ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, July 12, 2021

What is Duolingo English Test?

 

#KNNTgi

Duolingo English Test ဆိုတာဟာ အင်္ဂလိပ်စာကို မိခင်ဘာသာစကားအနေနဲ့ မပြောခဲ့တဲ့ ကျောင်းသားတွေရဲ့ အရည်အချင်းကို ကျောင်းဝင်ခွင့်အတွက် ဖြေပေးရတဲ့ နာမည်အသစ်နဲ့ ထွက်ပေါ်လာတဲ့ စာမေးပွဲအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

အထူးအဆန်းလားဆိုတော့ မဟုတ်သေးပါ။ ကျောင်းသားနဲ့ စာသင်သားတို့လောကမှာ ကြားဖူးနေကျ IELTS, Toefl တို့လို ရမှတ်ပြန်ထုတ်ပေးတဲ့ အွန်လိုင်းစာမေးပွဲ ဖြစ်ပါတယ်။

အရင်တချိန်ကဆိုရင် ဒီလို စာမေးပွဲတွေကိုဖြေဖို့ ကျောင်းတစ်ကျောင်းလို၊ ကောလိပ်တစ်နေရာလိုမျိုးကိုသွားပြီး ၂-၃ နာရီ ထိုင်ဖြေရတာ၊ စာမေးပွဲကြေး ဈေးမြင့်တာ၊ သွားလာဖို့ ကုန်ကျစားရိတ်ရှိတာတို့ ရှိခဲ့ပါတယ်။

နောက်ပိုင်းမှာ COVID-19 ကပ်ရောဂါကြောင့် ကျောင်းသားအချင်းချင်း၊ ကျောင်းသားနဲ့ဆရာတို့ အထိအတွေ့ ကန့်သတ်မှုတွေရှိလာတာကြောင့် အင်တာနက်ရှိတဲ့နေရာတိုင်းမှာ နာရီပိုင်းနဲ့ အပြီးအပြတ် ဖြေနိုင်၊ ရက်ပိုင်းနဲ့ အပြီးအပြတ် ရလဒ်အဖြေထုတ်နိုင်တာကြောင့် နိုင်ငံတကာကိုထွက်ပြီး စာသင်ကြမယ့် ကျောင်းသားတွေအတွက် အင်မတန်အသုံးဝင်လာတဲ့ ဝဘ်ဆိုက်တစ်ခု ဖြစ်ပါတယ်။

Duolingo English Test မှာ စကားပြောခြင်း၊ စာဖတ်ခြင်း၊ ရေးသားခြင်းနဲ့ နားထောင်ခြင်း လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ အင်္ဂလိပ်လိုပြောနေကြတဲ့ English 4 Skills နဲ့ အတူတူပါပဲ။ သူ့မှာ ဗီဒီယိုအင်တာဗျူး ပါတယ်၊ သတ်မှတ်ချိန်အတွင်း စာကို ရိုက်သွင်း ဖြေဆိုရတာမျိုး ပါတယ်။ အမှားအမှန်ရွေးတာ ပါတယ်။ ပေးထားတဲ့ ပုံကိုကြည့်ပြီး သရုပ်ဖော်ပြရေးသားရတာမျိုး ပါပါတယ်။


နိုင်ငံအသီးသီးက အင်္ဂလိပ်လိုသင်တဲ့ ကျောင်းတွေဟာ သူတို့သင်ပေးတာကို အင်္ဂလိပ်လို အဓိကမပြောတဲ့ တိုင်းပြည်က လာသူ ကျောင်းသားတွေ မလိုက်နိုင်မှာ စိုးရိမ်ကြတယ်။ ဒါကြောင့် Duolingo English Test Result ၇၅ ကနေ ၁၂ဝ အထိ လိုအပ်သလို ကန့်သတ်ချက် အမျိုးမျိုးထားပြီး ဝင်ခွင့်ကို စစ်ထုတ်ပါတယ်။

အဓိပ္ပာယ်ကတော့ သင်ရမယ့်ဘာသာက လေးနက်ကျယ်ပြန့်လေ Duolingo English Test Result က မြင့်မားလေလို့ အကြမ်းဖျင်းယူဆရမှာပါ။ ဒါက ကျောင်းဘက်က ကြည့်တာပါ။

ကျောင်းသားဘက်ကြည့်ပြန်တော့ Duolingo English Test ဖြေရတာ အင်တာနက်+အချိန် ၁ နာရီပဲ လိုတယ်၊ အမှတ်ဘယ်လောက်ရသလဲဆိုတာ ၄၈ နာရီအတွင်း ပြန်သိရတယ်။ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အဝေးကနေ လှမ်းဖြေနိုင်တယ်၊ မေးခွန်းသာ ကွာမယ် လေ့ကျင့်ဖို့မေးခွန်းတွေဟာ အတည်ဖြေတဲ့ စာမေးပွဲနဲ့ ပုံစံတူ (အချိန်ပိုင်း) စမ်းဖြေခွင့်ရှိတယ်။

ဖြေမယ့်ကျောင်းသားဟာ Duolingo English Test စာမျက်နှာမှာ အကောင့်ဖွင့်ပြီး ငွေသွင်းလိုက်ရင် ‌ဖြေခွင့် တန်းပေးတာက အားသာချက်ဖြစ်ပါတယ်။ မွေးနေ့၊ ဓာတ်ပုံ၊ ကုန်ဆုံးရက်၊ ထုတ်ပေးတဲ့နိုင်ငံနဲ့ နာမည်အပြည့်အစုံပါတဲ့ ID တစ်ခုကို တင်ပေးရမှာပါ။ ID မှာ နာမည်တစ်ခုဖြည့်ပြီး ကျောင်းဝင်တဲ့အခါ နောက်နာမည်တစ်ခုနဲ့ဆိုရင်တော့ အမှားတစ်ခုဖြစ်နေပါပြီ။

Duolingo English Test ကို နေရာအနှံ့က ကျောင်းပေါင်း ၃ဝဝဝ ကျော်က လက်ခံတယ်လို့ သိရတယ်။ ဒီစာမျက်နှာက အဆင်ပြေဖို့ ရည်ရွယ်တယ်။ မြန်ဆန်ဖို့ လိုလားတယ်။ ငွေကုန်ကြေးကျသက်သာဖို့ မျှော်မှန်းတယ်။ တစ်ခါဖြေ ၄၉ ဒေါ်လာ‌ဆိုတော့ အရင်နာမည်ကြီး စာမေးပွဲ‌တွေ တစ်ခါဖြေရင် ဒေါ်လာ ၂ဝဝ ကျော်လောက်ရှိတာနဲ့ အများကြီးနေရာရလာတာ မဆန်းပါဘူး။

Duolingo English Test ကို သူ့စာမျက်နှာမှာသာ လေ့လာနိုင်တာ မဟုတ်ပါ။ YouTube ‌ပေါ်မှာ ပြန်သင်ပေးတဲ့ အခမဲ့ ကြည့်စရာဗီဒီယိုတွေ အများကြီးပါ။ ဒါကြောင့် "Chances Are" အက်မင်အဖွဲ့က အကြံပေးချင်တာက Duolingo English Test ကို မ‌ဖြေခင် ၁ ရက်ကို ၃ နာရီနဲ့ ၂ ပတ်လောက် တရစပ်လေ့ကျင့်လိုက်ရင် အမှတ်ကောင်းဖို့ အဆင်သင့် ဖြစ်သွားနိုင်ပါတယ်။

ဒါမှလည်း ကျောင်းသားဟာ သူလျှောက်ချင်တဲ့ ကျောင်းကို လှလှပပဝင်ရောက် သင်ကြားနိုင်ပြီး ကျောင်းရှာပေးတဲ့ အေဂျင်စီမှာလည်း ကျောင်းကောင်းကောင်းရသွား၊ လိုချင်တဲ့ မေဂျာတက်ခွင့်ရသွားတာကို မြင်ရတဲ့အခါ ကျေနပ်ဝမ်းမြောက်ကြရမှာ မလွဲဧကန် ဖြစ်ပါ‌ကြောင်း ရေးသားလိုက်ပါတယ်။

ပိုမိုလေ့လာနိုင်ရန်-https://bit.ly/3jPsD3D

ပိုမိုလေ့ကျင့်နိုင်ရန်-https://bit.ly/2TKQKps


အပြည်ပြည်ဆိုင်ရာကို သွားရောက် ပညာသင်ကြမယ့် အမိမြန်မာနိုင်ငံက ကျောင်းသားတွေ ဆတက်ထမ်းပိုး အောင်မြင်ကြပါစေ။


#KNNTgi

07-12-2021

No comments: