ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, March 15, 2015

သမ္မတ နဲ့ ကျောင်းသားလူငယ်ထောက်ပံ့ကြေးအက်ဥပဒေ

ဘာသာပြန်သူ - ကိုညီညီ ( တောင်ကြီး )
.
.
အားလုံးမင်္ဂလာပါ …
စီးပွားရေးနယ်ပယ်သစ်မှာ ကျွန်တော်တို့ရဲ့ အဆင့်မြင့်ပညာရေးက ဘယ်လောက်အရေးပါတယ်ဆိုတာ ဂျော်ဂျီယာ ပေါ်လီတက္ကနစ် နည်းပညာတက္ကသိုလ်မှာ ကျောင်းသားတွေ နဲ့ ကျွန်တော် စကားပြောခဲ့တယ်။ အများတတ်နိုင်အောင် ဘယ်လိုသက်သာတဲ့နည်းလမ်းရှိနိုင်မလဲဆိုတာကိုပါ ဆွေးနွေးခဲ့တယ်။
.
တီထွင်မှုနယ်ပယ်မှာတည်ထားတဲ့စီးပွားရေးတစ်ခုမှာ အဓိကအကျဆုံး ထုတ်ရောင်းနိုင်တဲ့အရည်အချင်းကတော့ “ သင် ဘယ်လောက်သိသလဲဆိုတဲ့ ဗဟုသုတ ” ပါပဲ။ ဒါကြောင့် အလယ်အလတ်တန်းစားမိသားစုအသိုင်းအဝိုင်းကိုဝင်ရောက်နိုင်ဖို့ အသေချာဆုံး နဲ့ အမြဲတစေ မုချလိုအပ်တာက အဆင့်မြင့်ပညာရေးစံနစ်ဖြစ်တယ်ဆိုတာ ကျွန်တော်အမြဲပြောနေခြင်း ဖြစ်တယ်။
.
ဒီကိစ္စဟာ ဘယ်တုန်းကမှ ဒီလောက်ဈေးမကြီးခဲ့ဖူးသလို ဘယ်တုန်းကမှလည်း ဒီလောက် အရေးမကြီးခဲ့ဖူးဘူး။ ပညာရေးဆုံးခန်းတိုင်ပြီး ကျောင်းပြီးသွားဖို့ ကျောင်းစားရိတ်ချေးငွေ - Student Loan ဟာ ကျောင်းသားတစ်ယောက်အတွက် လက်ရှိမှာ ပျမ်းမျှ ဒေါ်လာ ( ၂၈ဝဝဝ ) ကုန်ကျနေပါတယ်။
.
.
ဒါကြောင့်ပဲ ကျွန်တော့ရဲ့အစိုးရအဖွဲ့ဟာ ကျောင်းသားတွေ တက္ကသိုလ် ကောလိပ်တွေကိုအဖိုးနှုန်းသက်သာအောင်တက်နိုင်ဖို့ အပတ်တကုတ် ကြိုးစားနေကြပါတယ်။ အခွန်ပြန်ရငွေ = Tax Credit နဲ့ သီးသန့်ကျောင်းစားရိတ်ထောက်ပံ့ငွေ - Pell Grant တွေကို ပိုမိုချထားပေးပြီး ကျောင်းသားတွေအတွက် ကျောင်းစားရိတ်ချေးငွေပရိုဂရမ် ပြန်လည်ရေးဆွဲရေးလုပ်ငန်းရပ်ဟာ သမိုင်းမှာအကြီးဆုံး Reform ဖြစ်ခဲ့တယ်။ ငွေတိုးနှုန်းသက်သာဖို့ ကျွန်တော်တို့ အဆက်မပြတ် တိုက်ပွဲဝင်ခဲ့တယ်။
.
ပြန်ဆပ်ရမယ့်ငွေကို ကျောင်းသားတစ်ယောက်ဝင်ငွေရဲ့ ( ၁ဝ% ) နဲ့ ညီမျှတဲ့ငွေကိုပဲ လစဉ် ပြန်ဆပ်စေဖို့ စီစဉ်နိုင်ခဲ့တာမို့ အိမ်လခပေးရမလား? ကျောင်းလခအကြွေးဆပ်ရမလား? ဆိုတာမျိုး ဗျာများနေဖို့ မလိုတော့ပါဘူး။ ကွန်မြူနတီကျောင်းတွေကို အကြွေးသုံညအထိလျှော့ချနိုင်မယ့်အစီအစဉ်များစွာကို ကွန်ကရက်လွှတ်တော်ကို ပေးပို့ခဲ့ပြီးလည်း ဖြစ်တယ်။ အထက်တန်းကျောင်းလိုပဲ ကွန်မြူနတီကောလိပ် နဲ့ တက္ကသိုလ်တွေမှာ ( ၂ ) နှစ် ပညာရေးဟာ အခမဲ့ ဖြစ်ရပါမယ်။
.
.
ဒါပေမယ့် ကျွန်တော်တို့လို .. အရွေးချယ်ခံအရာရှိတွေ၊ တက္ကသိုလ်တွေ နဲ့ စီးပွားရေးခေါင်းဆောင်တွေ အားလုံး အားလုံး .. ကောလိပ်ကျောင်းစားရိတ် ပိုမိုလျှော့ချနိုင်ဖို့ အလုပ်လုပ်ဖို့လိုတယ်။ ဒါကြောင့် ဒီသီတင်းပတ်မှာ အမေရိကန်ကျောင်းသားတွေ ကျောင်းစားရိတ်သက်သာတဲ့ ကောလိပ်တွေ ပိုမိုတက်ရောက်နိုင်အောင် နည်းလမ်းသစ်တွေ ကျွန်တော် လမ်းခင်းပေးခဲ့တယ်။ ဒီစံနစ်မှာ မည်သည့်အသုံးစားရိတ် နဲ့ မည်သည့်ဗြူရိုကရေစီနဲ့မှ ပတ်သက်ဆက်နွယ်မှု မရှိပါဘူး။ တစ်ကယ့်ကို ရိုးရှင်းတဲ့ တန်ဖိုးတစ်ခုပါ။ ကျွန်တော်ခေါ်တာက “ ကျောင်းသားလူငယ်ထောက်ပံ့ကြေးအက်ဥပဒေ ” ပေါ့။
.
ဒီဥပဒေက ဘာကိုပြောသလဲဆိုရင်  “ ကျောင်းသားမှန်ရင် အရည်အသွေးရှိတဲ့ပညာရေးကို ဆုတ်ကိုင်နိုင်ရမယ်၊  တန်ဖိုးနည်းပညာရေးကို တတ်နိုင်ရမယ်။ ကျောင်းသားမှန်ရင် ကောလိပ်တက်ဖို့ တတ်နိုင်တဲ့အရင်းအမြစ်တွေကနေ ငွေပေးတက်နိုင်ရမယ် ”
.
ငွေချေးသူကလည်း တတ်နိုင်သလောက်လေးနဲ့ ပြန်ဆပ်တာကို လက်ခံနိုင်တဲ့ အစီအစဉ်ကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေးရှိတယ်။ ငွေချေးသူတိုင်းမှာ အရည်အသွေးရှိတဲ့ Customer Service ၊ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေ ရှိရမယ့်အပြင် ငွေပြန်ဆပ်ဖို့ ရုန်းကန်နေရသူတွေကို တန်းတူညီမျှဆက်ဆံရေး ရှိရမယ်။
.
.
ဒီလောက်ပါပဲ။ ဒါတွေဟာ  ရိုးရှင်းတဲ့ နိယာမဥပမာတွေသာ ဖြစ်ပါတယ်။ အကယ်၍ ဒီစီမံကိန်းအကြောင်းအချက်တွေကို ကျွန်တော်တို့အားလုံး ညီညာထကြွ ဝန်းရံကြမယ်ဆိုရင် နိုင်ငံနဲ့အဝှမ်း ကောလိပ်တွေ၊ ငွေချေးသူငွေရှင်တွေ နဲ့ ဝါရှင်တန်အစိုးရရုံးက ဥပဒေပြုအမတ်တွေကို ပိုမိုနားလည်လာအောင် လုပ်ဆောင်လာနိုင်မှာ ဖြစ်တယ်။
.
ကဲ .. ဒီ Student Aid Bill of Rights ဆိုတဲ့ ကျောင်းသားလူငယ်ထောက်ပံ့ကြေးအက်ဥပဒေ ကို အမေရိကန်ကျောင်းသားတွေ ကောင်းမွန်တဲ့ပညာရေးအတွက် ငွေကုန်ကြေးကျခံဖို့ အထောက်အကူပြုတာ ယုံကြည်တယ်ဆိုရင် https://www.whitehouse.gov/webform/college-opportunity ကို ဝင်ရောက်လေ့လာဖို့ ကျွန်တော် တောင်းဆိုပါတယ်။ အဲဒီကြေငြာချက်မှာ မိဘပြည်သူများရဲ့ နာမည်ကို စာရင်းသွင်းလိုက်ပါ။ မိသားစုဝင်တွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေ နဲ့ ကျောင်းသူကျောင်းသားအပေါင်းကို သတင်းပေးလိုက်ပါ။
.
ကျွန်တော့ဘက်ကနေ ကွန်ကရက်အမတ်တွေ၊ ငွေရှင်ကုမ္ပဏီတွေ နဲ့ ထိပ်သီးစီးပွားရေးလုပ်ငန်းရှင်တွေကို ရသလောက် ရှာဖွေသွားပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျောင်းသားတွေအတွက် သူတို့ဘဝက စ,မယ်မကြံသေးဘူး အကြွေးဖင်ခုထိုင်ထားရသလိုဖြစ်မနေဖို့က ကျွန်တော်တို့အတွက် အထူးကိစ္စဖြစ်တယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။
.
.
အမေရိကားမှာ “ အဆင့်မြင့်ပညာရေးဟာ လူနည်းစု လူတစ်ချို့အတွက် သီးသန့်ဖယ်ထားပေးရမယ့် အထူးအခွင့်အရေး မဖြစ်စေရပါဘူး။ လုပ်ကိုင်လိုသူတွေ၊ ပညာရှာလိုသူတွေအားလုံးအတွက် အမြဲရရှိနိုင်အောင် အဆင်သင့် ဖြစ်နေရပါမယ် ”
.
ကျေးဇူးပါပဲ။ ရုံးပိတ်ရက်မှာ ပျော်ရွှင်နိုင်ပါစေ ..။
.
အမေရိကန်သမ္မတ ဘရက်အိုဘားမား
ဝေါ်ရှင်တန်ဒီစီ
အမေရိကန်သမ္မတအိမ်ဖြူတော်
မတ်လ ( ၇ ) ရက် ၊ ၂ဝ၁၅ ခုနှစ် အပတ်စဉ်မိန့်ခွန်း
.
.
.
.
မိန့်ခွန်း YouTube : https://www.youtube.com/watch?v=umXgNpiPzxs

.
ရည်ညွှန်းကိုးကား : the WHITE HOUSE


No comments: