ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Showing posts with label ကြည်နှုးဖွယ်ရာ. Show all posts
Showing posts with label ကြည်နှုးဖွယ်ရာ. Show all posts

Wednesday, October 14, 2020

ရွှေလက်တွဲလို့မြဲယှက်စေ


ကျွန်တော်တို့ဇနီးမောင်နှံရဲ့ချစ်သူဘဝကနေချီတက်ခဲ့ကြတဲ့ခရီးလမ်းမှာ သူ့ရဲ့အားပေးမှု၊ ဖေးမမှုတို့ဟာ

အင်အားတစ်ခုအနေနဲ့ပါဝင်ခဲ့တယ်။ တကယ်ဆိုရင် ကျွန်တော်ကစိတ်ပျော့တယ်။ ခံစားတတ်တယ်။

အရှုံးပေးလွယ်တယ်။ မထူးပါဘူးဆိုပြီးအကောင်းမြင်တတ်လွန်းလို့ အခံဘက်ကချည်းချည်းနေခဲ့ရတဲ့

လူငယ်ဘဝအလှည့်အပြောင်းမှာ သူ့ကိုတွေ့ခဲ့တယ်။

          သူက မိန်းမသားပေမဲ့စိတ်မာတယ်။ မဟုတ်တာဆိုရင်မခံချင်ဘူး။ သူ့တစ်သက်လုံးငြိမ်ခံခဲ့တယ်ဆိုတာမရှိဘူး။ လူမကြောက်တတ်တာကလည်းအတုယူစရာ။

          ကြီးရင်မှီငယ်ရင်ချီဆိုတဲ့စကားက ကျွန်တော်တို့ဇနီးမောင်နှံအတွက်သိပ်မမှန်ဘူး။ ကျွန်တော်ကမှီ ကျွန်တော်ကချီရသလို သူကအမြဲတမ်းကလေးလိုနေတယ်။ လူ့ဘဝကိုပျော်ရွှင်စွာနေထိုင်ဖို့သူအမြဲတမ်းကြိုးစားတယ်၊ စဉ်းစားတယ်။

          သူနဲ့ကျွန်တော်စပြီးသိကျွမ်းခဲ့တာကရန်ကုန်ရဲ့အုတ်နီခဲလိမ္မော်ရောင်လေးတွေနဲ့ဆောက်ထားတဲ့ကံကော်မြေပေါ်မှာ။ ‌ကျောင်းအတူတူတက်တယ်။ လိုင်းကားအတူတူစီးတယ်။ ပြောရရင်တော့အများကြီးပဲ။ အင်းယားကန်မှာဗူးသီးကြော်သွားစားတာတို့၊ ကန်တင်းထိုင်တာတို့၊ သံဗူးဖျော်ရည်သောက်တာတို့ မှတ်မိစရာတွေ၊ အတိတ်ကကံကော်တောနေ့ရက်တွေဆီကို သူနဲ့ကျွန်တော်လက်လေးတွဲလို့အတူတူပြန်သွားချင်တယ်။

          အဲဒီတုန်းက ကျွန်တော်ကမင်္ဂလာဈေးမှာအဝယ်တော်လုပ်နေရင်းသူက မိန်းထဲမှာကျောင်းတက်တယ်။ ရှမ်းကုန်းမြေမြင့်ကကုန်သည်လေးက တတိယနှစ်ကိုဆက်မတက်ဘဲ နေ့တိုင်းလိုလိုကျောင်းကိုရောက်နေတယ်။ သူ့အချစ်ဟာဆွဲအားရှိခဲ့တာ အခုဆိုရင် အနှစ် ၃ဝ ကျော်ခဲ့ပြီ။ 

          အဓိပတိလမ်းပေါ်မှာမိုးလေးဖွဲဖွဲအောက်မှ သူ့လက်ကလေးကိုဆုတ်ကိုင်ထားခဲ့တယ်။ ဘွဲ့နှင်းသဘင်ရှေ့မှာဓာတ်ပုံရိုက်တုန်းကလည်း သူ့လက်ကလေးကိုဆုတ်ကိုင်ထားခဲ့တယ်။ အတူထိုင်ခဲ့တဲ့ခုံတန်းလေးတွေမှာလည်း ရဲရဲနဲ့မြဲမြဲ သူ့လက်ကလေးကိုကျွန်တော်လွှတ်မပေးခဲ့ဘူး။ 

          လက်ချောင်း ၅ ချောင်းပါတဲ့လက် ၂ ဖက်တွဲယှက်ရင်း ရင်ခုန်သံညတွေအတူတူဖြတ်ကျော်ပေးခဲ့တဲ့သူ၊ မကောင်းတာနဲ့ကောင်းတာကိုခွဲခြားပြပေးခဲ့သူ၊ မိခင်ရဲ့ချစ်ခြင်းတရားကို သားသမီးနှစ်ယောက်အပေါ်မှာအကုန်အစင်လွှမ်းခြုံပေးသူ၊ မရင့်ကျက်သေးတဲ့ကျွန်တော်နဲ့ရွှေလက်တွဲခဲ့သူရေ မွေးနေ့မှသည်လိုရာဆန္ဒများအမြဲပြည့်စုံပါစေ။ လုပ်ချင်တာမှန်သမျှကြံစည်တိုင်းပြီးမြောက်အောင်မြင်ပါစေ။ 

ချစ်တဲ့

ကို

10-15-2020


Thursday, August 30, 2018

အဖေနဲ့သားကြားက စကား (၅) ခွန်း

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
.
 ကျောင်းပြန်သွားတော့မယ့်သားကို ဒီနွေရာသီမှာအနားရအောင် မြန်မာနိုင်ငံခေါ်ပြန်ခဲ့တယ်။ သူမွေးတဲ့မြေ၊ ကြီးခဲ့တဲ့အိမ်၊ တက်ခဲ့တဲ့ကျောင်း၊ ပေါင်းခဲ့တဲ့သူငယ်ချင်းတစ်ချို့ နဲ့ စားခဲ့တဲ့အစားအသောက်တွေက သူ့ကိုနွေးထွေးစွာကြိုဆိုခဲ့ကြတယ်။ သူ့အဖွားကိုလည်း မျက်နှာဝင်ပြခွင့်ရခဲ့တယ်။ မွေးရပ်မြေနဲ့ (၉) နှစ်လောက် ဝေးခဲ့ပေမယ့် အခုတော့ မြန်မာနိုင်ငံဟာ သူ့ဘဝမှာ ဘယ်လောက်အထိအရေးပါပြီး ချက်မြှုပ်ဇာတိရွှေနယ်မြေလို့ ခံစားရတဲ့အကြောင်း သားအဖတွေ စကားကောင်းနေခဲ့တယ်။
.
. တစ်ဆက်တည်း ငယ်ဘဝနှစ်များစွာ အမေရိကားရဲ့အခြေခံပညာရေးနဲ့ကြီးခဲ့သူတစ်ယောက်ဖြစ်တာနဲ့အညီ ကိစ္စတစ်ခုကို သူ့ခေါင်းထဲထည့်တွေးလိုက်ပြီဆိုတာနဲ့ ကြည်ကြည်လင်လင်ဖြစ်ဖို့နဲ့ ဆုံးဖြတ်ချက်မှန်ကန်ဖို့ တခါတရံဆုံးမချင်သေးတယ်။ သို့သော်လည်း တစ်နေ့ထက်တစ်နေ့ကြီးထွားလာတဲ့ အသွေးအသားဆဲလ်ယူနစ်တွေကြား တိုးပွားလာတယ်လို့အမြဲယူဆထားတဲ့ အသိဥာဏ်ပြည့်နေတဲ့ဦးနှောက်က အမှားမတွေ့နိုင်ဘူးလို့ ကံသေကံမ မပြောနိုင်ပါဘူး။
.
.
. အေးအေးလူလူနေပေမယ့် ရမ္မက်သွေးဆူတတ်တဲ့ ဆယ်ကျော်သက်အရွယ်၊ အနာဂါတ်အလင်းရောင်တောက်ပနေသော်ငြားလည်း ငယ်သွေးကြွသေးတဲ့အရွယ်ဆိုတော့ သတိထားရတယ်။ သတိမထားရင် မသိပဲရောက်လာတဲ့အမှားက အရိပ်လိုခြေဖွပြီးလိုက်လာရင်း "အမှောင် နဲ့ အနက်ရောင်" ဟာမကွဲနိုင်သလို "အမှား နဲ့ ဟန်ဆောင်ခြင်း" တို့ကိုခွဲခြားဖို့ခက်ခဲစေနိုင်တာကြောင့် အနားယူနေတဲ့ အဝေးကျောင်းသွားတော့မယ့် သားကို စကား (၄) ခွန်း ပြောပြမိပါတယ်။
.
.
၁.. ပညာအင်မတန်တော်တဲ့အခါ
_______________________
လူငယ်တစ်ယောက်ဟာ ပညာအင်မတန်တော်တဲ့အခါမှာ လူကြီး လူငယ်မရွေး လူရာသွင်းတာကိုခံရလိမ့်မယ်။ ဘာလုပ်လုပ်အောင်မြင်လာသလို ထင်ပေါ်ကျော်ကြားမှု နဲ့ ဂုဏ်သတင်းကျော်စောမှုတို့အပြင် ဘယ်သူ့ကိုမှလူမထင်လောက်အောင် အောင်မြင်မှုကကြောက်စရာကောင်းတာ သူသိရမယ်။ ဒီ့နောက်မှာ ဘယ်သူတွေဘာပြောပြော ကောင်းပေ့ဆိုတဲ့အကြံဥာဏ်တွေကို မလိုချင်တော့ဘူးဆိုတဲ့ မာန်အကြောင်းကို သားက ပြန်ဆွေးနွေးတယ်။

Saturday, January 20, 2018

အဝေးရောက်နေပေမဲ့ နှလုံးသားထဲကသမီး

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
.
. သမီးကိုမွေးခါနီးအချိန်မှာ လူတစ်ယောက်ဟာ ဆွဲခြင်းကြီးတစ်လုံးနဲ့ အမျိုးသမီးဆေးရုံကြီးရဲ့မြက်ခင်းပြင်မှာ ပန်းသီးလေးတစ်လုံးကိုက်ရင်းထိုင်စောင့်နေတယ်။ သူ့ဘေးမှာ သားရေအပြည့်ပြီးတဲ့ နိုင်ငံခြားထွက်သေတ္တာတစ်လုံးက လဲလျောင်းလျက်။ အထဲမှာ ခြေအိပ်၊ အကျီင်္၊ ဘောင်းဘီ စတဲ့ လူသားအသစ်လေးသုံးဖို့ပစ္စည်းတွေအားလုံးဟာ ဆိုဒ်ဆိုရင် အသေးဆုံး၊ အရွယ်ဆိုရင် အငယ်ဆုံး၊ ဒါပေမဲ့ အပြင်ကယောက်ျားရင့်မာရဲ့နှလုံးသားက အကြီးဆုံး. .။
.
. "ဘဝထဲကိုပထမဦးဆုံးမိတ်ဆက်ပေးလိုက်တဲ့ချစ်ခြင်းမေတ္တာဆိုတာ ကလေးငိုသံကစတယ်" ဆိုတာ ဒီလူ မယုံဘူး။ သူ့လောကမှာ ဒီသမီးဟာ အရာအားလုံးရဲ့စတင်ခြင်းဖြစ်တယ်။ သူ့တုန်းကလည်း ဘဝကိုငိုသံနဲ့စခဲ့တယ်။ ဒါပေမဲ့ သမီးရောက်လာတဲ့ဘဝမှာ သူသိပ်ပျော်တယ်။ ဒါကြောင့်ဖြစ်မယ် . . သမီးငိုသံဟာ သူ့ရင်ထဲကို ဂီတမြစ်တစ်စင်းစီးဆင်းသွားသလို နှလုံးသားသည်းညှာက အမြဲထာဝရသာယာတဲ့ မနာတဲ့ဒဏ်ရာလေးလို့ သူအမြဲဆိုတယ်။
.
.
. လေးဘက်ထောက်သွားတော့ သွားတက်လေးက ထွက်နေပြီပေါ့။ ဒါပေမဲ့ ငယ်သွားကနေရာမပေးတော့ ပါးချိုင့်လေးရဲ့နေရာမှာ သွားအလှက ပြုံးသမျှချွန်ထက်တောက်ပနေလို့ သွားဆရာဝန်အရှူံးပေးသွားတဲ့ပလာယာလေးက ငိုသံလေးကိုအနိုင်ယူသွားခဲ့တယ်။ ဒီသွားတက်ကိုမနှုတ်ခဲ့သလို သွားဆရာဝန်ကို ဒီသားအဖ မနှုတ်ဆက်ခဲ့ဘူး။
.
. အ.ထ.က (၄) ကျောင်းကပွဲမှာ စီစဉ်သူက ဘဝဇာတ်ဆရာတစ်ယောက်မဟုတ်ဘူး။ ဆရာဝန်နေရာကနေ လူသားတွေကိုကူညီသမျှ အရုပ်ကျရာ သရုပ်ဆောင်တဲ့အခါ အားပေးလှတဲ့ကျောင်းသားမိဘပရိသတ်က လက်ခုပ်တွေတဖျတ်ဖျတ်။ သမီးရဲ့သူငယ်ချင်းတွေ ဇာတ်ပို့နေရာကနေတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားပေမယ့် ဆရာဝန်နေရာကနေ ကပွဲတစ်ခုလုံးကိုထိန်းသွားတဲ့သမီးဟာ ကျောင်းအတွက်အမှတ်ရစရာဖြစ်ကျန်ခဲ့တယ်။ ဒါပေမဲ့ ဖြစ်ချင်စိတ်မရှိတော့ သမီး ဆရာဝန်မလုပ်ခဲ့ဘူး။

Tuesday, October 3, 2017

Happy Birthday SWAN

စွမ်းငယ်ငယ်တုန်းကဆော့ခဲ့တဲ့နေရာ

. “Happy Birthday SWAN”
. ဒီနေရာလေးကိုပြန်ရောက်တော့ သားအဖနှစ်ယောက်အတိုင်းမသိဝမ်းသာရသလို အတိတ်ကပုံရိပ်တွေကို မြက်ခင်းပေါ်ကခြေရာလေးတွေကပြန်ပြောပြကြတဲ့အခါ ဝမ်းနည်းရတယ်။ အကြောင်းအရာတစ်ခုကို ဘယ်သူမှမစစ်ဆေးပဲဝန်ခံရရင် အမေရိကားရောက်ကျွန်တော်တို့မိသားစုဟာ အထီးကျန်လှတယ်။ လူကြီးလည်း လူကြီးအလျှောက်၊ ကျောင်းသားလည်းကျောင်းသားအလျှောက် ကိုယ့်ကိစ္စနဲ့ကိုယ်ရှုတ်နေရတဲ့ကြားမှာ (၉) နှစ်သားကလေးငယ်တစ်ယောက်ဟာ အပြစ်ကင်းခဲ့တယ် . . ရိုးသားခဲ့တယ်။
.
. ဒီဗီဒီယိုလေးရိုက်ဖို့ သူနဲ့ကျွန်တော်ရောက်သွားတော့ ကားပေါ်ကဆင်းဆင်းချင်း သားအဖနှစ်ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်း နားလည်မှုရှိစွာ သိုင်းဖက်လိုက်ကြတယ်။ သူအရင်ဆော့ခဲ့တဲ့ မျောက်လွဲကျော်ဘားတန်း - Monkey Bar ဟာ ကစားသူမဲ့နေသလို အပြာရောင်လျှောတန်းဟာလည်း နေပူကြီးအောက်မှာ အဖော်မဲ့နေပါတယ်။
.
.
. အရင် (၈) နှစ်က အရပ်မမှီလို့ မဆွဲနိုင်ခဲ့တဲ့ စလိုက်ဘားတန်းဟာ စွမ်းပြန်ရောက်လာတာကို အသံမထွက်ပဲ တိတ်တိတ်လေးဆီးကြိုနေရှာတယ်။ ဒီလိုပဲ စွမ်း တွယ်တက်ခဲ့တဲ့ ပျင်းရိလေးလံနေတဲ့သံကြိုးကြီးဟာလည်း နေရောင်ခြည်ထဲမှာ အရောင်တလှက်လှက်နဲ့ ဝှေ့ရမ်းနေပြန်တယ်။
.
. အိပ်ငိုက်နေတဲ့ ဒီအတိတ်ရဲ့ပုံရိပ်ကို ကျွန်တော်တို့သားအဖ (၂ ) ယောက်လှန့်နှိုးလိုက်တဲ့အခါ ခပ်လှမ်းလှမ်းက တိုက်နေတဲ့ပင်လယ်လေအေးကြားမှာ ငြိမ်သက်တွေးတောနေတဲ့ လူစီးဒန်းကလေးဟာ အသံမြည်ပြီး လူ့လွန့်လာတယ်။
.
.
. တစ်ဆက်တည်း တတိယတန်းအောင်နဲ့ထွက်လာတဲ့ ကလေးတစ်ယောက်ဟာ ကမ္ဘာ့ခေတ်မီတက္ကသိုလ်ကြီးဆီမှာ ဆက်လက်ပညာသင်ရတော့မယ်။ မကြာခင်မှာ ကိုယ်ထူမှ ကိုယ်ထရတဲ့ လူ့ဘဝထဲကို လျှောက်လှမ်း ခရီးစမ်းရတော့မယ်။ မြင့်သထက်မြင့်လာတဲ့ အတွေးအခေါ်တို့ရဲ့တက်လှမ်းမှုနဲ့အတ အနာဂါတ်ဘဝအာမခံပညာရေးကုန်းမြင့်ထက်ကို ဆက်လက်တက်လှမ်းရပါတော့မယ်။
.
. ဒါ သူ့ဘဝရဲ့ အောင်မြင်မှုအစတံခါးကို ဆွဲဖွင့်လိုက်တာပါ။ အနောက်နိုင်ငံမှာ လူငယ်တစ်ယောက်ကို (၁၈) နှစ်ပြည့်မှ အသိအမှတ်ပြုပါသတဲ့။ ဒါပေမယ့် စွမ်းရဲ့အတွေးအခေါ်ပေါ်ကိုလိုက်ပြီး မိဘနှစ်ပါးက သူ့မွေးနေ့ရောက်ရောက်မရောက်ရောက် နှစ်စဉ်အသိအမှတ်ပြုအမှတ်ပေးခဲ့ရာကနေ အခုလို သီးပွင့်လာတဲ့ပညာရေးအနှစ်သာရတွေကို ဆောင်ကျဉ်းပေးနိုင်ခဲ့တယ်။
.
.
. ကလေးဘဝမှာ ရင့်ကျက်မှုကိုဦးတည်ပြီးတွန်းတင်လိုက်တာထက်စာရင် လွတ်လပ်တဲ့အတွေးအခေါ် နဲ့ ကျယ်ပြန့်တဲ့လေ့လာဆည်းပူးမှုတွေကို သူဘယ်လိုကြိုးစားရယူခဲ့ရတယ်ဆိုတာကတော့ ဒီကစားကွင်းလေးက သက်သေခံပေးနေပါတယ်။
(၁၇) နှစ်ပြည့်မွေးနေ့ပိုင်ရှင် ပူပူနွေးနွေးတက္ကသိုလ်ကျောင်းသားအသစ်ကြီးရေ . .
နယ်မြေအသစ်မှာ
အတွေးအခေါ်အသစ်တွေ နဲ့
သမ္ဘာရင့်ကျက်မှုတွေကိုတူးဆွရင်း
လူတော်လူကောင်းလူသစ်လူငယ်တွေနဲ့အတူ
ကျန်းမာပျော်ရွှင်လန်းဆန်းနိုင်သလောက်
သာယာရွှင်မြူး လှမ်းလျှောက်နိုင်ပါစေကွယ် . .။
.
. ချစ်တဲ့ ပါပါး+မာမား+ကြည့်ကြည့်
. 09-19-2017

Tuesday, October 25, 2016

သတိရနေတဲ့ သမီး


.
ကျွန်တော် ဒီခရီးကိုလာနေပေမယ့် စိတ်ကတော့ သမီးကျောင်းတက်နေတဲ့ ဘော့စတွန်မြို့ကို အမြဲရောက်နေပါတယ်။ သမီး ထမင်းမှစားရဲ့လား? အချိန်မှန်မှ အိပ်ရဲ့လား? မနက်ကျောင်းသွားဖို့ တယ်လီဖုံးနိုးစက်မှ ကြားရဲ့လား? စသဖြင့် အဝေးကနေ အပူစွမ်းအင် နဲ့ အတူတူအကျွမ်းဝင်နေတဲ့ မိဘတွေဆိုရင် ဘယ်မှားလိမ့်မလဲ..။
.
ဒီဘက်နိုင်ငံကိုရောက်ပြီးတစ်နှစ်လောက်ကြာတော့ ဒစ္စနေရုပ်သံကို သူ့မောင်လေး “ စွမ်း “ က ကြည့်နေတဲ့အချိန် သမီးက ခပ်စွာစွာစကားပြောတဲ့ Phineas and Ferb ကာတွန်းကားကြိုက်တာကို သတိထားမိတယ်။ နောက်ပိုင်းသိပ်မကြာဘူး .. သူ အဲဒီကာတွန်းတွေကို ရောင်စုံခဲတံနဲ့ဆွဲထားတဲ့ပုံကိုတွေ့တော့ တော်တော်အံ့သြမိတယ်။
.

.
အဲဒီအချိန်အထိ သမီး က ပုံဆွဲတတ်တာကို ဘယ်သူမှသတိမထားမိသေးဘူး။ နောက်ပိုင်း ငါးပုံ၊ မိန်းကလေးပုံ၊ နောက်ပြီး အထက်တန်းကျောင်းကခိုင်းတဲ့ ပရောဂျက်တွေမှာ အနုပညာ - Art အတန်းမှာ လုပ်ရတာတွေက သူ့ဝါသနာကို ခြေစုံခုံတက်သွားစေတယ်လို့ထင်ပါတယ်။
.
လူဆိုတာ သူဝါသနာပါတာကိုလုပ်ရဖို့ အချိန်တစ်ခု နဲ့ အခြေအနေတစ်ခုလိုတယ်ဆိုတာကို သမီးက ကျွန်တော့ကိုသင်ပေးသွားတယ်။ သူဝါသနာပါတဲ့မေဂျာကိုတက်ဖို့ သူအချိန်များစွာစဉ်းစားပြီး နောက်ဆုံးတော့ ဂရပ်ဖစ်ဒီဇိုင်း - Graphic Design ကို စိတ်ဝင်တစားသင်ယူနေတယ်။ တစ်ရက်တစ်ရက်ကို မနက် ( ၁၁ ) နာရီလောက်ကနေ ကျောင်းမှာ သင်တာရော၊ အုပ်စုဖွဲ့ပရောဂျက်လုပ်တာရော၊ ကိုယ်ပိုင်အိမ်စာတင်ရတာရော ညပိုင်း ( ၁ဝ ) နာရီတောင် ကျောင်းကနေ သူ့အခန်း - Apartment ကို ပြန်မရောက်သေးဘူး။

Friday, October 23, 2015

ရင်ကိုလာမှန်တဲ့ Student Score Report

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အရင်နှစ်တွေတုန်းက STAR Student Report ဆိုတဲ့နာမည်နဲ့စာတွေလာဖူးတယ်။ အိမ်ကိုရောက်လာတဲ့စာရွက်မှတ်တမ်းအရ ( ၆ ) တန်းနှစ်မှာတစ်ခါ၊ ( ၈ ) တန်းကျတော့နောက်တစ်ခါ၊ အခု “ စွမ်း ” ( ၁၁ ) တန်းရောက်တော့ ( ၁ဝ ) တန်းအတွက် သတင်းပို့တဲ့ ရီပို့ကဒ်ရောက်လာပါတယ်။ STAR ဆိုတာ ကြယ်ကိုပြောတာမဟုတ်ပဲ California’s Standardized Testing and Reporting (STAR) Program ကို အတိုကောက်ခေါ်ဆိုတာပါ။ မြန်မာကျောင်းလောကနဲ့အနီးစပ်ဆုံးပြောရရင် လူရည်ချွန်စာမေးပွဲနဲ့ဆင်တူပါတယ်။
.
.
အမေရိကားမှာဖြေရတဲ့ STAR စာမေးပွဲက လူရည်ချွန်ပြိုင်ပွဲတွေလို ကိုယ်လက်လှုပ်ရှားမှုမပါပါဘူး။ သူတို့က ကလေးတွေရဲ့ဦးနှောက် နဲ့ စဉ်းစားဥာဏ်ကိုစစ်တယ်။ ဒီကလေး ဘယ်လောက်မှတ်မိသလဲဆိုတာ အလေးမထားပေမယ့် ဘယ်လောက်အထိချင့်ချိန်တွေးတောတတ်တယ်၊ ကိုယ့်ရှေ့ရောက်လာတဲ့မမြင်ဖူးတဲ့ပြသနာကို ဘယ်လိုဖြေရှင်းတတ်တယ်ဆိုတာကို အသည်းအသန်အမှတ်ပေးတယ်။ ပြည်နယ်အလိုက် အခေါ်အဝေါ်တွေဘယ်လိုပင်ကွာခြားနေစေကာမူ ဖယ်ဒရယ်မူရဲ့အားပြိုင်မှု နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိတဲ့ အထက်တန်းကျောင်းတွေဟာ ထူးချွန်ထက်မြက်ပြီး ကမ္ဘာ့အပြင်ကိုထိုးဖောက်နိုင်မယ့် ကလေးသူငယ်ကျောင်းသားမွန်လေးတွေကို မွေးထုတ်ပေးနေတာတော့ လက်တွေ့ပါပဲ။
.
ဒီလိုအမှတ်တွေပေးနေတာ ဘာလုပ်ဖို့ပါလိမ့် .. ကျွန်တော်ဆက်ဖတ်ကြည့်တယ်။ ကျောင်းသားတွေရဲ့အားကောင်းချက်၊ လိုအပ်ချက်တွေကို ဖော်ပြပေးတဲ့မှတ်တမ်းတွေကိုတွေ့ရတယ်။ ( ၆ ) တန်းမှာ အင်္ဂလိပ် - English-Language Arts ကို ( ၄၁၅ ) မှတ် နဲ့ သချာင်္ - Mathematics ကို ( ၄၈၄ ) ရခဲ့တဲ့ စွမ်းဟာ ( ၈ ) တန်းရောက်တဲ့အချိန်မှာ ( ၄ ) မျိုး ဖြေရတယ်။ အဲဒီထဲမှာ ..
.
English-Language Arts = ( ၄၅ဝ ) မှတ်
.
Geometry = ( ၄၄ဝ ) မှတ်
.
History-Social Science = ( ၄၆၁ ) မှတ်
.
Science = ( ၅၅၇ ) မှတ် တို့ ဖြစ်ပါတယ်။

Monday, September 7, 2015

ကျေးဇူးတင်နေမိတဲ့ ပါရမီဖြည့်ဖက်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
သူ ဒီကိုမလိုက်လာခင်တုန်းက ကျွန်တော်ကတိတွေ ပေးဖူးတယ် “ နင် အမေရိကားရောက်ရင် ဘာမှမလုပ်နဲ့ ” လို့။ ဒါပေမယ့် ( ၃ ) နှစ် ကျော်လာတဲ့အခါ အခြေအနေတစ်ခုကြောင့် ကျွန်တော့စကားမတည်တာကို နောင်တရမိတယ်။ သို့သော်လည်း ကမ်းနားလမ်းမှာ သူ့လက်ကလေတွဲခေါ်ရင်း “ နင် ငါနဲ့ယူပြီးရင် တရုတ်ချွေးမတွေလိုမထားဘူး ” ဆိုတဲ့ ကတိကိုတော့ အထိုက်အလျောက်ထိန်းသိမ်းနိုင်ခဲ့တာနဲ့ ဖြေသိမ့်ခဲ့ပါတယ်။ အခုကျတော့ မတူတော့ဘူး။ အသက်တွေက ရပ်မနေဘူး .. တစ်ဖြည်းဖြည်းကြီးလာတာကတစ်ကြောင်း၊ သားသမီးတွေက အရွယ်ရောက်လာတာကတစ်ကြောင်း ကိုယ်တိုင်မလုပ်နိုင်တာမရှိရအောင် အနောက်နိုင်ငံရဲ့သူတစ်ပါးမြေမှာ အောက်ခြေသိမ်းလုပ်ရပါတယ်။
.
.
သူ့ကို ကားမောင်းသင်ဖို့မပြောနဲ့ .. ကားရှေ့ခန်းကလိုက်စီးတာတောင် တော်တော်ကြောက်တတ်တဲ့သူမျိုးကို အမေရိကန်ကားမောင်းလိုင်စင်ဖြေခိုင်းတဲ့ ကျွန်တော်ဟာ တော်တော်ဆိုးသူပါ။ နှစ်များစွာ အင်္ဂလိပ်စာနဲ့ဝေးခဲ့သူကို ဖြေပြီးသားလိုင်စင်စာရွက် ( ၁ ) ဒါဇင်ကျော် နဲ့ အိမ်စာပေးခဲ့တာလည်း ကျွန်တော်ပါပဲ။ အိမ်ထောင်ကျပြီးကတည်းက တောက်တိုမယ်ရလုပ်စရာမလိုတဲ့ သူ့ကို အိမ်မှာ မီးဖိုချောင်ထဲဝင်ခိုင်းတာလည်း ကျွန်တော်ပါပဲ။
.
ပိုလို့ဆိုးတာက သူဟာ ဈေးဝယ်ရတယ်၊ သယ်ရတယ်။ ကားမမောင်းတတ်ခင်တုန်းက သားကိုကျောင်းကြိုဖို့ ကျောင်းအထိအဝေးကြီး သူလမ်းလျှောက်ရတယ်။ တွန်းသွားတဲ့ Scooter လေးကို သားက ပြန်စီးလာတဲ့အချိန်မှာ သားကျောင်းကျောပိုးအိတ်ကို သူတစ်လမ်းလုံးလွယ်ထားရတယ်။ သားသမီးတွေကို နှစ်ရှည်လများ ကားမောင်းကျောင်းပို့ရတယ် .. ဘယ်လောက်များမတရားလိုက်တဲ့ ကျွန်တော်ပါလဲ?

Sunday, August 30, 2015

ပြောပြချင်တဲ့ စွမ်း တက်မယ့် AP Calculus (AB) အတန်းအကြောင်း

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
ဒီစာစုလေးမှာ ဆောင်းပါးရေးတာထက် မြန်မာနိုင်ငံကနေ မိမိသားသမီးကို နိုင်ငံခြားကျောင်း အဆင့်မြင့်မြင့်ထားချင်သူ မိဘများကိုပြောပြချင်တဲ့ စေတနာ နဲ့ ပရဟိတသုတ ပေါင်းစပ်ပြီး သတင်းစကားပါးချင်တယ်ဆိုရင် ပိုမှန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ငယ်ငယ်က မြန်မာဘာသာပြန်ထားတဲ့သချာင်္ဘာသာရပ်ကိုသင်ခဲ့ရပြီး လက်ရှိကျောင်းပညာရေးနဲ့ အနှစ် ( ၃ဝ ) လောက်ဝေးလာခဲ့ပြီမို့ ဘာသာရပ်အခေါ်အဝေါ်တွေငှားယူသုံးစွဲရာမှာ အခက်အခဲရှိလာပါတယ်။ အထူးသဖြင့် ဒီဘက်နိုင်ငံရောက်မှတက်ခဲ့တဲ့ အင်္ဂလိပ်လိုသင်ရတဲ့သချာင်္အခြေခံအနည်းငယ်ရှိရင်းစွဲဖြစ်လို့သာ ကိုယ်ရေးကိုယ်တာရှေ့မထားပဲ ရေးပြပါရစေ။
.
.
အမေရိကားရောက်ပြီး ( ၁ ) နှစ်ပြည့်ပြီး ( ၁ ) ပတ်ကျော်တာနဲ့ ကွန်မြူနတီကောလိပ်ကို ကျွန်တော် စတက်ပါတယ်။ ဘာယူရမယ်ဆိုတာထက် အခြေခံယူနစ်ဖြည့်ဖို့ အင်္ဂလိပ် နဲ့ သချာင်္တော့ မဖြစ်မနေယူရတယ်။ ဒီ ( ၂ ) မျိုးသင်ရတာနဲ့တင် အခုလိုအမေရိကားရောက်တာတန်တယ်လို့ ခပ်ကဲကဲပြောနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီလိုအင်္ဂလိပ်စာ နဲ့ အင်္ဂလိပ်လိုသင်တဲ့သင်္ချာကို သင်ယူဖို့ စိတ်ကူးယဉ်ခဲ့တာ ကျွန်တော် ( ၁၃ ) နှစ်သားကတည်းကပါ။ ဒီလိုနဲ့ ..
.
စကော့တလန်လူမျိုး သချာင်္ပါမောက္ခသင်တဲ့ သချာင်္အတန်းမှာ အထက်တန်းကျောင်းက ( ၁၄ ) နှစ်သားကျောင်းသားလေးတစ်ယောက် လာတက်တော့ ကျွန်တော်အံ့သြမိတယ်။ ကျွန်တော်တို့သင်သလိုသူလိုက်သင်တယ်။ အိမ်စာလည်း ကျွန်တော်တို့နဲ့အတူတူလိုက်လုပ်တယ်။ စဉ်းစားကြည့်တယ် .. သူ့အရွယ်နဲ့ကောလိပ်ကျောင်းနဲ့ဘာဆိုင်လို့လဲပေါ့။ ညပိုင်းမှောင်လောက်ကျမှစတဲ့အတန်းကို သူ့အဖေကလာပို့တယ်။ အတန်းပြီးတဲ့ ည ( ၉ ) နာရီလောက်ဆိုလည်း စိတ်ရှည်ရှည်လာကြိုတာပါပဲ။
.
.
နောက်မှသိရတာက အထက်တန်းပြီးရင်ယူရမယ့် သချာင်္သင်တန်းတွေကို စာလိုက်နိုင်တဲ့ကလေးကိုခုန်တက်ခွင့်ပေးတဲ့ AP – Advanced Placement Test အောင်လို့ရောက်လာတာဖြစ်တယ်။ ဆိုလိုတာက ဥပမာ - သူက ( ၁၂ ) တန်းမှာသင်ရတဲ့အတန်းဘာသာရပ်အားလုံးက သူ့သူငယ်ချင်းတွေနဲ့တူချင်တူမယ် .. ဒါပေမယ့် သချာင်္ကျတော့ ကောလိပ်အဆင့်ကို သူလိုက်နိုင်လို့ ကျောင်းကသချာင်္အချိန်မှာ အတန်းကြီးကိုသွားတက်ရတဲ့ပုံစံမျိုးပါ။ ( ၁ဝ ) တန်း၊ ( ၁၁ ) တန်း မှာ အမြင့်သချာင်္ ( ၁၂ ) တန်းက ရှိပေမယ့် ( ၁၂ ) တန်းရောက်လာတဲ့ဒီကျောင်းသားကတော့ ကောလိပ်မှာသင်္ချာဆက်သင်ရတော့တာပေါ့။

Friday, July 17, 2015

အမေရိကားမှာပျော်စရာ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
လွန်ခဲ့တဲ့ ( ၂ ) နှစ်ကလောက်ဆိုရင်တော့ ဒီလိုချောချောမွေ့မွေ့ပြောနိုင်လိမ့်မယ်မထင်ဘူး။ ရုန်းရ ကန်ရ ကုန်းထရနဲ့ လူလုံးကိုမလှတဲ့ဘဝကနေ အနေကြာလာတော့ နည်းနည်းသက်တောင့်သက်သာဖြစ်လာတယ်။ နောက်ပြီး ရေးသမျှစာတွေကို အမြဲဝေဖန်ပြသူများရဲ့မှတ်ချက်အရ “ နင်တို့ရေးလိုက်ရင် အမေရိကားက မကောင်းတဲ့နေရာကြီးကျနေတာပဲ။ မရောက်သေးသူတွေအတွက် အနှစ်နှစ်အလလကမက်ခဲ့တဲ့အိပ်မက်ဆိုတာ မမေ့နဲ့ဦးလေ။ သူတို့ကို အားလေးဘာလေး ပေးဦးမှပေါ့ ” ဆိုပဲ။ ဒါကြောင့် အမေရိကန်နိုင်ငံဘယ်လောက်ကောင်းတယ်ဆိုတာကို သမိုင်းပေးတာဝန်တစ်ရပ်အနေနဲ့ခံယူပြီး မျက်စိနောက်အောက်ရေးပြချင်တဲ့စိတ်ကူးတွေပေါ်လာမိတယ်။
.
.
အမေရိကားမှာ ဝယ်စရာအလွယ်ဆုံးက မော်တော်ကားပါ။ ကျွန်တော်လည်း အစက မယုံခဲ့ဘူး။ အဟောင်းဝယ်မလား .. မြို့ပေါ်လမ်းကြီးရဲ့ဘေးတွေမှာ စာကပ်ထားတယ်။ ဘယ်ကားကဘယ်ဈေးပေါ့ .. အခြေအနေကဘယ်လိုပေါ့ ရေးထားတယ်။ လိုချင်ရင် ဆက်ဖို့ဖုန်းနံပါတ်ရေးထားတဲ့ကဒ်ပြားကို ကားမှန်မှာကပ်ထားတယ်။ စိတ်ဝင်စားသူက ပိုင်ရှင်မရှိပဲလမ်းဘေးထိုးထားတဲ့ကားကိုကြိုက်ပြီဆို ဖုန်းဆက်၊ ဈေးမေး၊ ချိန်းချက်ပြီးညှိနှိုင်း ဒါဆိုရင် ကားတစ်စီးရပြီ။ တစ်ခြားအရောင်းဆိုင်တွေမှာဆို ဈေးပိုကြီးတယ်။ လမ်းမှာရပ်ထားတဲ့ကားဝယ်ရင်တော့ ကံတိုက်မှ ကားကောင်းရမှာ။ ဒါပေမယ့် ကားကြည့်ရတာပျော်စရာကောင်းတယ်။ ဒီလိုနည်းနဲ့ ကားအဟောင်းဝယ်ရင်တော့ ကိုယ်ကတော့ ကားအကြောင်းသိထားဖို့ လိုသပေါ့နော်။
.
ပြောရဦးမယ် .. ကားအသစ်ဝယ်ရတာ ပိုတောင်လွယ်သေး ..။ ငွေသာပါလို့ကတော့ ( အိုး .. ခရက်ဒစ်ကဒ်နဲ့ဝယ်မှာပေါ့ ) ကားကုမ္ပဏီ - Dealer တွေက ရောင်းပြီးသားပဲ။ အကြွေးဝယ်ချင်သေးလား ရသေးတယ်။ ဒါပေမယ့် အကြွေးကိုအချိန်မှန်မှန်ပြန်ဆပ်ပါ့မယ်ဆိုတဲ့ သမိုင်းသက်သေ - Credit Score ရှိရပါမယ်။ သူတို့ပေးတဲ့စာချုပ်မှာ လက်မှတ်တစ်ချက်ထိုးလိုက်တာနဲ့ ကားသော့ယူပြီးလမ်းပေါ်မောင်းထွက်လာလို့ရပါပြီ။

Saturday, July 11, 2015

နတ်ပြည်ရောက်သွားတဲ့ စတိဗ်ဂျော့ဘ်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
တစ်နေ့မှာ အဖေက သားကို အိမ်နောက်ဖေးက ခြံစည်းရိုးကို သစ်သားနဲ့ရိုက်ခိုင်းလိုက်တယ်။ သားဖြစ်သူက ခိုင်းတဲ့အတိုင်းလုပ်ပြီးတဲ့အခါ မောမောပမ်းပမ်းနဲ့ အိမ်ထဲပြန်ဝင်လာတယ်။ အဖေက “ သစ်သားခြံစည်းရိုး ရဲ့ အတွင်းပိုင်းကို ဘာဖြစ်လို့ မချောထားတာလဲ ” လို့မေးတယ်။ သား က
.
“ လူတွေက အပြင်ဖက်ကနေပဲ ကြည့်တာလေ၊ လှဖို့လိုလို့လား .. ဘယ်သူမှ မမြင်တာ ” လို့ ပြန်ပြောလိုက်တယ်။ အဲဒီမှာ သူ့အဖေပြောတဲ့စကားတစ်ခွန်းက လူတိုင်းချစ်တဲ့ပန်းသီးတစ်ခြမ်းကိုက်ရုပ်ပုံပါ လက်ပေါ်တင်ပစ္စည်းများ ထုတ်လုပ်ပေးခဲ့တဲ့ စတိဗ်ဂျော့ဘ် ကို တစ်သက်စာလုံး မှတ်မိသွားစေပါတယ်။
.
စတိဗ် ရဲ့ အဖေပြောတာက “ အတွင်းဖက်မှာအလှမလုပ်ထားလို့ ဘယ်သူမှမမြင်ပေမယ့် မင်း .. မြင်တယ်လေ  ” ဟူ၍ပဲ ဖြစ်ပါတယ်။
.
အထက်ပါ အဖြစ်အပျက်လေးကတော့ စတိဗ် ရဲ့ ကိုယ်ရေးအတ္ထုပ္ပတိကိုရေးတဲ့ စာရေးဆရာ ပြန်ပြောပြတဲ့ထဲက ကောက်နှုတ်ချက်တစ်ခုပါ။

Saturday, June 27, 2015

ကျွန်တော်ပြောပြမယ့် Pop Danthology

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကျွန်တော်က ပေါင်းစပ်ရေးသမားခင်ဗျ။ ပေါင်းစပ်ရေးဆိုလို့ အလုပ်မဖြစ်တဲ့နိုင်ငံရေးဆွေးနွေးမှုကြီးလို၊ မဟုတ်ကိုအဟုတ်လုပ်တဲ့ဟောလီဝုဒ်လို ဟိုပေါင်းဒီပေါင်းမလုပ်ပါဘူး။ ကျွန်တော်ပေါင်းလိုက်တာကို လူကြိုက်ရမယ်  .. နားဝင်ချိုရမယ် .. မျက်စိပသာဒကျ လှပရမယ်။ ပြီးသွားရင် နှလုံးသားထဲမှာ စွဲငြိသွားရမယ် .. ကောင်မလေးတွေရော ကောင်လေးတွေရော အားလုံးပေါ့..။ ပြီးတော့ တစ်နှစ်ကုန်လို့ နှစ်သစ်ကူးပြီဆိုတာနဲ့ ကျွန်တော့ရဲ့ပြန်ပေါင်းထုတ်ဆိုလို ကို စောင့်နေသူတွေ စောင့်ရကြိုးနှပ်စေရမယ်။ ဖြစ်ရမယ်လေ .. ဒါတွေက ကျွန်တော့နှလုံးသားထဲကလာတာပဲ။ Heart ထိတဲ့သီချင်းလေးတွေတော့ဖြစ်ရမှာပေါ့။
.
Pop Danthology တစ်ခုဖြစ်လာဖို့ ကျွန်တော် နာရီ ( ၁၈ဝ ) ကျော် အလုပ်လုပ်ရပါတယ်။ သီချင်းစစုဖို့ဆို ဇန္နဝါရီလမှာ လုပ်ရပြီ။ တစ်နှစ်ပတ်လုံး ကျွန်တော်ဘယ်ရောက်ရောက် သီချင်းတစ်ပုဒ်ကောင်းတာကြားပြီဆို စာအုပ်ထုတ်ပြီးမှတ်ရပြီ .. လိုက်နားထောင်ရပြီ။ ပန်းကန်ဆေးနေရင်း၊ ကားမောင်းနေရင်း၊ တစ်ခုခုလုပ်နေရင်း လက်ကိုင်ဖုန်းထုတ်ပြီး အသံသွင်းထားရပြီ။ တစ်ခါများကဆို ကျွန်တော့ချစ်သူကိုနမ်းနေတုန်း ဘေ့စ်ကောင်းကောင်းလေးသီချင်းလေးကြားတော့ “ အချစ်ရေ .. ဒီနားမှာခဏစောင့် ” ဆိုပြီး သီချင်းသံကို ဖုန်းနဲ့အသံသွားသွင်းလိုက်တာ ကောင်မလေးက မိုးရွာထဲမှာ ကျန်ခဲ့လို့ဗျာ .. ဒုက္ခရောက်တော့မလို့။ ဒါအဆင့်ကတော့ သီချင်းရှာတယ်ပေါ့ဗျာ။
.
.
ဒုတိယအဆင့်မှာတော့ သီချင်းစု - Gathering လုပ်တဲ့အလုပ်ကိုလုပ်ရတယ်။ စက်တင်ဘာလရောက်ပြီဆိုရင် ရှာထားတဲ့သီချင်းအားလုံးကို စာရင်းလုပ်ပြီး ဒေါင်းလော့ဒ်လုပ်ဖို့ရှာရတယ်။ အဲဒီမှာ ခြေဆင်းသီဆိုမှု ( တီးလုံးမပါဆိုသံချည်း ) – Acapella နဲ့ တူရိယာသံ - Instrumentals တွေဆိုပြီး ခွဲရှာရတယ်။ ဒီကိစ္စတွေပြီးမြောက်ဖို့ နာရီ ( ၃ဝ ) ထိုင်လုပ်ရတယ်။ ဒီအဆင့်ကို ကျွန်တော်မကြိုက်ဆုံးပဲ။ ဘာဖြစ်လို့လဲသိလား .. ပြောပြီးပြီလေ .. ကျွန်တော်ကျွမ်းကျင်တာက ပေါင်းစပ်တာလို့ .. အခုဟာက သီချင်းသံ၊ အဆိုသံ၊ Chorus အပိုဒ်ဆိုသံတွေ အရည်အသွေးမကောင်းမချင်း ကျွန်တော့ရဲ့ ဝါသနာက ဆွဲယူခွင့်မပြုဘူးလေ။
.
အဲ .. ကျွန်တော်လိုချင်တဲ့ Quality ရပြီဆိုရင်တော့ အစိတ်အပိုင်းတွေကို ပြန်စုစည်း - Organizing လုပ်ဖို့အချိန်ကျပြီ။ Tempo ၊ PPM နဲ့ခွဲပြီး မတူညီတဲ့သီချင်းတွေကို စည်းသံဝါးချက်မပျက်ပေါင်းစပ်လို့ရမယ့်သီချင်းတွေကို စာရင်းလုပ်ပါတယ်။ Pop Danthology တစ်ခုဖြစ်လာဖို့ စည်း-ဝါး သာမက အသံနေအသံထားဟာမိုနီ - Harmony ပါ ကိုက်အောင် ရှာရပြန်တယ်။ တစ်ကယ်လို့ဗျာ .. သီချင်း ( ၂ ) ပုဒ်က ကီး - Key မတူပဲရောလိုက်ရင် တော်တော်နားကလောမယ့်ကိစ္စပဲလေ။

Friday, June 19, 2015

ဂုဏ်ထူးများနဲ့အောင်တဲ့ဆယ်တန်းကျောင်းသား အမေရိကားရောက်တဲ့အခါ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
သားသမီးကိုယ်တိုင်စာတော်တဲ့အခါ ဒါမှမဟုတ် မိဘတွေကမတရားတွန်းတဲ့အခါ မြန်မာနိုင်ငံက ကျောင်းသားတွေဟာ ဂုဏ်ထူးထွက်ကြပါတယ်။ ( ၇၅ ) မှတ်၊ ( ၈ဝ ) မှတ် စသဖြင့် အမှတ်ပေးပေတံနဲ့တိုင်းကြတယ်။ အမေရိကားအခြေခံပညာကျောင်းတွေမှာတော့ ကျရှူံး - F ( 0-69 ) ကနေ ရှယ်ထူးချွန် - A+ ( 99-100 ) အထိတင်မကပဲ အပိုအမှတ်ဇယား - Extra Credit ( 102-103 ) အထိပေးတတ်ကြတယ်။ ဒါမှလည်း ဥာဏ်ကောင်းပြီး ကြိုးစားတဲ့ကျောင်းသားတွေအတွက် ခေါင်မိုးထက်မြင့်တဲ့နေရာကိုတက်ပြီး ဂုဏ်ယူနေခွင့်ရှိနေမှာကိုး..။
.
ဒီဂုဏ်ထူးမှတ်တွေကို အမေရိကားကျောင်းမှာ ဘယ်လိုအသုံးဝင်ပါသလဲ တွေးကြည့်မိတယ်။ အားမနာတမ်းပြောရရင် အဲဒီဂုဏ်ဒြပ်ကို တစ်နေရာကလွဲရင် “ နေရာတိုင်းမှာ ယူငင်သုံးစွဲဖို့ ခက်ပါတယ် ” ။ ဒီလိုပြောလိုက်လို့ မိဘများ နဲ့ ဂုဏ်ထူးများပိုင်ရှင် စာကြိုးစားတဲ့ ကျောင်းသားတွေ စိတ်ဓါတ်ကျစရာမဟုတ်ပါ။ မိမိကလေး ( ၁၂ ) တန်းရောက်လို့ အခြေခံပျမ်းမျှအမှတ်ပေးဇယား - GPA ( Grade Point Average ) တည်ဆောက်တဲ့အခါ ကျောင်းသားရေးရာအကြံပေးအရာရှိ - Counselor က ပညာသင်မှုသမိုင်းကို တည်ဆောက်ပေးရပါတယ်။ ဒီအခါမှာ ကလေးရဲ့ဂုဏ်ထူးမှတ်တွေကို နားလည်အောင်ရှင်းပြပေးရင် ကောင်းမွန်တဲ့ GPA နဲ့ တက္ကသိုလ်တိုက်ရိုက်တက်ဖို့အခွင့်အလမ်းရှိလာနိုင်တယ်။
.
.
ဒီဘက်နိုင်ငံကိုထွက်ဖို့လုပ်တဲ့အခါ နိုထရီပတ်ပလစ်ပြန်တဲ့အလုပ်တွေ လုပ်ကြရပါတယ်။ အထူးသဖြင့် ရန်ကုန်ဘားလမ်း နဲ့ ကမ်းနားလမ်းတစ်ဝိုက်မှာ ကိုယ်တိုင်သွားရောက်လုပ်ကိုင်ရင် အလွယ်ကလေးပါ။ ရှေ့နေရှေ့ရပ်နဲ့ဆိုရင်တော့ သူ့နေရာနဲ့သူ ဝန်ဆောင်ခတွေ၊ အကျိုးဆောင်ခတွေ ရှိတတ်တာ သတိထားရပါမယ်။ ကျောင်းသားရဲ့ ( ၁ဝ ) တန်းအောင်လက်မှတ်ကိုမဖြစ်မနေယူဆောင်ခဲ့ရမှာဖြစ်သလို နိုထရီပြန်ခဲ့ဖို့ အရေးကြီးပါတယ်။ အမှတ်စာရင်း နဲ့ မွေးစာရင်းလည်း မေ့လို့မဖြစ်ပေဘူးပေါ့။

Friday, April 17, 2015

အဝတ်လျှော်သောလက်ဖြင့် ပညာရေးကိုမြှင့်တင်အံ့

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
အမေအိုဟာ အသက် ( ၈၇ ) နှစ်ရှိတဲ့ပုံစံမပေါ်၊ သွက်လက်ပေါ့ပါးစွာ ဘဏ်ထဲကို လှမ်းဝင်လိုက်တယ်။ ဈေးသွား အလုပ်သွားသလိုပဲ သူမ မပျက်မကွက်ရောက်နေကျနေရာပေမို့ ဘဏ်ကလည်း သူ့ကို အမေကြီးလို့ သိနေပါပြီ။ ဘဏ်ဝန်ထမ်းလေးက စပြီး နှုတ်ဆက်တယ် ..

“ အမေ .. နေကောင်းလား ”

“ ကောင်းပါတယ်  သားရယ်။ မင်းတို့တတွေရော နေကောင်းကြတယ်မလား? ” လို့ ဖြေညှင်းစွာ ပြန်ဖြေလိုက်တယ်။ ဘဏ်ဝန်ထမ်းလေးက ဆက်ပြီး ,,

“ အမေ့ဘဏ်စာရင်းထဲမှာ ငွေဘယ်လောက်ရှိနေပြီလို့ အမေထင်သလဲ ” လို့ ကောက်ခါငင်ခါ မေးလိုက်တယ်။

“ မသိပါဘူးကွယ် ” လို့ ထူးခြားမှုမပြတဲ့ အသံလေးနဲ့ အမေ ပြန်ဖြေတယ်။ ပြီးတော့ တစ်ဆက်တည်း

“ ဒါဆိုလည်း ပြောပြလေ .. ဘယ်လောက်ရှိနေပြီလဲ ” လို့ အေးဆေးစွာ ပြန်ပြောတယ်။

Thursday, April 16, 2015

ကမ္ဘာဂြိုဟ်အတွက်ဂုဏ်ယူထိုက်သည့် Apple ၏ လုပ်ရပ်

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ဒီတစ်ခေါက်တော့ Apple ရဲ့ ကောင်းကြောင်းမပြောခင် “ ထိန်းသိမ်းစောင့်ရှောက်ရေးရံပုံငွေအဖွဲ့ - The Conservation Fund ” အကြောင်း အရင်ပြောမှ ခေါင်းစဉ်ရဲ့လိုရင်းကို ရောက်ပါလိမ့်မယ်။ The Conservation Fund  အဖွဲ့ဟာ တည်ထောင်သက်တမ်း ( ၃ဝ ) နှစ်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ဖြစ်ပြီး ရှေ့ပိုင်းတစ်ခြားအဖွဲ့တွေနဲ့မတူတဲ့ ခံယူချက်ကတော့ သဘာဝမြေလွတ် မြေရိုင်းတွေကို မတိမ်ကောစေအောင် ထိန်းသိမ်းစေရုံမက အဲဒီမြေတွေပေါ်ကနေ စီးပွားရေးအရသော်၎င်း၊ လူမှုပတ်ဝန်းကျင်ကိုသော်၎င်း ပြန်လည်အကျိုးပြုနိုင်အောင် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အသေးစိတ်သိနိုင်ရန် ( www.conservationfund.org ) မှာ ဖတ်ရှုပါ။
.
သူတို့အဖွဲ့သမိုင်းမှာ အထူးခြားဆုံးလုပ်ဆောင်နိုင်ခဲ့တာတစ်ခုကိုပြပါဆိုရင်တော့ လူတိုင်းလက်ဖျားမှာ မပါရင်မဖြစ်သလောက် ဆက်သွယ်ရေးကိရိယာ iPhone ထုတ်လုပ်သူ Apple ကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းမှာ ပါဝင်လာအောင် ဆောင်ရွက်နိုင်ခဲ့တာပါပဲ။ ဟုတ်ပါတယ် .. လက်ရှိမှာ ပန်းသီးကုမ္ပဏီ - Apple ဟာ အမေရိကန်အစိုးရဘတ်ဂျက်ထက်တောင် ငွေပိုနေသူပါ။ ဒါကြောင့် တစ်ဖက်က လုပ်ပုံကိုင်ပုံသိတယ်၊ လူသားအကျိုးပြုလုပ်ငန်းတွေလုပ်တယ်၊ ရံပုံငွေလိုတယ်။ နောက်တစ်ဖက်က ငွေယားလေး ပိုနေတယ်၊ အလိုလိုနေရင်းကို ပန်းသီးချစ်သူများက ငွေကြိုပေးပြီး အသစ် အသစ်တွေကို တောင်းဆိုနေကြတယ်။ အခုလို “ အလို ”  နဲ့ “ အပို ” လက်တွဲမိသွားတဲ့အချိန်မှာ ကမ္ဘာမြေကြီးဟာ ပိုမိုစိုပြေဖို့ အကြောင်းဆုံလာခဲ့ပြီ ဖြစ်ပါတယ်။
.
.
---- ပန်းသီးဟာ ဥရောပမှာ ( ၂ ) နိုင်ငံခွဲပြီး ဒေတာဗဟိုဋ္ဌာန - Data Center ( ၂ ) ခု တည်ဆောက်နေပါတယ်။ ဒေါ်လာ သန်း ( ၁၉ဝဝ ) သုံးစွဲထားတဲ့ ဒီနေရာတွေ တည်ဆောက်ပြီးသွားရင် ပန်းသီးရဲ့အွန်လိုင်းဆားဗစ်တွေဖြစ်တဲ့ iTune Store ၊ App Store ၊ iMessage ၊ Maps နဲ့ Siri စတာတွေ သုံးစွဲနေတဲ့ ဥရောပသားတွေအတွက် ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပေးသွားနိုင်မှာ ဖြစ်ပါတယ်။ ဘတ်ဂျက်ငွေကို အိုင်ယာလန် နဲ့ ဒိန်းမတ် တို့ အတွင်း အညီအမျှ ခွဲဝေသုံးစွဲသွားဦးမှာပါ။ ဥရောပတခွင် ပန်းသီးက ဖွင့်ပေးတဲ့အလုပ်အကိုင်အခွင့်အလမ်းတွေ ပွင့်လန်းလာမှာဖြစ်လို့ အားလုံးက ဝမ်းပန်းတသာ ကြိုဆိုကြပါတယ်။ အိုင်ယာလန်အစိုးရကဆိုရင် ပန်းသီးကခန့်ပေးမယ့် သူ့နိုင်ငံသား ဝန်ထမ်း ( ၃ဝဝ ) ဟာ သူ့နိုင်ငံကြုံတွေ့နေရတဲ့ အလုပ်လက်မဲ့နှုန်းကို ( ၁ဝ% ) အောက် ချပေးနိုင်မယ့် ကယ်တင်မှု လို့ ချီးကျူးပြောဆိုရတဲ့အထိ ပန်းသီးဟာ တန်ခိုးထွားပါတယ်။

Wednesday, January 14, 2015

ဗိုက်မဝသူ နဲ့ ဝိတ်ချသူ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
စားပြီးရင်အိပ်၊ အိပ်ယာထပြီးအလုပ်သွား၊ ( ၂ ) နာရီခြားတစ်ခါစား ဒီလိုနဲ့ လှုပ်ရှားမှုမရှိတဲ့ လေဘော်လုံးလို ခန္ဓာကိုယ်ကြီးလည်း ပျော့တွဲတွဲဖြစ်ခါ ဝမ်းဗိုက်လဲ ရွှဲလာတော့ အိမ်က အချစ်ဆုံးမန်နေဂျာက “ တော့် ဗိုက်ကြီးလည်းကြည့်ဦး ” တဲ့။ ဒါနဲ့ တစ်ခွန်းပဲ ပြန်ပြောလိုက်တယ် “ ( ၄ ) လပဲစောင့် ” လို့။ ဟုတ်ပါတယ် .. ဝိတ်ချရတော့မယ်။ စိတ်ပါလို့ ကမ်းစပ်ဖက်ပြေးတာ သူ့ကိုပြောထားတဲ့ ( ၄ ) လ အတွင်းမှာ ပြေးခဲ့တာက ( ၄ ) ခေါက်ထဲရယ် .. ဘယ်လိုလုပ် ဝိတ်ကျပါ့မလဲ။ ဒါက ဝိတ်ချချင်တဲ့သူ။
.
 တစ်နေ့တော့ မနက်ပိုင်း စွမ်းကိုကျောင်းပို့ပြီး အစ်မအိမ်နားက စကားကွင်းငယ်လေးကိုပတ်ပြေးတုန်း ကားဖြူလေးတစ်စီးထိုးရပ်လာတယ်။ ကားအမျိုးအစားက တိုယိုတာ ကိုရိုလာ CE-96၊ ရန်ကုန်မှာတော့ လီမိတက်ဖင်ပြတ်ခေါ်တာပေါ့။ ဒါမျိုးကားကို အမေရိကားမှာ ဒေါ်လာ ( ၂၈ဝဝ ) လောက်ပေးရင် ဝယ်လို့ရပြီ။ အဓိကပြောချင်တာက ကားမဟုတ်ဘူး .. ကားနောက်ခန်းမှာပါလာတဲ့ ခွေးအဖြူသေးသေးလေးနဲ့ ကားမောင်းတဲ့အဖိုးကြီး။ ဒီလိုမနက် ချမ်းချမ်းစီးစီးကို ဒီလိုပန်းခြံထဲလာတဲ့လူက ( ၂ ) မျိုးပဲရှိတယ် .. လမ်းတစ်ပတ်လျှောက်ပြီးလို့ အကြောလျှော့၊ အိမ်ပြန်တော့မယ့်သူနဲ့ ကလေးတွေကို ကစားကွင်းလာပို့တဲ့သူ။ ဒီကားလေး ပါကင်မှာထိုးလိုက်တဲ့အခါကျတော့ ကားထဲက ရေနွေးငွေ့မြူခိုးလေးတွေတက်လာတယ်။ ကားကပူလို့ထင်တယ် လို့ အစကတွေးမိတာပေါ့။ နောက် .. သေချာကြည့်လိုက်တော့ ..
.
ကားပိုင်ရှင် နဲ့ ခွေးလေး တို့ဟာ အခုမှ အိပ်ယာကထ တာပါ။ ဘို အဖိုးကြီးက ဦးထုပ်ကြီးဆောင်းလို့ မျက်နှာမှာလည်း မုတ်ဆိတ်မွှေးတွေ ထူလပျစ်နဲ့ ( ၁၅ ) ရက်လောက် ရေမချိုးရတဲ့ အနေအထားမျိုးလို့ ယူဆမိတယ်။ ပြီးတော့ သူတို့ကားထဲမှာ အိမ်တစ်ဆောင် မီးတစ်ပြောင်လို လိုတာအကုန်ပါတာ တွေ့ရတယ်။

Monday, October 6, 2014

ပုဂံဘုရားပေါ်မှာ အတွေးရသွားတဲ့ လူငယ်လေး

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
၂ဝ၁၂ ခုနှစ်တုန်းက ပုဂံဘုရားပေါ်မှာထိုင်နေတဲ့ လူငယ်လေးတစ်ယောက်က “ ငါဟာ ကလေးဘဝထဲမှာ နေနေတာပဲ။ ဘာကြောင့်ငါတစ်ယောက်တည်းဖြစ်နေတာလဲ ” လို့ တွေးတယ်။ ဖြတ်ကနဲ ဝင်လာတဲ့ ဒီအတွေးဟာ သူ့ရဲ့ Phroogal အင်တာနက်စာမျက်နှာ ကို လွှင့်တင်ဖို့ မျိုးစေ့ဖြစ်ခဲ့တယ်။
.
သူ့ရဲ့ဝဘ်ဆိုဒ်က ငွေကြေးစီမံခန့်ခွဲမှု မှားယွင်းတာကြောင့် ကမ်းကုန်နေပြီး ထွက်ပေါက်မရှိဖြစ်နေသူတွေကို ကမ္ဘာတစ်လွှားလူအင်အား - Crowdsources အရင်းအမြစ်တွေသုံးပြီး ကူညီဖြေကြားပေးတဲ့ အလုပ်ကို လုပ်ပေးတယ်။ ဒီအဖြေတွေကြောင့် ဘဝပျက်နေသူတွေ၊ အကြံတုံး ဥာဏ်တုံး လူ့ဇာတ်ခုံအောက်က လူတွေကို စင်ပေါ်ပြန်တင်ပေးနိုင်ခဲ့တဲ့အထိ မှတ်ကျောက်တင်ပေးနိုင်ခဲ့တယ်။ သူ့နာမည်က ဂျေဆန်ဗစ်တပ် - Jason Vitug ဖြစ်ပါတယ်။
.
.
ဗစ်တပ် ဟာ သူ့ခရီးစဉ်ပြီးတဲ့နောက် “ ပုဂံဘုရားပေါ်မှအတွေး ” အမြင်သစ်တွေကို လူသားတွေ ကိုယ်စီကိုယ်င ပိုင်ဆိုင်နိုင်အောင် စီစဉ်တယ်။ ဖိလစ်ပိုင်၊ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ လာအို၊ အရှေ့တီမော နဲ့ ဘီလာရုနိုင်ငံတွေကို ခရီးပတ်ထွက်ရင်း “ ဒီနိုင်ငံတွေကို ဖြတ်သန်းခဲ့ပြီးတဲ့နောက်မှာ ကိုယ်ပိုင်ငွေသုံးစွဲပုံ ဘဏ္ဍာရေးအခြေအနေအပေါ် ကျွန်တော့အမြင်တွေ ကွာလာတယ် ” လို့ ဗစ်တပ် က ဆိုတယ်။
.
သူဖြတ်သန်းခဲ့တဲ့ အတွေးသစ် အမြင်သစ် ဘဏ္ဍာရေးသင်ခန်းစာ  Financial Lessons ( ၁ဝ ) ခု ခေါင်းစဉ်ထုတ်ထားပါတယ်။ ခရီသွား Photo Album ထဲက အဓိက ( ၂ ) ပုံကိုပါ ဖော်ပြပေးလိုက်ပါတယ်။

Monday, September 22, 2014

ဘီလျံနာတွေမွေးထုတ်ပေးတဲ့ ထိပ်တန်းတက္ကသိုလ် ( ၂ဝ )

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ကမ္ဘာမှာ တစ်ခြားတက္ကသိုလ်တွေထက်စာရင် ဘီလျံနာတော်တော်များများဟာ ပင်ဆန်ဗေးနီးယားတက္ကသိုလ် ကို တက်ရောက်ခဲ့ကြတယ်ဆိုတာ Wealth-X ရဲ့ ဘီလျံနာစာရင်း အရ သိရှိရပါတယ် ( ၂ဝ၁၄ )။
.
.
အမေရိကန်နိုင်ငံကိုတည်ထောင်သူ ဖခင်ကြီး ဘန်ဂျမင် ဖရန်ကလင် ပနက်ရိုက်ခဲ့တဲ့ University of Pennsylvania မှာတင် ( ၂၅ ) ဦးသော ဘီလျံနာတွေ ပေါ်ထွန်းခဲ့တယ်။ တစ်ခြား မတိမ်းမယိမ်းကိန်းဂဏန်းတွေနဲ့နောက်ကလိုက်နေတဲ့ တက္ကသိုလ်တွေကတော့ ဟားဗတ် က ( ၂၂ ) ဦးနဲ့ ယေးလ် က ဦးရေ ( ၂ဝ ) စီ ဖြစ်ကြတယ်။
.
.
အောက်မှာ ဘီလျံနာတွေကို မွေးထုတ်ပေးလိုက်တဲ့ တက္ကသိုလ်စာရင်းနဲ့ ဦးရေတို့ကို ပူးတွဲတင်ပြလိုက်ပါတယ်။

Apple ရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့သော ( ၁၉ ) နှစ်ကျောင်းသား

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
လွန်ခဲ့တဲ့သီတင်းပတ်က ကိုယ်ပိုင်နည်းပညာကုမ္ပဏီသစ် ထူထောင်ဖို့ နာမည်ကြီး ကွန်ပျူတာသိပ္ပံကျောင်းတက်ခွင့်ကို ကျောခိုင်းခဲ့တဲ့ ( ၁၉ ) နှစ်ကျောင်းသားရဲ့ အမည်က ဂျွန်မေယာ ဖြစ်ပါတယ်။ ပထမတော့ သူမိဘတွေက သဘောမကျကြဘူး။ အကြောင်းက သူတက်နေတဲ့ အထင်ကရ နယူးယောက်တက္ကသိုလ်မှာ သူ့အမေက ပါမောက္ခတစ်ဦးဖြစ်နေတာကြောင့်လဲ ဖြစ်ပါတယ်။
.
.
နောက်ဆုံးမှာတော့ သားရဲ့ဆန္ဒကို မလွဲမရှောင်သာ ပါရမီဖြည့်ပေးမယ့်လမ်းကို ရွေးခဲ့ကြတယ်။ မေယာ ဟာ လွတ်လပ်စွာ တစ်သီးပုဂ္ဂလ ဆော့ဝဲရေးသားသူ ပရိုဂရမ်မာတစ်ဦးဖြစ်ရုံမက ( ၂ဝဝ၈ ) ခုနှစ်၊ အထက်တန်း ( ၉ ) တန်းကျောင်းသားဘဝကတည်းက App တွေကို ရေးလာခဲ့တဲ့အပြင် ပရိုဂရမ်ဆွဲ ဘာသာစကားဖြစ်တဲ့ Programming Language Objective-C ကို စတင်လေ့လာခဲ့သူဖြစ်တယ်။ အဲဒီအချိန်ကစပြီး မေယာတစ်ယောက်ဟာ ဘယ်သူမှမသိပဲ ကိုယ်ပိုင်ဝင်ငွေရှိနေခဲ့တယ်။
.
.
မေယာက “ ငွေနဲ့ပတ်သက်လို့ ကျွန်တော်ကံကောင်းခဲ့တယ်လို့ ဆိုရမလားပဲ။ စလုပ်ပြီး ( ၁ ) နှစ်အတွင်းမှာ ကျွန်တော်ကိုယ်ပိုင် ငွေရှာရပ်တည်နိုင်ခဲ့တယ် ” လို့ ပြောပြတယ်။

Wednesday, August 20, 2014

Myan de Cologne

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
နယ်မြေသစ်မှာ ကားလိုင်စင်ဖြေပြီးသိပ်မကြာဘူး ကျွန်တော်အချိန်ပိုင်းအလုပ်ရတယ် (၂ဝဝ၉)။ Netflix အွန်လိုင်းခွေငှားကုမ္ပဏီရဲ့ DVD ခွေသန့် ခွေကောင်း ပြန်ရွေးပေးရတဲ့အလုပ်ပါ။ ငှားကြည့်သူတွေ ပြန်ပို့လာတဲ့စာအိတ်နီတွေထဲကခွေကိုထုတ်၊ အစင်းရာ ခြစ်ရာ ပါမပါစစ်၊ အတန်းအစားခွဲပြီး သင့်တော်ရာ ဂျပ်ဖါခွံလေးထဲပြန်ထည့် စသည်ဖြင့်လုပ်ပေးရတယ်။

နောက်ပြီး ခွေပေါ်မှာရေးထားတဲ့ရုပ်ရှင်ကားနာမည် နဲ့ စာအိတ်ပေါ်ကနာမည်ကိုက်မကိုက်စစ်ဆေးပြီးသွားတဲ့ခွေတွေကို ဂျပ်ဖါထဲစီပြီးပြန်ထည့်ရတယ်။ ပြီးတဲ့ဂျပ်ဖါတွေ သိမ်းဖို့နဲ့ နောက်ထပ်စာအိတ်တွေလာပို့ဖို့အလုပ်ကို မက္ကဆီကိုနိုင်ငံသား (ချစ်စနိုးနာမည် - ပဲစား) တစ်ယောက်က လှည်းတစ်စီးနဲ့လှုပ်ရှားပါတယ်။

ဒီလူမလာခင်အဝေးကနေကျွန်တော်တို့ဗမာလုပ်သားတစ်သိုက်သိနေပါပြီ။ သူ့ရဲြ့ပင်းရှလွန်းတဲ့ ပြင်သစ်ရေမွှေး အော်ဒီကလုံးအနံ့လေးရတယ်ဆိုရင်ပဲ "တင်ပေးရန်" ၊ "ပြန်ယူထားရန်" ခွေဂျပ်ဖါတွေကို အဆင်သင့်လုပ်ထားပြီးနေပြီ။

သူတကာတွေ အာပုတ်ရည်အရွှဲသားအိပ်မောကျနေတဲ့အချိန်အလုပ်လုပ်ရတဲ့အမေရိကားရောက်ခါက လပိုင်းသား ကျွန်တော်တို့ရဲ့အလုပ်ရှားပါးတုန်းကဘဝ‌တွပါ။ မနက် (၃) နာရီထလုပ်ရတဲ့အလုပ်ဖြစ်နေတော့ ဘယ်သူမှရေချိုးလာဟန်မတူပါဘူး။ ဒီတော့ လူတွေ လူတွေဆိုတာ အနံ့အသက်ပေါင်းစုံတဲ့ ပန်းရဂုဏ်ခြံကြီးဖြစ်နေတော့တာပေါ့။

Thursday, July 31, 2014

အင်တာနက်သုံးမယ်လေ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )

.
---- အမေရိကားကို ရန်ကုန်ကရောက်လာသူတွေအကြိုက်ဆုံးက မီးမပျက်တာ နဲ့ ခြင်မကိုက်တာအပြင် အင်တာနက်လည်း အပါအဝင်ပါ။ အိမ်ရှင်က လက်တော့တစ်လုံးထုတ်ပေးတဲ့အခါ အစ်ကိုကြီး ဘယ်အပြင်မှ မသွားချင်လောက်အောင် တွီဗီဂိမ်း နဲ့ တရုတ်ကားဇာတ်လမ်းတွဲတွေကို အစွဲကြီး စွဲနေပါတော့တယ်။ 
.
.
---- တစ်ရက်မှာ အစ်ကိုကြီးတို့လင်မယားကို ဆန်ဖရန်စစ္စကိုကြိုးတံတား - Golden Gate Bridge လိုက်ပို့ဖို့ အိမ်ရှင်တွေက စီစဉ်ပါတယ်။ ကွန်ပျူတာတစ်လုံး နဲ့ အလုပ်ရှုပ်နေတဲ့ အစ်ကိုကြီးက မလိုက်ချင်လို့ အင်တင်တင်ဖြစ်နေတယ်။ ငြင်းမရတဲ့အဆုံး အခန်းထဲဝင်ပြီး ကျောပိုးအိတ်တစ်လုံးနဲ့ သူလိုတာတွေထည့်ပြီး လိုက်လာခဲ့တယ်။ ဘာတွေထည့်လာတယ်ဆိုတာတော့ ဘယ်သူမှမမြင်လိုက်ပါ။ ကြိုးတံတားလည်းရောက်ရော အားလုံးဆင်းပြီး ဓါတ်ပုံရိုက်ကြမယ် ဆိုတဲ့အချိန် အစ်ကိုကြီးက
.
“ ဟာ .. ငါမလိုက်ချင်ဘူး၊ ဓါတ်ပုံလည်းမရိုက်ချင်ဘူး၊ နင်တို့ဘာသာနင်တို့ အေးဆေးသွားကြ ” ဆိုပြီး ပြောပါတယ်။
.
 “ မဟုတ်သေးဘူးလေ၊ အစ်ကိုကြီးတို့ကို လိုက်ပို့တာ၊ ကျွန်တော်တို့က ရောက်ဖူးတယ် ” လို့ အိမ်ရှင်က ချော့ရှာပါတယ်။
.
ဒီအခါမှာ အစ်ကိုကြီးက “ ငါမလိုက်တော့ဘူး၊ ကားထဲမှာပဲ စောင့်နေမယ်၊ ငါ ဒီမှာ လုပ်စရာရှိတယ် ” လို့ ပြန်ပြောလိုက်ပါတယ်။
.
“ ကားထဲမှာ ဘာလုပ်နေမှာတုန်း ” ဆိုပြီး ဝိုင်းမေးကြတဲ့အခါ အစ်ကိုကြီးက မနေသာတော့ပဲ ကျောပိုးအိတ်ထဲက သူသယ်လာတဲ့ ပစ္စည်းတွေကို ထုတ်ပြပါတယ်။
.
လက်တော့ တစ်လုံး နဲ့ အားသွင်းကြိုးတစ်စုံ ဖြစ်နေပါတယ်။
.
 “ အစ်ကိုကြီးက ကြိုးတံတားမှာ လက်တော့နဲ့ ဘာလုပ်မလုပ်တုန်း ” ဆိုတဲ့အမေးကို စိတ်မရှည်စွာနဲ့ပဲ “ အင်တာနက် သုံးမယ်လေ ” လို့ ပြန်ဖြေလိုက်တဲ့အခါမှာ အားလုံးက ဝါးလုံးကွဲရယ်မိလိုက်ကြပါတယ်။
.
---- ဒီလိုနဲ့ အင်တာနက်ဆိုတာ ကြိုးနဲ့ချိတ်ဆက်ရင်ဆက်၊ မဟုတ်ရင် ကြိုးမဲ့လွှင့်တဲ့ ဝိုင်ဖိုင် - Wi Fi ရှိမှ သုံးလို့ရတယ်ဆိုတာ မသိတဲ့ အစ်ကိုကြီးတစ်ယောက် “ ဟင်း ” ကနဲ သက်ပြင်းချပြီး “ ဒီလိုမှန်းသိရင် ငါအိမ်မှာ နေခဲ့ပါတယ်ကွာ ” လို့ ညည်းညူလိုက်ကာ ဆန်ဖရန်စစ္စကို တံတားနဲ့ အဲဒီနေ့မှာလှပစွာရိုက်ထားတဲ့ ဓါတ်ပုံတွေကို ရန်ကုန်ကို ပြန်သယ်သွားနိုင်ခဲ့ပါတော့တယ်။
.

koko2yeye@gmail.com

" အင်တာနက်သုံးမယ်လေ " စာမူသည် ၂ဝ၁၄ သြဂုတ်လ ( ၂ ) ရက်နေ့ ၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၄၅ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။

Download Link : http://www.mediafire.com/download/hj7tc671czxp7cl/Vol._3,_No._45.pdf