ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Saturday, October 31, 2020

Grief သို့မဟုတ် ဝမ်းနည်းခြင်း

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)
ဒီစာကိုမရေးချင်ဘဲရေးရတာပါ။ ဘာဖြစ်လို့လည်းဆိုတော့ အောင်လအန်ဆန်းမနိုင်တဲ့ပွဲကြောင့်လူတွေဝမ်းနည်းတဲ့အချိန်ကျမှစဉ်းစားမိတဲ့အချိန်အခါကိုက်အတွေးလေးတစ်ခုဖြစ်နေလို့ ဒီအချိန်မှရာသီစာထရေးနေတယ်ထင်ကြမှာစိုးရိမ်မိလို့ပါ။ တကယ်တော့ ဝမ်းနည်းခြင်းဆိုတာ စိတ်မကောင်းခြင်း၊ စိတ်ပျက်အားငယ်ခြင်း၊ စိတ်အားငယ်သွားခြင်းတို့ထက်ပိုအခံရခက်ပါတယ်။

ဝမ်းနည်းခြင်းကိုဘယ်လိုဖြတ်ကျော်ကြမလဲ။ မှောင်မိုက်ညထဲတစ်ယောက်တည်းတဝဲလည်လည်နဲ့ပြန်မထွက်လာနိုင်တဲ့အခန်းငယ်လေးထဲမှာ ချောင်ပိတ် အလှောင်ပိတ်ခံ အဖန်တစ်ရာနဲ့ဒဏ်ရာတွေကိုစုထားဦးမလို့လား။ မလုပ်ပါနဲ့ဗျာ။ ဒီညသန်းခေါင်ရဲ့ဟိုးတစ်ဘက်မှာ မနက်ဖြန်ရှိတယ်။ မနက်ဖြန်ရဲ့တောင်ထိပ်စူးစူးမှာ နေထွက်ဦးမယ်။ အလင်းရောင်တွေထွန်းပြောင်တောက်ပလာဦးမှာပါ။

ဘဝဟာသာယာပျော်ရွှင်ဖွယ်ကောင်းတယ်။ သေခြင်းတရားကငြိမ်းချမ်းတယ်။ အခက်အခဲဆုံးက ဘဝအစနဲ့အဆုံးကြား နှလုံးသားမှာမထားတတ်တဲ့ စိတ်သဘောထားတွေကြောင့် လူတွေမှာဇာတ်လမ်းအမျိုးမျိုးဖြစ်နေကြတာသေချာပါတယ်။ ပြိုင်ပွဲတစ်ခုရှုံးတာဟာဘဝပျက်တာမဟုတ်ပါ။ ဒီအရှုံးကမိမိကိုဘာသင်ပေးသွားသလဲ၊ မိမိမာနကိုဘယ်လောက်ဆုံးမပေးသွားသလဲ၊ မခံချင်စိတ်နဲ့အရင်ကထက်ပိုမိုကြိုးစားချင်လာအောင်ဘယ်လောက်အထိစွမ်းဆောင်ပေးခဲ့သလဲဆိုတာကသာ သင်ယူတတ်မြောက်ရမယ့်ဘဝကျောင်းရဲ့သင်ခန်းစာဖြစ်ပါတယ်။

တကယ်တော့ ဝမ်းနည်းခြင်းတစ်ခုကြုံလာပြီဆိုရင်ပြေးရှောင်ထွက်မသွားပါနဲ့။ ရင်ဆိုင်လိုက်ပါ။ တကယ်ခက်တဲ့အရာက ဝမ်းနည်းခြင်းကိုထိန်းချုပ်လို့မရတဲ့အခါမှာအားတင်းထားရတဲ့အခိုက်အတန့်ဖြစ်ပါတယ်။ ဒါကိုသိရင် ရောက်လာပြီဆိုရင် ဝမ်းနည်းခြင်းကိုခံစားလိုက်၊ စိတ်ပြေသွားလို့ ဝမ်းနည်းခြင်းကပြန်ထွက်သွားချင်ပြီဆိုရင် ပေးသွားလိုက်။ ဒါပါပဲ။

ငှက်ကလေးတွေမိမိရဲ့ဦးခေါင်းနားမှာလာဝဲနေတာကို ဘယ်တားနိုင်ပါ့မလဲ။ သို့ပေမဲ့ ငှက်ကလေးတွေမိမိရဲ့ဦးခေါင်းအထက်မှာအသိုက်လာဆောက်တာကိုတော့ မိမိက တားနိုင်ပါတယ်။ လက်လှမ်းမှီတယ်။ လက်ခံစရာမလိုတာဟာသိပ်သေချာပါတယ်။ ဒီလိုပါပဲ ဝမ်းနည်းခြင်းဟာ မိမိရဲ့စိတ်ထဲကိုခဏသာဝင်လာပြီး ပြန်ထွက်သွားပါစေ။ ထားခဲ့တဲ့သင်ခန်းစာကိုသာယူလိုက်ကြပါ။ အသိုက်တော့အဆောက်မခံလိုက်ပါနဲ့။ ပြန်မထနိုင်ဘဲနေလိမ့်မယ်။

ပွဲပြီးသွားလို့ မငိုပါနဲ့။ ပွဲစတဲ့အချိန်မှာပြုံးလိုက်ပါ။ ဒါက ဘဝနေနည်းတစ်မျိုးပဲ။ သိပေမဲ့လုပ်ရခက်တဲ့အထဲမှာနီတိစာတွေဖတ်ရတာလည်းအပါအဝင်ပါ။ ဒါပေမဲ့ အကြံကောင်းတစ်ချက်နဲ့သူဌေးဖြစ်လာသူတွေ၊ အသိတရားတစ်ခုနဲ့အမှားကနေအမှန်ဘက်ကိုကူးပြောင်းလာနိုင်သူတွေအပြင် အမှောင်ညမှာအိပ်မောကျနေရာကနေ စကားတစ်လုံးကြောင့်နေ့သစ်တစ်နေ့မှာ ဘဝသစ်စနိုင်တဲ့သူတွေထဲမှာမိတ်ဆွေတို့ကိုပါဝင်စေချင်တယ်။

အဆိုအမိန့်တစ်ခုထဲမှာ “ဝမ်းနည်းခြင်းဆိုတာဟာ အချစ်အတွက်ငါတို့ပေးလိုက်ရတဲ့အဖိုးအခပဲ” တဲ့။ ဒါကိုယုံရမလား။ အောင်လအန်ဆန်းကိုချစ်လို့ဝမ်းနည်းနေကြတာမြန်မာပြည်သူတွေလေ။ သွေးထွက်အောင်မှန်နေတာပေါ့။ ဒါပေမဲ့ ကျွန်တော်ကတော့ နောက်အဆိုတစ်ခုကိုပိုကြိုက်တယ်။ လိုက်ပါပြီးလည်းလုပ်ဆောင်နေတယ်။ ပုံဖော်နေတယ်။

“ဝမ်းနည်းခြင်းမှာ အပိုင်း ၂ ပိုင်းရှိတယ်။ ပထမအပိုင်းကကျရှုံးခြင်းဖြစ်တယ်။ နောက်တစ်ပိုင်းက ဘဝကိုပြန်တည်ဆောက်ခြင်းဖြစ်တယ်” တဲ့။ မျှော်လင့်ချက်မဲ့သွားတာမှမဟုတ်တာ။ ဘယ်လောက်လှသလဲ။ ဘယ်လောက်အားရှိဖို့ကောင်းလိုက်သလဲ။ အသက်ရှင်လျက်ရနေတဲ့ဘဝကိုဘယ်လောက်တန်ဖိုးထားမိသွားသလဲ ဆိုတဲ့ မိတ်ဆွေရဲ့မှတ်ချက်ကို Comment တွေထဲမှာကျွန်တော်ဆက်ဖတ်ချင်ပါတယ်။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
10-31-2020

No comments: