ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, September 13, 2014

ကင်ဆာဝေဒနာသည် Labrador Retriever

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
ပုံထဲက ခွေးလေးကို တွေ့ခဲ့တာ ဒီနေ့မနက် အဝတ်လျှော်သွားတုန်းကပေါ့။ ဘိုမ တစ်ယောက်က အဝတ်ခြင်းတောင်း ( ၂ ) ခု ကို အဝတ်လျှော်စက်တွေနား လာထားရင်း ကားထဲမှာ ကလေးကျန်သေးတယ်လို့ တစ်ယောက်ထဲပြောနေသံ ကြားရတယ်။ သူ ကားနားပြန်သွားပြီး ခေါ်လာတာ ခုနကပြောတဲ့ သူ့ကလေးက လူမဟုတ်ပဲ အိမ်မွေး Labrador Retriever ခွေး အမျိုးအစား ဖြစ်နေပါတယ်။
.
.
ခွေးလေးကလည်း သူ့သခင်ထိုင်ဆိုတဲ့နေရာထိုင် လှဲဆိုတဲ့နေရာလှဲ စကားနားထောင်တဲ့ပုံပါပဲ။ စကားမစပ် ခွေးအမျိုးအစားကို အင်္ဂလိပ်လို Breed လို့ခေါ်ပါတယ်။ တွေ့ရဖန်အများဆုံးခွေးထဲမှာ ဒီအမျိုးအစားပါပါတယ်။ အလွယ်တကူ Labrador လို့ခေါ်သလို အတိုကောက် Lab လို့ခေါ်သူတွေလဲ ရှိတယ်။ ဒီခွေးအမျိုးအစားဟာ အားကစားခွေးလို့တင်စားလေ့ရှိတယ်။ တစ်နည်းအားဖြင့် ကစားမက်တယ်။ သင်ပေးရလွယ်ကူသလို လူကြီးသူမတွေကို အိမ်စောင့်ပေးတဲ့အလုပ်လုပ်သူတွေဖြစ်တယ်။ တစ်ချို့ဆိုရင် သခင်ကို ဆေးသောက်ဖို့သတိပေးတတ်တဲ့အထိ အချိန်ကိုက်သတိပေးတတ်လို့ ဆေးကုခွေးလို့တင်စားခေါ်ဝေါ်ကြသလို မျက်မမြင်တွေရဲ့ လက်ရုံးအဖော်မွန်လည်း ဖြစ်ကြတယ်။

.
.

အကျီင်္တွေကို ကင်စက်ထဲထည့်ပြီး စောင့်နေတုန်း အဲဒီအမျိုးသမီးကြီးက ဘေးနားကခုံတန်းမှာ လာထိုင်တယ်။ သူ့ခွေးကလည်း သခင့်အလိုကျ ရှေ့နားမှာ ဝပ်နေတယ်လေ။ ခဏကြာတော့ အဝတ်တွေခြောက်ပြီထင်ပြီး ကျွန်တော် ထလိုက်တဲ့အချိန် တစ်စုံတစ်ရာကို တွေ့လိုက်ရတဲ့အချိန်မှာ ကျွန်တော့စိတ်တွေ မမေးရ မနေနိုင်အောင်ဖြစ်သွားရတယ်။ “ သူ့ခြေထောက်မှာ ဒဏ်ရာရထားတယ်နော် ” ကျွန်တော်မေးလိုက်တယ်။ သာမန်မျှသာမေးလိုက်တဲ့ ကျွန်တော့စိတ်ဟာ ခွေးပိုင်ရှင်ရဲ့အဖြေကြောင့် တော်တော်စိတ်မကောင်းဖြစ်ရသလို နှစ်များစွာအတွင်း မကြားဖူးတဲ့ စကားလုံးတစ်လုံးဖြစ်နေပါတယ်။ ခွေးပိုင်ရှင်ပေးတဲ့အဖြေက “ ဟုတ်တယ်။ အဲဒါ ကင်ဆာ ” တဲ့လေ။
.
.
.
.
ကျွန်တော်မနေနိုင်တော့ပါဘူး။ သူ့ကို ဆက်မေးမိတယ်။ ဒီခွေးပေါက်လေးကို တိရစ္ဆာန်ကယ်ဆယ်ရေးစခန်း တစ်ခုကနေ မွေးယူခဲ့တာဖြစ်တယ်။ အွန်လိုင်းမှာ ဒေါ်လာ ( ၃ဝဝ နဲ့ ၄ဝဝ ) ကြားပေးရနိုင်ပေမယ့် Rescue မှာ သွားတောင်းယူရင် ငွေမပေးရပါဘူး။ သေချာစွာမွေးမြူနိုင်မယ့်အခြေအနေကိုတော့ စခန်းက စစ်ပါလိမ့်မယ်။ အလှူငွေထည့်တာမျိုးကိုတော့ လက်ခံတယ်လို့ပြောပြတယ်။ သူ့ကလေးဟာ အသက် ( ၁၂ ) နှစ်ရှိနေပြီ။ ကျန်းမာရေးအာမခံမရှိလို့ သွားကုမယ်ဆိုရင် ဒေါ်လာ ထောင်ချီကုန်မယ်။ အခုတော့ သူ့ကို ဆေးတိုက်နေတယ်။ လူတွေမှာတော့မရဘူး၊ ခွေးတွေကို ပေးတဲ့အကိုက်အခဲပျောက်ဆေးဆိုတာ သတ်သတ်ရှိတယ်။ နောက်ပြီး အရမ်းမနေနိုင်မထိုင်နိုင်ဖြစ်လာရင် ခွေးကို ဆေးထိုးပေးလို့ရတယ် လို့ သူက ဆက်ရှင်းပြတယ်။
.
.
လူတွေလိုပါပဲ ခွေးတွေမှာလည်း မေ့ဆေးပေးပြီးခွဲရတယ်။ ဆရာဝန်ကိုမေးကြည့်တော့ ဒီလိုခွေးအမျိုးအစားဟာ သက်တမ်း ( ၁၃ နှစ် ၁၄ ) နှစ် နေရလေ့ရှိတယ်။ အခု သူ့အသက်က မေ့ဆေးပေးလိုက်ရင် ပြန်မနိုးလာမှာစိုးလို့ အနာခွဲထုတ်ဖို့မဖြစ်နိုင်ဘူးလို့ သိရတယ်။ ဒါကြောင့် လူစကားနဲ့ပြောရရင် စိတ်ချမ်းသာအောင်သာထားလိုက်ဆိုတာမျိုးတွေးပြီး သခင် က ခွေးကို သွားလေရာခေါ်သွားတယ်။ အမျိုးသမီးကြီးရဲ့ သမီးက ( ၂၃ ) နှစ်ရှိပြီ။ အိမ်ခွဲသွားပြီ။ ဒါကြောင့် သူ့အတွက်တော့ ဒီခွေးဟာ သူနဲ့အမြဲအတူတူရှိနေတဲ့ သူ့ခင်ပွန်းလိုပါပဲလို့ ခံစားမှုအပြည့်နဲ့ ပြောပြပြန်တယ်။
.
.
ကနေဒါမျိုးနွယ်ဖြစ်တဲ့ ဒီခွေးလေးကို ကြည့်ပြီး ကျွန်တော်စဉ်းစားမိတယ်။ လူတွေကိုသာ ကြင်နာမှုပေးတာမဟုတ်ဘူး .. အသိပညာမရှိတဲ့ တိရစ္ဆာန်ကိုတောင် အိပ်ချိန် စားချိန်အတူတူနေထိုင်ရင်း အဖော်ပြုကြတာ ကျွန်တော်တို့လူမျိုးတွေမှာ စံနမူနာယူစရာမရှိဘူးလို့ သူ့ ကို ပြောပြမိတယ်။ သူကလည်း “ ဟုတ်ပါတယ် .. အစက တစ်ခုခုနဲ့ထိခိုက်မိလို့ ရှမိတယ်ပဲထင်ခဲ့တာ ၊ နောက်ပိုင်း လက်သည်းခွံလောက်ကနေ အခု ကွမ်းသီးလုံးကြီးလောက်ဖြစ်နေပြီ။ ကျွန်မ အင်မတန် ရင်ကွဲရပါတယ် ” လို့ ကျွန်တော့ကို ပြန်ပြောရှာတယ်။ နောက်တစ်ခါ ခွေးပေါက်စလေးမွေးရင်တော့ ကျန်းမာရေးအာမခံ ဝယ်ဖြစ်အောင် ဝယ်မယ်လို့ပါ ပြောပြလိုက်ပါတယ်။ သနားစရာခွေး နဲ့ ခွေးသခင်က ဆော့မြူကစားနေတဲ့ပုံကို ကျွန်တော့မျက်စိထဲမှာ အခုထိ မြင်ယောင်နေပါသေးတယ်။
.
koko2yeye@gmail.com

No comments: