ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Saturday, March 7, 2015

စိတ်ချမ်းသာအောင်အရင်လုပ်ပါ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
တစ်ခုခုလုပ်မယ်ဆိုတိုင်း မိမိကိုယ်တိုင်စိတ်ချမ်းသာအောင် အရင်လုပ်ထားသင့်ပါတယ်။ ကြည်လင်တဲ့စိတ်ကသာလျှင် ကောင်းမွန်ချောမွေ့တဲ့ ကိစ္စပြီးမြှောက်မှုကို ယူဆောင်လာပေးနိုင်ပါလိမ့်မယ်။ ဒီလိုပြောရတာကလည်း လူတွေ .. လူတွေ၊ တစ်နေ့တစ်နေ့တွေ့လိုက်တဲ့လူတွေ အများကြီးမှ .. အများကြီးပါ။
.
ကောင်တာမှာ မျက်နှာချင်းဆိုင် လူတွေနဲ့တည့်တည့်တွေ့တယ်။ ဖုန်းထဲမှာ အသံနဲ့တွေ့တယ်။ ကိုယ်ကထိုင်ကြည့်နေလို့ LED ဖန်သားပြင်ပေါ်မှာ လူတွေကိုတွေ့တယ်။ ကိုယ့်လက်ညှိုးလေးကြောင့် ကြိုးမဲ့ကြွက်ကလေးကခေါ်ဆောင်လို့ LCD ကွန်ပျူတာပေါ်မှာ လူတွေတွေ့တယ်။ လက်မလေး ယိမ်းကာ နွဲ့ကာနဲ့ စမတ်ဖုန်းပေါ်မှာ လူတွေကိုတွေ့တယ်။ ဒီအခြေအနေအားလုံးထဲက တစ်ခုမျှမရှိဘူးဆိုရင် မိုင်ထောင်ချီဝေးပါစေ .. ကိုယ်တွေ့ချင်တဲ့လူကို စိတ်ထဲကနေ သွားတွေ့တယ်။ ဒါဟာ ဘာကြောင့်လဲ?
.
စိတ်ပညာရှင်တွေရဲ့ စကားအရ လူဆိုတာ လူမှုရေးရှိတဲ့သတ္တဝါ - Social Animal ပါ။ အမှန်က လူတွေဟာ တစ်ယောက်တည်း မနေနိုင်ပါဘူး။ စိတ်အခြေအနေအရ အဆင်ပြေတဲ့အခါရှိသလို အဆင်မချောတဲ့ ဈေးခပ်ပေါပေါအချိန်တွေကြားထဲမှာလည်း လူတွေ နေထိုင်ကြတယ်။ ဒီတော့ လူတွေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပေါင်းသင်းဆက်ဆံကြသလဲ? လေ့လာကြည့်ကြရအောင်..။
.
.
သူတစ်ပါးကို မိမိဒုက္ခအကြောင်းပြောပြခြင်းဖြင့်ဆက်ဆံတယ်။ ………. ။ ရှင်းပါတယ်။ ဒီလိုလူတွေကို လူတွေ မကြိုဆိုပါဘူး။ ကိုယ့်ရှေ့မှာတော့ “ ဟယ် .. ဟုတ်လား ..! ” ဒီလိုမျိုးတော့ကြားရနိုင်တာပေါ့။ ဒါပေမယ့် ဒါဟာ လောကွတ်အရ ဟန်ပြဆိုတာ လူတိုင်းသိတယ်။ သိပင်သိသော်ငြားလည်း ဒါမျိုး အပေါ်ယံဆီတရွှဲရွှဲစကားတွေကိုမှကြားချင်တာ လူ့သဘာဝပါ။ ဒါဆို လူတွေနဲ့မဆက်ဆံ စကားမပြောခင် ဒုက္ခကို ဘယ်လိုရှင်းထားမလဲ? ပြသနာရဲ့ အရင်းအမြစ်ကို ဖွေရှာတူးဆွပြီး အဖြေရှာသင့်ပါတယ် .. ဒါ ဘယ်သူလုပ်တာလဲ လို့  “ တရားခံရှာဖို့ ” မဟုတ်ပါ ။

.
သေချာတာတစ်ခုက အခက်အခဲတစ်ခု မပြေလည်တိုင်း “ ဘယ်သူ့ကြောင့်လဲ ” လို့ ဓါးစာခံရှာလို့ကတော့ ကိုယ့်နားမှာ ရေရှည် ဘယ်သူမှ မြဲမြဲမြံမြံ နေနိုင်မှာမဟုတ်ပါဘူး။ ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတဲ့ ပြသနာရဲ့ စေ့ဆော်ခဲ့တဲ့အကြောင်းရင်း - Root Cause ကို ရှာမှသာ ကိုယ့်ကို ဝိုင်းကူမယ့်သူပေါ်လာသလို အနစ်နာခံ မျှဝေခံစားပေးမယ့်သူဆိုတာလည်း ရှိလာမှာပါ။
.
.
မိမိမှာမရှိတဲ့အရည်အချင်းကို ရှိသယောင်ဆက်ဆံတယ်။ ………. ။ ဒီအပိုဒ်မှာ ကြွားတာရော နှိမ့်ချတာပါမကျန် လိမ်ညာမှုပါ အကျုံးဝင်ပါတယ်။ ငွေမရှိပဲ သူဋ္ဌေးဟန်ဆောင်တယ်။ သမာဓိမရှိပဲ လူကြီးလူကောင်းပုံဖမ်းတယ်။ ပစ္စည်းဥစ္စာပေါများပါလျက်နဲ့ အများအကျိုးထမ်းရွက်ရမှာစိုးလို့ မရှိချင်ဟန်ဆောင်ကြတယ်။ ဒီလိုနည်းလမ်းတွေသုံးပြီး ဆက်ဆံရင် လူလူချင်းဆက်ဆံရေး မမြဲနိုင်ပါဘူး။ သေချာတွေးကြည့်ရင် လူဘဝတစ်သက်တာ လှုပ်ရှားနေရင်း ဒီလိုလူတွေ နေ့စဉ်တွေ့နေရတာ မရေမတွက်နိုင်အောင်ပါပဲ။
.
သူ့အရည်အချင်းသိရဖို့ ကိုယ့်ဖက်က အမှန်ပြောဖို့လိုပါတယ်။ ဒါမှလည်း တစ်ဖက်သားရဲ့ ဆန်းစစ်မှုကို ကျော်လွန်ဖြတ်သန်းပြီး ယုံကြည်မှုတည်ဆောက်နိုင်မှာပါ။ ကိုယ်အမှန်ပြောလိုက်လို့ ကိုယ့်ကို “ အမှန် ” အတိုင်းမြင်သွားသူတွေကို ရွေးချယ်ပေါင်းသင်းပါ။ ဒီလိုပဲ ကိုယ့်ကို ရှိရင်းစွဲအတိုင်း ရင်ဘတ်ချင်း ဖွင့်အံလာသူတစ်ယောက်ရဲ့စကားကို အမှန်ဟုတ်မဟုတ်ဆိုတာကို အများအားဖြင့် ဆဋ္ဌမအာရုံက အလိုလို သိနိုင်စွမ်းပါတယ်။ အဲဒီတစ်ဦးတစ်ယောက်ရဲ့ အမှန်တရားကို တန်ဖိုးထားပါ .. တွေ့ရခဲတယ်။ သူ့ကို ကိုယ့်မှာရှိတဲ့ အမှန်တရား ပြန်ပေးလိုက်ပါ။ ဒါဆိုရင် တစ်ဦးနဲ့တစ်ဦး ကိုယ်ချင်းစာတရားနဲ့ ဖေးမအကူ အတူအညီ သယ်ဆောင်သွားလို့ ရပါပြီ။
.
.
အဆင့်အတန်းကိုရှေ့တန်းတင်ပြီးဆက်ဆံတယ်။ ………. ။ ရာထူးအဆောင်အယောင်ဆိုတာမျိုးက မပြုတ်ကျခင်အထိတော့ တန်းခိုးအာဏာထွားပါတယ်။ အပေါ်ယံ လူအထင်ကြီးစရာတွေဟာ အချိန်အပိုင်းအခြားတစ်ခုအထိတော့ သက်ရောက်မှုရှိတာ လက်ခံပေးလိုက်ပါ။ ဒါပေမယ့် မနက်မျက်နှာသစ်၊ မဖြစ်မနေ အသက်ဆက်ဖို့ အစာစား၊ ခန္ဓာဝန်သန့်ရှင်းရေးလုပ် .. စတဲ့ လူဖြစ်ရတဲ့ဒုက္ခကြုံရတာချင်းတော့ အတူတူပါ။ လူကို လူလို မဆက်ဆံတတ်တဲ့ လူတန်းစားမျိုးတွေကို တွေ့ဖူးကြမှာပါ။
.
ခြောက်ချီးခြောက်ချက်အောင်မြင်မှုလေး ရရုံလောက်နဲ့ စကားမပြောနိုင် အဖက်မလုပ်နိုင်သူတွေကြောင့် ခံစားရသူတွေရဲ့ ရင်တွင်းဝေဒနာကို လက်ရှိ သူတို့ရရှိထားတဲ့ ရာထူး၊ ဥစ္စာဓနရဲ့ ဝဋ်ကြွေးတစ်ကျော့ပြန်လာတဲ့အခါကျမှ အသိတရား ရပါလိမ့်မယ်။ အဲဒီအချိန်ကျရင် သူတို့မှာ သူငယ်ချင်းကောင်းဆိုတာလည်း မရှိနိုင်တော့ပါဘူး။ မိတ်ဆွေကောင်းတွေလည်း မကျန်ရစ်နိုင်တော့ပါဘူး။ အရေးကြီးတာ မိမိဆက်ဆံနေတာ “ ကိုယ်ကဲ့သို့ခံစားချက်ရှိသောလူ ” ပုဂ္ဂိုလ် ဖြစ်နေတယ်ဆိုတာ အမြဲသတိရရင် ပြသနာတော်တော်များများဟာ ရပ်တန့်သွားပါလိမ့်မယ်။
.
.
မသိတာကိုမမေးဘူး ရမ်းသမ်းပြုလုပ်တယ်။ ………. ။ အမှန်တကယ်သိသူတစ်ယောက်ဟာ သူသိတဲ့အမှန်တရားကို ပုံဖော်ပြီးလုပ်ဆောင်တယ်ဆိုရင် ကောင်းပါတယ်။ အသိက အသိပဲ .. လုပ်ဆောင်ချက်က လမ်းချော်နေတဲ့အခါ လောကကြီးမှာ ရိုက်လို့မကုန်နိုင်တဲ့ ဇာတ်ကြောင်းတွေ ပေါ်လာကြတာ မရေမတွက်နိုင်အောင်ပါပဲ။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းကတော့ ငယ်ငယ်ကတည်းက ဗဟုသုတမပါတဲ့ ပညာရေးကြောင့်လို့ ဆိုချင်ပါတယ်။ တစ်ခုခုသိဖို့ လူကြီးသူမ အပေါင်းအသင်းတွေကို အားကိုးရတယ်။ ( ၅ ) နှစ်အရွယ်ကတည်းကသင်ခဲ့တဲ့ ပညာရေးစံနစ်ဟာ အဆင့်ဆင့်တွေးတောဆင်ခြင်နိုင်စွမ်း - Critical Thinking ကို မပေးနိုင်ခဲ့ဘူး။
.
ဒီလိုမပြေလည်တဲ့ အလွဲလွဲအမှားမှား အပြစ်တွေကို ရှောင်လွှဲနိုင်ဖို့ စာဖတ်ရပါမယ်။ လက်လှမ်းမှီတဲ့ မီဒီယာတံခါးပေါက်ကနေ ခေါင်းပြူကြည့်ရပါမယ်။ ဘာသာပြန်ပြီးထား အရေးအသားတွေကနေတစ်ဆင့် အင်္ဂလိပ်စာကို ကိုယ်ပိုင်ဖတ်နိုင်တဲ့အဆင့်အထိ မိမိကိုယ်တိုင် - Self Study မြှင့်တင်ရပါမယ်။ ဒီလိုခပ်ဝေးဝေးမလုပ်နိုင်သေးဘူးဆိုရင် အလွယ်နည်းလမ်းရှိပါသေးတယ် ..။ Ask Questions.
မေးခွန်းများများ မေးပါ။
.
.
မိမိကိုလာသင်ပေးမယ့်သူကိုစောင့်နေတယ်။ ………. ။ လူတွေဟာ ကိုယ်တိုင်ကိုယ်ကျ သိသူ တတ်သူထံမှာ ဆည်းပူးရမည့်အစား ဘယ်သူက လာသင်ပေးမလဲဆိုတာမျိုးကို စောင့်တတ်တဲ့ အပျင်းသတ္တဝါတစ်မျိုးပါ။ ဥပမာ - စာသင်ဖို့ ကျောင်းသွားတယ်။ ဆရာလာမှ ဖတ်စာအုပ်ထုတ်တယ်။ ဆရာပြောပြတာကို နားထောင်တယ်၊ လိုက်ကူးတယ်။ ရှင်းပြတာကိုနားထောင်ပြီးမှ နားလည်အောင်လုပ်တယ်။ နားမလည်တဲ့အပိုင်းကို ပြန်လှန်ဆွေးနွေးခြင်းမရှိပဲ အလွတ်ကျက်မှတ်တယ်။ အဲဒီလို လူငယ်တစ်ယောက်ရဲ့ဦးနှောက်ဟာ ဘယ်လိုတိုးတက်မှုအတွက်မှ အလုပ်မလုပ်တော့ပါဘူး။ အနာဂါတ်ပျောက်တဲ့ သာဓကပါ။
.
ခေတ်ကြီးကိုဦးဆောင်နေတဲ့လူငယ်တွေ စာသင်ယူပုံက တစ်မျိုးပါ။ ဆရာက ကျောင်းဖွင့်စကနေ စာမေးပွဲနောက်ဆုံးရက်အထိ အချိန်ဇယားနဲ့ ဖတ်ရန်စာအုပ်၊ စာပိုဒ်၊ စာမေးပွဲတို - Quiz ၊ အိမ်စာ - Homework ၊ လက်တွေ့ Lab ၊ အုပ်စုလိုက်လုပ်ဆောင်ခြင်း - Group Project တို့သာမက ဘယ်နေရာမှာ ဖတ်စာအုပ်ကို ဈေးပေါပေါနဲ့ ဝယ်နိုင်တယ်ဆိုတာအထိ သင်ရိုးညွှန်းတမ်း - Syllabus ကို ရေးတင်ထားပေးတယ်။
.
ကျောင်းသားက အဲဒါကိုအချိန်ဇယားဆွဲပြီး ဖတ်စာအုပ်ကို ကြိုဖတ်ပြီးခါကျမှ ကျောင်းခန်းထဲ ဝင်ရပါတယ်။ ဒီလိုနဲ့ “ ဆရာမှတပည့်ကိုသင်ပေးခြင်း ” က နေ “ ဆရာနှင့်တပည့်အပြန်အလှန်ဆွေးနွှေးခြင်း ” ဖြစ်သွားပါတယ်။ နိုင်ငံကို တစ်ကယ်ခေါင်းဆောင်မယ့်သူတွေဟာ မိမိကိုလာသင်ပေးမယ့်သူကို တစ်နေရာတည်းမှာ အချိန်ကုန်ခံပြီး စောင့်မနေပါဘူး။
.
.
ဒါတွေအားလုံးကို အဆင်ပြေပြေဖြစ်အောင် လားရာတူရာဘက်ကို တွန်းရွှေ့နိုင်ဖို့ ဆက်ဆံဘက် - Communicating Party ( ၂ ) ဖက်စလုံးဟာ စိတ်ချမ်းသာနေဖို့လိုပါတယ်။ စိတ်ချမ်းသာနေသူတစ်ယောက်ဟာ တစ်ခုခုဆိုရင် လုပ်ရကိုင်ရဖို့ တက်ကြွနေလေ့ရှိတယ်။ စိတ်ညစ်နေသူတစ်ယောက်အဖို့ လေးလေးပင်ပင်ဖြစ်နေသလို အချိန်နဲ့အမျှ ပျင်းရိမှုတွေ များလာတယ်။ ထိုင်းမှိုင်းလာတယ်။ အောင်မြင်ရရှိမှုတွေ နည်းသထက်နည်းလာတယ်။ ဒါဟာ လူ့ဘောင်လောက ရဲ့ ဆုတ်ယုတ်မှုတစ်ခုဖြစ်ပါတယ်။
.
စားဝတ်နေရေးအရ၊ ပညာရှာမှီးမှုအရ၊ အတွေ့အကြုံနဲ့အဆက်အသွယ်ရလိုရငြား ပြည်ပနိုင်ငံတစ်ခုခုကို သွားရောက်ချင်သူများ အထူးသတိထားစရာပါ။ နိုင်ငံရပ်ခြားမှာ အလကားရတာ ဘာတစ်ခုမှမရှိပါဘူး။ အားလုံးဟာ ငွေ သို့မဟုတ် ကိုယ့်ဖက်က တစ်စုံတစ်ရာတော့ ပေးလိုက်ရစမြဲပါ။ ဘာပဲပေးလိုက်ရ ပေးလိုက်ရ မိမိပြန်ရတာဟာ “ စိတ်ချမ်းသာမှု ”  ဖြစ်မှသာလျှင် တန်ရာတန်ကြေး ဖြစ်မှာပါ။
.
.
အပြန်အလှန်အားဖြင့် ကိုယ့်ခွန် ကိုယ့်အားနဲ့ စိုက်ထုတ်လိုက်ရတဲ့ ဝန်ဆောင်မှုတစ်ခု - ခပ်ရှင်းရှင်းပြောရရင် “ မိမိအချိန်တွေကို ရောင်းလိုက်ရတဲ့အခါ ” ဝယ်ယူသွားသူ လုပ်ငန်းရှင်တွေ၊ ကုမ္ပဏီပိုင်ရှင်တွေဘက်က “ စိတ်ချမ်းသာမှု တစ်ခုခု ” ပြန်လည်ရရှိသွားမှသာလျှင် မျှတတဲ့အပေးအယူ ဖြစ်ပါလိမ့်မယ်။
.
.
အမေရိကန်လို လူ့အခွင့်အရေးမြေဆီလွှာပေါ်မှာ စိတ်ချမ်းသာမှုကို အင်မတန်အလေးထားပါတယ်။ တရားမျှတမှုကို မြတ်နိုးတယ်။ တရားဥပဒေစိုးမိုးရေးကို ကိုယ်တိုင်ပါဝင်လုပ်ဆောင်တယ်။ မိမိကိုယ်တိုင် စိတ်ချမ်းသာအောင်ကြိုးစားပြီး ဘဝကို နေပျော်အောင် နည်းမျိုးစုံနဲ့ ကြိုးစားကြတယ်။ ကိုယ်တိုင်လုပ်ယူတယ် .. မရရင် စိတ်ချမ်းသာမှုကို ငွေနဲ့ လိုက်ဝယ်ယူတယ်။ ဒါကြောင့် အလုပ်အားလပ်ရက်မှာ အပန်းဖြေတတ်တဲ့အလေ့အကျင့်နဲ့ ခရီးသွား Industrial ကြီးထွားတာ အံ့သြစရာမဟုတ်ပါဘူး။
.
ဒီ့ထက်ပိုမိုပြောရရင် စိတ်ချမ်းသာမှုကို ပြည်သူပြည်သားတွေ ကိုယ်စီကိုယ်င တစ်ပါးသူမထိခိုက်ပဲ ရှာဖွေကြလို့၊ မျှဝေကြလို့ သူတို့ရဲ့ လူနေမှုစံနစ်ဟာ “ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ကိုက်ညီတယ် ” လို့ တင်စားချင်ပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံထွက်ဖို့ကြိုးစားနေတဲ့လူငယ်၊ ညီအစ်ကို၊ မောင် နဲ့ နှမများပါမကျန် မိမိကိုယ်တိုင်ရော၊ မိမိပတ်ဝန်းကျင်ကလူတွေကိုပါ အဆင်ပြေစေရန် “ စိတ်ချမ်းသာအောင်နေတတ်တဲ့စိတ်ထားလေး ” ကြိုတင်လေ့ကျင့် နှလုံးသွင်းယူဆောင်လာဖို့ မှာကြားလိုက်ပါရစေ ..။
.
ခင်မင်ခြင်းများစွာဖြင့်
.
07-03-2015
.
" စိတ်ချမ်းသာအောင်အရင်လုပ်ပါ " စာမူသည် ၂ဝ၁၅ ခုနှစ်၊  စက်တင်ဘာလ ( ၁၂ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၄ ) ၊ အမှတ် ( ၁ ) ၊ စာမျက်နှာ ( ၅၁ ) တွင် ဖော်ပြပါရှိသည်။ Download Link: http://www.mediafire.com/download/qmy3m57txd226wd/NetGuide+Vol.4%2C+No.1.pdf


No comments: