ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, November 30, 2014

တန်ဖိုးနည်း Chromecast ရဲ့အသုံးဝင်ပုံ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
Chromecast ဆိုတာ Google က ထုတ်တဲ့ အင်တာနက် နဲ့ တီဗွီကို ကြိုးမဲ့ဆက်သွယ်ပေးတဲ့ Adapter တစ်မျိုး ဖြစ်ပါတယ်။ သူနဲ့လုပ်ဆောင်ချက်ဆင်တူပြီး ဈေးကြီး/နာမည်ကြီးတဲ့ တံဆိပ်တွေက Apple TV, Roku နဲ့ Amazon Fire TV တွေဖြစ်ကြတယ်။
.
ဒါတွေမပေါ်ခင်တုန်းက အင်တာနက်က ရုပ်ရှင် ဒါမှမဟုတ် YouTube ကြည့်ချင်ရင် လက်တော့ကွန်ပျူတာကနေ HDMI အထွက်ပေါက်ကနေ ကြိုးသွယ်ပြီးတော့ ( HDMI ပါတဲ့ ) TV အဝင်ပေါက်နဲ့ဆက်ပေးမှ အင်တာနက်က ဖျော်ဖြေသမျှကို Mouse တစ်လုံးကိုင်ပြီး ခြေဆင်းထိုင်ကြည့်နိုင်ခဲ့တယ်။
.
နာမည်ရတွေကလည်း Roku ကလွဲရင် ဒေါ်လာ ( ၁ဝဝ ) နားကပ်နေတာချည်းပဲဆိုတော့ Google ရဲ့ မူအတိုင်း အများသုံးဖြစ်အောင် စက်ကိုသေးလိုက်ပြီး ဆော့ကက်ကို HDMI နဲ့ ဒါရိုက်ထုတ်ကာ ( ၃၅ ) ဒေါ်လာနဲ့ စရောင်းတော့ ဆရာကြီးတွေ မျက်လုံးပြူးပြိး Chromecast က ပေါက်သွားတယ်။
.
သူ့ကိုသုံးမယ်ဆိုရင် ဧည့်ခန်းက TV မှာ HDMI ပါရမယ်ဆိုတာ သတိပြုရပါမယ်။ သူ့ Package ထဲမှာပါတဲ့ မီးတုံး Adapter ကို ပလပ်ပေါက်မှားထိုး၊ Chromecast ကို TV နောက်က HDMI မှာ တပ်ထားလိုက်ရင် အဆိုပါအင်တာနက်က ရုပ်ရှင်တွေ၊ Video Clip တွေကို ကြည့်လို့ရပြီပေါ့။

.
ပေါ်ခါစက Chromecast ဆားဗစ်ကို ပါဝင်ဆင်နွှဲပြီး ကိုယ့် App ကို အရောင်းမြှင့်တင်ရေးလုပ်သူတွေနည်းတော့ နည်းပညာရပ်ဝန်းမှာ ဒါဟာ နောက်ကျရင် ဆက်မထုတ်နိုင်တော့မယ့် Discontinued ပစ္စည်းလို့တောင် ခေါ်ခဲ့ကြသေးတယ်။ အထက်မှာပြောခဲ့သလိုပဲ သုံးစွဲရတာ အခက်ကြီးမဟုတ်ပေမယ့် ဒေါ်လာ ( ၁ဝဝ ) မသုံးချင်သူ ကျွန်တော့လို မြန်-ကောင်း-သက်သာ ကြိုက်သမား ရွှေမြန်မာအတွက်တော့ တော်တော်အဆင်ပြေခဲ့ပါတယ်။ အားမနာတမ်းပြောရရင် ဒီ Chromecast နဲ့ အင်တာနက်တိုက်ရိုက်ရုပ်ရှင် - Streaming ကို စမြည်းစမ်းကြည့်မိတယ်လို့ ဆိုရပါမယ်။
.
အစပိုင်းက ပါဝင်လာသူ ကုမ္ပဏီတွေနည်းတော့ Google ရဲ့ Chromecast Ecosystem ဟာ ခြောက်ကပ်ကပ်နဲ့ အလကားပါကွာလို့ ပြောနိုင်တယ်။ အခုတော့ ဒီလိုမဟုတ်တော့ဘူး။ နောက်ပြီး အင်တာနက်ရှာဖွေရေးကို Google Chrome သုံးသူတွေအတွက် ဘရောက်ဆာမှာ ကပ်သုံးလို့ရတဲ့ Extension ထုတ်ပေးလိုက်တဲ့အခါ ကိုယ့်ကွန်ပျူတာကို ပရိုဂျက်တာမလိုပဲ တီဗွီမှာ မြင်ကွင်းကျယ်သုံးစွဲခွင့်ရလာခဲ့တယ်။
.
တစ်ဆက်တည်းမှာ နာမည်ကြီး အွန်လိုင်းရေဒီယိုဆားဗစ်တွေကလည်း Chromecast နဲ့ အလုပ်လုပ်လာတော့ သုံးစွဲသူများလာတာ သဘာဝပဲပေါ့။ နောက်တစ်မျိုး Google က သူ့ Chromecast ဝယ်ရင် Google Play Store မှာ သုံးခွင့် ( ၁ဝ ) ဒေါ်လာပြန်ပေးတာမျိုးလည်းလုပ်လိုက်သေးတယ်လေ။
.
အခုလက်ရှိ Chromecast နဲ့ အလုပ်လုပ်တဲ့ နာမည်ကြီး App တွေက Netflix, Hulu Plus, HBO GO, Disney Watch စတဲ့ Streaming လိုင်းတွေ၊ Watch ESPN လို အားကစားနာမည်ကြီးလိုင်းတွေ၊ Watch ABC, MLB.TV တို့လို သတင်းလိုင်းတွေ၊ Pandora နဲ့ iHeart Radio တို့လို အွန်လိုင်းရေဒီယိုလိုင်းတွေ နဲ့ လူငယ်အကြိုက် ဂိမ်းယူကျုလိုင်း Twitch တို့တွေက အထင်ကရဖြစ်ကြပြီး လူသိများထင်ရှားကြတယ်။
.
အသုံးပြုပုံက Chromecast ကိရိယာကို TV မှာတပ်ဆင်တဲ့အခါ Adapter ကို ပလပ်ထိုးထားပါ။ Chromecast မှာ အလုပ်လုပ်ကြောင်း မီးဖြူလေး လင်းနေပါမယ်။ ကိုယ့်ဖုန်း ဒါမှမဟုတ် တက်ဘလက်မှာ Chromecast App ကို ဆွဲချထားရမယ်။ App ကို ဖွင့်လိုက်တာနဲ့ နာမည်အသစ်ပေးမလား Google စက်ကလေးက ပေးတဲ့ နာမည်ကိုပဲ ယူမလားဆိုပြီး ရွေးချယ်ရပါမယ် ( ဥပမာ - Chromecast6554 )။ ကိုယ်က ဖုန်း နဲ့ တက်ဘလက်ပေါ်မှာ YouTube တစ်ခုဖွင့်လိုက်တဲ့အခါ ညာဘက်ထောင့်ထိပ်စ နားမှာ လေးထောင့်ကွက်ကလေးနဲ့ Cast အိုင်ကွန်လေးကို ရွေးရပါမယ်။ ဒီအခါမှာ On This Device မှာ ကြည့်မှာလား? Chromecastxxxx မှာကြည့်မှာလားဆိုတာ မေးလိမ့်မယ်။
.
ကိုယ်က Chromecastxxxx ကို ရွေးပေးလိုက်ရင် သူ့ကိရိယာရှိရာ TV မှာ အသံလှိုင်း၊ ရုပ်လှိုင်းက လိုက်ရှာနေပါပြီ။ တစ်ဆက်တည်း TV အပေါ်စက် Remote မှာ HDMI ကို ရွှေ့ပေးလိုက်ရင် ကိုယ်ဖွင့်ထားတဲ့ ရုပ်သံလိုင်းဟာ TV အသံလွှင့်သကဲ့သို့ ဖန်သားပြင်မှာ ကြည့်ရှုနိုင်ပါပြီ။
.
အားသာချက်အနေနဲ့ ဒီရုပ်သံကိုဖွင့်ထားတဲ့ ဖုန်း၊ တက်ဘလက်ကို အသေထားစရာမလိုပဲ Wi-Fi ကွန်ယက်မိတဲ့ရပ်ဝန်းမှာ ကြိုက်သလိုထားနိုင်ပါတယ်။ သုံးစွဲသူက တစ်ခြား Facebook ကြည့်မလား? အီးမေးလ် စစ်မလား ဘာမဆို အနှောင့်အယှက်ကင်းကင်း ဆက်သုံးနိုင်ပါသေးတယ်။
.

ကွန်ပျူတာကနေကြည့်ဖို့ Google Chrome Browser ဖွင့်ထားပြီး Google Cast Extension သွင်းထားဖို့လိုပါတယ်။ ကိုယ်ဖွင့်ထားတဲ့ စာမျက်နှာ ဒါမှမဟုတ် Tap ကို အပေါ်ထောင့်က လေးထောင့်ပုံ Chromecast ကို နှိပ်လိုက်တာနဲ့ TV မှာ ဆက်သုံးနိုင်ပါပြီ။ အခုလို ကွန်ပျူတာကနေသုံးရင် ကိုယ့် Mouse ရဲ့ မျှားကလေး Pointer ကို TV မှာ မမြင်ရနိုင်တာကိုတော့ သတိထားရပါလိမ့်မယ်။ စမ်းသပ်သုံးစွဲသူများ အဆင်ပြေကြပါစေ။
.
" တန်ဖိုးနည်း Chromecast ရဲ့အသုံးဝင်ပုံ " စာမူသည် ၂ဝ၁၅ ဧပြီလ ( ၁၁ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၈၁ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download Link:http://www.mediafire.com/download/tz4tr9k0fbyzd81/NetGuide_Vol_3,_Issue_81.pdf


No comments: