ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, November 10, 2013

နိုင်ငံတည်ဆောက်ရေးမှာ အင်တာနက်လိုအပ်ပါတယ်



ခေတ်အဆက်ဆက် ဓါတ်ခဲထိုးရေဒီယိုလေးကို အားကိုးခဲ့ရတဲ့ ၁၉၈ဝ ပြည့်လွန်က မြန်မာလူထု အခုတော့ လက်ကိုင်ဖုန်းပေါ်မှာ သတင်းနားထောင်နေကြပါပြီ ၊ ဓမ္မစရိယဆရာတော်ဘုရားတွေ နယ်လှည့်ဟောတဲ့တရားတော်တွေကိုလည်း လွယ်လင့်တကူဒေါင်းလော့ဆွဲချပြီး ကိုယ့်ဖုန်းပေါ်မှာကိုယ် သွားရင်းလာရင်း နားကြပ်လေးနဲ့ On The Go နားထောင်နေနိုင်ပါပြီ ၊ ကျောင်းဆင်း/ကျူရှင်ပြန်/အိမ်ရောက်လို့လွယ်အိတ်ကိုပစ်ထားခဲ့တဲ့ကျောင်းသား ချိန်းထားတဲ့နေရာဆီကို အပြေးအလွှားသွားနေတဲ့နေရာဟာ အင်တာနက်ဂိမ်းဆိုင်ဆိုတာသေချာပါတယ် ၊ မအားလပ်လို့ သူငယ်ချင်းမင်္ဂလာဆောင်ကို မသွားဖြစ်ပေမဲ့အရေးအကြီးပါ - နောက်တစ်ရက်မနက်ကျရင် ဖေ့ဘွတ်ပေါ်ကနေ ကော့မက်ဝင်ပေးပြီး ကျေနပ်အောင်မျက်နှာချိုသွေးလိုက်ရင် အဆင်ပြေပါပြီ ၊ လွှတ်တော်နားချိန်မှာ ခရိုနီလွှတ်တော်ကိုယ်စားလှယ်ကြီး  ” အိုင်ဖက် ”ပေါ်မှာ
ကမ္ဘာ့သတင်းဖတ်ပြီး နိုင်ငံတကာကိုနားစွင့်နေနိုင်ပြီဖြစ်သလို မြန်မာနိုင်ငံသမ္မတရုံး စပီကာ ဝန်ကြီးများကလည်းအချိန်နဲ့တပြေးညီ ထုတ်ပြန်ချက်တွေကို Facebooking လုပ်နိုင်နေပြီမို့လို့ ကျွန်တော်တို့ မြန်မာပြည်ကြီး မတိုးတက်/မပြောင်းလဲပါဘူးလို့ ဘယ်သူကများပြောလိုက်တာပါလဲဗျာ ။





ဒီဘက်ခေတ်အင်တာနက်ကို အင်တာနက်ကဖေးမှာသုံးရတဲ့ခေတ်နဲ့ လက်ကိုင်ဖုန်းပေါ်သုံးလို့ရတဲ့ခေတ် လို့ဆိုပြီး ၂ မျိုးခွဲရုံနဲ့မလုံလောက်တော့ပါဘူး ၊ နီးရာအင်တာနက်ဆိုင်ကနေ ကိုယ့်အိမ်ကို တစ်လ သုံးသောင်းနဲ့သွယ်သုံးရတာ တစ်မျိုး နဲ့ မမိတမိ အခမဲ့မှီခို ဝိုင်ဖိုင် က တစ်မျိုး ပါထည့်ပေါင်းရင် အသေးဆုံးရာနှုန်းမျှသောမြန်မာနိုင်ငံသားလူဦးရေ ကတော့ အင်တာနက်ခေါ်ဆောင်ရာကို လိုက်ပါနေကြပါပြီ ၊ ဂျီထော့ ၊ ဂျီမေးလ် နဲ့စခဲ့တဲ့ တရွေ့ရွေ့အင်တာနက်ဟာ ဘယ်လိုနည်းပရိယာယ် နဲ့ မြန်မာနိုင်ငံကိုယ်စားပြုစာရင်ပေးသွင်း-Registered လုပ်ထားတဲ့ ၇၂ဝဝဝဝ သောအမျိုးသားဦးရေ နဲ့ ၄၆ဝဝဝဝ သောအမျိုးသမီးဦးရေ တို့ကို စည်းရုံးသိမ်းသွင်းလိုက်တယ်မသိ  ဖေ့ဘွတ်သုံးစွဲသူ-Facebooker ဦးရေ ၁၁၈ဝဝဝဝ ကို ရောက်ရှိလာနေပါပြီ ၊ ဒါဆို ပြန်ကြားရေးဒုဝန်ကြီးပြောခဲ့တုန်းကနဲ့စာရင် ၃၈ဝဝဝဝ တိုးလာတာပေါ့ခင်မျာ ၊ အင်တာနက်က လူသားပိုဆန်လာပါတယ် ၊ အစိုးရဝန်ထမ်းတွေ လူသားပိုဆန်လာပါတယ် ၊ အစိုးရအဖွဲ့ လူသားပိုဆန်လာပါတယ် ၊ လွှတ်တော်ဝန်မင်းများ လူသားပိုဆန်လာပါတယ် ။


 

ရုရှားမှာ ထိပ်ဆုံးအလှည့်ကျ မယ်စကြာဝဠာကိုမေးတဲ့မေးခွန်းကိုလည်းနားထောင်ကြည့်ပါအုံး ၊ “ အကယ်၍ အင်တာနက်မရှိရင်  ကမ္ဘာကြီး ဘာဖြစ်သွားမလဲ ” တဲ့ဗျာ ၊ ကြည့်ကျက်လဲမေးကြပါအုံး ၊ မြန်မာနိုင်ငံကိုယ်စား မယ်မြန်မာမိုးစက်ဝိုင် အမေးမခံရလို့တော်သေးတယ် ၊ “ သူမ “ ကိုပေးဖြေလိုက်လို့ကတော့ ဒိုင်လူကြီးတွေထိုင်ငိုသွားမှာသေချာတယ် ၊ ဒို့မြန်မာပြည်မှာ အနှစ် ၂ဝ ကျော်အင်တာနက်မရှိတာ “ ဘာမှမဖြစ်ခဲ့ပါဘူး ” လို့ တစ်နိုင်ငံလုံးသောင်းသောင်းညံ ဝိုင်းဖြေပေးကြပါလိမ့်မယ် - အင်တာနက်မရှိလို့ ဘဝမပျက်နိုင်တာကိုပြောပါတယ် ၊ အင်တာနက်က မြန်မာကို လူပိုသိလာပါတယ် ၊ မြန်မာမိန်းခလေးတွေကို လူပိုသိလာပါတယ် ၊ သမ္မတကြီးကိုလည်း လူပိုသိလာပါတယ် ၊ အတိုက်အခံပါတီများကို လူပိုသိလာပါတယ် ။


နောက်ထပ်မေးခွန်းတစ်ခုမှာတော့  “ ကမ္ဘာ့တစ်နေရာမှာ အမျိုးသမီးတွေ တန်းတူအခွင့်အရေးမရ / မဲပေးခွင့်မရ / ကားမောင်းခွင့်မရတာ ကို သင်ဘယ်လိုဖြေရှင်းမလဲ “ တဲ့ ၊ လုပ်ချလိုက်ပြန်ပါပြီ ၊ အဲဒီကမ္ဘာ့တစ်နေရာကို မြန်မာပြည် နဲ့လာမနှိုင်းပါနဲ့လို့ပြောလိုက်ချင်ပါတယ် ၊ မြန်မာအမျိုးသမီးလုပ်သမတွေ လုပ်ခလစာနည်းတဲ့နေရာမှာ တန်းတူဖြစ်လွန်းလို့မှ / ဒိုင်သူကြီးတွေ အင်တာနက်ပျက်နေလို့ မမြင်တာဖြစ်မှာပါ ၊ မဲလည်းပေးခွင့်ရပါ့ ၊ လေမုန်တိုင်းတိုက်နေတာတောင် ကန့်ကွက်မဲတောင်မဟုတ်ဘူး-ထောက်ခံမဲပါ အဆင်သင့်လေးပေးခွင့်ရှိပါတယ်ဗျာ ၊ ကိုယ်ပိုင်ကား သာ လစဉ်အရစ်ကျစံနစ်နဲ့သာပေးဝယ်လိုက် / မြန်မာမိန်းခလေးတွေ ကားလိုင်စင်ရလို့မကလို့ လမ်းပေါ်မှာအမျိုးသမီးမောင်းတဲ့ကားတွေချည်းဖြစ်နေစေရမယ် - ဒီလောက်လွယ်တဲ့မေးခွန်းပါ ၊ အင်တာနက်က လူ့အခွင့်အရေးကိုလေးစားလာပါတယ် ၊ မယ်စကြာဝဠာပြိုင်ပွဲက လူ့အခွင့်အရေးကိုလေးစားလာပါတယ် ၊ အမျိုးသားကဇာတ်ရုံက လူ့အခွင့်အရေးကိုလေးစားလာပါတယ် ၊ လိုင်းကား-ဘတ်စ်ကားမောင်းသူများလည်း လူ့အခွင့်အရေးကိုလေးစားလာပါတယ် ။

 

နောက်ဆုံးမေးခွန်းတစ်ခုကတော့ မြန်မာနိုင်ငံကိုစောင်းပြော/စောင်းမေးနေသလားအောက်မေ့ရပါတယ် ၊ ဂန္တဝင်အဆိုတော်ဒိုင်သူကြီးတစ်ယောက်ကမေးတာပါ ၊ “ သင့်ရဲ့အကြီးမားဆုံးအကြောက်တရားဟာဘာလဲ ၊ အဲဒီအကြောက်တရားကိုဘယ်လိုကျော်လွန်-Overcome အောင်လုပ်မလဲ ” ဆိုဘဲ ၊ စာရေးရင်းနဲ့မြန်မာလူထုကိုယ်စားသိပ်ပြီးသည်းညည်းမခံနိုင်တော့ဘူး ၊ ပြန်ပြေလိုက်မယ် ၊ အင်တာနက်ပွင့်လာပြီးကတည်းက မြန်မာလူထုမှာ ဘာအကြောက်တရားမှမရှိဘူး ၊ ဒါကြောင့်ဘာကိုမှကျော်ဖြတ်စရာမလိုဘူး ၊ စုန်းစုန်းမြှုပ်နေတဲ့ “ တုံး ” လည်းကျော်ခဲ့ပြီးပြီ ၊ ခွာလို့မရတဲ့ ” ကပ် ” လည်းကျော်ခဲ့ပြီးပြီလေ-မဟုတ်ဘူးလား ၊ မေးခွန်းလေးတော့ကြည့်မေးကြပါအုံး ၊ အခုသွားနေတာ ဒီမိုကရေစီ လေ ၊ အင်တာနက်က ဒီမိုကရေစီပိုဆန်လာပါတယ် ၊ စာပေရေးသားခွင့်တွေ ဒီမိုကရေစီပိုဆန်လာပါတယ် ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ဒီမိုကရေစီပိုဆန်လာပါတယ် ၊ လမ်းပန်းဆက်သွယ်ရေးတွေ ဒီမိုကရေစီပိုဆန်လာပါတယ် ၊ အင်တာနက် ရေ ကျေးဇူးပါ ။



ကိုညီညီ - တောင်ကြီး

No comments: