ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Wednesday, February 4, 2015

ကြက်ဥပြုတ်အစ မီးဖိုချောင်က ( တိုးနီ စတုဒသပိုင်း ) ၁၄။

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
အလုပ်မရှိ အကိုင်မရှိ ရောက်တတ်ရာရာလေပစ်နေတဲ့ ကျွန်တော့ကို ကိုရှောင်းက နားချပါတယ်။ ပြောရမယ်ဆိုရင် သူပြောတာလည်း အမှန်ပါပဲ။ အပြင်နဲ့ဆက်သွယ်ဖို့ ဖုန်းလိုတယ်။ ဖုန်းဆက်နိုင်ဖို့ ဖုန်းကဒ်လိုတယ်။ ဖုန်းကဒ်ဝယ်ဖို့ငွေက အလုပ်လုပ်မှ ထွက်လာမယ်။ ပိုက်ဆံကတော့ ရှာရမှာပဲ။ စားဖို့ ခေါက်ဆွဲထုတ်၊ ကွတ်ကီး၊ မုန့် လိုတာဝယ်ဖို့ လက်လှုပ်မှရမယ်။ သူတို့က ကျွေးတော့ ကျွေးတာပေါ့။ ကိုယ်စားနိုင်တာလည်းရှိတယ် မစားနိုင်တာလည်းရှိတယ်။ “ ငွေက စကားပြောတယ် ” ဆိုတဲ့စကားဟာ အဲဒီအချိန်ကျမှ သွေးထွက်အောင်မှန်တာ သိခဲ့ရတယ်။
.
.
Laundry က ပိုကောင်းတယ်။ သူက မီးဖိုချောင်အလုပ်ထက် သက်သာတယ်။ ရေကိုင်ရတာချင်းတော့တူတယ် ဒါပေမယ့် သူက မညစ်ပတ်ဘူး သန့်တယ်။ အလုပ်လုပ်တဲ့စက်တွေက အကြီးကြီးတွေ။ လူတွေက ကိုယ့်ကုတင်နံပတ်အတိုင်း အထုတ်ထုတ်ပြီး Laundry အိတ်ထဲထည့်ထားတာကို ကျွန်တော်တို့က စက်ကြီးထဲကို ဒီအတိုင်းလေး ပစ်ထည့်လိုက်ရုံပဲ။ တော်တော့ကို Easy Going ဖြစ်တယ်။ စက်ကလျှော်နေတုန်း ရတဲ့အချိန်လေးမှာ အိပ်ယာ နဲ့ မွှေ့ယာခင်း ခေါက်ရတယ်။ လျှော်ပြီးလို့ အထည်တွေ အခြောက်ခံစက်ဘက်ကို ရွှေ့ပြီးတဲ့အခါ ထပ်အားသွားပြန်ရော။ အဲဒီအချိန်ကျတော့ ခေါင်းအုံးစွပ်တွေ လိုက်လဲတယ်။
.
လမ်းထွက်ဖို့အကြောင်းရှာနေသူ တိုးနီ အတွက်ကတော့ အကွက်ပဲ။ တစ်ပတ်တစ်ခါ ခေါင်းအုံးစွပ်လဲပြီး ပြန်လိုက်ပို့တဲ့အခါ တစ်ခန်းဝင်တစ်ခန်းထွက်သွားရင်း ဗမာတွေနဲ့တွေ့ရတယ်။ အချင်းချင်းဆို ခေါင်းအုံးစွပ်သန့်သန့်လေးတွေ၊ အိပ်ယာခင်း မပေါက်မပြဲလေးတွေပေးပြီး ကူညီရတာ ပျော်စရာပါ။ အထည်တွေက သုံးရင်းသုံးရင်း နဲ့ တစ်ချို့ဟာတွေဆို ဟောင်းပြီး နွမ်းဖတ်နေလို့ ဘယ်သူမှမသုံးချင်တာမျိုးလည်း ရှိတယ်လေ။ အကျီင်္တွေပျောက်သွားတာတို့ ပြဲစုတ်သွားတာတို့ဆိုရင် ဖောင်ဖြည့်ပြီး ပြန်တောင်းဆိုလို့ ရတယ်။ ဝတ်တဲ့ဆိုဒ်နဲ့ ကုတင်နံပတ်အရ မှတ်ရေးမှတ်ရာတွေလုပ်ပြီးရင် တာဝန်ကျအခန်းစောင့် Officer နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပြန်ပို့ပေးလိုက်တယ်။

.
ကိုရှောင်းက လူမှုဆက်ဆံရေးကောင်းသလို အထဲကလူအားလုံး နဲ့ အဆင်ပြေတယ်။ တရုတ်စကားရော၊ အင်္ဂလိပ်စကားရော ပြောတတ်တဲ့အတွက် အခန်းစောင့်ဝန်ထမ်းတွေကတောင် အားကိုးရတဲ့အထိ အရာရောက်တယ်။ တရုတ်တွေက အင်္ဂလိပ်စာ တစ်လုံးမှ နားမလည်ကြဘူး။ မြန်မာတွေကမှ ပီဇာစား ကိုကာကိုလာသောက် ပြောတတ်သေးတယ်။ Officer တွေက တစ်ခုခုပြောလို့ တရုတ်တွေနားထဲရောက်အောင် ကိုရှောင်းကို ဘာသာပြန်ခိုင်းရတယ်။ တရုတ်တွေက နားလည်ရင် စကားနားထောင်ပါတယ်။ အဲ .. ဒါပေမယ့် သူတို့ကို ကျောတယ်ဆိုရင် နည်းနည်းမှ အထိခံတာမဟုတ်ဘူး .. လည့်နွှာပစ်တာ ..။
.
.
အဝတ်လျှော်ဋ္ဌာနက အတွေ့အကြုံက ထူးပါပေ့ ဆန်းပါပေ့ လို့ ပြောရလောက်တယ်။ အဲဒီမှာ မက္ကဆီကန်၊ အိန္ဒိယကုလား ( ၂ ) ယောက် နဲ့ ရုရှားလူမျိုးတစ်ယောက် ရှိတယ်။ အခါအားလျော်စွာ ပြောပြတဲ့ ရုရှားသား - အာကြီး အကြောင်းကတော့ ရှယ်ပါပဲ။ သမ္မတတို့ လွှတ်တော်အမတ်တို့တွေ့ဖို့က လွယ်ဦးမယ် .. အာကြီးလိုလူမျိုး ထပ်တွေ့ဖို့က မလွယ်ရေးချ မလွယ်။ သူ့ပုံစံက အေးအေးဆေးဆေးပဲ။ အရပ်ခပ်မြင့်မြင့် ဗိုက်ရွှဲရွှဲ ဂတုံးကြီးနဲ့ ဖော်ရွေတယ် .. ဆက်ဆံရေးကောင်းတယ်။
.
ထိန်းသိမ်းရေးစခန်းထဲမှာ ဆေးလိပ်သောက်ဖို့နေနေသာသာ မီးခြစ်တောင် မူးလို့ရှူစရာရှိတာ မဟုတ်ဘူး။ ဥပဒေအရ သောက်လို့လည်း မရဘူး။ ဒီကြားထဲကကို စီးကရက်ရောင်းတဲ့လူရှိတယ်။ အဲဒါ အာကြီးပဲ။ ရှေ့တန်းစီးကရက်ကို မြန်မာစစ်သားလောကမှာတော့ ပွတ်ချွန်း လို့ခေါ်တာ မှတ်မိသေးတယ်။ ဒီဘက်လောကမှာတော့ Contraband လို့ခေါ်သဗျ။ အာကြီးက စီးကရက် ဘယ်လိုလိပ်တယ်မှတ်လဲ? အဲဒီလူ အရမ်းတော်တာဗျ ..။
.
.
လစ်ပတန်လိုမျိုး လက်ဘက်ခြောက်ထုပ်တွေ သူစုထားတယ်။ ဒါကလည်း ထောင်တွင်းဆရာဝန်ရဲ့ဆေးစာနဲ့ သူ Request လုပ်ထားလို့ရတာ။ အဲဒါကို မီးဖိုချောင်ထဲက ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး နဲ့ ရောပြီး ကြိတ်ပစ်တယ်။ ပြီးတော့ တစ်သျှူးစာရွက်ကြမ်းကြမ်းနဲ့ ပတ်တယ်။ ထိပ်ပိတ် နောက်ပိတ်ကို လက်ကလေးနဲ့ အသေအချာ ကျစ်ပြန်တယ်။ ဖင်ဆီခံကိုကျတော့ ဝါဂွမ်းကို ရေဆွတ်ပြီး ကျစ်အောင်လိပ်ထားတာ။ ပစ္စည်းစုံပြီးဆိုရင် အပေါ်ကနေ ( ၂ ) ပတ် ( ၃ ) ပတ်လောက် သေချာကြပ်လိုက်တာနဲ့ ချိုချဉ်လိပ်လိုဖြစ်သွားတာ တစ်ကယ့်စီးကရက်အရသာပဲလို့ ကိုရွှေပဲစားတွေက ပြောကြတယ်။
.
ဒီမှာလာပြီ ဇာတ်ရှုပ်တွေ။ ပဲစားတွေက စီးကရက်သောက်ချင်တော့ အာကြီးက တစ်ယောက်ကို တစ်လိပ်ပဲ ရောင်းတယ်။ ဈေးနှုန်းက တစ်လိပ်ကို ခေါက်ဆွဲခြောက် ( ၂ ) ထုပ်။ ခက်တာက ပဲစားတွေမှာ ပိုက်ဆံမရှိဘူး .. ဒါကြောင့် ခေါက်ဆွဲထုပ်မဝယ်နိုင်ဘူး။ တရုတ်တွေက ခေါက်ဆွဲထုတ်ရှိတယ် .. အဲဒီမှာ ခွကျတာပဲ။ စီးကရက် သိပ်သောက်ချင်တဲ့ ပဲစားတွေဟာ ခေါက်ဆွဲခြောက် ( ၁ ) ထုပ်ရဖို့အရေး တရုတ်တွေကို ကြက်ဥပြုတ် ( ၂ ) လုံး ပေးရတယ်။ အဲဒီတော့မှ အသပြာရဲ့ ကနဦးနိယာမအရ အရောင်းအဝယ်တွေ အဆင်ပြေသွားပါတော့တယ်။
.
.
ပဲစားတွေ ကြက်ဥပြုတ် ဘယ်ကရလဲ မေးချင်နေပြီ မဟုတ်လား? ပြောပြမယ် .. ဟုတ်တယ် .. မီးဖိုချောင်က ရတာ။ ဒါကလည်း Request Form နဲ့ တင်ထားတဲ့ တစ်ချို့ အသားမစားသူ နဲ့ နေမကောင်းလို့ ကြက်ဥ စာရင်းတင်ထားသူတွေကို မီးဖိုချောင်က စီစဉ်ပေးတာ။ ဒီလမ်းကြောင်းကို ပဲစားတွေက သိတယ်။ အခွင့်သာပြီဆိုရင် မီးဖိုချောင်ထဲဝင်ပြီး တစ်ယောက်ကို ( ၂ ) လုံး ကစ်တာ။ ဒါကလည်း ဒီအတိုင်း လက်နဲ့ယူထွက်လာလို့ရတာမဟုတ်ဘူး။ အတွင်းခံဘောင်းဘီထဲမှာ ဘယ်ဘက်မှာတစ်လုံး၊ ညာဘက်မှာတစ်လုံး ခန္ဓာကိုယ်နဲ့ထိပြီး ဖွက်လာတာ .. ဒါတွေကို တရုတ်တွေက အရသာခံစားတယ်လေ။
.
မီးဖိုချောင်ထဲမှာ တရုတ်တွေလည်းရှိတယ်။ သူတို့အချင်းချင်းပြန်တွေ့တဲ့အခါ ပဲစားတွေ ကလိမ်ကျပုံကို ပြန်ပြောပြပြီး အဲဒီကြက်ဥတွေမစားဖို့ပြောတော့ တရုတ်တွေက ဘာပြန်ပြောတယ်မှတ်လဲ? သူတို့ဘယ်လိုပဲ သယ်လာသယ်လာ အခွံခွာလိုက်ရင် သန့်သွားပြီ .. ဝ တို့ကတော့ စားမှာပဲ တဲ့လေ။ တစ်ချို့ ပဲစားတွေက မီးဖိုချောင်ကအထွက် ဘောင်းဘီဒိုထဲက ကြက်ဥပြုတ်က ပြေးနေလို့ စက္ကူပတ်ပြီး သယ်လာတဲ့သူတောင် ရှိသေးတယ်။ ဒါကြောင့် အဲဒီ စီးကရက် ( ၁ ) လိပ်ရဲ့ ပေါက်ဈေးက ကြက်ဥပြုတ် ( ၄ ) လုံး ဖြစ်သွားတာပေါ့။
.
ဆေးလိပ်ရပြီးရင် ပဲစားတွေအတွက် ဒုက္ခက မပြီးသေးဘူး .. မီးခြစ်က မရှိဘူးလေ။ ဒါနဲ့ လူတွေထဲမှာ မျက်မှန်ထူထူ ( ၁ ) လက်လိုက်ငှားပြီး နေရောင်ခြည်နဲ့ မီးမွှေးတယ်။ ဂွမ်းစလေးပေါ်မှာ မီးစလေး ထွက်လာတဲ့အခါ  စီးကရက်ကို ထိုးညှိလိုက်တော့မှ သူတို့သောက်လို့ရကြတယ်။ တစ်ခါ စီးကရက်သောက်ရင် ပဲစား ( ၂ ) ယောက်လိုတယ်။ ထောင့်ကလေးမှာ တစ်ယောက်သောက်နေတဲ့အချိန် နောက်တစ်ယောက်က ကင်းစောင့်။ အဲ .. တစ်ဝက်ကုန်သွားရင် အဲဒီတစ်ယောက်က ကင်းပြန်စောင့် ကျန်တစ်ယောက်ကသောက် .. ဘယ်လောက်မိုက်လဲနော်..။
.
.
အာကြီင်္းဆီက စီးကရက် လိုချင်ရင် ကြိုမှာ - Pre-order မှ သူကလိပ်တယ်။ ကြိုမလိပ်ထားဘူး။ သိတဲ့အတိုင်း လုပ်ရတာခက်သလို ကုန်ကြမ်းရဖို့ကလည်း လွယ်တာမဟုတ်ဘူး။ လိပ်ပြီးသား သိမ်းထားတုန်း စစ်ဆေးရေးနဲ့ကြုံလို့ မိသွားရင် မချောင်ဘူးလေ။
.
သူက ဒီနိုင်ငံက အဖြူ ဘိုမကို ယူထားတာ။ သားသမီးလည်းရှိသေးတယ်။ သူ့မှာ ( ၂ ) မှု ရှိတယ်။ အိုဗာစတေးက တစ်မှု။ နောက်တစ်ခု သူ့အပြော White Powder အဖြူမှုန့်တွေရောင်းလို့ မိသွားတာ။ အဲဒါနဲ့ အထဲကနေ တရားရင်ဆိုင်ဖို့ ကြိုးစားနေတယ် လို့ ပြောပြတယ်။ အခုလက်ရှိ ရှေ့နေငှားထားပြီး အသနားခံစာ တင်ထားတယ်။ အောင်မအောင်တော့ မသိဘူး။
.
.
တစ်ကယ်လို့ ခင်များဆီမှာ ကွတ်ကီးမုန့်ထုတ်တို့ ကော်ဖီထုတ်တို့ ရှိရင် အာကြီးနားမှာ Tattoo ထိုးလို့ရသေးတယ်။ ကျွန်တော်တို့အထဲမှာ ဘောပင်သုံးလို့ရတာမဟုတ်ဘူး။ ဘာရေးရေး ခဲတံပဲ ရှိတာ။ သူက ခံတံထဲက ခဲဆံတွေ စုထားတယ်။ အမှုန့်ကြိတ်ပြီး ဆေးပေးခန်းက ဆေးထိုးအပ် ထိပ်ဖျားလေးမှာ ခံမှုန့်လေးတွေကပ်ပြီ်း ထိုးတာ ..။ အဲဒါကို သူ့မှာ လက်မလည်ဘူး။ မနက်ဆိုရင် အာကြီးတို့က ကော်ဖီလေး နဲ့ ကွတ်ကီးလေး နဲ့ ငြိမ့်လို့ ..။
.
ကဲ အားလုံးလည်း အားကျအောင် စခန်းထဲက ဈေးနှုန်းလေးတွေ ရေးတင်ပေးလိုက်မယ်လို့ စိတ်ကူးထားတယ်။ ဝယ်ချင်ရင်တော့ ငွေစင်ချဝယ်လို့မရဘူးနော်။ TOEFL ဖြေတဲ့ ဂဏန်းပေါက်ပါတဲ့ လိမ္မော်ရောင်စာရွက်လေးမှာ ခံတဲ့နဲ့ခြစ်ပြီး မှာရတယ်။ ငွေမရှိရင် ကိုယ့်အသိနားက ငွေမှာလို့ရတယ်။ ရောက်လာတဲ့ငွေကို စခန်းက ထိန်းထားတယ်။ အများဆုံးလက်ခံတာက ဒေါ်လာ ( ၅ဝ ) လောက်ပဲ။ များရင် အန္တာရယ်များလို့ လက်မခံတာလို့ သိရတယ်။ ကျွန်တော်တို့တော့ တစ်ရက်လုပ်မှ ( ၃ ) ဒေါ်လာပဲ ဝင်ငွေရှိတာ ဝယ်မစားနိုင်ပါဘူး။
.
တရုတ်တွေကျတော့ မတူပြန်ဘူး။ အပြင်ထွက်လို့ နယူးယောက် တရုတ်တန်းပဲရောက်မလား? နွားလိုပဲ အလုပ်လုပ်ရမလား? ကြေးစား လူသတ်ပေးရမလား မသိဘူး .. အထဲမှာ အလျံပယ် ပို့ပေးထားတာ။ ငွေပို့မယ့်သူရှိတော့ တရုတ်တွေဆိုတာ ကွတ်ကီ်းတွေ မုန့်တွေ ဝယ်စားသလား မမေးနဲ့။
.
.
ခေါက်ဆွဲခြောက် ( ၁ ) ထုတ် - ၂ဝ ဆင့်
.
Cookie ( ၁ ) ထုတ် - ၁ ဒေါ်လာ
.
ပေါင်မှုန့် ( ၁ ) ထုတ် - ၁ ဒေါ်လာ ကျော်
.
မုန့်ထုတ်ကြီး ( ၁ ) ထုတ် - ၂ ဒေါ်လာ ကျော်
.
.
koko2yeye@gmail.com


No comments: