ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, October 27, 2013

ဂျာနယ်ဖတ်ရင်းစာသင်မယ် ၂ ။ ( စီးပွားပြိုင်ဘက်များနှင့်ဆက်ဆံခြင်း )




                  အမေရိကားမှာ အွန်လိုင်းကနေစာသင်တယ်ဆိုတာ အားတဲ့အချိန် ကွန်ပျူတာဖွင့်ပြီး ညွှန်ကြားချက်တွေကိုလုပ်ဆောင်ရတာပါ ၊ ဆရာကိုလဲ မတွေ့ဖူးသလို စာသင်သားကိုလည်း ဆရာကမတွေ့ဖူးပါဘူး ၊ အဲဒါကြောင့် ဆရာ က ၃ ပတ် ကို ၁ ခါ လောက် သူသင်တဲ့စာသင်ခန်းကိုလူကိုယ်တိုင်လာနားထောင်မယ်ဆိုရင် အမှတ်-Credit ဘယ်လောက်ပေးမယ်ဆိုပြီး အီးမေးလ်ပို့တတ်ပါတယ် ၊ စာရေးသူ က ညဘက်အလုပ်လုပ်တာမို့လို့ ပြီးခဲ့တဲ့အပတ်ညနေက ခေါ်တာ မသွားဖြစ်လိုက်ပါဘူး ၊ အမှတ်ပို မရတာကလွဲလို့ တခြားနစ်နာတာမရှိပါဘူးခင်မျာ ။
          ဒီအပတ်မှာတော့ ပုစ္ဆာ 10.1 ပေးထားပြီး ဖြေရမယ့်ပုံစံလေး က ဒီလိုပါ ။




စီးပွားပြိုင်ဘက်များနှင့်ဆက်ဆံခြင်း
      လွန်ခဲ့တဲ့ ၆ လ တုန်းက “ ရောဘတ်တာအိုလင်း “  က စာရေးကိရိယာဆိုင်ဖွင့်ပါတယ် ၊ ရောင်းချတဲ့ပစ္စည်းတွေက စုံလင်ပြီ ဓါတ်ပုံကူးစက္ကူ ၊ လက်နှိပ်စက်စက္ကူ ၊ စာအိပ်စုံ သာမက ကွန်ပျူတာစာစီ-ကျောင်းသုံး ၊ ရုံးသုံးစားပွဲ ၊ ထိုင်ခုံ နဲ့ စာကြည့်မီးအိမ် တို့အထိပါဝင်ပါတယ် ။

          တစ်နေ့တော့ သူမ ဆိုင်ရဲ့အနီးအနားမှာ ကုန်ပစ္စည်းတူတဲ့ပြိုင်ဘက်ဆိုင် ၄ ဆိုင်ကို စနည်းနာဖို့အကြံရပါတယ် ၊ ဈေးဝယ်ဟန်ဆောင်ပြီး သူတို့ဘယ်ပစ္စည်းဘယ်ဈေးရောင်းတယ် ၊ ဘယ်လိုပရိုမိုးရှင်းပေးတယ် ၊ ဘယ်ပုံဘယ်နည်းဝန်ဆောင်မှုပေးတယ်ဆိုတာစူးစမ်းပါတယ် ၊ သူလေ့လာမိတဲ့အထဲက တစ်ခွန်းဆိုင် ၁ ဆိုင် ပါပြီး ဈေးဆစ်လို့မရပါဘူး ၊ နောက် ၁ ဆိုင်ကျတော့ ဝန်ဆောင်မှုဆားဗစ်တွေ တပုံတပင်ပေးထားပြီး ဒေါ်လာ ၅ဝဝ ဖိုးပြည့်ရင် ရက်ပေါင်း ၉ဝ အတွင်း အရစ်ကျပေးချေစံနစ်နဲ့ဆွဲဆောင်ပါတယ် ၊ အဆိုပါဆိုင်က အားလုံးထဲမှာ ဈေးအကြီးဆုံးဖြစ်နေပါတယ် ၊ ကျန် ၂ ဆိုင်ရဲ့ပုံစံတွေက သင့်တင့်ဈေးနှုန်း နဲ့  မျှတတဲ့ ဆားဗစ် ကို ပေါင်းစပ်ပြီးရောင်းအားမြှင့်တင်တဲ့နည်းသုံးကြပါတယ် ။



               ဆိုင်သေးလေးမို့လို့ ဆိုင်ကြီးတွေနဲ့ပြိုင်ပြီး ဒီလောကထဲမှာ နေရာတစ်နေရာရဖို့ မတူတဲ့ဈေးကွက်ပရိယာယ်နဲ့ရောင်းအားမြှင့်တင်မှရမယ်လို့ ရောဘတ်တာ ယုံကြည်ပါတယ် ၊ ငွေအင်အားမတောင့်တင်းတာကြောင့် မားကက်တင်းသုတေသနပညာကိုသုံးပြီး လုပ်ငန်းဆက်ဖို့ သူမဆုံးဖြတ်ထားပါတယ် ၊ ဒါပေမဲ့ လိုအပ်တဲ့အချက်အလက်တွေဘယ်နေရာက ရမလဲဆိုတာတော့ သူမ မသိပါဘူး ၊ ဆွဲဆောင်တဲ့နည်းလမ်းကောင်းရှိမှသာ သူမဆိုင်မှာ တစိုက်မတ်မတ်ဝယ်မယ့်ဖောက်သည်တွေရှိမယ်ဆိုတာ ပိုင်ပိုင်နိုင်နိုင်လက်ခံပြီးတဲ့နောက် ရောဘတ်တာ နည်းလမ်း ၂ သွယ် ကို ချမှတ်ပါတော့တယ် ၊ ပထမ နည်းလမ်းအရ သုံးစွဲသူတွေ ဆိုင်တွေမှာ အဓိက ဘာသွားဝယ်တယ်ဆိုတာ သိဖို့လုပ်ပါတယ် ၊ ဒီကမှတဆင့် ဈေးနှုန်း ၊ ဆားဗစ်ဝန်ဆောင်မှု နဲ့ အရည်အသွေး-Quality ဘယ်အရာက အရေးကြီးဆုံးဆိုတာသိအောင်လုပ်ပါတယ် ၊ ဒုတိယအနေနဲ့ သူမဆိုင်ကိုလာဝယ်နေကျဖောက်သည်တွေမပြေးသွားဖို့ ထိပ်တိုက်ပြိုင်ဘက်ဆိုင်ရဲ့ ရောင်းပုံစံနစ်ကို ခရေစေ့တွင်းကျ လေ့လာတာ “ ရောဘတ်တာ” အတွက် တော်တော်မလွယ်တဲ့ ဈေးကွက်စီမံကိန်းဖြစ်နေပါတယ် ၊ ဘယ်လိုဘဲဖြစ်ဖြစ် သူမ က “ သူမလိုချင်တဲ့အချက်အလက်တွေဘယ်ကရမလဲ “ ဆိုပြီး နောက်ဆုံးမှာ မေးခွန်းထုတ်ထားပုံလေးနဲ့ စာပိုဒ်ကို အဆုံးသတ်ထားပါတယ် ။




  မေးခွန်းများ

1.    သူမ ရှာဖွေရရှိမယ့်အချက်အလက်တွေက စီးပွားပြိုင်ဘက်တွေကိုယှဉ်ပြိုင်ဖို့ဘယ်လောက်အထိတန်ဖိုးရှိနိုင်သလဲ ။

2.    သင့်အနေနဲ့ ရောဘတ်တာ ရဲ့ မားကက်တင်းသုတေသနအစီိအစဉ်ကိုဘယ်လိုထင်မြင်ပါသလဲ ၊ ဘာတွေထပ်တိုးဖို့လိုပါသလဲ ၊ ပြည့်ပြည့်စုံစုံဖြေပါ ။

3.    သင့်ရဲ့အကြံအစည်သစ်ကိုလိုက်နာဖို့ငွေဘယ်လောက်သုံးရမလဲ ၊ မကြာခင်အနာဂါတ် မှာ အကောင်အထည်ဖော်နိုင်မယ့် ကုန်ကျစားရိတ်သက်သာတဲ့ သင့်ရဲ့ ဈေးကွက်သုတေသန ရှာဖွေတွေ့ရှိချက် ကို ရေးပါ ။



ကဲ - စာဖတ်သူတို့ မေးခွန်းတွေဖြေဖို့အဆင်သင့်စဉ်းစားထားတာများရှိပါသလား ၊ ဒါမှမဟုတ် စာဖတ်ရင်း အကြံဥာဏ်ကောင်း ရပြီလား ၊ သို့တည်းမဟုတ် အရင်ကတည်းက အရောင်းအဝယ်အတွေ့အကြုံရှိတဲ့ ဈေးရောင်းကုန်သည်အလုပ်လုပ်ဖူးပါသလား ၊ ဒီစာမေးပွဲကိုဖြေဖို့ ဘာစာမှကျက်စရာမလိုပါ ၊ တွေးတတ်ဖို့သာလိုပါတယ် ၊ ရှိခဲ့ဖူးတဲ့ အတွေ့အကြုံ ကို နည်းလမ်းဖြာပြီး ဥာဏ်ကွန့်မြူးဖြေရင် အောင်ပါတယ် ၊ အရေးကြီးတာ က ကိုယ့်အဖြေဟာ ဖြစ်နိုင်ခြေများပြီး အများလက်ခံနိုင်တဲ့ မရှုံးလောက်တဲ့ အကြောင်းပြချက် ခိုင်လုံရပါမယ် ၊ လက်တည့်စမ်းတဲ့အဖြေမျိုးကို ဆရာ က အမှတ်ပေးမှာ မဟုတ်သလို ဈေးကွက်ထဲမှာမရှိသေးတဲ့ / ဈေးကောင်းကောင်းရောင်းတတ်တဲ့ နည်းလမ်းမျိုးကိုရေးထားတဲ့ အဖြေကို ဖတ်ဖို့ ဆရာ က စောင့်နေမှာသေချာပါတယ် ၊ ဖြေကြည့်လိုက်ရင် လွယ်သွားပါတယ် ၊ စီးပွားရေးလုပ်တာ နည်းနည်း-များများ မြတ်ဖို့လိုတယ် ၊ ပေးတာ ၁၅ မှတ်ပါ ။


ကိုညီညီ - တောင်ကြီး

" ဂျာနယ်ဖတ်ရင်းစာသင်မယ် ၂ ။ ( စီးပွားပြိုင်ဘက်များနှင့်ဆက်ဆံခြင်း ) " စာမူသည် ၂ဝ၁၄ ဂျွန်လ ( ၁၄ ) ရက်နေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၃၈ ) ၊ စာမျက်နှာ ( ၂၂ ) တွင် ဖော်ပြပါရှိသည် ။









No comments: