ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) |
.
ကိုကိုလွင်
။ ။ မင်းကိုကြည့်ကြည့်နေတာ တစ်ချိန်လုံး
ဖေ့စ်ဘွတ်ခ် ပေါ်မှာချည်းပဲ
.
ကိုညီညီ ။ ။ အေး ပြောရင်လဲခံရမှာပဲ။ အားရင်တော့ သုံးနေတာပါပဲ
.
.
.
ကိုကိုလွင်
။ ။ ပြီးတော့ မင်းက ကိုညီညီ ( တောင်ကြီး
) ဆိုပြီး အကောင့်အသစ်ဖွင့်သုံးနေတယ်ဆို၊ ဘာတွေ အကြံအဖန်လုပ်နေတာလဲ
.
ကိုညီညီ
။ ။ ဘာမှမလုပ်ရပါဘူးကွာ။ ရိုးရိုးသားသားပါ။
မူလနာမည်လည်းဖြစ်၊ ဆောင်းပါးရေးတဲ့ကလောင်လည်းဖြစ်တော့ အများနဲ့ဆက်သွယ်ရလွယ်ကူအောင်
ကိုယ်ရေးကိုယ်တာမပါတဲ့ Profile လေးတစ်ခု တည်ဆောက်ထားတာပါ
.
.
.
ကိုကိုလွင်
။ ။ နောက်ထပ် မင်းက စကားဝိုင်း
Group တစ်ခု ထောင်ထားသေးတယ်ဆို? ဘယ်သူ့တွေကို ဆရာသွားလုပ်ချင်သေးတာလဲ ? သူတို့က မင်းထက်တတ်တယ်
.
ကိုညီညီ
။ ။ ဒီလိုတော့လဲ ဘယ်ဟုတ်မလဲ။
Group ထောင်တာထက် ဝါသနာတူသူတွေချင်း အသိပညာဖြန့်ဖြူးတာကို လုပ်ချင်တဲ့စိတ်ကူးနဲ့ စ,
ဖြစ်သွားတာပါ။ ဘယ်သူ့ကိုမှ ဆရာလုပ်ဖို့ မရည်ရွယ်ပါဘူး။ အတွေ့အကြုံဒါန ၊ စေတနာဒါန သက်သက်
နဲ့ လုပ်လိုက်တာပါ။ ဘာလဲ မကောင်းလို့လား
.
ကိုကိုလွင်
။ ။ ကောင်းတော့ကောင်းပါတယ်။ တစ်ခါတစ်ခါ
ဝင်ကြည့်လိုက်ရင် မေးရေးထားတာချည်းပဲတွေ့နေတော့ သူများတွေ အမြင်ကပ်မှာပေါ့ကွ။ ဘယ်သူတွေက
မင်းတစ်ယောက်တည်းပြောတာကို စိတ်ရှည်ရှည်ဖတ်နေမယ်ထင်လို့လဲ မောင် ...
.
ကိုညီညီ
။ ။ ငါလည်းသိပါတယ်။ တစ်ယောက်တည်း ရေးချင်လို့တော့မဟုတ်ရပါဘူး။
အမာခံ အဖွဲ့ဝင်တွေကို ရေးဖို့ မကြာခဏ ငါတောင်းဆိုပါတယ်။ သူတို့လည်းမအားကြလို့ထင်တယ်။
တစ်ချို့စာရေးကောင်းသူတွေဆို သူတို့ခရီးသွားတာလေးလောက်ကိုပဲ ရေးပေးဖို့တောင်းဆိုပါတယ်။
တကယ်ကို မအားကြလို့ထင်တယ်။ ပို့စ် မတက်လာတဲ့အခါ ငါလည်း ဝင်ထိန်းရသပေါ့ကွာ။ တစ်ချို့ဟာတွေက
ငါ့ရေးပြီးသား ဆောင်းပါးအဟောင်းလေးတွေကို သူတစ်ပါး အသိပညာတိုးစေလို တိုးစေငြား အပိုင်းခွဲပြီးတင်ပေးတာပါ
..
မေးခွန်တွေမေးလာရင်လည်း
ကျန် Group Member တွေဖြေဖို့ ငါစောင့်ပါတယ်။ ( ၂၄ ) နာရီအတွင်း ဝင်ဖြေတဲ့သူမရှိမှ
ငါ ဝင်ဖြေတာပါ။ ဒါကလည်း ငါက သိလို့ တတ်လို့မဟုတ်ပါဘူး။ မေးခွန်းမေးသူကို အားမငယ်စေချင်ဘူး။
သူတို့သိလိုတာကို ငါ မဖြေနိုင်တောင်မှ ဖြေနိုင်သူတွေကို လမ်းညွှန်ပေးတယ်။ ငါ က သွားမေး
ပြီးရင် တစ်ဆင့် ပြန်ဖြေပေး - ဒါမျိုးတော့ မရဘူးပေါ့ကွာ။ အဖွဲ့မှာ ကိုယ်တိုင်မေး၊
ကိုယ်တိုင် ဝင်ဖြေကြမှပဲ အဆင်ပြေတာ။ ဒါမှာ အားလုံးရဲ့ လေးစားမှုကို ရမှာ
.
.
.
ကိုကိုလွင်
။ ။ မင်းက ဆင်ခြေဆင်လက်တော်တော်များတာကိုး။
ငါပြောတာ မရှင်းဘူးထင်တယ်။ ရေးချင်ရင် အရင် မင်းတင်တဲ့ စာမျက်နှာမှာပဲရေးပေါ့။ အခုတော့
သူများဖတ်ချင်မှန်းမသိ မဖတ်ချင်မှန်းမသိ အဖွဲ့မှာ ခဏခဏတင်တော့ အားနာ ပါးနာ ဖတ်ပေးသူတွေကို
ငါက သနားလို့၊ Admin ဆိုပြီး မဖတ်ပဲ အတင်း Like လုပ်ပေးနေရသူတွေကို ကိုယ်ချင်းစာလို့
ဝင်ပြောတာပါ
.
ကိုညီညီ
။ ။ အေးပါ .. နောက်ဆို သတိထားပါ့မယ်။
အခုလည်း တော်တော်သတိထားနေပါပြီ။ ခက်တာက အများအားဖြင့်က ဖတ်ပဲ ဖတ်ချင်တာ ၊ ရေးဖို့ကျတော့
တွန့်နေကြတယ်၊ မေးခွန်းမေးဖို့ / ဖြေဖို့ဆိုရင် ကိုယ်သိတာ ကိုယ်တတ်တာ ဝင်ဖြေမယ့်အစား
သူများဖြေတာကိုပဲ စောင့်ဖတ်နေကြတာ
.
.
.
ကိုကိုလွင်
။ ။ မင့် ပြောလိုက်ရင် ဒီအတိုင်းချည်းပဲ။
ကဲ မင်းအခု အဖွဲ့ထဲမှာ စာတွေရေးတင်ပါပြီတဲ့ မင်း ဘာရတုန်း၊ မင်းဘဝ ဘာထူးလာသတုန်း၊ ဘယ်သူတွေ
ဘာပိုကောင်းလာသတုန်း။ မင်းကိုယ်မင်းရော ဘာဖြစ်နေလဲ
သိရဲ့လား
.
ကိုညီညီ
။ ။ မင်းကလည်း ငါ့ဆို အကောင်းကို မမြင်ဘူး။
ပြောပြမယ်။ အစိုးရအဆက်ဆက် လူတွေ နိုင်ငံခြား ဆို သိချင်ကြတယ်၊ သွားချင်ကြတယ်။ တကယ်တမ်းထွက်ဖို့ကျတော့
ဗဟုသုတမရှိကြဘူး။ ပြီးတော့ နိုင်ငံခြားရောက်သွားသူတွေက ( တစ်ချို့ ) စိတ်ပြောင်းကုန်ကြတယ်။
မိမိသိထားတာကို ပြန်ပြောပြလေ့မရှိဘူး။ အထူးသဖြင့် သူတို့က နိုင်ငံခြားထွက်ဖို့ ပါ့စပို့
မှာ ပညာရေးလိမ်သွားရတာကိုး။
..
အဲဒီက
စလိုက်တဲ့ ငါတို့ရဲ့မျိုးဆက်ကြီး သက္ကရာဇ် ၂ဝဝဝ လောက်ကျတော့ ပြောင်းလာတယ်။ အင်တာနက်တွေ
စမြည်းလာတယ်။ နောက်ပိုင်းမှာ Gtalk တွေ မှာ စာရိုက်ဆက်သွယ်လာတယ်။ နယ်မြေဝေးကို
Pfingo နဲ့ ဖုန်းခေါ်လာကြတယ်၊ မေးလာကြတယ်။ ဒါပေမယ့် ဖြေပေးမယ့်သူတွေက မအားဘူး၊ တစ်ချို့လည်း
စိတ်မရှည်ကြဘူး။ တစ်ခါတစ်လေဆို ကိုယ့်ကိုမေးမယ့်သူ အွန်လိုင်းတက်လာရင် Gtalk ကနေ
Off Line လုပ်ပစ်လိုက်တာမျိုးအထိတောင်ရှိတယ်လေ
.
.
.
ကိုကိုလွင်
။ ။ အဲဒါနဲ့ ငါပြောတာ နဲ့ ဘာဆိုင်လို့လဲ
.
ကိုညီညီ
။ ။ ဆိုင်ပါသကောကွာ။ မင်းစဉ်းစားကြည့်
ကိုယ့်ကသိချင်လို့ မေးချင်တာ ကိုယ့်ထက်အရင် နိုင်ငံခြားရောက်နေသူတွေက မဖြေချင်တဲ့အပြင်
ကိုယ့်ကိုလည်းတွေ့ရော မအားလို့ပါ၊ အလုပ်သွားတော့မလို့ ၊ အင်း … ဘယ်လိုဖြစ်တာလဲ နင်တို့မြန်မာပြည်က
လိုင်းမကောင်းဘူး၊ နောက်မှထပ်ပြောမယ်နော် .. ဆိုပြီး ပေါ်မလာတော့တာ။ ငါက အပြစ်ပြောတာမဟုတ်ပါဘူး။
ကိုယ်လည်း တစ်ကယ်မအားတဲ့အခါတွေ ရှိပါတယ်၊ ငါ ဝန်ခံပါတယ်၊ ဒါပေမယ့် ကိုယ့်လို သိချင်
၊ ကိုယ့်လို လေ့လာချင်သူတွေကို အားပေးချင်တယ်။ လမ်းမမြင်သေးသူတွေကိုလမ်းပြချင်တယ်။
ကိုယ်သိထားတာ မျှဝေချင်တယ်။ ငါ့ထက်ပိုသိသူတွေနားက ငါ ပြန်လေ့လာချင်တယ်
.
.
.
ကိုကိုလွင်
။ ။ မင်းထက်သိသူတွေ တတ်သူတွေ လောကကြီးမှာ
အများကြီးဆိုတာလည်း မမေ့နဲ့ဦး
.
ကိုညီညီ
။ ။ မမေ့ပါဘူး။ ငါ အမြဲနှလုံးသွင်းပါတယ်။
သူတို့တွေ ဝင်ဆွေးနွေးတဲ့အထဲကနေ ငါ ပြန်သင်ယူတယ်။ ဒီအတွက် တခြားသူတွေတော့မသိဘူး။ ငါ့အတွက်တော့
အဓိပ္ပာယ်ရှိတယ်။ ငါ ရဲ့ နေ့ရက်တွေက ပိုပီပြင်လာတယ်လို့ ခံစားရတယ်။ ဘာမှမသိ၊ ဘာမှမမြင်
တဲ့ နိုင်ငံငယ်လေးထဲမှာ ငါ အနှစ် ( ၄ဝ ) လောက် နေခဲ့ပြီးပြီ။ ဒါကြောင့်ပဲ ညီညီ ဆိုတဲ့ငါ
ဘာမှ မဖြစ်လာတာပဲ ကြည့်ပါလား
.
.
.
ကိုကိုလွင်
။ ။ ဒါဆို မင်းက ဘယ်သူ့အထောက်အပံ့တွေ
ရနေတာတုန်း။ ဘယ်သူတွေနဲ့ ကြိတ်ပြီးဆက်သွယ်နေတာတုန်း
.
ကိုညီညီ
။ ။ ဒီအဖွဲ့ကနေ ငါ ဘာပိုက်ဆံမှမရပါဘူး။
ငါ့အချိန်တွေလည်း ဖဲ့ပေးရပါတယ်။ ဒီ့အတွက် ငါကျေနပ်တယ်။ ငါ ဒီနေ့သိတာကို ငါ ဒီနေ့မျှဝေချင်တယ်။
လောဘကြီးတယ်ပဲ ပြောပါတော့၊ ငါ ခံပါ့မယ်။ ဘယ်သူတွေနဲ့မှလည်း ကြိတ်မဆက်သွယ်ပါဘူး။ အားလုံးမြင်သာ
ထင်သာတဲ့ စံနစ် နဲ့ အလုပ်လုပ်ပါတယ်။ အခု လုပ်နိုင်နေတဲ့အချိန် လုပ်တဲ့သဘောပါ။ နောင်တစ်ချိန်
အလျင်းမသင့်လို့ ငါ မပြောပြနိုင်တဲ့အချိန်တစ်ခုရောက်သွားမှာ ငါစိုးရိမ်တယ်ကွာ
.
.
.
ကိုကိုလွင်
။ ။ တစ်ချို့ပို့စ်တွေ အခုတွေ့ပြီး
နောက်တစ်ရက်မတွေ့တော့ဘူး။ ဘယ်လိုဖြစ်တာလဲ
.
ကိုညီညီ
။ ။ ဒါက ဒီလိုရှိတယ်။ အချို့သောအဖွဲ့တွေရဲ့
Pin Post မှာ Group စည်းကမ်းက ဘာတွေဆိုတာရေးတာ ဖတ်ဖူးတယ်။ ငါ ကတော့ ဒီလိုလုပ်ပါ ၊ ဒီလို
မလုပ်ပါနဲ့ လို့ မသတ်မှတ်ချင်ဘူး။ ကိုယ်လုပ်သင့်တယ်ဆိုရင် လုပ်လိုက် - ဒါပေမယ့် အများကောင်းကျိုးကိုယ်စားပြုရင်ရပြီ၊
ဒီလောက်ပဲ။ တစ်ခါတစ်ခါ ကြော်ငြာတွေဝင်တင်တယ်၊ ကောင်းမွန်စွာတားမြစ်တယ်။ မကြာခဏ အသားအရောင်ခွဲအရေးအသားတွေ
ပါလာတယ်၊ ရှင်းပြတယ် - အများအတွက်မကောင်ဘူးလို့။ ဘာသာရေး၊ လူမျိုးရေး တွေလည်း ဒီအတိုင်းပဲ။
ပို့စ်ပိုင်ရှင်က ပြန်လာဖျက်သွားတာများပါတယ်။ သူတို့နားလည်ပြီး အများသိစေချင်ရန် သတင်းစကားပေးနိုင်တဲ့
ဆွေးနွေးမှုတွေထဲ ပါဝင်လာရင်တော့ ငါ အရမ်းဝမ်းသာတယ်
.
.
.
ကိုကိုလွင်
။ ။ မင့် ပြောလိုက်ရင် ဒီအတိုင်းချည်းပဲ။
နောက်တစ်ခု မင်းအခုတစ်လောက် ဘာသာပြန်အတိုလေးတွေ ရေးနေတာတွေ့တယ်။ ဘာလိုင်းကြောင်ပြန်ပြီလဲ
?
.
ကိုညီညီ
။ ။ မင်းကလည်း ငါ့ဆို အကောင်းကို မမြင်ဘူး။
ပြောပြမယ်။ Humans of New York ကို အဓိက ရွေးရတာက သူ့တင်ပြပုံက ငါ့ကို လွှမ်းမိုးလွန်းတယ်။
အဝေးရောက်ပြီး မအားတော့ ပြည်ပရောက် မြန်မာတွေ ဝတ္ထုရှည်တွေလည်း မဖတ်နိုင်ဘူး။ ငါထင်တယ်
ဖေ့စ်ဘွတ်ခ် သုံးသူတော်တော်များများ စာရှည်ရှည် မဖတ်ကြဘူး။ ဒါကြောင့် ထိမိ သိမိ တဲ့
စာလုံးတိုလေးတွေကို ငါ့ရဲ့မတတ်တစ်ခေါက် အင်္ဂလိပ်စကား နဲ့ မကြွယ်ဝတဲ့ ငါ့အရေးအသားနဲ့
မြန်မာမှုပြုတဲ့ ဒါန ပါကွာ။
..
တစ်မျိုးမထင်ပါနဲ့။
ဒါတွေကို Group နဲ့ မဆိုင်ရင် ငါ Group မှာ မတင်ပါဘူး။ ကိုယ့် Timeline မှာပဲ တင်ပါတယ်။
တစ်ကယ်ပြောတာ .. တွေ့လို့မဖတ်ချင်ရင် ရတယ် ကျော်သွားပါ။ ဒါပေမယ့် ဖတ်ချင်လို့ ဖတ်သူပဲဖြစ်ဖြစ်၊
မတော်တဆ တွေ့လို့ .. အော် .. စာတိုလေးပဲဆိုပြီး ဖုန်းမှာ လှမ်းကြည့်လိုက်သူကို ရသ ဝတ္ထုတစ်ပုဒ်
ဖတ်သကဲ့သို့ အသိပညာတစ်ခု ထင်းကနဲ ရသွားစေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါက ရသစာပေမှ
မကျွမ်းပဲ
.
.
.
ကိုကိုလွင်
။ ။ တော်ပြီ တော်ပြီ မင်းနဲ့ပြောတာ
လေကုန်တယ်။ မင်းလုပ်ချင်ရာလုပ်။ အိမ်ပေါ်က မောင်းချခံရရင်လည်း မင်းထိုက်နဲ့မင်းကံပဲ
.
ကိုညီညီ
။ ။ အေးပါ ကျေးဇူးတင်ပါတယ်။ မင်း စိတ်မရှည်တော့ပေမယ့်
ပြီးအောင်နားထောင်သွားဦး။ စာရေးဆရာ မောင်စိန်ထွေး က ပြောဖူးတယ်။ သူ့လို မသန်မစွမ်းက
ဘာမှ မလုပ်နိုင်တဲ့အပြင် သူတစ်ပါးအကူအညီနဲ့ သွားလာ လှုပ်ရှားနေရသူပါတဲ့။ ယုတ်စွအဆုံး
အပေါ့အပါးသွားတာတောင် မ, ချည်ပေးမယ့်သူမရှိရင် အဆင်မပြေဘူး။ ဒါနဲ့ သူစဉ်းစားတယ်။ ဒီလို
နဲ့ ဘဝ အသေခံမလား။ ကြံကြံခံမလားဆိုပြီးတော့ပေါ့။
..
နောက်ဆုံး
သူ့မှာ ဦးနှောက်ကောင်းတယ်။ လက်ကောင်းနှစ်ဖက်ရှိတယ်။ နောက်ဆုံး လူသားကောင်းကျိုးအတွက်
ကလောင်ကိုင်ပြီး စာရေးဖြစ်တယ်လို့ ရှင်းပြတယ်။ မှတ်သားစရာ ဆရာ့စကားတစ်ခွန်းက “ ကိုယ်ဖြစ်ချင်တာဖြစ်ဖို့
ကိုယ်တတ်နိုင်တဲ့ သေးသေးလေးကနေ စလုပ်ရမယ်၊ ကိုယ်ပတ်ဝန်းကျင်မှာ ကိုယ်တတ်နိုင်တာက အလုပ်စ
ရမယ်၊ ကိုယ်သိထားတာကို သူတစ်ပါးကို မျှဝေ ပညာပေးရမယ်၊ ဒီလိုမှ မလုပ်ရင် နောက်နေ့ ငါ
သေသွားရင် ဘယ်လိုလုပ်မလဲ ” တဲ့။ ငါတို့လို အကြောင်းပါပြီး နိုင်ငံခြားရောက်နေသူတွေ
ပြန်လဲမပြန်နိုင်၊ ဒီနေရာမှာလဲ အကြာကြီးမနေချင်၊ ဒါဆို အောက်ပိုင်းသေနေတာနဲ့ ဘာထူးသေးလဲ
.
.
.
စိတ်ရှည်ရှည်ဖတ်ပေးသည့်အတွက်
အထူးကျေးဇူးတင်ပါသည်။ ဤပို့စ်ကို ကိုယ်ရေးကိုယ်တာဟု ယူဆပါက ပြန်လည်ဖြုတ်ချပေးပါမည်။
.
ကိုညီညီ
( တောင်ကြီး )
No comments:
Post a Comment