ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Monday, March 24, 2014

ဂျာနယ်လစ်ဇင်ဘာသာရပ်ကို အမေရိကားကောလိပ်မှာတက်မယ်ဆိုရင်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )



ရန်ကုန်မြို့မှာ သတင်းထောက်သင်တန်း နဲ့ ဂျာနယ်လစ်သင်တန်းတွေဖွင့်သင်ကြားပေးနေတာကြားသိရလို့ ဝမ်းမြောက်မိပါတယ် ၊ မိမိကိုယ်တိုင်မတက်ရောက်နိုင်သော်ငြားလည်း မျိုးဆက်သစ်လူငယ်တွေအတွက် အရမ်းအားရပါတယ် ၊ ပိုမိုပြည့်စုံသွားအောင် အမေရိကားကသင်ပေးတဲ့ Journalism AA Degree အကြောင်းတင်ပြအားဖြည့်ပေးလိုပါတယ် ။


      မီဒီယာဘာသာရပ်ကို ကောလိပ်မှာသင်ယူဖို့ ယူနစ်နဲ့တွက်ချက်သင်ယူရမှာဖြစ်ပြီး စုစုပေါင်း မေဂျာအုပ်စု ( ၂၂ ) စု ရှိပါတယ် ၊ အထူးပြုဘယ်လိုင်းကိုသွားမလဲပေါ်မူတည်ပြီး ယူနစ်ယူတဲ့ပုံစံကွာပါတယ် ၊ အမေရိကန်ပညာရေးလောကမှာ ဂျာနယ်လစ်ဘာသာရပ်ကို “ အရင်းအမြစ်ကျယ်ပြန့်စွာဆက်ဆံရေး-MASS COMMUNICATION “ အုပ်စုအောက်မှာထားရှိတယ် ၊ ဆိုလိုတာက MC မေဂျာယူတဲ့အခါ ဂျာနယ်လစ်ဇင် ယူနစ်တွေကိုပါသင်ရပါပေမယ့် ဂျာနယ်လစ်ဇင်မေဂျာယူရင် MC ဘာသာရပ်ယူစရာမလိုပါ ၊ သတ်မှတ်ထားတဲ့ ယူနစ်တွေပြည့်မှီရင်တော့ ( ၂ ) မျိုးစလုံး AA-ASSOIATE IN ART ဒီဂရီပေးတာချင်းအတူတူပါဘဲ ၊ အခုဒီကဏ္ဍမှာပြောမယ့် ကနဦး ဂျာနယ်လစ်တစ်ယောက်ရဲ့ AA ဒီဂရီ ရဖို့ အထူးသတ်မှတ်ထားတဲ့မေဂျာ ( ၈ ) မျိုးသင်ပြီး ( ၂၂ ) ယူနစ်ပြည့်နေရပါမယ် ၊ ဒီယူနစ်တွေနဲ့ အခြေခံလိုအပ်ဘာသာရပ်များ-BASIC REQUIREMENTS ( သို့ ) GENERAL EDUCATION COURSES ( ၃၈ ) ယူနစ်နဲ့ပေါင်းပြီး အားလုံး ( ၆ဝ ) ပြည့်ရင် အဆိုပါကောလိပ်က AA ဒီဂရီ ဘွဲ့လက်မှတ်ချီးမြှင့်ပါတယ် ၊ တက္ကသိုလ်မှာထပ်သင်ပြီး BA-BACHELOR OF ARTS  ဘွဲ့ထပ်ယူခွင့်ရှိပါတယ် ၊ တက္ကသိုလ်ဆိုရင်တော့ ကောလိပ်လိုမဟုတ်တော့ပါဘူး ၊ ကျူရှင်ကြေး က အရမ်းဈေးကြီးတာ ။





           MC Degree- MASS COMMUNICATION ( တနည်းအားဖြင့် )  ဘက်စုံမီဒီယာ AA ဒီကရီ ယူမယ်ဆိုရင် လိုင်းပိုစုံ ယူနစ်ပိုများ စာပိုခက်ပါတယ် ၊ သတင်းရေး ၊ သတင်းကောက် ၊ သတင်းစုံစမ်း - ပြန်ရေး ၊ မဂ္ဂဇင်းစာရေးနည်း ၊ ဂျာနယ်စာရေးနည်း ၊ ကြော်ငြာရောင်းနည်း ၊ ခေါင်းဆောင်မှုအယ်ဒီတာပညာ ၊ အပတ်စဉ်သတင်းဓါတ်ပုံဖော်ပြသုံးစွဲတတ်ရေး ၊ သတင်းစီမံခန့်ခွဲမှု ၊ အသံလွှင့်မိတ်ဆက် ၊ ရေဒီယိုအသံလွှင့်သင်တန်း ၊ တီဗွီသင်တန်း ၊ တယ်လီဗေးရှင်းစတူဒီယိုနည်းပညာမိတ်ဆက် ၊ အဆင့်မြင့်တယ်လီဗေးရှင်းစတူဒီယိုနည်းပညာ ၊ ရေဒီယိုစတူဒီယိုနည်းပညာ ၊ အသံလွှင့်သတင်းပြင်ဆင်ခြင်း ၊ အထူးရေဒီယိုပရောဂျက် ၊ အထူးတယ်လီဗေးရှင်းပရောဂျက် ၊ ရေဒီယိုကဇာတ်ရုံပညာ ၊ အသံလွှင့်အတွေ့အကြုံပညာ ၊ ဓါတ်ပုံဂျာနယ်လစ်ဇင်နိဒါန်း ၊ အားကစားသတင်းထုတ်လွှင့်ခြင်း ၊ အသံလွှင့်ရုံလုပ်ငန်းလည်ပတ်ခြင်း ၊ သတင်းစာထုတ်လုပ်ခြင်း ၊ ရေဒီယို / တယ်လီဗေးရှင်းထုတ်လုပ်ခြင်း ဆိုပြီး သင်ရမှာ အများကြီးမှ တစ်ကယ့်ကို အများကြီးပါ ။


          ဒေသဆိုင်ရာပေါင်းကူးကောလိပ်-Community College ရဲ့ ကျောင်းကက်သလောဒ် မှာ “ အောက်မှာဖော်ပြထားတဲ့ စာသင်ယူနစ်တွေပြီးမြောက်တဲ့ ကျောင်းသူ ကျောင်းသားများဟာ ဒီယူနစ် ( ၆ဝ ) ကို သယ်ဆောင်ပြီး တက္ကသိုလ်ကို ကူးပြောင်းတက်ရောက်နိုင်ပါတယ် ၊ အလုပ်ခွင်ကို ဒါရိုက်ဝင်ရောက်နိုင်ပါတယ် ၊ အီလက်ထရောနစ်သတင်းစီမံခန့်ခွဲမှုနယ်ပယ်မှာ အလုပ်ခွင်အသစ်တွေ အများကြီးဖန်တည်းထားပါတယ် ၊ သတင်း / စာနယ်ဇင်း / လူမှုဆက်ဆံရေးနှင့် သတင်းမီဒီယာကဏ္ဍရဲ့ လစ်ဟာနေတဲ့ကွက်လပ်ကိုဖြည့်ထားခြင်းဖြစ်တယ် ၊ ဒီပရိုဂရမ်ကိုတက်ခြင်းအားဖြင့် စာတွေ့ / လက်တွေ့ အပြင် စုစည်းခြင်းအတတ်ပညာ ၊ စည်းရုံးခြင်းအတတ်ပညာ နဲ့ မှန်ကန်သောသတင်းထုတ်ပြန်ရေးအတတ်ပညာများကို ဆည်းပူးရရှိမှာဖြစ်ပါတယ် ” လို့ အာမခံထားပါတယ် ၊ ကဲ - မြန်မာနိုင်ငံက မီဒီယာသမားတစ်ယောက် အမေရိကားမှာ ဂျာနယ်လစ်ဇင် AA ဘွဲ့လိုချင်တယ်ဆိုပါတော့ ၊ ဘယ်လိုပြင်ဆင်သင့်ပါသလဲ ။




            စောစောတုန်းကပြောခဲ့တဲ့ ( ၂၂ ) ယူနစ်ကို ( ၈ ) မျိုးယူရတဲ့ထဲမှာ မိမိကိုယ်ကိုကြိုတင်ပြင်ဆင်လို့ရတာ ( ၃ ) မျိုးပါတယ် ၊ တစ်ခုတည်းသောမေဂျာဖြစ်တဲ့ အဆင့်မြင့်အင်္ဂလိပ်စာက ဒိတ်ဒိတ်ကျဲဖြစ်နေရပါမယ် ၊ ကျောင်းအမျိုးအစားပေါ်မူတည်ပြီး အခေါ်အဝေါ်ကွဲပေမယ့် ဘာသာရပ်အဆင့်အတန်းအရ  ENGLISH 7  ( English for CRITICAL THINKING And WRITING ACROSS DISCIPLINES  ) ကို “ အဆင့်မြင့်စွာဝေဖန်စဉ်းစားနိုင်ပြီး စည်းကမ်းဝိနည်းဘောင်အတွင်းရေးသားတတ်မှု ” လို့ဘာသာပြန်ကြည့်လိုက်ပါတယ် ၊ အဲဒီအင်္ဂလိပ်စာ ကိုယ့်မှာရှိရပါမယ် ။


 ဓါတ်ပုံပညာ ( ၂ ) မျိုးဖြစ်တဲ့ အခြေခံဓါတ်ပုံပညာ ( အဖြူအမဲ / ကာလာ / ဓါတ်ပုံ ရိုက်-ဆေး-ကူး ) နဲ့ ပုံဆွဲနှင့်ကွန်ပျူတာဂရပ်ဖစ်ဓါတ်ပုံနည်းပညာ တွေကိုကတော့ မြန်မာပြည်သားတွေ ပြည်တွင်းဂျာနယ်လောကမှာ တတ်ခဲ့ရင်ပိုကောင်းပါတယ် ၊ သင်ပုံသင်နည်းကိုစိမ်းနေတော့ အင်္ဂလိပ်အခေါ်အဝေါ်တွေနဲ့ နပန်းလုံးရမှာတော့အသေအချာပါဘဲ ၊ တစ်ခုပြောဖို့ရှိတာက ဓါတ်ပုံမေဂျာတက်ရင် ကင်မရာတစ်လုံးမရှိမနေရဆိုတော့ Canon EOS Rebel T3 လောက်ဆို ဒေါ်လာ ( ၅ဝဝ ) လောက်သုံးရပါမယ် ၊ သိပ်ချေးမများရင်တော့ သုံးပြီးသား လက်တင်သုံးအသင့်တင့်ဆို ( ၃၇ဝ ) လောက်နဲ့တင်ရပါပြီ ၊ မြန်မာပြည်မှာ ကိုယ်သုံးနေကျ မှန်ဘီလူးချိန်လို့ရတဲ့ DSLR ကင်မရာပါလာရင် ပိုအဆင်ပြေပါတယ် ၊ ငွေအပိုမကုန်တော့ဘူးပေါ့ ၊ နောက်ထပ်မေဂျာတစ်ခုက ဆောင်းပါးရဲ့ထိပ်ဆုံးမှာပြောပြခဲ့တဲ့ မီဒီယာဘာသာရပ်ကို အခြေခံကသင်တဲ့ မိတ်ဆက်-INTRODUCTION ဖြစ်နေလို့ ထပ်ပြီးအထူးရှင်းပြမနေတော့ပါ ။




ကျန်တဲ့အဓိကမေဂျာ ( ၄ ) ခုကို အင်္ဂလိပ်လိုအတိအကျခေါင်းစဉ်ခွဲပြီး အသေးစိတ်ရှင်းပြပါမယ် ။ 

- Journalism: Newswriting and Information Gathering ( သတင်းရေးသားခြင်းနှင့်အချက်အလက်စုဆောင်းခြင်း )

          တိကျအခြေခိုင်တဲ့သတင်းအရင်းအမြစ်တစ်ခုကိုအခြေခံကစ သတင်းပို့ခြင်း ၊ ရေးသားခြင်း ၊ စုဆောင်းခြင်း ၊ စုစည်းခြင်း ၊ ပြန်ရေးခြင်း တွေကို မှန်ကန်တဲ့စာစီ Format သုံးပြီး အဆင့်အတန်းရှိရှိ ပုံနှိပ်မီဒီယာ နဲ့ အွန်လိုင်းမီဒီယာပေါ်တင်နိုင်ရေးကိုသင်ပေးတယ် ၊ ပြိုင်ဘက်ကင်းတဲ့ဂျာနယ်သမားတစ်ယောက်ဖြစ်အောင် ဝေဖန်ဆန်းစစ်တတ်စေမယ် ၊ ရိုးရာလူမှုတန်ဖိုးများကိုသုံးစွဲကာ သုတေသနအခြေတည်တဲ့ သတင်း နဲ့ သတင်းဆောာင်းပါးများကိုရေးနိုင်မယ် ၊ မူလတွေ့ရှိချက်များ ( ကာယကံရှင်များ ) ကိုသာသုံးပြီး လူတွေ့မေးမြန်း ( အင်တာဗျူး ) နိုင်မယ် ၊ ဒါတွေတတ်မြောက်အောင်မြင်ဖို့ ENGLISH 1A ကို မဖြစ်မနေတတ်မြောက်ထားရပါမယ် ။


၂ - Journalism: Magazine and Newspaper Feature Writing ( မဂ္ဂဇင်း နှင့် သတင်းစာ အထူးသတင်းရေးနည်း )

          အနှောင်အချုပ်မဲ့ သတင်းရေးနိုင်မယ် ၊ ထိုသတင်းကို ထုတ်ပြန်နိုင်မယ် ၊ ထိုသတင်းကို သတင်းစာ / ဂျာနယ် / မဂ္ဂဇင်း နဲ့ အင်တာနက်စာမျက်နှာပေါ်မှာ အချိန်နဲ့ အချိန်မီ တစ်ပြေးညီဖော်ပြနိုင်မယ် ၊ ဆောင်းပါးရှည် နဲ့ အထူးသတင်းဖော်ပြချက်တွေကို အနှစ်သာရရှိရှိ ရေးသားနိုင်မယ် ၊ စာပေထုတ်ဝေမှုများကို ကျွမ်းကျင်စွာပြုလုပ်နိုင်အောင် လေ့ကျင့်ပေးပါမယ် ၊ အမျိုးမျိုးသော ဈေးကွက်ရေးသားနည်းများကို အသုံးပြုပြီး သတင်းအိုင်ဒီယာများကို ပြန်စီစဉ်တတ်မယ် ၊ ပရော်ဖက်ရှင်နယ်ဆန်ဆန်ရေးသားနိုင်ပြီး အမေးအဖြေ နဲ့ ပေးစာကဏ္ဍများကိုချဲ့ထွင်ကာ မိမိရဲ့ထုတ်ဝေခြင်းဈေးကွက်ပိုင်ဆိုင်မှုကို ပိုင်ပိုင်နိုင်နိုင်တိုးချဲ့နိုင်ပါမယ်  ။


၃ - Journalism: Writing  & Photo Publication ( သတင်းရေးသားခြင်း နှင့် ဓါတ်ပုံထည့်သွင်းသုံးစွဲဖြန့်ချိခြင်း )

          ဂျာနယ်ဗေဒ ကို အကျယ်တဝင့်ပြန်သင်ပေးမယ် ၊ ဓါတ်ပုံဗေဒ နဲ့ ဂျာနယ်ပညာဆက်စပ်ဖော်ပြပုံကို အကျယ်ချဲ့သင်မယ် ၊ ဂျာနယ်မှာပါဝင်တဲ့ အခန်းအမျိုအစားတိုးချဲ့ဖို့ နည်းလမ်းပေးသင်ကြားမယ် ၊ ဒါတွေအားလုံးပြည့်စုံပြီးရင် ကောလိပ်ကျောင်းအတွက် “ ကောလိပ်အပတ်စဉ်သတင်းစာ “ ကို ပရောဂျက်အနေနဲ့ လက်တွေ့ သတင်းယူ / ရေးသား / စာစီ / ပြင်ဆင် / ပုံထည့် / ကြော်ငြာကောက် / ပုံနှိပ်     / ထုတ်ဝေ / ဖြန့်ဝေ ခြင်းတွေအားလုံးကို အဆင်ပြေပြေဆောင်ရွက်နိုင်ပါမယ် ။


၎ - Journalism: Publications & Editorial ( ထုတ်လုပ်ခြင်း နှင့် အယ်ဒီတာသင်တန်း )

          ပုံကပြောသောစကားများသုံးစွဲတတ်မယ် ၊ ဂျာနယ်ဗေဒ ၊ ဓါတ်ပုံဗေဒ နဲ့ စာတည်းလုပ်ငန်းများချိတ်ဆက်ပြီး သတင်းစာ နဲ့ ဂျာနယ် ထုတ်ဝေနိုင်မယ် ၊ ရေးသားပုံ ရေးသားနည်း အဆင့်ဆင့် ၊ တည်းဖြတ်ပုံ နည်းအသွယ်သွယ် ၊ သတင်းစီမံခန့်ခွဲခြင်း ၊  စီးပွားရေးကွပ်ကဲအုပ်ချုပ်ခြင်း ၊ ဂရပ်ဖစ်ဒီဇိုင်းအနုပညာ ၊ ခေါင်းဆောင်မှုပညာ ၊ တည်းဖြတ်မှုကိုယ်စွမ်းကိုယ်စတိုးတက်ခြင်း ၊ ဝန်ထမ်းအုပ်ချုပ်ခြင်း နဲ့ အစီအစဉ်တကျ မှန်ကန်မြန်ဆန်ဖြန့်ဝေနိုင်ရေးတို့ကို အထူးသင်ကြားပေးပါမယ် ။

           ဒါတွေကို  ပြည်တွင်းမြန်မာမီဒီယာသမားများ ဖြည့်စွက်လေ့လာပြီး ပြည်သူလူထုအားကိုးလောက်သော စတုတ္ထမဏ္ဍိုင်ကို သတ္တိရှိရှိ အခြေတကျ နိုင်ငံကြီးသားပီပီ မြှင့်တင်ကြပါစို့ ။


koko2yeye@gmail.com

       



No comments: