ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, February 23, 2014

ဒီမိုကရေစီနိုင်ငံအရေး ၊ စာပေဟောပြောပွဲ နှင့် စာရေးဆရာဘဝ


             ယခုကဲ့သို့ စာပေဟောပြောပွဲအကြောင်းကိုရေးသားခွင့်ရသည့်အတွက် ခွင့်ပြုသူများ ၊ ဂျာနယ်စီစဉ်ဆောင်ရွက်သူများ နှင့် စာဖတ်ပရိသတ်အပေါင်းကိုကျေးဇူးတင်ကြောင်း စာပေဟောပြောပွဲများအစတွင်ကြားနေကျအတိုင်း ဦးစွာပြောကြားလိုပါသည် ၊ စာပေဟောပြောပွဲများကို အရောင်အသွေးအမျိုးမျိုးဆိုးချယ်၍ပိတ်ပင်လာသည့်ကြားမှ စာပေနယ်ပယ်တွင် တစ်ဖဝါးစာခြေချခွင့်ရသည့်ဘဝကို တစ်နည်းတစ်ဖုံ ကျိတ်ကျိတ်လေးဂုဏ်ယူမိပါသည် ၊ မြို့ပြနှင့် နယ်ဒေသများပါမကျန် စာပေခရီးကြွရောက်လှည့်လည်ဟောပြောပေးကြသော စာရေးဆရာ / ဆရာမများ၏ တိုင်းပြည်နှင့်လူမျိုးအပေါ်ထားသည့် ဝံသာနုစိတ်ဓါတ်ကို ပိုမိုအထူးပြု၍ဖော်ပြလိုပါသည် ။

စာရေးဆရာများစွာမှ ငှားယူသုံးရသော “ လက်ခုတ်သိပ်တီးမနေနဲ့ဦး ၊ ငါပြောလိုက်တာက တရားမမှု ၊ မင်းတို့လုပ်မှ ရာဇဝတ်မှု ဖြစ်နေဦးမယ် ” ဟူသော စကားပိုင်ရှင် ( သို့မဟုတ် ) လူငယ်များကိုကြည်ညိုသည်ဟုမကြာခဏပြောကြားတတ်သော တစ်သက်တာစာပေဆုရ ဆရာကြီး အောင်သင်း သည် အသက်အရွယ်အာဖြင့် ( ၈၅ ) နှစ်ရှိပြီဖြစ်ငြားသော်လည်း အရေး / အဟော / အပြော စာပေတာဝန်များကို တက်တက်ကြွကြွပါဝင်ပညာပေးနေဆဲဖြစ်သည် ၊ ခေတ် နှင့် စံနစ် ကို စိတ်ညစ်နေရန်မဟုတ်ဘဲ သင်ခန်းစာယူရှေ့ဆက်လှမ်းတက်ရန် လူငယ် နှင့် ကျောင်းသားများကို လက်တွဲခေါ်တတ်သော ဆရာ့ကိုလည်း စာဖတ် / စာပေဟောပြောပွဲနားထောင်ပရိသတ်များက မကြည်ညိုဘဲမနေနိုင်ပါချေ ၊ “ လူလိမ္မာသည် သူတပါးမှားသည်ကိုကြည့်၍ပြင်တတ်သူဖြစ်ပြီး လူမိုက်သည် မိမိကိုယ်တိုင်မှားမှပြင်တတ်သူဖြစ်သည် ၊ ထိုထက်ပို၍မိုက်သောသူကား ကိုယ်ကိုယ်တိုင်မှားသည်ကို ပြင်ရကောင်းမှန်းမသိသူဖြစ်၏ “ ဆိုသည့် ဆရာ၏နှစ်ပေါင်းများစွာမှဟောပြောမှုသည် စာဖတ်သူတို့မမေ့နိုင် ပညာယူရသော အဆုံးအမစကားလုံးများစွာထဲမှ တစ်ခုမျှသာဖြစ်ပါသည် ။


စာပေဟောပြောပွဲများတွင် ဟာသအနေဖြင့်အပြောများသော “ ဗမာတွေ တစ်ယောက်တည်းရှိနေရင် အိပ်နေတယ် ၊ နှစ်ယောက်ရှိရင် အတင်းပြောတယ် ၊ သုံးယောက်ရှိရင် သင်းကွဲတယ် “ ဆိုသောစကားကိုလက်မခံသူမှာ တက်ကျမ်းနှင့်နိုင်ငံရေးစာပေများကို ဓမ္မဓိဋ္ဌာန်ကျကျရေးသားဟောပြောတတ်သော ဆရာ ဖေမြင့် ဖြစ်သည် ၊ စကာင်္ပူနို်င်ငံဟောပြောပွဲတစ်ခုတွင် ဆရာက “ မြန်မာတွေဟာ ပေါင်းလည်းပေါင်းတယ် ၊ ကွဲလည်းကွဲတယ် ” ဟု နိုင်ငံရေး သမိုင်းအထောက်အထားများဖြင့်ရှင်းပြပါသည် ၊ ယခင်အစိုးရက မြန်မာပြည်သူများ ဒီမိုကရေစီအတွေ့အကြုံမရှိ၍အသွင်ကူးပြောင်းရေးကာလမှာခက်ခဲသည်ဟုအကြောင်းပြသည် ၊ အမှန်မှာ ဟိုယခင်နှစ် ( ၅ဝ ) ကတည်းက မြန်မာပြည်သူများ ဒီမိုကရေစီအမြစ်တွယ်ခဲ့ပြီး ယခုလက်ရှိအထိရှင်သန်နေဆဲဖြစ်ကြောင်း ၊ ထို့ပြင် “ ဒီအပင်မျိုးဟာ အခုရေလောင်း အခုအပင်ပြန်ပေါက်တဲ့အပင်မျိုးဗျ “ ဟု နိုင်ငံရေးအတွေးအမြင်မှန်များကို ဖွင့်ပေးတတ်သူဖြစ်သည် ။


နှစ်ပေါင်း ( ၈ဝ ) မက သက်တမ်းရှိပြီဖြစ်သော စာပေအကြောင်း ၊ သုတရသ ၊ ရသစာပေ နှင့် အမျိုးဘာသာ သာသနာတည်တံ့ရေးအတွက် ပြုလုပ်ကျင်းပလာသောစာပေဟောပြောပွဲဓလေ့သည် မြန်မာတစ်နိုင်ငံတည်းတွင်သာရှိသည်ဟု ဆရာ ချစ်ဦးညို က ပြောပါသည် ၊ “ ခေါင်းစဉ်မရှိတဲ့ခေါင်းစဉ် “ ဖြင့် ပရိသတ်၏မေတ္တာကိုခံယူတတ်သော ဆရာ ချစ်ဦးညို က “ ခေါင်းစဉ်ပေးထားပြီးဘာတစ်ခုမှအလုပ်မဖြစ်တဲ့နိုင်ငံမှာ ခေါင်းစဉ်မရှိတဲ့ဟောပြောမှုက ပိုကောင်းပါတယ် “ ဟု ပွဲအဖွင့်တင်ပင် ပရိသတ်၏အားပေးမှုကိုစုစည်းရယူတတ်သူဖြစ်သည် ၊ ထို့အပြင်ဟောပြောမှုတစ်ခုတွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ရိုက်ရန်လူများရွေးပြီးပြီဖြစ်ကြောင်း ၊ သရုပ်ဆောင်များကိုလည်းသင်တန်းများပေးနေပြီဖြစ်ကြောင်း ၊ သို့ရာတွင် ဂဋ္ဌုန်ဦးစောနေရာတွင်သရုပ်ဆောင်မည့်သူ ရှာမရကြောင်း ၊ ထို့ကြောင့်အနယ်နယ်အရပ်ရပ်စာပေဟောပြောပွဲများရောက်တိုင်းရှာကြည့်ကြောင်း ၊ ယခု တွေ့မည့်တွေ့တော့လည်းမိမိနှင့်လပေါင်းများစွာခရီးထွက်ဟောပြောနေသော စာရေးဆရာ မောင်သာချို ကိုရွေးချယ်ထားပြီဖြစ်ကြောင်း စာပေမိတ်ဖက်ညီအကိုမောင်နှမများကြား အရွှန်းဖောက်တတ်သူဖြစ်သည် ။


ဗိုလ်ချုပ်အောင်ဆန်း၏ငယ်ဘဝ / ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ / ရဲဘော်သုံးကျိပ်ဘဝ နှင့် ဗိုလ်ချုပ်ဘဝ အလုပ်ကြံမခံရမီအချိန်ကာလများနှင့် လူငယ်ကိုအောင်ဆန်း၏ဂုဏ်ယူစရာစိတ်ကောင်းစိတ်မြတ်အကြောင်းကို သမိုင်းကြောင်းအပြည့်အစုံနှင့်ရှင်းပြတတ်သူများထဲတွင် ဆရာ မောင်သာချို တစ်ဦး အပါအဝင်ဖြစ်သည် ၊ အရပ်အမောင်းမထွားသော်လည်း အာပေါင်အားရင်းသန်သန်ဟောပြောတတ်ပြီး ဂျက်ကွမ်းခြံကုန်း ကလောင်အမည်ခွဲဖြင့်လည်း ဝေဖန်ရေး နှင့် သရော်စာများကို အရေးကောင်းသူဖြစ်သည် ၊ ဟောပြောစင်မြင့်ပေါ်တွင် “ ဘာကြောင့်ဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ပြည်သူလူထုကချစ်ကြသလဲ ? နှလုံးသားလှလို့ - ဒါပါဘဲ “ ဟု ဗိုလ်ချုပ်ကိုမကြာခဏလွမ်းတတ်သည် ၊ ဆရာ မောင်သာချိုသည် ကန်တော်ကြီးစောင်းတွင်ရှိသောအကြော်တဲမှ အကြော်သည်လင်မယားမှ ယောင်္ကျားကို ချမ်းအေးလှသော ဒီဇင်ဘာလကြီးတွင် ဗိုလ်ချုပ်က သူဝတ်ထားသော အနွေးထည်ချွတ်ပေးခဲ့သော ဗိုလ်ချုပ်၏ စာနာမှုတရား-Sympathy ကို ကြေကွဲတမ်းတစွာပြောပြတတ်သူဖြစ်ပါသည် ။


ကဗျာလည်းရေး စာလည်းရေး ခရီးလည်းသွား ဟောလည်းဟောနိုင်သော အာစီယံဆုရစာရေးဆရာတစ်ဦးမှာ ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ဖြစ်သည် ၊ ဆရာ၏ငယ်စဉ်ဘဝကဗျာများမှာ လူငယ်လူကြီးမရွေးကြိုက်နှစ်သက်ကြသလို ဆရာ၏ရုပ်ရှင်အဖြစ်အသွင်ပြောင်းပြီးသော ဝတ္ထုကောင်းများအကြောင်းကို ဟောပြောပွဲစဉ်မြင့်တွင် သိပ်ပြောလေ့မရှိသည်မှာ ထူးခြားချက်တစ်ခုဖြစ်သည် ၊ မြန်မာနိုင်ငံတွင်အလုပ်သမားအရေးအခင်းဖြစ်သည့်နေ့ ၁၉၇၄- ဂျွန်လ - ၆ ရက်နေ့ ၏နှစ်ပတ်လည် ၁၉၇၅ ခုနှစ်တွင် စက်မှုကျောင်းသားဘဝ က ဝန်ကြီး ( ၅ ) ပါး R.I.T ကျောင်းသားများကိုစည်းရုံးရန် ကျောင်းသို့ရောက်လာကာ တိုင်းပြည်အခြေအနေဆိုးနေ၍ စက်မှုကျောင်းသားများ၏အကြံအဥာဏ်ကိုရယူလိုသည်ဟု ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) က ပြောပြပါသည် ၊ အတိုင်အဖောက်ရိုက်ထားသော ပေးထားသောစာရွက်ပါထောက်ခံချက်များကိုဖတ်၍ထောက်ခံရမည့် လမ်းစဉ်လူငယ်ဝင်ကျောင်းသားများကိုကျော်လွန်၍ စက်မှုကျောင်းသား ( ၅ ) ဦးမှ “ ကျွန်တော်တို့ ထမင်းတစ်နပ်လျှော့စားပါမယ် ၊ ဝန်ကြီးတို့ ကားတစ်စီးလျှော့စီးပါ ၊ ဒါဆို နိုင်ငံကောင်းသွားမယ်  ” ဟု ဝင်ရောက်မှတ်ချက်ပေးသည် ၊ ထို့ကြောင့် “ ထမင်းတစ်နပ်လျှော့စားပါ ” ဆိုသည့် စကားသည် ယခုခေတ် စကားမတတ်ဝန်ကြီး၏ပြောစကားမဟုတ်ဘဲ တိုင်းပြည်နှင့်လူမျိုးကိုအနစ်နာခံရန်အသင့်ရှိနေသော ထိုအချိန်က စက်မှုကျောင်းသားများက အရင်ဦးဆုံးပြောခဲ့သောစကားဖြစ်သည်ကို မှတ်သားရပါတော့သည် ၊ မကြာသေးမီကာလက ဆရာ မောင်စိန်ဝင်း ( ပုတီးကုန်း ) ၏ ဟောပြောမှုကို ပျော်ဘွယ်မြို့နယ်အုပ်ချုပ်ရေးမှူးမှ ပျော်ဘွယ်မြို့နယ်အတွင်း ရာသက်ပန်ဟောပြောပွဲပိတ်ပင်လိုက်သည်ကို ဝမ်းနည်းဖွယ်ရာကြားသိလိုက်ရပါသည် ၊ ထိုမြို့နယ်အတွက် နစ်နာလေစွ ။


အမျိုးသားသီချင်း ၊ နိုင်ငံတော်သီချင်း ၊ ဗိုလ်ချုပ်အောင်ဆန်း၏စိတ်ဓါတ်ကို ဆရာ ဦးဘုန်း ( ဓါတု ) သည် မတူသောအမြင်အမျိုးမျိုးဖြင့် ဟောပြ ပြောပြတတ်သူဖြစ်သည် ၊ အရပ်အမောင်းကောင်းသလို အသံအောင်ပြီး အားနှင့်မာန်နှင့်ဟောပြောရင်း မကြာခဏ ဂစ်တာတစ်လက်ဖြင့်သော်၎င်း ၊ တူရိယာလွတ်ဖြင့်သော်၎င်း ဆရာ ဦးဘုန်း သီဆိုသောသီချင်းများနားထောင်မိလျှင် ကြက်သီးမွှေးညှင်းများထသည်အထိခံစားမိကြပါလိမ့်မည် ၊ ပြီးခဲ့သောနှစ် တာချီလိတ်တွင်ပြောခဲ့သော ဒုတိယညတွင် တာချီလိတ်မြို့ခံလူငယ်များ၏အထူးတောင်းဆိုမှုအရ ဗိုလ်ချုပ်အောင်ဆန်းသီချင်းကိုထပ်မံသီဆိုပေးခဲ့ရသည်မှာ အမှတ်တရဖြစ်စေခဲ့သည် ၊ ဆရာ ဦးဘုန်းမှဆက်လက်၍ အမြင့်ပျံချင်ရင် ပြည်သူများစာဖတ်ရမည် ၊ စာဖတ်နည်း ( ၃ ) မှာ မျက်စိဖြင့်စာဖတ်ခြင်း ၊ နားဖြင့်စာဖတ်ခြင်း ၊ ခြေထောက်ဖြင့်စာဖတ်ခြင်း ( ခရီးသွားခြင်း ) တို့ဖြစ်ပြီး မည်သည့်နည်းဖြင့်ဖတ်သည်ဖြစ်စေ အမြင့်ပျံမည့်သူသည် ပညာတတ်ရမည်ဖြစ်ကြောင်း ဥပမာ ဥပမေယျတို့ဖြင့် ဟာသနှောကာပြောတတ်သူဖြစ်သည် ၊ မာကိုပိုလိုသည် ခြေထောက်ဖြင့်စာဖတ်ခဲ့ပြီး စာရွက်ပေါ်တွင်မှတ်သား ၊ ဥရောပတွင်ပြန်ပြောပြကာ နောက်ဆုံးတွင် အာရှတိုက်ကိုသိမ်းသွားသည်မှာ ရှေးသမိုင်းသာဓကပင်ဖြစ်ကြောင်းထပ်လောင်းပြောပြပါသည် ၊ မြန်မာများသည် ခရီးသွားလေ့လာခြင်းများပြုလုပ်လေ့မရှိဘဲ မြန်မာနိုင်ငံမှကျောင်းတွင်တက် ၊ မြန်မာနိုင်ငံမှဆရာများမှသင် ၊ မြန်မာနို်င်ငံမှဘွဲ့များရ ၊ မြန်မာနိုင်ငံကျဉ်းကျဉ်းလေးကိုပြန်လည်အုပ်ချုပ် ၊ အမြင်ကျဉ်းသည့်အတွက် “ အကျဉ်းမြင် ” သည့်သူများကိုသာမွေးထုတ်ပေးလိုက်ခြင်းသံသရာတွင်လည်နေကြောင်းပညာပေးသွားသည်ကိုမှတ်သားရပါတော့သည် ။


သီချင်းမဆိုသော်လည်း ကဗျာရွတ်ကောင်းပြီး အသံပါဝါကောင်းကောင်းနှင့် ဟောပြောတတ်သူနောက်တစ်ဦးမှာ ဆရာ ညီမင်းညို ဖြစ်သည် ၊ မြင်းခြံမြို့စာပေဟောပြောပွဲတစ်ခုတွင် လူငယ်တက်လူကဗျာဆရာ “ ဟိန်း ” ၏ “ နတ်မောက် - မင်းဘာမှမလုပ်နဲ့ ” ကဗျာကိုရွတ်ဆိုလိုက်သောအချိန်တွင် ပရိသတ်များ၏ရင်ကိုဆုတ်ခါလိုက်သော ကဗျာရှင်၏ ဗိုလ်ချုပ်အောင်ဆန်း၏ငယ်ဘဝ “ ကကြီးမှ အ “ အထိ အသည်းလှုပ်အောင်ဖွဲ့နိုင်သည့်စွမ်းပကားကိုထုတ်ပြဖော်ကျူးရွတ်ဖတ်သွားသူ ဆရာ ညီမင်းညိုကို မချီးကျူးဘဲမနေနိုင်ပါ ၊ ဤမျှတင်မကသေး ၊ ခေတ်၏လိုအပ်ချက်ဖြစ်သော နိုင်ငံသားတိုင်း၏အသိပညာပြည့်မီရေး ၊ နိုင်ငံရေးအသိကြွယ်ဝရေးတို့ကို နယ်ဝေးနှင့်တောနေလူထုကိုပါမကျန် နားလည်လွယ်သောဥပမာများဖြင့် စာပေအကြောင်းပျော့ပြောင်းစွာဆွေးနွေးတတ်သူဖြစ်သည် ။


ဆရာ အော်ပီကျယ် သည် ကာတွန်းရုပ်များရေးရာတွင် ထိမိသလောက် စာပေဟောပြောပွဲများတွင် ပရိသတ်ဘဝင်ငြိအောင် ပြောတတ်ဟောတတ်သူဆိုလျှင်မမှားပါ ၊ တတူတကွဟောပြောကြသောစာရေးဆရာများက “ အော်ပီကျယ်ကတော့ မကောင်းချည်းဘဲပြောနေတယ် ” ဟု နောက်ပြောင်လေ့ရှိကြသော်လည်း အမှန်တကယ် ဂရပ်ဖစ်ရေးသူတစ်ယောက်၏မတူညီသောအမြင်ဖြင့် တိုင်းပြည်၏လိုအပ်ချက်များကိုထောက်ပြလေ့ရှိသည် ၊ ရောက်လေရာမြို့တိုင်းတွင် စာကြည့်တိုက်များကို အထူးရှာဖွေလေ့လာတတ်ပြီး ဆရာ၏ “ စာကြည့်တိုက် က ထောင်တံခါးပိတ်တယ် ” ဆိုသည့်မှတ်ချက်မှာ အထူးမှတ်သားစရာဖြစ်ပေသည် ၊ ကာတွန်းဆရာသည် Symbolic Technique သင်္ကေတနည်းပညာအသုံးပြု၍ ကာတွန်းရေးသူဖြစ်ပြီး ခေတ် နှင့် စံနစ်၏အကျိုးအကြောင်းဆက်စပ်ဖြစ်ပေါ်နေမှုများကိုပုံဖော်ရေးသားတတ်သူဖြစ်သည် ဟု ဆရာ အော်ပီကျယ် က ရှင်းပြပါသည် ၊ ထို့အပြင် ဆရာသည် ဟားဗတ်ကဲ့သို့ နိုင်ငံတကာ တက္ကသိုလ်များကိုတက်ရောက်ခဲ့ဖူးသူဖြစ်ပြီး လက်ရှိမွန်ဂိုလီးယားသမ္မတ ၊ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကဲ့သို့ အထင်ကရပုဂ္ဂိုလ်မျိုးတို့နှင့် ကျောင်းနေဘက်များဖြစ်ခဲ့သည် ၊ စာဖတ်ရန်အတင်းတိုက်တွန်းတတ်သော ဆရာ၏ စာမဲ့ကောက်ကြောင်းကာတွန်းများ မည်မျှလူကြိုက်များသည်ကိုကြည့်ခြင်းအားဖြင့် ဆရာ အော်ပီကျယ်၏ ပညာ နှင့် သဘာ ကို ခန့်မှန်းနိုင်ပါသည် ။


ဆရာ ချစ်ဦးညို က “ ရွှေဂျူး “ ဟု ချစ်စနိုးခေါ်သော ဆရာမ ဂျူး မှာ မူလကပင်နာမည်ကျော်ပြီးသားဖြစ်သည့်အတိုင်း စာပေဟောပြောပွဲများ၏အတောင်းဆိုခံရသော အမျိုးသမီးစာရေးဆရာ တစ်ဦးဖြစ်သည် ၊ ဟောပြောပွဲတစ်ခုတွင် အမျိုးသမီးပရိသတ်ကို “ ဦးနှောက်ဆိုတာ ဓားသွေးကျောက် နဲ့ ဓားလိုဘဲ ၊ ခဏခဏသွေးပြီး သုံးဖန်များမှ ဓားကထက်တာ ၊ ကျွန်မတို့ဦးနှောက်တွေကလည်း မီးဖိုထဲမှာဘဲ သားသမီးပြုစုရေးထဲမှာဘဲ နေရတဲ့အခါ ဥာဏ်ပညာနဲ့ပတ်သက်တဲ့ဦးနှောက်ကမထက်တော့တာရှိပါတယ် ၊ အဲဒါတွေကို ကျွန်မတို့ကပြန်ပြီးသွေးစေချင်တယ် ၊ မိန်းကလေးတိုင်းကို ကျွန်မက ပညာတတ်စေချင်တယ် ” ဟု စေတနာရှေ့ထား၍လမ်းညွှန်ခဲ့ပါသည် ၊ ယခုနောက်ပိုင်းနှစ်များတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းများကို ပိုမိုရေးသားဟောပြောဖြစ်နေပြီး သူမကို အစိမ်းရောင်စာရေးဆရာဟုပင်ခေါ်ဝေါ်နေကြသည်ဟု ဆရာမ ဂျူးက ဆိုပါသည် ။


ဆရာမ နုနုရည် ( အင်းဝ ) ၏ဟောပြောသံကို ကြားမိတိုင်း ငယ်စဉ်တုန်းက ရေဒီယိုရှေ့တွင်ဇာတ်လမ်းပမာနှင့်ပုံပြင်လွှင့်ချိန်တို့ကိုသတိရမိစေပါသည် ၊ အသံမှာ နားဝင်ချိုစေသလောက် ဆရာမ ရေးသားသောစာများမှာလည်းအေးမြစေပါသည် ၊ စာကြည့်တိုက်များနှင့်စာအုပ်စာပေလူ့မိတ်ဆွေဖြစ်ကြောင်းတိုက်တွန်းပြောဆိုတတ်သူများထဲတွင် ဆရာမ နုနုရည် ( အင်းဝ ) တစ်ဦးအပါအဝင်ဖြစ်ပြီး ယခုခေတ်တွင် အင်တာနက်သုံးခွင့်ရှိလာခြင်းနှင့် အင်တာနက်၏ပြန့်ပွားမှုများကြောင့် စာပေဟောပြောပွဲနားထောင်မှုအလေ့အထများတိုးပွားလာသည်ဟုပြောပြပါသည် ၊ တစ်နေ့တွင် ဆရာမ ရန်ကုန်မြို့တွင်းတက္ကစီကားငှားစီးရာ အသက် ( ၂ဝ ) အရွယ်ကားဒရိုင်ဘာက “ စာပေဟောပြောပွဲဆိုတာ ဆရာမရယ် ၊ ကျွန်တော်အရင်တုန်းကလုံးဝမသိဘူး ၊ အခုနားထောင်ကြည့်တဲ့အခါကျတော့ ဘုန်းကြီးတရားပွဲနဲ့လည်းမတူဘူး ၊ ဒိပြင် ဇာတ်တွေ အငြိမ့်တွေကြည့်ရတာနဲ့လည်းမတူဘူး ၊ ကျွန်တော် တစ်ခါမှမခံစားရဖူးတဲ့ စိတ်တက်ကြွမှုမျိုး ကျွန်တော်ခံစားရတယ် ၊ ဘာဖြစ်လို့မှန်းတော့မသိဘူး “ ဟုပြောသည်ဟု သူမ အတွေ့အကြုံကိုရှင်းပြပါသည် ၊ ထိုမျှပင်မက စာပေကိုဖတ်ရှုပါမှ အမှန်ကိုအမှန်အတိုင်း ၊ အမှောင်ကိုအမှောင်အတိုင်း သိတတ်ရှုမြင်နိုင်မည်ဖြစ်ကြောင်း စာပေဟောပြောပွဲပရိသတ်ကြီးကို ငြိမ့်ညောင်းသာယာစွာဟောပြောတတ်သော ဆရာမ နုနုရည် ( အင်းဝ ) ၏ စာပေဟောပြောပွဲအတတ်ပညာကိုချီးကျူးမိပါတော့သည် ။


ကျွန်တော်ဖော်ပြခဲ့သော စာရေးဆရာ / ဆရာမများသည် ယခင် / ယခု စာပေဟောပြောနေသော စာရေးဆရာကြီးများအကုန်အစင်မဟုတ်သည်ကိုဝန်ခံလိုပါသည် ၊ မဖော်ပြမိသော စာရေးဆရာများရှိနေနိုင်သည့်အတွက်လည်းကြိုတင်တောင်းပန်ပါသည် ၊ တစ်ကိုယ်ရည်အားသာချက်များလွဲချော်ရေးသားမိပါကလည်း ကျွန်တော်၏ညံ့ဖျင်းမှုကိုသာ အပြစ်ပုံချစေလိုပါသည် ၊ လေ့လာမိသလောက် မြန်မာနိုင်ငံတွင်စာရေးဆရာမည်မျှရှိသည်ကို အထင်ကရ တရားဝင်မှတ်တမ်းများမရှိသည့်အတွက် မသိရှိပါ ၊ သို့သော် အင်တာနက်တွင်လေ့လာနိုင်သောစာပေဟောပြောပွဲ Mp3 အသံဖိုင်များအရ နိုင်ငံတွင်း နိုင်ငံပ ကြွရောက်ဟောပြောနေသောစာပေပညာရှင်များမှာ ဦးရေအားဖြင့် ( ၄ဝ ) မှ ( ၆ဝ ) ကြားသာရှိသည်ဟု ခန့်မှန်းရပါသည် ၊ မြန်မာနိုင်ငံလူဦးရေသန်း ( ၆ဝ ) နှင့်ဇယားကိုက်ကြည့်လျှင် ဟောပြောပွဲစာရေးဆရာဖြစ်နှုန်းမှာ လူ ( ၁ ) သန်း တွင် ( ၁ ) ယောက်သာရှိသည်ကို စိတ်မကောင်းစွာမှတ်တမ်းပြုစုမိပါတော့သည် ။


စင်မြင့်များပေါ်တွင်တွေ့ရသော ဟောပြောသူများမှာ စာရေးဆရာနယ်ပယ်မှချည်းမဟုတ်ပဲ ရုပ်ရှင် ၊ ဒါရိုက်တာ ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ ၊ နယ်ပယ်အသီးသီးမှပညာရှင်များ နှင့် တက္ကသိုလ်မှပါမောက္ခများအထိ အသက်အရွယ်ကြီးငယ်မရွေးပါဝင်ကြသည် ၊ ထိုစာရေးဆရာများအားလုံး၏နာမည် / အထုပ္ပတ္တိ တို့ကိုရေးသားပြရလျှင် စာမျက်နှာအနေအထားကြောင့်မဖြစ်နိုင်သည့်အတွက်တောင်းပန်အပ်ပါသည် ၊ သမ္မတဦးသိန်းစိန်ခန့်ထားသော ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးတာဝန်ခံ  ပုဂ္ဂိုလ် ( ၂ ) ဦးစလုံးမှာ စာရေးဆရာများဖြစ်သည်ကို ဝမ်းမြောက်ဂုဏ်ယူမိသည် ၊ စာဖတ်သည့်အတွက် အမှားနှင့်အမှန်ကို သာမန်လူများထက်စာလျှင် ခွဲခြားဆုံးဖြတ်နိုင်လောက်သည်ဟု မယုံကြည်ရသော်လည်း ယုံကြည်လိုက်ပါတော့မည် ၊ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်- စာရေးဆရာ ရဲထွဋ် က လတ်တလောစာပြေဟောပြောပွဲအပိတ်ခံရမှုနှင့် စာရေးဆရာအချို့ကိုးကွယ်သည့်ဘာသာအကြောင်းပြီးဟောပြောခွင့်တားမြစ်ခံရသည်ကိုအကြောင်းပြု၍ “ စာပေဟောပြောပွဲဆိုတာ ကျနော်တို့ မြန်မာ့လူ့အဖွဲ့အစည်းမှာဘဲရှိတဲ့ အင်မတန်မှထူးခြားတဲ့ အလေ့အထတစ်ခု ဖြစ်တဲ့ အတွက်ကြောင့်မို့ ဒါမျိုးကို ကျွန်တော်တို့က အားပေးဖို့လိုပါတယ် “ ဟုမှတ်ချက်ပေးသည့်အတွက် အမှန်တကယ် နိုင်ငံတော်သမ္မတ၏ခံယူချက်နှင့်ကိုက်ညီပါမူ မြန်မာပြည်သူများအသိပညာဖွံဖြိုးပြီး တိုင်းပြည်ကြီး မနှေးအမြန် ဒီမိုကရေစီနှင့်နီးစပ်လာနိုင်သည့်အရေး ကြိုတင်၍ဝမ်းမြောက်ဝမ်းသာပီတိဖြစ်ရပါတော့သည် ။ ( စကားချပ် ။        ။ ကျွန်တော်သည် စာပေဟောပြောပွဲ ကိုယ်တိုင်ကိုယ်ကျတစ်ကြိမ်မျှနားမထောင်ဖူးပါ ၊ အင်တာနက်မှရရှိသော စာပြောဟောပြောပွဲ Mp3 အသံဖိုင်များကို ( ၃ ) လ ခန့်နားထောင်၍ ဤဆောင်းပါးကိုရေးခဲ့ပါသည် ။ )

ကိုညီညီ  ( တောင်ကြီး )

“ ဒီမိုကရေစီနိုင်ငံရေး စာပေဟောပြောပွဲ နှင့် စာရေးဆရာ ” စာမူကို ၂ဝ၁၄ ၊ မတ်လ ( ၇ ) ရက်ထုတ် Hot News Weekly ဂျာနယ် အတွဲအမှတ် ( ၄ ) ၊ အမှတ် ( ၁၈၂ ) ၊ စာမျက်နှာ ( ၃ဝ ) တွင်ဖော်ပြပါရှိသည် ။ Download Link: http://www.mediafire.com/download/jvkbshm489ei49t/182.pdf အနီဖြင့်ဖော်ပြထားသောစာလုံးများမပါဝင်လာသည်ကိုသတိထားမိပါသည် ။ 

No comments: