ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, February 15, 2016

ပညာယူဖို႕ လူငယ္႕ထံကနားေထာင္စုိ႕

ေဆာင္းပါးရွင္ - ကိုညီညီ ( ေတာင္ၾကီး )
.
.
“ ပထမကမၻာစစ္ၾကီးျပီးတဲ႕အခါ ႏုိင္ငံေတြက စစ္ျဖစ္မယ္႕အေရးကိုၾကိဳေတြးျပီး ျငိမ္းခ်မ္းစြာေျဖရွင္းႏုိင္ေအာင္ ႏိုင္ငံေပါင္းခ်ဳပ္အသင္းၾကီး - League of Nations  ကုိ ဖြဲ႕ခဲ႕တယ္။ ဒီအဖြဲ႕ျဖစ္တည္ျပီးမၾကာခင္ ဂ်ပန္က တရုတ္ျပည္ကိုက်ဴးေက်ာ္ပါေတာ႕တယ္ ”
.
“ ႏိုင္ငံေတြစုထားျပီး ဝုိင္းဆံုးျဖတ္ေပမယ္႕ ဒီအသင္းၾကီးက ၾသဇာအာဏာမရွိခဲ႕ဘူး။ ဒါေၾကာင္႕ ဂ်ပန္ရဲ႕ကုိလုိနီခ်ဲ႕မႈကိုမရပ္ရင္ အဖြဲ႕ကေနထုတ္ပစ္မယ္ လို႕ အၾကပ္ကိုင္ခဲ႕တယ္။ ဂ်ပန္ကလည္း ဆာေလာင္သူကိုလိုနီႏုိင္ငံျဖစ္ရံုမက စစ္ေသြးၾကြဖက္ဆစ္စိတ္ဓါတ္ရွိတဲ႕အခါ ဆက္တုိက္မယ္ .. တစ္ဆက္တည္း အဖြဲ႕ထဲကထြက္မယ္ .. ဆိုျပီး ျဖစ္လာတယ္ ”
.
“ ဒီကေန ႏုိင္ငံေပါင္းခ်ဳပ္အသင္းၾကီးကေန ဂ်ပန္ထြက္သြားျပီးတဲ႕ေနာက္ တရုတ္ျပည္ကုိေအာင္ျမင္စြာသိမ္းယူတယ္။ အခုလို ၾသဇာအာဏာမရွိတဲ႕ ႏုိင္ငံစုေပါင္းအသင္းၾကီးကေန သင္ခန္းစာယူႏိုင္ခဲ႕လို႕ ကမၻာ႕ကုလသမဂၢ - United Nations ဆိုတာကို စစ္ႏိုင္တဲ႕ႏုိင္ငံေတြဦးေဆာင္ျပီး ဖြဲ႕ႏုိင္ခဲ႕ၾကတယ္။ ဒါဟာ သမိုင္းကေပးတဲ႕အမွားဒဏ္ခ်က္ေတြကို ေကာင္းမြန္စြာျပဳျပင္ႏိုင္ခဲ႕ၾကလို႕ပါပဲ ”
.
.
သူစကားေျပာတာ မဆံုးခင္ေလးမွာ တစ္ဖက္စားပြဲခံုမွာစားေနတဲ႕ ဦးေလးတစ္ေယာက္က ထျပီးေမးတယ္ “ မင္း အသက္ဘယ္ေလာက္ရွိျပီလဲ ” တဲ႕..။
.
“ ( ၁၅ ) ႏွစ္ ” သူက ျပန္ေျဖတယ္။
.
အဲဒီဦးေလးဟာ ( ၁၅ ) ႏွစ္ေကာင္ေလးက ေဘးခံုမွာခ်ထားတဲ႕ လက္ကိုင္ဖုန္းကိုခြင္႕ျပဳခ်က္မေတာင္းပဲလွမ္းေကာက္လုိက္ရင္း
“ အခုေခတ္လူငယ္ေတြဟာ ဆဲလ္ဖုန္းေပၚမွာပဲ အခ်ိန္ကုန္ၾကတယ္။ သူ႕လို သမိုင္းအေၾကာင္းကိုေဆြးေႏြးၾကဖို႕စိတ္မပါၾကဘူး။ သား .. ဒါေတြကုိ ဘယ္ကေနသင္ခဲ႕တာလဲ? ”

.
“ သား .. ေက်ာင္းက သင္တာပါ။ အရင္ႏွစ္တုန္းက အဆင္႕ျမင္႕သမုိင္းအတန္း - AP World History Class ယူခဲ႕တယ္။ အခု ဒီႏွစ္မွာေတာ႕ အေမရိကန္သမုိင္း - U.S History ယူထားပါတယ္ ” လို႕ ( ၁၅ ) ႏွစ္သားက ျပန္ေျဖတယ္။
.
“ အဲဒါေျပာတာေပါ႕။ လူငယ္ခ်င္းတူေပမယ္႕ အေတြးအေခၚခ်င္းကြာတယ္ဆုိတာ ..။ သားက ေရွ႕ေနလုပ္ရင္လုပ္ .. မဟုတ္ရင္ ႏုိင္ငံေရးသမားလုပ္ဖို႕ေကာင္းတယ္ ”
.
.
“ ဒီလိုသင္ယူတဲ႕သူဟာ ျမန္ျမန္ရင္႕က်က္မယ္။ အမွားနည္းမယ္။ ဒါမွ ႏိုင္ငံအေရးကိုေတြးေခၚတတ္တဲ႕ လူေတာ္လူေကာင္းေတြျဖစ္ၾကမွာေပါ႕။ ခင္မ်ားတို႕သားအတြက္ ဂုဏ္ယူတယ္ဗ်ာ ” လို႕ အဲဒီဦးေလးက ဆက္ေျပာပါတယ္။
.
အဲဒီဦးေလးဟာ ေက်နပ္စြာႏႈတ္ဆက္ရင္း လက္ထဲမွာ အိမ္အတြက္ပါဆယ္ထုတ္ေလးကိုဆြဲ၊ ေနာက္လက္တစ္ဖက္က သူ႕ဇနီးလက္ကိုတြဲရင္း ထုိင္းစားေသာက္ဆုိင္ကေန ထြက္ခြာသြားပါေတာ႕တယ္။
.
.
ၾကံဳခဲ႕ရတဲ႕ ဒီအေၾကာင္းေလးက ခ်စ္သူမ်ားေန႕ - Valentine's Day က ထုိင္းစားေသာက္ဆိုင္ကုိ ကြ်န္ေတာ္တုိ႕ဇနီးေမာင္ႏွံႏွစ္ေယာက္တည္း စံုတြဲမခုတ္ပဲ “ စြမ္း ” ကို အပါေခၚလာျပီး မိသားစုစားေသာက္ၾကတုန္းက ျဖစ္ပ်က္ခဲ႕တာပါ။ ေဘးခံုမွာ ကြ်န္ေတာ႕ထက္အသက္နည္းနည္းၾကီးတယ္လို႕ယူဆရတဲ႕ ဇနီးေမာင္ႏွံကလည္း ၾကိဳေရာက္ျပီး စားေသာက္ေနပါတယ္။
.
ကြ်န္ေတာ္တုိ႕မိသားစုဟာ Facebook User တို႕၏ရွိသင္႕ေသာဝိနည္းမ်ားအတိုင္း ဖုန္းနဲ႕အစားအေသာက္ပံု ရုိက္လိုက္၊ တစ္ေယာက္ပန္းကန္ထဲကတစ္ေယာက္ နည္းနည္းႏိႈက္စားလုိက္၊ ခ်စ္ခင္ၾကင္နာစြာ စကားေျပာလုိက္ လုပ္ေနရင္း ကြ်န္ေတာ္က ခါးပါတ္အိပ္ထဲကလက္ကိုင္ဖုန္းကို ထုတ္ကိုင္ဟန္ျပင္လိုက္တဲ႕အခါ
.
“ အစားစားေနတုန္း ဖုန္းမသံုးရ ” လို႕ အမိန္႕သံ ထြက္လာပါတယ္ .. “ စြမ္း ” က ေျပာတာပါ။
.
ဒါကို ေဘးကလူၾကီးကၾကားသြားျပီး ေနာက္ပိုင္းေတာက္ေလွ်ာက္ “ စြမ္း ” ေျပာသမွ်ကို နားစြင္႕ေနပါတယ္။  “ စြမ္း ” ကလည္း ဒီေန႕မွ စကားေျပာရတာ အာသြက္ေနပံုရပါတယ္။ တစ္ဆက္တည္းမွာ ကြ်န္ေတာ္နဲ႕အဂၤလိပ္လိုေျပာရင္း ကမၻာ႕သမိုင္းအေၾကာင္းေရာက္သြားတုန္းက သူ႕စကားအခ်ိဳ႕ကို ေဆာင္းပါးထိပ္ပိုင္းမွာ ေရးျပထားပါတယ္။
.
.
အေဖလုပ္တဲ႕ကြ်န္ေတာ္ကလည္း သင္ရမယ္ဆုိရင္ လူၾကီးလူငယ္မေရြးတဲ႕သူပါ။ “ စြမ္း ” သူ႕ဘာသာသူေက်ာင္းကသင္လာတာမကလို႕ အင္တာနက္ကဖတ္တာေရာ၊ ဖတ္စာအုပ္ထဲကေရာ၊ အိမ္စာထဲကေရာ၊ အတန္းထဲမွာေဆြးေႏြးသမ်ွကို ကုိယ္သိထားတဲ႕ဗဟုသုတနဲ႕ယွဥ္ျပီး Update လုပ္ဖို႕ရာ သူေျပာတုိင္း နားေထာင္ျဖစ္ပါတယ္။ ဒါေၾကာင္႕ပဲ “ စြမ္း ” ဟာ ေျပာရင္းေျပာရင္း အရွိန္ရလာျပီး ကြ်န္ေတာ္တုိ႕ရဲ႕စကားဝုိင္းက ေဘးခံုကဦးေလးရဲ႕အာရံုကို ဖမ္းစားမိသြားဟန္တူပါတယ္။
.
ဒီအခါမွာ အဲဒီဦးေလးဟာ အစားစားရာကေန စိတ္မေျဖာင္႕ပဲ ကမၻာ႕သမိုင္းအေၾကာင္း အားရပါးရ ဋီကာခ်ဲ႕ေျပာေနတဲ႕ “ စြမ္း ” နဲ႕ ကြ်န္ေတာ္တို႕သားအဖကို မၾကာခဏလွည္႕လွည္႔ၾကည္႕ေနတာ ကြ်န္ေတာ႕မ်က္လံုးေထာင္႕ကေန သတိထားမိျပီးသားပါ။
.
.
ဒါေပမယ္႕ အခုလုိ ထႏႈတ္ဆက္ျပီး ကေလးကိုခ်ီးက်ဴးစကားဆုိရံုမက အေမရိကန္ႏုိင္ငံမွာ အခ်ိန္ကို ဒီလိုအက်ိဳးရွိရွိအသံုးခ်တတ္တဲ႕လူငယ္ေက်ာင္းသားေလးေတြရွိသင္႕တယ္ဆိုတဲ႕အေၾကာင္း ကြ်န္ေတာ္တုိ႕သားအဖကို လာေရာက္သင္ၾကားေပးတာနဲ႕အတူတူပါပဲ။
.
ဒီႏို္င္ငံမွာ သားသမီး နဲ႕ မိဘ အေျခအတင္ကိစၥမ်ိဳးဆိုတာ မရွိမဟုတ္ အျမဲရွိပါတယ္။ လြတ္လပ္မႈကိုအေျခခံတဲ႕ေဆြးေႏြးမႈဟာ မိသားစုတိုင္းမွာ အစဥ္ကိန္းေအာင္းေနတတ္တာမ်ိဳးမဟုတ္ပါဘူး။ ဒီလိုပဲ မိဘစကားကို သားသမီးကအျမဲနားမေထာင္သလို ပုိဆိုးတာက သားသမီးေတြရဲ႕စကား၊ သားသမီးေတြရဲ႕ခံစားခ်က္ကို မိဘက လံုးဝနားမေထာင္ေပးတာပါ။
.
.
အထူးသျဖင္႕ မအားၾကတာက အဓိကအေၾကာင္းရင္းျဖစ္ပါလိမ္႕မယ္။ ဒီေတာ႕ မ်ိဳးဆက္ ( ၂ ) ခုၾကားမွာ ေပါင္းကူးျခင္းဆုိတဲ႕နားလည္မႈက ကြာဟသထက္ကြာဟကာ ပတ္ၾကားအက္လာျပီး သားသမီးလုပ္တာ မိဘမသိ၊ မိဘရဲ႕ဘဝအခက္အခဲေတြကို သားသမီးကလ်စ္လ်ဴရႈထားၾကတဲ႕အျပင္ ဂေဟဆက္မရတဲ႕ အေျခပ်က္ဘဝေတြအျဖစ္ စခန္းသြားေနၾကတာ မ်ားပါတယ္။
.
ဒါကို ( ခံစားေနရသူလည္းျဖစ္ႏုိင္ပါတယ္ ) သိနားလည္တဲ႕ လူၾကီးတစ္ဦးအေနနဲ႕ အခုလို ( သားသမီးမပါ ) လူၾကီးႏွစ္ဦးတည္း စားေသာက္ဆိုင္လာတဲ႕အခါ အသြင္အမ်ိဳးမ်ိဳးရွိႏုိင္တဲ႕ သူတို႕ရဲ႕သားသမီးသာ ဒီလိုမ်ိဳး သူတုိ႕နဲ႕ျပန္ေဆြးေႏြးရင္ ဘယ္ေလာက္ေကာင္းလိမ္႕မလဲ လို႕ အေတြးနယ္ခ်ဲ႕ေနမွာ ေသခ်ာပါတယ္။
.
ဒါေၾကာင္႕ သူတို႕ရဲ႕နားစြန္နားဖ်ားၾကားရတဲ႕ “ စြမ္း ” ရဲ႕ ေက်ာင္းစာေဆြးေႏြးမႈဟာ သူတုိ႕ရဲ႕အတိတ္ နဲ႕  ပစၥဳပၸန္လက္ရွိ ရင္ႏွစ္သည္းခ်ာသားသမီးတို႕ရဲ႕ဘဝထဲကို အျမန္ဆံုးပုိ႕ေဆာင္ေပးလိုက္တဲ႕အခါ လူငယ္တစ္ေယာက္ကုိ ႏႈတ္ဖ်ားကေန ခ်ီးက်ဳးစကားေျပာရေလာက္ေအာင္ ခံစားသြားရပါတယ္။
.
.
ဒီ “ ခ်စ္သူမ်ားေန႕ညေနခင္းထမင္းစားဝိုင္းပံုရိပ္ ” ကေန ကြ်န္ေတာ္တုိ႕ဘာေတြသင္ယူရရွိခဲ႕ပါသလဲ? လူငယ္ေတြဟာ စူးစမ္းခ်င္စိတ္ရွိၾကတယ္။ ဒါကို ေျမေတာင္ေျမွာက္ေပးဖို႕လိုတယ္။ အေရးအၾကီးဆံုးက သူတို႕လုပ္ခ်င္တာ၊ ေျပာခ်င္တာကုိ အခ်ိန္ေပးနားေထာင္ေပးဖို႕ လုိတယ္။ လမ္းေၾကာင္းမွန္ေရြးခ်ယ္ႏိုင္ျခင္းကိစၥရပ္ေတြဟာ သူတုိ႕ရဲ႕လြတ္လပ္စြာေျပာဆိုႏုိင္ျခင္းေပၚမွာ တြဲေလာင္းခုိေနတယ္။ ဒါကို ကြ်န္ေတာ္တို႕မိဘေတြ တည္႕မတ္ေပးရပါမယ္။
.
.
ဒီေလာက္တင္ပဲလား? လူၾကီးေတြကေရာ မျပဳျပင္သင္႕ဘူးလား ?
.
.
မိဘျဖစ္လို႕ ေငြရွာျခင္းအမႈကိုျဖည္႕ဆည္းေပးရံုနဲ႕ သားသမီးအေရးျပည္႕စံုတယ္လို႕ အထင္ရွိေနလို႕ မရပါဘူး။ သားသမီးကုိ အျမဲၾကည္႕ေနရပါမယ္။ ေက်ာင္းလိုက္ပို႕ရံု၊ ေက်ာင္းၾကိဳရံု၊ ထမင္းလိုက္ေကြ်းရံု နဲ႕ မလံုေလာက္ပါဘူး။ တစ္ရက္တစ္ရက္ ေက်ာင္းမွာ မိမိသားသမီးဘာျဖစ္ေနသလဲ .. အလုပ္လုပ္တဲ႕အရြယ္ဆုိ အလုပ္ခြင္မွာဘာျဖစ္ေနသလဲ .. ေကာင္းတဲ႕အေပါင္းအသင္းနဲ႕ေပါင္းေနသလား၊ မေကာင္းတဲ႕သူက သားသမီးကုိျမဴဆြယ္ေနသလား .. စသျဖင္႕ မ်က္စိေဒါက္ေထာက္ -  Monitor လုပ္ေနရပါမယ္။
.
သားသမီးရဲ႕လုပ္ခ်င္ကိုင္ခ်င္စိတ္တိုးတက္ေစခ်င္ရင္ ပညာသင္ဆဲသားသမီးထံက သူတုိ႕စိတ္ဝင္စားတဲ႕ဘာသာရပ္အေၾကာင္း နားေထာင္ေပးလုိက္ပါ။  ဂိမ္းစြဲေနတဲ႕သားသမီးျဖစ္ေနရင္လည္း ဂိမ္းအေၾကာင္း နားေထာင္ေပးလိုက္ပါ။ အမ်ားၾကီးထဲကမွ အမွားတစ္ခုခုအေၾကာင္းကို ျပန္ေဆြးေႏြးၾကည္႕ပါ။ အေျဖရွာၾကပါ။ အဲဒီကမွတစ္ဆင္႕ မိဘေတြကိုယ္တုိင္တိုးတက္ခ်င္ရင္ေတာ႕ သားသမီးထံက သူတုိ႕တတ္ထားတဲ႕ပညာေတြကို ျပန္သင္ယူလိုက္ပါ။
.
.
ေရွးသုခမိန္ေတြက “ ပညာလုိ အုိတယ္မရွိ ” လို႕ဆိုထားရံုမက ဘယ္သူ႕နားကျဖစ္ျဖစ္ ယူတတ္ရင္ ပညာျဖစ္ပါတယ္။ ကြ်န္ေတာ္ကေတာ႕ ဒီလိုပဲ လက္ခံထားတယ္။ ကုိယ္႕သားသမီးတြက္၊ ကိုယ္႕မိသားစုအတြက္အခ်ိန္ေပးရတာ တစ္ကယ္တန္ပါတယ္။ သူတို႕စိတ္ထဲမွာဘာျဖစ္ေနတယ္ဆုိတာကိုသိခြင္႕ရတာက ပုိ၍ပုိ၍ တန္ဖိုးရွိပါတယ္။
.
ခင္လ်က္
.
02-15-2016
.
.
.
Myanmar Unicode Version:
.
.
“ ပညာယူဖို့ လူငယ့်ထံကနားထောင်စို့ ”
ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
“ ပထမကမ္ဘာစစ်ကြီးပြီးတဲ့အခါ နိုင်ငံတွေက စစ်ဖြစ်မယ့်အရေးကိုကြိုတွေးပြီး ငြိမ်းချမ်းစွာဖြေရှင်းနိုင်အောင် နိုင်ငံပေါင်းချုပ်အသင်းကြီး - League of Nations  ကို ဖွဲ့ခဲ့တယ်။ ဒီအဖွဲ့ဖြစ်တည်ပြီးမကြာခင် ဂျပန်က တရုတ်ပြည်ကိုကျူးကျော်ပါတော့တယ် ”
.
“ နိုင်ငံတွေစုထားပြီး ဝိုင်းဆုံးဖြတ်ပေမယ့် ဒီအသင်းကြီးက ဩဇာအာဏာမရှိခဲ့ဘူး။ ဒါကြောင့် ဂျပန်ရဲ့ကိုလိုနီချဲ့မှုကိုမရပ်ရင် အဖွဲ့ကနေထုတ်ပစ်မယ် လို့ အကြပ်ကိုင်ခဲ့တယ်။ ဂျပန်ကလည်း ဆာလောင်သူကိုလိုနီနိုင်ငံဖြစ်ရုံမက စစ်သွေးကြွဖက်ဆစ်စိတ်ဓါတ်ရှိတဲ့အခါ ဆက်တိုက်မယ် .. တစ်ဆက်တည်း အဖွဲ့ထဲကထွက်မယ် .. ဆိုပြီး ဖြစ်လာတယ် ”
.
“ ဒီကနေ နိုင်ငံပေါင်းချုပ်အသင်းကြီးကနေ ဂျပန်ထွက်သွားပြီးတဲ့နောက် တရုတ်ပြည်ကိုအောင်မြင်စွာသိမ်းယူတယ်။ အခုလို ဩဇာအာဏာမရှိတဲ့ နိုင်ငံစုပေါင်းအသင်းကြီးကနေ သင်ခန်းစာယူနိုင်ခဲ့လို့ ကမ္ဘာ့ကုလသမဂ္ဂ - United Nations ဆိုတာကို စစ်နိုင်တဲ့နိုင်ငံတွေဦးဆောင်ပြီး ဖွဲ့နိုင်ခဲ့ကြတယ်။ ဒါဟာ သမိုင်းကပေးတဲ့အမှားဒဏ်ချက်တွေကို ကောင်းမွန်စွာပြုပြင်နိုင်ခဲ့ကြလို့ပါပဲ ”
.
.
သူစကားပြောတာ မဆုံးခင်လေးမှာ တစ်ဖက်စားပွဲခုံမှာစားနေတဲ့ ဦးလေးတစ်ယောက်က ထပြီးမေးတယ် “ မင်း အသက်ဘယ်လောက်ရှိပြီလဲ ” တဲ့..။
.
“ ( ၁၅ ) နှစ် ” သူက ပြန်ဖြေတယ်။
.
အဲဒီဦးလေးဟာ ( ၁၅ ) နှစ်ကောင်လေးက ဘေးခုံမှာချထားတဲ့ လက်ကိုင်ဖုန်းကိုခွင့်ပြုချက်မတောင်းပဲလှမ်းကောက်လိုက်ရင်း
“ အခုခေတ်လူငယ်တွေဟာ ဆဲလ်ဖုန်းပေါ်မှာပဲ အချိန်ကုန်ကြတယ်။ သူ့လို သမိုင်းအကြောင်းကိုဆွေးနွေးကြဖို့စိတ်မပါကြဘူး။ သား .. ဒါတွေကို ဘယ်ကနေသင်ခဲ့တာလဲ? ”
.
“ သား .. ကျောင်းက သင်တာပါ။ အရင်နှစ်တုန်းက အဆင့်မြင့်သမိုင်းအတန်း - AP World History Class ယူခဲ့တယ်။ အခု ဒီနှစ်မှာတော့ အမေရိကန်သမိုင်း - U.S History ယူထားပါတယ် ” လို့ ( ၁၅ ) နှစ်သားက ပြန်ဖြေတယ်။
.
“ အဲဒါပြောတာပေါ့။ လူငယ်ချင်းတူပေမယ့် အတွေးအခေါ်ချင်းကွာတယ်ဆိုတာ ..။ သားက ရှေ့နေလုပ်ရင်လုပ် .. မဟုတ်ရင် နိုင်ငံရေးသမားလုပ်ဖို့ကောင်းတယ် ”
.
.
“ ဒီလိုသင်ယူတဲ့သူဟာ မြန်မြန်ရင့်ကျက်မယ်။ အမှားနည်းမယ်။ ဒါမှ နိုင်ငံအရေးကိုတွေးခေါ်တတ်တဲ့ လူတော်လူကောင်းတွေဖြစ်ကြမှာပေါ့။ ခင်များတို့သားအတွက် ဂုဏ်ယူတယ်ဗျာ ” လို့ အဲဒီဦးလေးက ဆက်ပြောပါတယ်။
.
အဲဒီဦးလေးဟာ ကျေနပ်စွာနှုတ်ဆက်ရင်း လက်ထဲမှာ အိမ်အတွက်ပါဆယ်ထုတ်လေးကိုဆွဲ၊ နောက်လက်တစ်ဖက်က သူ့ဇနီးလက်ကိုတွဲရင်း ထိုင်းစားသောက်ဆိုင်ကနေ ထွက်ခွာသွားပါတော့တယ်။
.
.
ကြုံခဲ့ရတဲ့ ဒီအကြောင်းလေးက ချစ်သူများနေ့ - Valentine's Day က ထိုင်းစားသောက်ဆိုင်ကို ကျွန်တော်တို့ဇနီးမောင်နှံနှစ်ယောက်တည်း စုံတွဲမခုတ်ပဲ “ စွမ်း ” ကို အပါခေါ်လာပြီး မိသားစုစားသောက်ကြတုန်းက ဖြစ်ပျက်ခဲ့တာပါ။ ဘေးခုံမှာ ကျွန်တော့ထက်အသက်နည်းနည်းကြီးတယ်လို့ယူဆရတဲ့ ဇနီးမောင်နှံကလည်း ကြိုရောက်ပြီး စားသောက်နေပါတယ်။
.
ကျွန်တော်တို့မိသားစုဟာ Facebook User တို့၏ရှိသင့်သောဝိနည်းများအတိုင်း ဖုန်းနဲ့အစားအသောက်ပုံ ရိုက်လိုက်၊ တစ်ယောက်ပန်းကန်ထဲကတစ်ယောက် နည်းနည်းနှိုက်စားလိုက်၊ ချစ်ခင်ကြင်နာစွာ စကားပြောလိုက် လုပ်နေရင်း ကျွန်တော်က ခါးပါတ်အိပ်ထဲကလက်ကိုင်ဖုန်းကို ထုတ်ကိုင်ဟန်ပြင်လိုက်တဲ့အခါ
.
“ အစားစားနေတုန်း ဖုန်းမသုံးရ ” လို့ အမိန့်သံ ထွက်လာပါတယ် .. “ စွမ်း ” က ပြောတာပါ။
.
ဒါကို ဘေးကလူကြီးကကြားသွားပြီး နောက်ပိုင်းတောက်လျှောက် “ စွမ်း ” ပြောသမျှကို နားစွင့်နေပါတယ်။  “ စွမ်း ” ကလည်း ဒီနေ့မှ စကားပြောရတာ အာသွက်နေပုံရပါတယ်။ တစ်ဆက်တည်းမှာ ကျွန်တော်နဲ့အင်္ဂလိပ်လိုပြောရင်း ကမ္ဘာ့သမိုင်းအကြောင်းရောက်သွားတုန်းက သူ့စကားအချို့ကို ဆောင်းပါးထိပ်ပိုင်းမှာ ရေးပြထားပါတယ်။
.
.
အဖေလုပ်တဲ့ကျွန်တော်ကလည်း သင်ရမယ်ဆိုရင် လူကြီးလူငယ်မရွေးတဲ့သူပါ။ “ စွမ်း ” သူ့ဘာသာသူကျောင်းကသင်လာတာမကလို့ အင်တာနက်ကဖတ်တာရော၊ ဖတ်စာအုပ်ထဲကရော၊ အိမ်စာထဲကရော၊ အတန်းထဲမှာဆွေးနွေးသမျှကို ကိုယ်သိထားတဲ့ဗဟုသုတနဲ့ယှဉ်ပြီး Update လုပ်ဖို့ရာ သူပြောတိုင်း နားထောင်ဖြစ်ပါတယ်။ ဒါကြောင့်ပဲ “ စွမ်း ” ဟာ ပြောရင်းပြောရင်း အရှိန်ရလာပြီး ကျွန်တော်တို့ရဲ့စကားဝိုင်းက ဘေးခုံကဦးလေးရဲ့အာရုံကို ဖမ်းစားမိသွားဟန်တူပါတယ်။
.
ဒီအခါမှာ အဲဒီဦးလေးဟာ အစားစားရာကနေ စိတ်မဖြောင့်ပဲ ကမ္ဘာ့သမိုင်းအကြောင်း အားရပါးရ ဋီကာချဲ့ပြောနေတဲ့ “ စွမ်း ” နဲ့ ကျွန်တော်တို့သားအဖကို မကြာခဏလှည့်လှည့်ကြည့်နေတာ ကျွန်တော့မျက်လုံးထောင့်ကနေ သတိထားမိပြီးသားပါ။
.
.
ဒါပေမယ့် အခုလို ထနှုတ်ဆက်ပြီး ကလေးကိုချီးကျူးစကားဆိုရုံမက အမေရိကန်နိုင်ငံမှာ အချိန်ကို ဒီလိုအကျိုးရှိရှိအသုံးချတတ်တဲ့လူငယ်ကျောင်းသားလေးတွေရှိသင့်တယ်ဆိုတဲ့အကြောင်း ကျွန်တော်တို့သားအဖကို လာရောက်သင်ကြားပေးတာနဲ့အတူတူပါပဲ။
.
ဒီန်ိုင်ငံမှာ သားသမီး နဲ့ မိဘ အခြေအတင်ကိစ္စမျိုးဆိုတာ မရှိမဟုတ် အမြဲရှိပါတယ်။ လွတ်လပ်မှုကိုအခြေခံတဲ့ဆွေးနွေးမှုဟာ မိသားစုတိုင်းမှာ အစဉ်ကိန်းအောင်းနေတတ်တာမျိုးမဟုတ်ပါဘူး။ ဒီလိုပဲ မိဘစကားကို သားသမီးကအမြဲနားမထောင်သလို ပိုဆိုးတာက သားသမီးတွေရဲ့စကား၊ သားသမီးတွေရဲ့ခံစားချက်ကို မိဘက လုံးဝနားမထောင်ပေးတာပါ။
.
.
အထူးသဖြင့် မအားကြတာက အဓိကအကြောင်းရင်းဖြစ်ပါလိမ့်မယ်။ ဒီတော့ မျိုးဆက် ( ၂ ) ခုကြားမှာ ပေါင်းကူးခြင်းဆိုတဲ့နားလည်မှုက ကွာဟသထက်ကွာဟကာ ပတ်ကြားအက်လာပြီး သားသမီးလုပ်တာ မိဘမသိ၊ မိဘရဲ့ဘဝအခက်အခဲတွေကို သားသမီးကလျစ်လျူရှုထားကြတဲ့အပြင် ဂဟေဆက်မရတဲ့ အခြေပျက်ဘဝတွေအဖြစ် စခန်းသွားနေကြတာ များပါတယ်။
.
ဒါကို ( ခံစားနေရသူလည်းဖြစ်နိုင်ပါတယ် ) သိနားလည်တဲ့ လူကြီးတစ်ဦးအနေနဲ့ အခုလို ( သားသမီးမပါ ) လူကြီးနှစ်ဦးတည်း စားသောက်ဆိုင်လာတဲ့အခါ အသွင်အမျိုးမျိုးရှိနိုင်တဲ့ သူတို့ရဲ့သားသမီးသာ ဒီလိုမျိုး သူတို့နဲ့ပြန်ဆွေးနွေးရင် ဘယ်လောက်ကောင်းလိမ့်မလဲ လို့ အတွေးနယ်ချဲ့နေမှာ သေချာပါတယ်။
.
ဒါကြောင့် သူတို့ရဲ့နားစွန်နားဖျားကြားရတဲ့ “ စွမ်း ” ရဲ့ ကျောင်းစာဆွေးနွေးမှုဟာ သူတို့ရဲ့အတိတ် နဲ့  ပစ္စုပ္ပန်လက်ရှိ ရင်နှစ်သည်းချာသားသမီးတို့ရဲ့ဘဝထဲကို အမြန်ဆုံးပို့ဆောင်ပေးလိုက်တဲ့အခါ လူငယ်တစ်ယောက်ကို နှုတ်ဖျားကနေ ချီးကျုးစကားပြောရလောက်အောင် ခံစားသွားရပါတယ်။
.
.
ဒီ “ ချစ်သူများနေ့ညနေခင်းထမင်းစားဝိုင်းပုံရိပ် ” ကနေ ကျွန်တော်တို့ဘာတွေသင်ယူရရှိခဲ့ပါသလဲ? လူငယ်တွေဟာ စူးစမ်းချင်စိတ်ရှိကြတယ်။ ဒါကို မြေတောင်မြှောက်ပေးဖို့လိုတယ်။ အရေးအကြီးဆုံးက သူတို့လုပ်ချင်တာ၊ ပြောချင်တာကို အချိန်ပေးနားထောင်ပေးဖို့ လိုတယ်။ လမ်းကြောင်းမှန်ရွေးချယ်နိုင်ခြင်းကိစ္စရပ်တွေဟာ သူတို့ရဲ့လွတ်လပ်စွာပြောဆိုနိုင်ခြင်းပေါ်မှာ တွဲလောင်းခိုနေတယ်။ ဒါကို ကျွန်တော်တို့မိဘတွေ တည့်မတ်ပေးရပါမယ်။
.
.
ဒီလောက်တင်ပဲလား? လူကြီးတွေကရော မပြုပြင်သင့်ဘူးလား ?
.
.
မိဘဖြစ်လို့ ငွေရှာခြင်းအမှုကိုဖြည့်ဆည်းပေးရုံနဲ့ သားသမီးအရေးပြည့်စုံတယ်လို့ အထင်ရှိနေလို့ မရပါဘူး။ သားသမီးကို အမြဲကြည့်နေရပါမယ်။ ကျောင်းလိုက်ပို့ရုံ၊ ကျောင်းကြိုရုံ၊ ထမင်းလိုက်ကျွေးရုံ နဲ့ မလုံလောက်ပါဘူး။ တစ်ရက်တစ်ရက် ကျောင်းမှာ မိမိသားသမီးဘာဖြစ်နေသလဲ .. အလုပ်လုပ်တဲ့အရွယ်ဆို အလုပ်ခွင်မှာဘာဖြစ်နေသလဲ .. ကောင်းတဲ့အပေါင်းအသင်းနဲ့ပေါင်းနေသလား၊ မကောင်းတဲ့သူက သားသမီးကိုမြူဆွယ်နေသလား .. စသဖြင့် မျက်စိဒေါက်ထောက် -  Monitor လုပ်နေရပါမယ်။
.
သားသမီးရဲ့လုပ်ချင်ကိုင်ချင်စိတ်တိုးတက်စေချင်ရင် ပညာသင်ဆဲသားသမီးထံက သူတို့စိတ်ဝင်စားတဲ့ဘာသာရပ်အကြောင်း နားထောင်ပေးလိုက်ပါ။  ဂိမ်းစွဲနေတဲ့သားသမီးဖြစ်နေရင်လည်း ဂိမ်းအကြောင်း နားထောင်ပေးလိုက်ပါ။ အများကြီးထဲကမှ အမှားတစ်ခုခုအကြောင်းကို ပြန်ဆွေးနွေးကြည့်ပါ။ အဖြေရှာကြပါ။ အဲဒီကမှတစ်ဆင့် မိဘတွေကိုယ်တိုင်တိုးတက်ချင်ရင်တော့ သားသမီးထံက သူတို့တတ်ထားတဲ့ပညာတွေကို ပြန်သင်ယူလိုက်ပါ။
.
.
ရှေးသုခမိန်တွေက “ ပညာလို အိုတယ်မရှိ ” လို့ဆိုထားရုံမက ဘယ်သူ့နားကဖြစ်ဖြစ် ယူတတ်ရင် ပညာဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဒီလိုပဲ လက်ခံထားတယ်။ ကိုယ့်သားသမီးတွက်၊ ကိုယ့်မိသားစုအတွက်အချိန်ပေးရတာ တစ်ကယ်တန်ပါတယ်။ သူတို့စိတ်ထဲမှာဘာဖြစ်နေတယ်ဆိုတာကိုသိခွင့်ရတာက ပို၍ပို၍ တန်ဖိုးရှိပါတယ်။
.
ခင်လျက်
.

02-15-2016

No comments: