ေရြးခ်ယ္စရာ အေမရိကားအလုပ္ဗီဆာ

My Blog List

Monday, March 8, 2021

စီးပွားရေးပိတ်ဆို့ရုံနဲ့စစ်အာဏာရှင်ပြုတ်ကျမလား

 

ဆောင်းပါးရှင် - ကိုညီညီ (တောင်ကြီး)

အခုလို ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ကြီးထဲမှာ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့တာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ တကယ်သာ ထိရောက်ရိုးမှန်ရင် ကမ္ဘာဂြိုဟ်မှာ မြောက်ကိုးရီးယားမြေပုံ ဘယ်ရှိတော့မလဲ။ အမေရိကားကလူတွေ ကျူးဘားဆေးပြင်းလိပ် ဘယ်ဝယ်သောက်လို့ ရပါတော့မလဲ။ မြန်မာနိုင်ငံမှာ မြန်မာဘီယာတွေ၊ မိုက်ထဲတယ်လီ‌ကွန်းတွေ ဘယ်ရှိလာပါတော့မလဲ။

ဆိုလိုတာက ပွင့်လင်းလာတဲ့ ကမ္ဘာကြီးမှာ သူခိုးတွေပေါလာတယ်။ အထူးသဖြင့် တရုတ်ပြည်မကြီး။ နည်းပညာခိုးတာ တရုတ်ပြည်တာ့လု-大陆 ကို ဘယ်သူမှ မမှီဘူး။ တခြားမကြည့်နဲ့ အိုင်ဖုံးတစ်လုံးစာ အပိုပစ္စည်း (ကျောရိုးအခြေခံ ကုန်ကြမ်း ၇ မျိုး၊ အသေးစိတ်ကုန်ကြမ်း ၃၄ မျိုး) အစအဆုံးကို တစ်နေရာတည်းမှာ အပြီးရတဲ့ လေဟာပြင်ဈေးလိုမျိုးဟာ တာ့လုစက်မှုဇုံမှာ ရှိတယ်။ သူမရှိတာက ကယ်လီဖိုးနီးယားက ဒီဇိုင်းဆွဲလိုက်တဲ့ iOS ဆော့ဝဲ။ ဒါက တာ့လုတရုတ်တွေ မလုပ်ရဲတာ ဘာမှမရှိတာကိုပြောတာ။ ရိုးရိုးတန်းတန်း လူတိုင်းလုပ်နိုင်တဲ့ စီးပွားရေးကို ပြောတာ။

နိုင်ငံနဲ့ချီပြီးပြောရရင် နိုင်ငံရေးအရလည်း သူ‌ခိုးပစ္စည်းတွေ လက်ခံရောင်းဝယ်တယ်။ ဘယ်နေရာမှာမှ ရောင်းဝယ်လိုင်စင် မလိုတဲ့ မြန်မာဖရဲသီး၊ အညှာပေါ်ဆန်းဟာ တရုတ်နယ်စပ်မှာ တရားဝင်ရောင်းခွင့်မရဘူး (ဒါက ဥပမာပေးတာ)။ တဆက်တည်းမှာ နိုင်ငံငယ်တွေက သူတို့မထုတ်လုပ်နိုင်တဲ့ ကုန်‌ကြမ်းတွေကို ဈေးပေါပေါနဲ့ရောင်းသမျှ တာ့လုက ဝယ်တယ်။ ဒါကြောင့် ရေနံနဲ့သဘာဝဓာတ်ငွေ့ ကြည့်မလား၊ ကြေးနီ ကြည့်မလား၊ ကျွန်းသစ် ကျောက်စိမ်း ကြည့်မလား၊ ဒါတောင် မြစ်ဆုံက ခက်ရင်းလို မြေခနဲ့မလိခ ခွနေလို့ တစ်နေတာသာ ကြည့်ပေါ့။

ဒီလို အကြီးစားလူကြမ်းနဲ့ပေါင်းတဲ့ မြန်မာစစ်တပ်ဟာ လူရမ်းကားအသေးစား ဖြစ်လာတာ မဆန်းဘူး။ ဘာပစ္စည်းမဆို ဝယ်ရဲတဲ့ တရုတ်ခေါင်းဆောင်တွေနဲ့ပေါင်းတဲ့ မြန်မာစစ်တပ်ခေါင်းဆောင်ဟာ "မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတာ" သိပ်ဆန်းတဲ့ ကိစ္စတော့ မဟုတ်ပေဘူး။



တရုတ်ခေါင်းဆောင်တွေပြောခဲ့တဲ့ "လူအားလုံးအတွက် စားစရာတစ်ဝက်ပဲ ရှိမယ်ဆိုရင် လူတစ်ဝက်ကို ပေးသေလိုက်ပြီး ကျန်တစ်ဝက်ကို ဝဝလင်လင်ကျွေးမွေးလိုက်ပါ" ၊ "နိုင်ငံရေးဆိုတာ သွေးမြေမကျတဲ့ စစ်ပွဲဖြစ်ပြီးတော့ စစ်ပွဲဆိုတာ သွေးစွန်းတဲ့ နိုင်ငံရေးဖြစ်တယ်" ဆိုတဲ့ အဆိုအမိန့် ၂ ခုကို အခု ၂၁ နွေဦးတော်လှန်ရေးမှာ လက်နက်မပါတဲ့ ဆန္ဒပြသူတွေအပေါ် စစ်မိစ္ဆာတွေဖြိုခွဲပုံနဲ့ ယှဉ်တွဲခံစားကြည့်လိုက်ပါ။ အဖြေတစ်ခု ရသွားပါလိမ့်မယ်။

တရုတ်နိုင်ငံက တံခါးဖွင့်ဝါဒကျင့်သုံးပြီး ကမ္ဘာကြီးကို ဖဲသုံးချပ်နဲ့ ပါးပါးနှပ်နှပ်လေး လှည့်စကားသွားတဲ့အချိန်မှာ မြန်မာနိုင်ငံက ကာချုပ်ကြီးက သောက်အ၊ ပြည်တွင်းစစ်နဲ့ မျက်နှာသစ်ပြီး သမ္မတရူးစိတ်နဲ့ အိပ်ယာဝင်တယ်။ တရုတ်နိုင်ငံက ပိုက်ဆံချမ်းသာလာပြီး လူ့သိက္ခာတွေ၊ လူသားဆန်မှုတွေ ကမ္ဘာအပြင်ဖက် ဈေးထွက်ဝယ်ချိန်မှာ စစ်အုပ်စုက ပြည်သူ့အစိုးရကို အကျဉ်းချလို့ ပြည်သူတွေဆီက အာဏာလုတယ်။ ဒါက ရေးရင်း ရေးရင်းနဲ့ အဆုံးမသတ်နိုင်တဲ့ တာ့လုတရုတ်ပြည်အကြောင်း။

အောက်ကပုံတွေမှာ ထိပ်ဆုံးကနေရာယူထားတာက တရုတ်နိုင်ငံဆိုတာ‌ တွေ့နိုင်တယ်။ ကုန်သွယ်မှုအများဆုံးကနေ အနည်းဆုံး ၅ နိုင်ငံအထိ ဒေါ်လာငွေနဲ့ ရေးပြရရင် တရုတ် (၅၅၆ဝ သန်း) ၊ ထိုင်း (၃ဝ၅၇ သန်း) ၊ ဂျပန် (၁၃၈၈ သန်း) ၊ အိန္ဒိယ (၅၇၄ သန်း) နဲ့ ဟောင်ကောင်း (၅၆၇ သန်း) အစီအစဉ်အတိုင်း ရှိတယ်။ (TRADE SUMMARY FOR MYANMAR 2018 | World Bank)

ပြည်ပပို့ကုန်မှာဆိုရင်လည်း တရုတ်နိုင်ငံက ဒေါ်လာ ၆၂၂၃ သန်းနဲ့ အများဆုံး၊ စင်္ကာပူ (၃၆၉၂ သန်း) ၊ ထိုင်း (၂၅၉၅ သန်း) ၊ အိန္ဒိယ (၉၉ဝ သန်း) နဲ့ အင်ဒိုနီးရှားက ၉၃၆ သန်း တို့ ဖြစ်နေပြန်တယ်။ (TRADE SUMMARY FOR MYANMAR 2018 | World Bank) ဒီနိုင်ငံအားလုံးမှာ ဂျပန်တစ်နိုင်ငံပဲ လေးစားစရာရှိတယ်။ ပြတ်သားတယ်။ ရပ်တည်ချက် မှန်ကန်တယ်။ ငွေ အဆုံးခံမယ် သိက္ခာအဆုံးမခံဘူး။ ငွေရှုံးရင် ပြန်ရှာလို့ရတယ် ကမ္ဘာစစ်တွေတုန်းက ရှုံးခဲ့တဲ့ သိက္ခာက ဂျပန်အတွက် အခုမျိုးဆက် ၃ ခု အထိ ဆယ်လို့ မပြီးနိုင်သေးဘူး။ လူသားတွေက မမေ့နိုင်သေးဘူး။

အခု အကြမ်းဖက်စစ်အုပ်စုကို အနောက်ကမ္ဘာက စီးပွားရေးပိတ်ဆို့ရင် ဒီသူခိုးနိုင်ငံတွေက စစ်ကောင်စီနားကနေ သူခိုးပစ္စည်းတွေကို သူခိုးဈေးနဲ့ ပိုဝယ်လို့ လွယ်သွားမယ်လေ။ အဆီတဝင်းဝင်းနဲ့ ဝက်သားတုံးကို ဘယ်လွှင့်ပစ်ရက်ပါ့မလဲ။ ဒီမှာက လူထုကိုသတ်ဖို့ ကျည်ဆန်‌တွေ၊ ဘယ်တော့မှ နိုင်အောင်မတိုက်တဲ့ ပြည်တွင်းက လူမျိုးစုံလက်နက်ကိုင်အဖွဲ့တွေကို ရင်ဆိုင်ဖို့ လက်နက်တွေ၊ နေပြည်တော်မှာ ပြည်ပြေးရရင် ခြိုးခြံစုဆောင်းထားရမယ့် သူခိုးလာဘ်ငွေတွေရဖို့ "ရောင်းချင်လွန်းလို့ပါ ဈေးပေါပေါတွေ" က အများကြီးရှိနေသေးတာကိုး။

အခုဆိုရင် ပိုပြီးမျက်နှာပြောင်တာက စစ်အုပ်စုဟာ လူနည်းနည်းနဲ့ တိုင်းပြည်ကို ဦးဆောင်နိုင်တယ်တို့ ဘာတို့ ပြောလာပြီ။ ဘယ်သူမှ ရင်းနှီးမြှုပ်နှံမှုမရှိရင်လည်း ဒီ ၇ နိုင်ငံထဲက ကြားဖောက်လာတဲ့ နိုင်ငံတွေနဲ့ နိုင်ခံချင်းကုန်သွယ်လို့မရရင် လူချမ်းသာတွေနာမည်ခံခိုင်းပြီး မှောင်ခိုလမ်း ပြန်ဖွင့်ဖို့ ကြိတ်ကြံနေတာ ကမ္ဘာကသိတယ်။ ဒါကြောင့် ‌တော်လှန်ရေးအတွက် သပိတ်မှောက်စရာ သံရုံးတွေကို မာကာနဲ့ စာလုံးမည်းကြီးထွင်းပြီး မှတ်ထားကြပါ။ ဒီနိုင်ငံတွေက သူခိုးပစ္စည်းလက်ခံသ၍ အနောက်နိုင်ငံက စီးပွားရေးပိတ်ဆို့တာတွေက ထိရောက်မှု မကြီးနိုင်ပါ။

တော်လှန်ရေးကြီးအောင်မြင်ဖို့က အချက်ကြီးကြီး ၂ ချက်ပေါ်မှာ အခြေခံတယ်။

အနောက်နိုင်ငံတွေကချည်း စီးပွားရေးပိတ်ဆို့ရုံနဲ့ အကြမ်းဖက်စစ်အုပ်စုပြုတ်ကျဖို့ ရာခိုင်နှုန်းမများဘူး။ သုံးစွဲသူပြည်သူအားလုံးက တညီတညွတ်တည်း စီးပွားရေးပိတ်ဆို့မှ ပြုတ်ကျမှာ။ စစ်အုပ်စုရဲ့ ငွေဝင်နိုင်တဲ့ ကုန်သွယ်မှု လက်တံတွေကို အကုန်လမ်းကြောင်းပိတ်။ စစ်အုပ်စု အုပ်ချုပ်မှု အသက်ဝင်စေမယ့် ဝန်ထမ်းယန္တရား ခွေးသွားစိတ်တွေကို ကျိုးပြတ်အောင် ချိုးဖြတ်ပစ်။ ဒါကြောင့် စစ်အုပ်စုနဲ့ ပတ်သက်တဲ့ စီးပွားရေးဆိုရင် မဝယ်ဘူး၊ မရောင်းဘူး၊ မသုံးဘူး၊ လက်ဆင့် မကမ်းဘူး၊ ဝန်ဆောင်မှု မပေးဘူး၊ အခွန် မဆောင်ဘူး။

နောက်တစ်ခုက မတရားတဲ့အမိန့်မှန်သမျှ ဖီဆန်ကြ၊ မတရားအသင်းအဖွဲ့အောက်မှာ မနေကြ၊ ကျည်ဆန်ဝယ်မယ့် စစ်ဖိနပ်အောက်မှာ အလုပ်မလုပ်ကြ။ လူထုကိုနှိပ်စက်တဲ့ စစ်အုပ်ချုပ်ရေးကို တော်လှန်ကြ။ အနှစ်ချုပ်က CDM ။ တာရှည်ခံမှာ CDM ။ ‌စစ်အုပ်စုကြောက်တာဟာ ပြည်သူ့ CDM ။ ‌ အများပါဝင်ရမှာက စစ်အုပ်စုပြုတ်ကျရေး CDM ။

‌‌ဒီအရေးတော်ပုံက အရွယ် ၃ ပါး၊ မျိုးဆက် ၃ ဆက် ပြည်သူတွေ အောင်နိုင်ပြီး မကြာခင်အချိန်လေးအတွင်းမှာ ဒီလက်တဆုပ်စာ စစ်မိစ္ဆာတွေကို အသီးသီး ကြိုးစင်ပို့နိုင်တော့မှာ။

ခင်လျက်
ကိုညီညီ (တောင်ကြီး)
03-05-2021

No comments: