ရွေးချယ်စရာ အမေရိကားအလုပ်ဗီဆာ

My Blog List

Sunday, October 26, 2014

( ၂ဝ၁၂ ) တုန်းကလို အိမ်မပြန်ချင်ပါ

ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး )
.
.
၂ဝ၁၂ တုန်းက အိမ်ပြန်တာ ဘာဖြစ်ခဲ့လို့လဲ? ဘာမှမဖြစ်ခဲ့ပါဘူး။ အဲဒီ ဘာမှမဖြစ်တာကိုပဲ ထပ်မဖြစ်ချင်တာပါ။ အိမ် ဆိုတာက အဓိပ္ပာယ် နှစ်မျိုးယူလို့ရပါသေးတယ်။ ကိုယ့်ကိုမွေးခဲ့တဲ့ အမေ့အိမ်ရယ်၊ ကိုယ့်ကိုကြီးပြင်းခဲ့ပေးခဲ့တဲ့ အမိမြေရယ်။ နှစ်ဘက်သော မိ နဲ့ ဘ လို့ ခမ်းခမ်းနားနားပြောရင် ပိုတင့်တယ်ပါတယ်။
.
ကိုယ်လာခဲ့တဲ့နေရာကို ပြန်ရတယ်ဆိုတော့ လက်ဆောင်လေး ဘာလေး နဲ့ အထုတ်အပိုးတွေ တနင့်တပိုးကြီးပေါ့၊ ပါသမျှ လက်ဆောင်တွေချည်းတော့မဟုတ်ပါဘူး။ လေယာဉ်လက်မှတ်ခကျေအောင် ကယ်ရီနည်းနည်းပါးပါး ရိုက်ရသေးတယ်။ အမျိုးတွေ ပစ္စည်းလာထည့်ရင် ငြင်းရတာ မျက်နှာပူတယ်။ အခုနောက်ပိုင်းကျတော့ သူတို့လည်း ကိုယ့်လိုပါပဲ။ မြန်မာနိုင်ငံပြန်မယ်ဆိုရင် အချင်းချင်း လက်မတို့ကြတော့ဘူး။ လူကြုံပါး ပစ္စည်းသယ်ပေးရတဲ့ဒဏ်ကို ကိုယ်လိုပဲ မခံနိုင်ကြတော့ဘူးလေ။
.
ဒီလိုဖြစ်ဆို လေယာဉ်လက်မှတ်ခ က သေးမှမသေးပဲကိုး။ ( ၂ဝဝ၉ ) ခုနှစ်က မိတ်ဆွေတစ်ချို့ ရန်ကုန်ပြန်တာ လေယာဉ်ခ ( ၉၂၄ )  ဒေါ်လာပေးရတယ်ဆိုတာ ဟိုးရှေးရှေးတုန်းကလားဟင် လို့ မေးရမလိုဖြစ်နေပြီ။ ပြီးတော့ ကိုယ်ပြန်မယ်လို့စဉ်းစားလိုက်တိုင်း မြန်မာနိုင်ငံမှာက မိုးတွင်းပေမယ့် ဒီဖက်နိုင်ငံတွေမှာက နွေရာသီကျောင်းပိတ်ရက်ဆိုတော့ ခရီးသွား Travelling Season နဲ့ အမြဲတိုက်နေတယ်။ တရုတ်အဲလိုင်းခေါက်ကြည့်မလား၊ စင်ကာပူအဲ ခေါက်ကြည့်မလား အနည်းဆုံး ဒေါ်လာ ( ၁၃ဝဝ ) အသာလေး။ ဒီတော့ ခရီးသွားခကျေအောင် ကယ်ရီ ပေါင် ( ၇ဝ ) ဝင် ( ၂ ) ထုပ်သယ်ရင်း ကိုယ့်ပစ္စည်းက လက်ဆွဲနဲ့ ကျောပိုးအိတ် ( ၁ ) လုံးသာသာ။ ဒါတောင်ပေါင်ချိန်စက်ပေါ်တင်လိုက်လို့ပိုတာ ပြန်လျှော့ချရသေးတာလေ။

.
ခရီးသွားမှတော့ ပိုက်ဆံကုန်မှာပေါ့။ ဒါကို အဓိက ပြောချင်တာမဟုတ်သေးပါဘူး။ အမိမြေကိုပြန်ပြီး ဘာအကျိုးပြုမလဲဆိုတာကို တွေးမိလို့ပါ။ အမေရိကားရောက်တဲ့လူတွေဆိုတာ မြန်မာနိုင်ငံပြန်သာသွားတယ် နိုင်ငံကောင်းကျိုး ဘာလုပ်ခဲ့သလဲမေးရင် ဘယ်သူမှ ပြန်မဖြေနိုင်ပါဘူး။ ဝန်ခံပါတယ် .. ကျွန်တော်လည်း ဒီအုပ်စုထဲက ဒီပဲပါပဲ။ ရောက်ပြီး ( ၅ ) နှစ်ကျော် ကာလအတွင်းမှာ လေယာဉ်ဆိုတာ တစ်ကြိမ်ပဲ စီးခဲ့ရသေးတယ်။
.
၂ဝ၁၂ တုန်းကပြန်တော့ စင်ကာပူလေကြောင်းနဲ့ ခရီးသွားအတွေ့အကြုံလေးကို နောင်ခရီးသွားမယ့်အမျိုးတွေ သိရအောင် လေယာဉ်ပေါ်မှာ Excel File လေးနဲ့ မှတ်တမ်းလေးရေးခဲ့မိတယ်။ ကုန်သည်လုပ်ကတည်းက Excel ပဲ ကျွမ်းကျင်ခဲ့တာဆိုတော့လေ။ ဒါနဲ့ နောက်တစ်နှစ် သမီးပြန်တော့ စင်ကာပူလိုင်းနဲ့ပဲဆိုတော့ ဆင်ခြင်ရအောင်လို့ဆိုပြီး Print ထုတ်ပြီးပေးလိုက်တယ်။ ကျွန်တော်ရေးထားတဲ့ ခရီးသွားဆင်ခြင်ရန်မှတ်တမ်းလေးဟာ ရန်ကုန်လည်းရောက်ရော လှောင်စရာ ပြောင်စရာ စာရွက်တစ်ရွက်သာ ဖြစ်ခဲ့တယ်။ ဒီအချက်ကလည်း ဆောင်းပါးရှင် - ကိုညီညီ ( တောင်ကြီး ) ဖြစ်လာစေတဲ့ အကြောင်းရင်းတွေထဲက အကြီးမားဆုံးတွန်းအားတစ်ခုပါ။
.
ဒါကိုအခြေခံပြီး မိမိမရောက်ဖူးတဲ့နေရာက အခက်အခဲတွေကို သူများကို ပြောပြချင်တဲ့စိတ် တဖွားဖွား ပေါ်လာတယ်။ အကျိုးပြုကျောင်းလေးဖွင့်ထားတဲ့ တောင်ကြီးမြို့က စာကြည့်တိုက်တစ်ခုမှာ သူငယ်ချင်းကို ဆက်သွယ်ပြီး ကလေးတွေကို စာပြပေးဖို့ စီစဉ်ခိုင်းခဲ့တယ်။ စာပြတယ်လို့တောင် မဆိုသာပါဘူး .. အမှန်က ကျွန်တော်က စာမှမသင်တတ်တာ၊ သူတို့သိချင်တာတွေ မေးတာကို ဖြေချင်ခဲ့တာ။ သူငယ်ချင်းက စီစဉ်ပေးရှာပါတယ်။ ဒါနဲ့ကလေးတွေထဲမှ ( ၆ ) တန်းလောက်ကနေ ( ၁ဝ ) တန်းအထိပါတယ် .. အရွယ်စုံပဲ ။ ကျွန်တော်က မေးခွန်းတွေစုခိုင်းထားတော့ တစ်ချို့ထမေးတယ်။ ကျွန်တော်မျှော်လင့်ထားတာနဲ့ တစ်ခြားစီပဲ။
.
“ အမေရိကားမှာ စာ ဘယ်လိုသင်တာလဲ ” ၊ “ ဦးလေးရေ .. အင်တာနက်ဆိုတာ ဘယ်တုန်းက ပေါ်တာလဲ ” ၊ “ ကျွန်တော်တို့ နိုင်ငံခြားမှာ ကျောင်းတက်နိုင်အောင် ဘာလုပ်ရမလဲ ” ၊ “ အင်္ဂလိပ်စာ အားကောင်းအောင် ဘယ်လိုလုပ်ရမလဲ ” ၊ “ အမေရိကန်ကျောင်းသားတွေ စာဘယ်လိုကျက်တာလဲ ” ဆိုတာတွေ မမေးပဲ “ ဦးလေး အခုရောက်နေတာ ဘယ်နိုင်ငံလဲ ” ၊ “ ဦးလေး ဘယ်သူနဲ့ သွားတာလဲ ” ၊ “ ဘာအလုပ်လုပ်တာလဲ ” စတဲ့ မေးခွန်းလေးတွေကိုသာ ဖြေခဲ့ရတယ်။ ဒီကြားထဲ ကလေးတစ်ယောက်က “ အဲဒါကြီး လုပ်ပါဗျာ ” ဆိုပြီး ကျွန်တော့်လက်တော့ကို လက်ညှိုးထိုးပြတယ်။ ဒါနဲ့ အင်တာနက်မရတော့ လက်တော့ထဲက ဓါတ်ပုံတစ်ချို့နဲ့ ရှင်းပြပြီး သူတို့လေးတွေကို ချောကလက်ကျွေးခဲ့တယ်။ ဆက်သွယ်ရမယ့် အီးမေးလ် ပေးပြီး မေးခွန်းတွေ ပို့ပေးပါလို့ရေးပေးခဲ့ပေမယ့် ( ၂ ) နှစ်သာကျော်လာတယ် အီးမေးတစ်စောင်မှ ရောက်မလာပါဘူး။
.
ဒါနဲ့ ကျွန်တော်စိတ်မလျှော့သေးဘူး .. အင်္ဂလိပ်စာသင်ပေးတဲ့ ကျေးဇူးရှင်ဆရာတွေဆီသွားတယ်။ ဒီထဲက ဆရာ ( ၂ ) ယောက်ကတော့ လိုလိုလားလားရှိပါတယ်။ သူတို့သင်နေတဲ့ကျောင်းသားတွေနဲ့ စကားပြောခွင့်တောင်းတော့ စီစဉ်ပေးတယ်။ ဒီထဲမှာလည်း မေးခွန်းမေးသူကျောင်းသားက ( ၁ ) ယောက်တည်းရှိပြီး ဖြစ်ချင်တော့ ဖြေဖို့မေ့ခဲ့တယ်။ ဒါနဲ့ ဆရာ့ကိုပဲ ဖုန်းပြန်ဆက်ပြီး ကျောင်းသားလေးကို ပြန်ဖြေပေးပါလို့ အကူအညီတောင်းရတော့တယ်။
.
ပြောချင်တာက ဒါဖတ်-ဒါကျက်-ဒါပါမယ်-ဒါဖြေ စာသင်စံနစ်မှာ ကြီးပြင်းခဲ့တဲ့ ကျောင်းနဲ့ကျူရှင်နှောင်ကြိုးသွယ် ကလေးတွေမှာ မေးခွန်းမရှိဘူး။ သူတို့ဘာဖြစ်နေတယ်ဆိုတာ မသိသလို ဘာမေးရမှန်းမသိဘူး။ သင်ပြပေးသူနားက ကိုယ်လိုက်မှတ်နိုင်ရင် တစ်ရက်တာဝန်ကျေပြီလို့ ယူဆနေကြပုံပဲ။ မတူဆင့်ပွားတွေးတောဥာဏ် - Alternative Thinking မတွေ့ရသလို ခွဲခြမ်းစိတ်ဖြာစဉ်းစားပုံ - Critical Thinking မမြင်မိဘူး။ အဓိက သူတို့ဘာလိုနေတယ်ဆိုတာ သူတို့မသိဘူး။
.
ဒါကြောင့် ဆရာကလည်း ကျောင်းသားလိုအပ်ချက်ကို မဖြည့်ပေးနိုင်ဘူး။ တက်သုတ်ရိုက် စာသင်ရိုးကုန်ဖို့သာ အရေးကြီးနေပြီး စာသင်စံနစ်ရဲ့ လိုအပ်ချက်ကို ဖြည့်ပေးနေပုံမရဘူး။ သူတို့လည်း တစ်ရက်ကို ( ၂၄ ) နာရီပဲ ပိုင်တာလေ ဘယ်မှာသာလို့ အချိန်ပေးပြီး အပြင်ဗဟုသုတစကားတွေ ပြောနိုင်ပါ့မလဲ။
.
နောက်တစ်ခု ကျွန်တော်နဲ့စကားပြောခဲ့တဲ့လူကြီးတွေရဲ့အကြောင်းတွေက ဒီလိုလေးပါ။ တွေ့တာနဲ့ ဘယ်တုန်းကရောက်လဲ လို့ ကျွန်တော့ကိုမေးတယ် .. ဒုတိယတစ်ခွန်းလည်းကျရော သူတို့ရဲ့သား .. ဒါမှမဟုတ် သူ့သမီးက လည်း နိုင်ငံခြားသွားတော့မှာ .. ဘယ်မှာ .. ဘယ်လို စသဖြင့် ပိတ်ပြောချတယ်။ ကျွန်တော်သိပါတယ် ကျွန်တော်နဲ့စကာပြောလို့ ဘယ်လိုခံစားနေရတယ်ဆိုတာကို။ တစ်ချို့ဆို မခံချင်စိတ်နဲ့တောင် သူတို့က ဘယ်တုန်းက ဘယ်နိုင်ငံက ပြန်လာတာ သိပ်တောင်မကြာသေးဘူး၊ နောက် ဘယ်တော့ထပ်သွားမှာ စသဖြင့် .. စသည်နဲ့ စုံလို့ပေါ့။
.
သူတို့သိထားရမှာက အမေရိကားရောက်ဖူးတာ တော်ရုံတန်ရုံဝဋ်ကျွေးနဲ့မရောက်နိုင်ပါဘူ့း။ ဒါကို သေရင်မပါသွားတဲ့ ဂုဏ်တု ဂုဏ်ပြိုင်နဲ့ လူသိအောင် ထုတ်ပြချင်ကြတယ်။ တန်ဖိုးကို မသိတော့ ဘယ်တန်ဖိုးထားတတ်ပါ့မလဲ။ သူတို့မသိသေးတာတွေ ကျွန်တော်ခံစားထားပြီးခဲ့သမျှထဲက မျှဝေနိုင်တာကို သူတို့အခွင့်အရေးမယူနိုင်ကြဘူး။ ဒုက္ခရောက်ဖူးသူ ပြောပြမယ့်စကားတွေကို နားထောင်ဖို့ စိတ်မဝင်စားကြဘူး။ ခရီးတစ်ခုက ပြန်လာသူစကားနားထောင်ဖို့ထက် “ မင်းတို့နိုင်ငံခြားလောက်တော့ကွာ ငါလည်း သွားနိုင်ပါတယ် ” ဆိုတာမျိုး တစ်လွဲယှဉ်ပြိုင်နေကြတယ်လို့ ကျွန်တော် အားမနာတမ်းမြင်မိတယ်။
.
ကျွန်တော် သူတို့ကို ဘာမှလုပ်မပေးနိုင်ပါဘူး .. သိပါတယ်။ သို့သော် ကျွန်တော့စိတ်ရင်းမှာ သူတို့ကို မြန်မာနိုင်ငံပြန်ရောက်ခိုက် ရင်းနှီးလှိုက်လှဲစွာ ဆက်ဆံချင်တယ်။ သူတို့မေးခွန်းလေးတွေ ဖြေချင်တယ်။ မသိတာလေးတွေကို ပြောပြချင်တယ်။ သူတို့သားသမီးပညာရေးအတွက် ပြည်ပနိုင်ငံမှာရနိုင်မယ့်အခွင့်အလမ်းတွေကို ဆွေးနွေးပေးချင်တယ်။ နောက်ဆုံး လေယာဉ်လက်မှတ်သက်သာအောင် ဘယ်လိုဝယ်ရတယ်က အစ တယ်လီဖုန်းဘယ်လိုဆက်ရတယ်ဆိုတာအထိ ကျွန်တော်ပြောပြချင်တယ်။
.
နွေးထွေးမှုရှိတဲ့ အတွေ့အကြုံဖလှယ်ပွဲလေးဖြစ်ချင်တယ်။ အကုန်လုံးတော့သိအောင်လုပ်မပေးနိုင်ပေမယ့် “ သိချင်စိတ် ” မွေးတတ်အောင် လေ့ကျင့်ပေးချင်တယ်။ မိတ်ဆွေဟောင်းတွေနဲ့ ပညာရေး ပရဟိတလုပ်ငန်းတွေလုပ်ချင်တယ်။ ဘာသာရေးအနှစ်သာရ ဆွေးနွေးပွဲတွေ ရောင်းရင်တွေနဲ့အတူတက်ချင်တယ်။ အနာဂါတ်အတွက် နိုင်ငံချင်းကူးလူးဖလှယ်တဲ့လုပ်ငန်းတွေလုပ်ချင်တယ်။ တာဝန်သိတတ်တဲ့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန် ကျွန်တော်ကျေချင်တယ်။ အခုအချိန်အထိ ဒါတွေထဲက တစ်ခုတစ်လေမှ မဖြစ်လာသေးပါ။ မသေခင်တော့ ဖြစ်အောင် လုပ်သွားချင်ပါသေးတယ်။ တစ်နေ့နေ့ပေါ့။
.
koko2yeye@gmail.com

" ၂ဝ၁၂  တုန်းကလို အိမ်မပြန်ချင်ပါ " စာမူသည် ၂ဝ၁၄ ဒီဇင်ဘဘာလ ( ၂၇ ) ရက်နေ့၊ စနေနေ့ထုတ် NetGuide နည်းပညာဂျာနယ် အတွဲ ( ၃ ) ၊ အမှတ် ( ၆၆ ) ၊ စာမျက်နှာ ( ၄၇ ) တွင် ဖော်ပြပါရှိသည်။
Download Link : http://www.mediafire.com/download/ar7mwdyz5waar68/NetGuide+Vol.+3%2C+No.+66.pdf




No comments: