရမ်းအလေးထားပါတယ် ၊ နောက်ယူမယ့်မေဂျာလိုင်း - သိပ္ပံ/ဝိဇ္ဇာ တွဲကို ဒီကနေ စ ခွဲတာဆိုတော့ အလယ်တန်းရဲ့နောက်ဆုံး ၈ တန်း စာမေးပွဲမဖြေခင်ကတည်းက ကိုယ့်သားသမီး ဘာလိုင်းရွေးခွင့်ရှိတယ်ဆိုတာကို မိဘတွေဆီအရောက်စာပို့အကြောင်းကြားပါတယ် ၊ စာကိုအကြွေးမထားတဲ့ကျောင်းသားကတော့ သူဘာလိုင်းယူရမယ်ဆိုတာ ကိုယ်တိုင်သိပြီးသားပါ ၊ မြန်မာနိုင်ငံဆေးကျောင်းမတက်ချင်ဘဲ ဆရာဝန်လိုင်းယူလိုက်ရတဲ့ကျောင်သားတွေလို မိဘဖြစ်စေချင်တဲ့ဘဝတွေကို ကိုယ်မကြိုက်ဘဲလုပ်ပေးစရာမလိုပါ ၊ ဘာမှမဝေခွဲနိုင်ရင်တောင် သိပ္ပံ/ဝိဇ္ဇာ ကတော့ရွေးကိုရွေးရမှာပါ ၊ မြန်မာနိုင်ငံနဲ့တူတာကတော့ သချာင်္ နဲ့ အင်္ဂလိပ် မကောင်းရင်တော့ သိပ္ပံတွဲ မရနိုင်ပါဘူး ၊ ဒီနိုင်ငံက သချာင်္ဆိုပြီး အရမ်းအထင်မကြီးလိုက်ပါနဲ့ ၊ မြန်မာ ၈ တန်း သင်္ချာ က အမေရိကား ၁ဝ တန်း နဲ့ညီပါတယ် ၊ ဒီက ၈ တန်း အင်္ဂလိပ်စာကျပြန်တော့ မြန်မာ ၁ဝ တန်း နဲ့ ညီသွားပြန်ပါရော ။

          ကိုယ်တက်မယ့်လိုင်းနဲ့မဆိုင်တဲ့ ဖြည့်စွက်လိုအပ်ချက်ယူနစ်- Requirement ကို အချိန်ကုန်ခံပြီးမသင်ခိုင်းပါဘူး ၊ ဥပမာ သမိုင်း နဲ့ နိုင်ငံရေး ရောသမထားတဲ့ - Social Study ကို ၈ တန်း မှာ အပြီးဖြတ်ထားခဲ့ပါပြီ ၊ အထက်တန်းမှာ ဝိဇ္ဇာလိုင်းအထူးပြုသူတွေမှ ထပ်သင်ဖို့လိုပါတယ် ၊ ဒီလိုပါဘဲ သိပ္ပံသမားက တက္ကသိုလ်ဝင်တမ်း ဇီဝဗေဒ ကို ၄ နှစ်ဆက်တိုက်မပါ မနေရ သင်ဖို့လိုအပ်ပြီး ဓါတုဗေဒ ၊ ရူပဗေဒ နဲ့ ဘူမိဗေဒ ၃ ခု ထဲက ၁ ခုကို ရွေးရပါလိမ့်မယ် ၊ ပြောချင်တာက မလိုတာ မသင်ခိုင်းတာကိုပါ ၊ ဒါပေမဲ့ သိပ္ပံကျောင်းသားတွေကို သွားမေးကြည့် လွတ်လပ်စွာပြောဆိုခွင့် ၊ လွတ်လပ်စွာရေးသားခွင့် နဲ့ လွတ်လပ်စွာစည်းရုံးခွင့် သူတို့အကုန်သိနေပါတယ် ၊ ဘယ်နှစ်ခုနှစ်မှာ အသားအရောင်တိုက်ဖျက်ရေးခေါင်းဆောင်ကြီး မာတင်လူသာကင်းရဲ့သမိုင်းဝင် “ I Have A Dream “ မိန့်ခွန်းပြောခဲ့တယ် - ဘာအကြောင်းအရာတွေပါတယ်ဆိုတာက အစ သိနေကြတာ အတုယူဖို့ကောင်းပါတယ် ၊ စာလဲသင်တယ် သမိုင်းကိုလဲ မမေ့ဘူး ရှေ့ကိုလဲဆက်လက်ချီတက်မယ့် မူအတိုင်း ကလေးတွေကိုပျိုးထောင်သွားတာ အားရစရာပါ ၊ နိုင်ငံ့အတွက်အသက်စွန့်ခဲ့ကြတဲ့ အာဇာနည်များရဲ့နာမယ်တွေမသိကြတော့တဲ့ သမိုင်းအမှန်ကိုအဆက်ဖြတ်ခံခဲ့ရတဲ့ မြန်မာပြည်ကျောင်းသားများအစားရင်လေးမိပါတယ် ၊ အခုလိုရှင်းပြလာရတာက သိပ္ပံလိုင်းတက်မဲ့ကျောင်းသားကို မလိုတာမသင်ဘူးဆိုပေမယ့် အခြေခံဥပဒေ နဲ့ ဖက်ဒရယ်ပြည်နယ်အုပ်ချုပ်ရေးယန္တရားဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အလယ်တန်းမှာကတည်းက ဦးနှောက်ထဲရိုက်သွင်းပေးလိုက်တာပါ ၊ ကျောင်းသားဟာ နိုင်ငံရေးရဲ့ အစိတ်အပိုင်းတစ်ခုလို့ အားလုံးခံယူထားကြတာပါ ။

          ရိုးရိုးသားသားဝန်ခံရရင် သင်ရိုးညွှန်းတမ်းအကြောင်းရေးနေပေမယ့် ပြင်ပေးနိုင်တဲ့  ပညာရှင်တွေလို စာရေးသူ ဥာဏ်မမီပါဘူး ၊ မြန်မာနိုင်ငံကို စာတွေ့/ပညာတွေ့နဲ့အလုပ်အကျွေးမပြုနိုင်ပေမယ့် သားသမီး/ရင်သွေး/ကျောင်းသားတွေကို ကိုယ်ချင်းစာပြီး တစ်ထောင့်တစ်နေရာကနေ ကိုယ်တွေ့ နဲ့ အတွေ့အကြုံဒါန ပြုပါရစေ ၊ အခြေခံပညာရေးမှာ ဘယ်လိုစာအမြင့်ကိုဘဲပြောင်းသင်သင် ဆရာ/ဆရာမတွေရဲ့ ခေါက်ရိုးကျိုးသင်ပုံသင်နည်းမပြောင်းရင်တော့ အခြေမလှနိုင်တာ သေချာပါတယ် ၊ လောကအကြောင်း စပြီး စဉ်းစားတတ်တဲ့အရွယ် ၆ တန်းလောက်အတည်းက စဉ်းစားပုံ စဉ်းစားနည်း ၊ ပြသနာကို ကိုင်တွယ်ဖြေရှင်းနည်း အဲဒါတွေကို အကျွမ်းဝင်နေကြပါပြီ ၊ မေးခွန်းအတွက်အဖြေမှတ်စုထုတ်ပေးတာမျိုးလုံးဝမရှိပါဘူး ၊ လွယ်လွယ်ကူကူဖြေနိုင်ဖို့ မေးခွန်းတွေကို ရွေးချယ်- Multiple Choice Question နဲ့ ဖြေကြရတာ အများစုပါ ၊ ကျက်ထားသမျှထဲက ပြန်ဖြေဖို့မှတ်စုဖြေ- Essay Question တွေ က မေးခွန်း ၄ ခု မှာမှ ၁ ခု လောက်ဘဲ ပါတာပါ ၊ စာစစ်သူရဲ့အဓိကရည်ရွယ်ချက်က “  စာဖြေသူကျောင်းသားဟာ သင်ရိုးညွှန်းတမ်းဖတ်စာကို  ဘယ်လောက်နားလည်ပြီး ဘယ်လောက်အတိုင်းအတာအထိပြန်ပြောနိုင်သလဲ ၊ သူ့အနာဂါတ်မှာ ဘယ်လောက်အသုံးချနိုင်မလဲ ” အဲဒါကိုဖမ်းတာပါဘဲ ။

          အခုခေတ်မြန်မာပြည်က အသင့်တင့်ကနေ အလွန်ချမ်းသာကြွယ်ဝတဲ့အသိုင်းအဝိုင်းသားသမီးများ မြန်မာကျောင်းနှုတ်ပြီး နိုင်ငံရပ်ခြားမှာ ပညာသင်စေဖို့ လုံးပန်းနေတာကို တစ်တိုင်းပြည်လုံးနဲ့ တာဝန်ရှိသူနေပြည်တော်အစိုးရပါမကျန် ထင်ထင်သာသာ သိနေကြပါပြီ ၊ တနည်းအားဖြင့် ပညာရေးယိုစိမ့်မှုလို့ပြောနိုင်သလို အနာဂတ်နိုင်ငံရေးမျိုးဆက်သစ်အင်အားပြုန်းတီးမှုလို့ ကြီးကြီးကျယ်ကျယ် အမည်ကင်ပွန်းတတ်ရင် လွန်အံ့မထင်ပါ ၊ ဒီလို ထုနဲ့ထည် လူ့စွမ်းအားအရင်းအမြစ်နေရာရွှေ့ပြောင်းမှုကို တန်ဖိုးထားဟန့်တားဖို့ သင်ရိုးသစ်ပြဌာန်းနိုင်ရေး တစ်ခုထဲနဲ့ မလုပ်နိုင်ပါဘူး ၊ အလုပ်ဖြစ်တဲ့ စာသင်စံနစ်ကသာ လိုရာခရီးကို ပို့ဆောင်ပေးနိုင်ပါလိမ့်မယ် ။

          အမေရိကန် အလယ်တန်း/အထက်တန်းကျောင်းစာသင်ခန်းတွေမှာ စာသင်သား ၂ဝ ထက်မပိုကြပါ ၊ ဒေသန္တရကောလိပ်အတန်း- Community College တွေထက်တောင် လူဦးရေလျှော့ထားတာ ကလေးတွေကို အာရုံစိုက်နိုင်ဖို့သာမက မနိုင်မှာကိုလဲ စိုးရိမ်လို့ဆိုတာ သိရပါတယ် ၊ ကိုယ်စာရပြီးရောစံနစ်/တစ်ကိုယ်ကောင်းစံနစ်ကို အခြေမပြုဘဲ ၄ ယောက်တန်သည် ၅ ယောက်တန်သည် အုပ်စုဖွဲ့- Team Up ခိုင်းပါတယ် ၊ ဆရာ/ဆရာမ နဲ့ တစ်ဦးချင်း ပြောဆိုဖြေကြားရတာရှိသလို အုပ်စုလိုက်ပေါင်းလုပ်ရတဲ့အလုပ်- Group Task က မနဲမနောပါ ၊ ဒီမှာတင် မြန်မာများအတုယူသင့်တာက ကိုယ်ဖြေတဲ့အဖြေဟာ ကိုယ့်တစ်ယောက်တည်းမဟုတ်ဘဲ အများ- Group ကို ကိုယ်စားပြုတဲ့ လွှတ်တော်စိတ်ဓါတ်မျိုး- Public Mind-Set ထားတတ်ဖို့သင်ပေးလိုက်တာက အစိုးရသင်တန်းများမဟုတ်ဘဲ “  အလယ်တန်းကျောင်း ” ဖြစ်နေတာပါဘဲ ၊ ဒါဟာ လူသားတိုင်းလုပ်သင့်တဲ့နိုင်ငံရေး  ဖြစ်ပါတယ်လို့ ကျောင်းကလမ်းဖွင့်ပေးလိုက်တာပါ ။

          ကိုယ့်အုပ်စုထဲက တစ်ယောက်ယောက် စာမရလို့ ဆရာမအိမ်မှာ ကျူရှင်သွားယူစရာမလိုပါ ၊ ဒီအုပ်စုတွင်းထဲမှာဘဲ မသိတဲ့သူကို ကျန်တဲ့သိတဲ့သူ ၃ ယောက်က ဝိုင်းပြီးရှင်းပြစေပါတယ် ၊ ဒီလိုအုပ်စုတွင်းစကားပြော- Group Chat ၊ အုပ်စုတွင်းဆွေးနွေး- Group Discussion ဖော်ဆောင်ထားပြီး နောက်ဆုံးအဆိုတင်သွင်းဖို့ အုပ်စုတွင်းသဘောတူညီမှုစာချွန်လွှာ- Group Essay ရေးတင်ခိုင်းပါတယ် ၊ တင်လာတဲ့အဆိုလွှာ ( စာစီစာကုံး) တွေထဲကမှ လွှတ်တော်ဥက္ကဌ ( ဆရာ/ဆရာမ ) က ဘယ်အုပ်စုအဆို- Turn In အကောင်းဆုံးဆိုတာ အမှတ်ပေးပါတယ် ၊ ကိုယ့်အုပ်စုထဲက ရ ထားတဲ့ထိုင်ခုံမှာ အိပ်မငိုက်ရအောင် လွှတ်တော်ကိုယ်စားလှယ်အားလုံး ( ကျောင်းသားများ ) ပြန်ရောပြီး စုံစမ်းရေးကော်မရှင် ( အုပ်စုအသစ် ) တွေ ထပ်ဖွဲ့ခိုင်းပြီး လက်တွဲအလုပ်လုပ်စေပါတယ် ၊ အချင်းချင်းရန်ဖြစ်ရင်လွှတ်တော်ဥက္ကဌ ( ဆရာ ) က လုံးဝမကြိုက်ပါဘူး ၊ မေးခွန်းမေးတာကိုလွတ်လပ်စွာခွင့်ပြုပေးထားပြီး တချို့မေးခွန်းတွေကို လွှတ်တော်ကိုယ်စားလှယ် ( ကျောင်းသား ) အချင်းချင်း အပြန်အလှန်နားလည်မှုယူပြီး ဖြေကြားစေပါတယ် ၊ မရှင်းတာ/မသိတာကိုလဲ ရှင်းပြစေပါတယ် ၊ လွှတ်တော်နားတဲ့အချိန် ( ကျောင်းဆင်းချိန် ) မှာ အထူးနိုင်ငံရေးဆွေးနွေးပွဲ ( ကျူရှင် ) တက်စရာမလိုဘဲ လူထုအသံနားထောင်ခြင်း ( အိမ်စာ ) လုပ်ရပါတော့တယ် ၊ ညမအိပ်ခင်နဲ့နောက်တစ်ရက်လွှတ်တော် ( ကျောင်း ) ပြန်မတက်ခင် လွတ်တော်နာယက ( ကျောင်းအုပ်ကြီး ) က မှာလိုက်တဲ့စာတမ်းပြုစုခြင်း ( စာဖတ်ခြင်း ) ကို အနည်းဆုံး ၁ နာရီ လုပ်ရတယ်ဆိုတာ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံလွှတ်တော်နဲ့ အလယ်တန်းကနေအထက်တန်းပညာရေးကိုချည်းနင်းဝင်ရောက်နေကြတဲ့ အမေရိကန်အထက်တန်းကျောင်းသားဘဝကို မေတ္တာအရင်းခံ၍ နှိုင်းယှဉ်ပြလိုက်ရပါတယ် ။

ကိုညီညီ - တောင်ကြီး

No comments: